အဆိုးဆုံးအခြေအနေ
Vol. 96 Ch. 1344
ဝမ်ဝေ့က သူတို့ ချမ်းသာကြွယ်ဝမှု မည်မျှသိမ်းပိုက်ခဲ့သည်ကို ကြားရဖို့ မစောင့်နိုင်တော့ပေ။ တာအိုသင်္ချိုင်းမြေသို့ ပြန်လာပြီးသည့်နောက်တွင် သူက သူ့ဒဏ်ရာများကို ကုစားဖို့ ကျင့်ကြံရေးအခန်းအတွင်း ဝင်ရောက်ခဲ့၏။ သူက ဒဏ်ရာများကို အတော်ကြာ ဖိနှိပ်ထားခဲ့ရသည်။ ယခုအခါ သူက တောင့်မခံနိုင်တော့ပေ။
သူ ထိုင်ပြီးတော့ ဆေးလုံးများစွာကို သောက်သုံးလိုက်၏။ ထို့နောက် သူ့အနာဂတ်ဇနီးလောင်း၏ စာကြည့်တိုက်ထဲသို့ ဝင်မွှေပြီးသည့်နောက်တွင် ရလာသည့် အချိန်ဇာမဏီနိဗာနပညာရပ်ဟူသော ကုစားရေးနည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည်။ ထို့နောက် အဖြူရောင်နှင့် အနက်ရောင်မီးတောက်က သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး သူ့တည်ရှိမှုထဲ ဝင်ရောက်သွားသည့် ရှင်သန်မှုနှင့် သေဆုံးမှုအငွေ့အသက်များ ထွက်ပေါ်လာသည်။ ထို့နောက် ဒဏ်ရာများကို ကုစားပေးနေ၏။
ရှင်သန်မှု၊ သေဆုံးမှုစွမ်းအားက အနေအထားတစ်ခုသို့ ရောက်ရှိသွားသည့်အခါ သူတို့က ယင်ယန်သင်္ကေတကို ဖွဲ့စည်းလာပြီး ရှေ့နောက်အချိန်သဘောတရားကို ထိန်းချုပ်လာသည်။
ထို့နောက် ဝမ်ဝေ့၏ ခန္ဓာကိုယ်က သူ့တည်ရှိမှု မထိခိုက်ခင် အချိန်သို့ ဖြည်းဖြည်းချင်း ပြန်လည်ပြောင်းသွားလေ၏။ သာမန်အခြေအနေများက ထိုနည်းလမ်းဖြင့် ချက်ချင်းဆိုသလို ပိုမိုကောင်းမွန်သွားလိမ့်မည်။ တကယ်တော့ ဝမ်ဝေ့၏ သဘာဝ အလိုအလျောက်ကုစားနိုင်စွမ်းက ကြောက်ဖို့ကောင်းသည့်အတွက် ကုစားဖို့ရာ နည်းစနစ်များကို မလိုအပ်ပေ။
သို့သော်လည်း တာအိုဒဏ်ရာများ၊ ပြင်းထန်သည့် တည်ရှိမှုဒဏ်ရာများကမူ ကွဲပြားပေ၏။ ဝမ်ဝေ့က ဖြစ်စဉ်နှေးကွေးသည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
ဒီနှုန်းနဲ့ဆိုရင် ငါက ယွမ်ခေတ်ကာလ ငါးသိန်းကြာရင်တောင် အထွတ်အထိပ်အခြေအနေကို ပြန်ရောက်သွားမှာ မဟုတ်ဘူး…
ထိုပမာဏက နည်းပါးလွန်းလှသည်။
ဝူဟုန်နှင့် ယန်းအိုက်တို့က လမင်းခုနစ်စင်းခေတ်ကာလမတိုင်ခင်က ဒဏ်ရာရရှိခဲ့ဖူးပြီး ယခုအချိန်အထိ ပြန်လည်မကောင်းသေးပေ။ နှိုင်းယှဉ်ကြည့်ပါက ဝမ်ဝေ့၏ ဒဏ်ရာသည် အသေးအဖွဲမျှသာ ဖြစ်၏။ ကံဆိုးစွာဖြင့် သူသည် ကြာကြာမစောင့်ဆိုင်းနိုင်ပေ။
နောက်ယွမ်ခေတ်ကာလတစ်ခုကတောင်မှပဲ အရေးကြီးနေတာ။ ငါက သဟဇာတကို မရပ်တန့်နိုင်ဘူးဆိုရင် ငါ ပြန်လည်ကောင်းလာတဲ့အချိန်ကျရင် ကမ္ဘာကြီး ဘာဖြစ်နေမလဲဆိုတာ ကောင်းကင်ပဲ သိလိမ့်မယ်…
ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ သူက ယခု လက်ခံရရှိထားသည့် ကုသိုလ်များကို စုပ်ယူလိုက်ပြီး ပြန်လည်ကောင်းမွန်နှုန်းကို အရှိန်မြှင့်တင်ဖို့ ကြိုးစားလိုက်သည်။ ထိုသူက ပြန်လည်ကောင်းမွန်သည့် အချိန်ကိုပင် တွက်ချက်လိုက်၏။ သူက အလုပ်ဖြစ်ပြီး သူ့အချိန်ကို ယွမ်ခေတ်ကာလ သုံးသောင်းသုံးထောင်အထိ လျှော့ချနိုင်လိုက်သည်။
ဒါပေမဲ့ ကြာလွန်းသေးတယ်…
ဝမ်ဝေ့က တွေးလိုက်၏။ သူ့မျက်ဝန်းထဲ အတွေးများစွာ ဖြတ်ပြေးသွားလေသည်။ သူက နှစ်ထောင်ပိုင်းအတွင်း ကုစားဖို့ နည်းလမ်းတစ်ခု လိုအပ်နေလေ၏။
နှစ်ရာပိုင်း သို့မဟုတ် ထောင်ပိုင်းခန့်ဆိုလျှင် ပို၍ကောင်းလိမ့်မည်။
ဝမ်ဝေ့က နည်းလမ်းများစွာကို ကောက်ချက်ချလိုက်သော်လည်း ထိုနည်းလမ်းတစ်ခုချင်းစီဖြင့် သူက ပိုမိုဒေါသထွက်လာမိသည်။
ပြီးပြည့်စုံတဲ့ ဖြေရှင်းနည်းဆိုတာ မရှိဘူး…
သူက ဒဏ်ရာများကို အချိန်တိုအတွင်း ကုစားလိုပါက တန်ကြေးကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်။ သူက လက်ကိုဝှေ့ယမ်းကာ သူ့ရွှေခန္ဓာကိုယ် ထုတ်ဖော်လိုက်၏။
တကယ်လို့ ဒါကိုသာ တချို့တစ်ဝက် စတေးခဲ့မယ်ဆိုရင် ဆယ်စုနှစ်အတွင်း ပြန်ကောင်းနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီရွှေခန္ဓာက ထိပ်သီးဒုတိယအဆင့်ဖြစ်တော့မှာ မဟုတ်ဘူး။ ပြန်လည်ကောင်းမွန်ဖို့ အချိန်အကြာကြီး ကြာမြင့်လိမ့်မယ်…
ဝမ်ဝေ့က အံကြိတ်ကာ တွေးလိုက်သည်။ သူ တိထျန်းနှင့် တိုက်ခိုက်စဉ်ကလွဲ၍ သူက ဘယ်သောအခါမှ ဤမျှ ဒုက္ခမခံခဲ့ဖူးပေ။ ကုသိုလ်ရွှေခန္ဓာ၏ သက်ရောက်မှုကို လျှော့ချလိုက်ခြင်းက ကောင်းမွန်သည့် တန်ကြေးတစ်ခုဖြစ်သော်လည်း ဝမ်ဝေ့ကမူ လွန်ကဲသည်ဟု ခံစားမိသည်။ သူက သူ့ပစ္စည်းများ ဆုံးရှုံးသည်ထက် မုန်းတီးသည့်အရာ မရှိပေ။ သူက တိုက်ပွဲအတွင်း ရှုံးနိမ့်မှုကို လက်ခံနိုင်သော်လည်း ဤသို့ ဆုံးရှုံးရခြင်းကိုမူ လက်မခံလိုပေ။
အန္တိမသဟဇာတ ဒီဟာကို မှတ်ထားမယ်။ တစ်ရက်ကျရင် ခင်ဗျားပြန်လည်ပေးဆပ်ရလိမ့်မယ်…
ဝမ်ဝေ့က အံကြိတ်ကာ တွေးလိုက်သည်။
ခဏ တန်ကြေးတစ်ခုပေးရမှာလား…
သူက နဖူးကို ရိုက်ပြီး သူ့ကိုယ်သူ မည်မျှတုံးအကြောင်း တွေးလိုက်သည်။
သေးငယ်တဲ့ တန်ပြန်သက်ရောက်မှုက ငါ့အပေါ် သက်ရောက်မှု ဖြစ်မှာလား။ ငါက ဒီလိုရိုးရှင်းတဲ့အရာမျိုးကို ဘာလို့ မတွေးခဲ့မိတာလဲ…
ဝမ်ဝေ့က အာရုံစိုက်ပြီး စတင်လိုက်သည်။
တစ်စုံတစ်ယောက်က သူ့ပြန်လည်ကောင်းမွန်မှုအတွက် တန်ကြေးပေးဆပ်ရမည်ဖြစ်သော်လည်း သူက ပေးဆပ်နေဖို့ မလိုအပ်ပေ။ ရိုးရှင်းသည့် ချဉ်းကပ်မှုက သွေးမျိုးဆက်မှတဆင့် ဝမ်မျိုးနွယ်နှင့် တန်ကြေးကို မျှဝေနိုင်သည်။ အားလုံးက မျှဝေသရွေ့ တန်ကြေးက များပြားတော့မည် မဟုတ်ပေ။ သို့သော်လည်း ဝမ်ဝေ့က ဤသို့ အရာမျိုး မလုပ်ခဲ့သည်မှာ သူ့တွင် ပိုမိုကောင်းမွန်သည့် ရွေးချယ်စရာရှိနေ၍ ဖြစ်၏။ သူက ရန်သူကို ပြန်လည်ပေးဆပ်ခိုင်းမည် ဖြစ်သည်။ သူက ကံဆရာသခင်တစ်ပါး ဖြစ်သလို ထိုအရာက သူ ကျွမ်းကျင်သည့်အရာ တစ်ခုလည်း ဖြစ်နေသည်။
ဝမ်ဝေ့က လက်ကိုဝှေ့ပြီး လေထဲတွင် သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်၏။ သူက အချိန်တာအို၊ ကံတာအိုနှင့် စတေးမှုနည်းလမ်းများကို ဖွဲ့စည်းထားသည့် နည်းစနစ်တစ်ခုကို ဖန်တီးထားပြီး အပြင်းအထန်အာရုံစိုက်ထားလိုက်သည်။ သူက သင်္ကေတတစ်ခုချင်းစီကို ပြောင်းလဲခဲ့သည်။ အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် သင်္ကေတများက အတူတကွ ပေါင်းစည်းပြီးသည့်နောက်တွင် ပြင်းထန်သည့် အစိမ်းရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လာသည့် မှော်စက်ဝန်း အသွင်ပြောင်းလဲသွားခဲ့သည်။
မှော်စက်ဝန်းက အချိန်မြစ်ကြောင်း၏ ပုံရိပ်ယောင်အသွင် ပြောင်းလဲသွားခဲ့၏။ အချိန်မြစ်ကြောင်းက ဝမ်ဝေ့၏ ခန္ဓာကိုယ်ကို စီးဆင်းသွားကာ သူ့အသားအရည်က ပုံမှန်ပြန်ဖြစ်လာသည်။ စက္ကန့်ပိုင်းလေးအတွင်း ဤကြောက်မက်ဖို့ကောင်းသည့် ဒဏ်ရာများက ပိုမိုကောင်းမွန်သွား၏။ သို့သော်လည်း ကိစ္စများက မည်သို့ရိုးရှင်းနိုင်မည်နည်း။
အချိန်မြစ်ကြောင်း၏ ပုံရိပ်က ရုတ်ချည်းဆိုသလို ပြိုလဲသွားပြီးသည့်နောက်တွင် ဝမ်ဝေ့၏ ခန္ဓာကိုယ်ထဲ ပြေးဝင်သွားသည့် နာရီတစ်လုံးအသွင် ပြောင်းလဲသွားသည်။ သူက ဝတ်ရုံအပေါ်ပိုင်းကို ဖယ်ရှားပြီး ရင်ဘတ်ကို စစ်ဆေးကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း သူက နောက်ပြန်ရေတွက်နေသည့် နာရီအမှတ်အသားကို တွေ့လိုက်ရသည်။ နာရီအဆုံးသတ်တွင် ဦးခေါင်းခွံ ပုံရိပ်တစ်ခု ပါရှိ၏။
“၃၃၃၃၃ …. ငါ ထင်ထားတာထက်တော့ ပိုပြီးနည်းနေတာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူ့အနေဖြင့် ရုတ်တရက် ကုစားဖို့အတွက် အကြွေးကို ပြန်လည်ပေးဆပ်ရမည်ဖြစ်သလို သူ့အနေနှင့် အစစ်အမှန်သေဆုံးမှုကို တွေ့ကြုံတာမျိုးလည်း ဖြစ်နိုင်သည်။ ထို့အပြင် ပြန်လည်ပေးဆပ်မှုက ကြုံရာကျပန်းဖြစ်၍ မရပေ။ အဖိုးတန်သည့်အရာတစ်ခု ဖြစ်ရမည်။
“ကိစ္စမရှိဘူး။ အချိန်လုံလောက်တာထက် ပိုတယ်” ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်ရင်း ရေရွတ်လိုက်သည်။ စံပြတစ်ယောက်၏ ဝိညာဉ်က သူ့အပြုအမူအတွက် တန်ကြေးကို ပေးဆပ်ဖို့ လုံလောက်သည်ထက် ပိုနေသည်။ သူက အခန်းအပြင်ထွက်လာကာ အချိန်မည်မျှကုန်ဆုံးသွားကြောင်း စစ်ဆေးကြည့်လိုက်၏။
၅၂၅ နှစ်လား…
သူက တွေးလိုက်သည်။ ကုစားရေးဖြစ်စဉ်က အချိန်ငှားယူရေးနည်းစနစ်ကို ဖန်တီးပြီးသည့်နောက်တွင် ချက်ချင်းဆိုသလို လျင်မြန်လာသည်။ သို့သော်လည်း ဖန်တီးဖို့ရာအတွက် အချိန်အစီအရင်အတွင်း နှစ်ပေါင်း ၂၅၀၀ ကြာမြင့်ခဲ့သည်။
ထို့နောက် သူက အဖွဲ့ကို ဆင့်ခေါ်လိုက်၏။
မုန့်ခယ်က ပထမဦးဆုံးရောက်ရှိလာပြီး သူ့အသားအရည်က အတော်လေး သွေးရောင်လွှမ်းနေသည်။ သူ့အရှိန်အဝါက ငြိမ်းအေးနေသည့်အတွက် ဝမ်ဝေ့ ထင်ထားသည့်အတိုင်း သူ့စွမ်းအားက ထိပ်သီး ၉၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားလေသည်။
“မင်းဒဏ်ရာတွေက ငါ ထင်ထားသလောက် မပြင်းထန်ဘူးပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျုပ်က ကံကောင်းသွားရုံပါ” မုန့်ခယ်က ဖြေလိုက်သည်။ သူ့ဒဏ်ရာများက တည်ရှိမှုအဆင့်အနေအထားသို့ ထိလုနီးပါးဖြစ်သော်လည်း သူတို့သည် တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ဝင်ရောက်ကာစဖြစ်၍အတွက်ကြောင့်လား သို့မဟုတ် မိုးမြေက သူ့ကို ကာကွယ်ပေးခဲ့သည်လား သို့မဟုတ် သူ့ကံကောင်းမှု သဏ္ဌာန်ပြမှုကြောင့်လား မသိသော်လည်း သူက အတော်လေး ကံကောင်းလှသည်။
“မင်းကို အားကျမိသား” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
မုန့်ခယ်က သူက နားမလည်စွာ ကြည့်လိုက်၏။ အကယ်၍ သူ့ဒဏ်ရာများက ပြင်းထန်လွန်းလျှင် အဘယ်ကြောင့် ယခုအဆင်ပြေနေရသနည်း။
သူက ခေါင်းအသာယမ်းလိုက်သည်။ သူက အဖြေမထုတ်နိုင်သည့်အတွက် များစွာ စဉ်းစားမနေတော့ပေ။ သိပ်မကြာခင် လူအားလုံး ရောက်ရှိလာလေ၏။
“ဘာတွေဖြစ်နေပြီလဲ”
“အခြေအနေကတော့ ထင်ထားသလိုပါပဲ” ဝမ်ချီက ပြောလိုက်၍ ဝမ်ဝေ့က နှလုံးခုန်တစ်ချက် မြန်သွားမိသည်။
“အဲ့လိုဆိုရင် ပိုပြီးဆိုးရွားတယ်လို့ ပြောလို့ရတာပေါ့”
“သေမျိုးတွေရောလား”
“ဟုတ်ပါတယ်” ဝမ်ချီက ခေါင်းညိတ်ကာ အားလုံးကို ရှင်းပြလိုက်သည်။
“ကျင့်ကြံသူတွေက သူတို့ရဲ့ ကျင့်ကြံဆင့်ကို မမြှင့်တင်နိုင်တော့တာကို သိပြီးတဲ့နောက်မှာ ထိတ်ထိတ်ပျာပျာ ဖြစ်လာကြတယ်။ ပထမဆုံးတော့ လူအားလုံးက အသက်ရှည်ရေးနဲ့ မသေမျိုးဆေးလုံးတွေအတွက် ယှဉ်ပြိုင်ကြတာလေ။ အဲဒီဆေးလုံးတွေအတွက် တန်ကြေးက အတော်လေးကို တိုးမြင့်သွားတာ။ မိုးထိအောင် မြင့်သွားတာ”
ဝမ်ချီက လွန်လွန်ကဲကဲ ပြောနေခြင်း မဟုတ်ပေ။ သူက ဧကရာဇ်တစ်ပါးသည် ဧကရာဇ်အသုံးအဆောင်ပစ္စည်း ငါးခုဖြင့် သက်တမ်းတစ်သောင်း တိုးမြှင့်နိုင်သည့် ဆေးလုံးကို ဝယ်ယူခဲ့သည့် လေလံပွဲသို့ ပါဝင်ဆင်နွှဲခဲ့ဖူးသည်။ ဤသို့တန်ကြေးက မည်မျှမြင့်မားလာသလဲဟူ၍ ဖြစ်သည်။
“အဲဒီနောက် သေမျိုးတွေရဲ့ အသွေးအသားနဲ့ ဝိညာဉ်တွေကို ဝါးမျိုလိုက်တာက သူတို့ရဲ့ သက်တမ်းကို တိုးမြှင့်နိုင်တယ်ဆိုပြီးတော့ ကောလဟာလတွေ ထွက်ပေါ်လာတယ်။ ဘယ်သူကမှ အဲဒီသတင်းကို အတည်မယူကြဘူးပေါ့။ အထူးသဖြင့် ကျုပ်တို့တွေက ဒီလျှို့ဝှက်မျိုးနွယ်တွေအပါအဝင် အားလုံးက ဝင်ရောက်စွက်ဖက်ပြီးတော့ အတုအယောင် သတင်းစကားတွေဆိုပြီး ဖြန့်ထားလိုက်ကြတာ။ ဒါပေမဲ့ မိစ္ဆာကျင့်ကြံသူတွေက သေမျိုးတွေကို အမြောက်အများ သတ်လိုက်တဲ့အချိန်မှာတော့ အဲဒါက ပြောင်းလဲသွားခဲ့တယ်။ အဲဒီနောက် အမှန်တရားကို ဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”
ဝမ်ဝေ့က ညည်းတွားလိုက်သည်။
“ဂိုဏ်းရဲ့ မဟာမိတ်ကရော ဘယ်လိုလဲ”
“ကျုပ်တို့ဂိုဏ်းရယ်၊ ဗုဒ္ဓဘာသာနဲ လူရိုင်းမျိုးနွယ်ပါဝင်တဲ့ လျှို့ဝှက်မျိုးနွယ်တွေနဲ့အတူ သေမျိုးကာကွယ်ရေးအင်အားစု တည်ထောင်ဖို့ကို ကြေညာခဲ့တယ်။ သူတို့က ဒီလိုမျိုးအပြုအမူမျိုးကို ကျူးကျော်သူတိုင်းကို သတ်မယ်လို့ပါ ကြေညာခဲ့သေးတယ်”
“မင်းရဲ့ လေသံနဲ့ဆိုရင်တော့ တစ်ခုခုဖြစ်သွားသေးတယ်မလား” ဝမ်ဝေ့က မေးလိုက်သည်။
“ကမ္ဘာကြီးက ကြီးမားလွန်းတယ်လေ။ ပထမဦးဆုံးတော့ သူတို့က အမှန်တကယ် အလုပ်ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့လည်း ကိစ္စတွေက မထင်မှတ်ထားတဲ့ အနေအထားကနေ ပြောင်းလဲသွားခဲ့တယ်။ တစ်စုံတစ်ယောက်က ကောင်းကင်ဘုံရဲ့ အံ့ဖွယ်အသိစိတ်ကနေ လွတ်မြောက်နိုင်တဲ့ ဖုံးကွယ်ရေးနည်းစနစ်တစ်ခုကို ဖန်တီးခဲ့တယ်။ ပြီးတော့ ဂမ္ဘီရ၊ ယင်တွက်ချက်မှုနဲ့ ကံအာရုံခံမှုတွေကတောင်မှပဲ အဲဒီလူတွေကို ရှာမတွေ့ကြဘူး”
ဝမ်ဝေ့က မျက်လုံးဝှေ့လိုက်သည်။ အန္တိမသဟဇာတက သူ့ရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့ မကြိုးစားတော့ပေ။
“ယေဘုယျအခြေအနေကရော”
“သေမျိုးတွေ ကာကွယ်ပေးခံထားတဲ့ ပိုင်နက်တချို့တော့ ရှိပါသေးတယ်။ ပြီးတော့ ထိပ်တန်းလျှို့ဝှက်မျိုးနွယ်တွေ အားလုံးက မပူးပေါင်းခဲ့ဘူး။ တချို့က ဒီအတိုင်းပဲ ထိုင်ကြည့်နေတာ။ တချို့ကတော့ ဒီအခွင့်အရေးကို သုံးပြီးတော့ ဖရိုဖရဲ ဖန်တီးနေတယ်”
“ကပ်ပါးတွေကရော သူတို့ပိုင်နက်ထဲက သေမျိုးတွေကို ဘယ်လိုဆက်ဆံလဲ”
“သူ့လူတွေကို မထိဖို့ ကာကွယ်ထားတဲ့ မြေကမ္ဘာဧကရာဇ်ကလွဲရင် ကျန်တဲ့သူတွေကတော့ သိပ်ဂရုမစိုက်ကြဘူး။ တချို့ကတော့ ပါတောင်ပါကြသေးတယ်”
“သေမျိုးလူမှုအဖွဲ့အစည်းကရော”
နှစ်ငါးရာကြာမြင့်ပြီးပြီဖြစ်သည့်အတွက် တိုးတက်မှုတချို့ ရှိသင့်ပေသည်။ သို့သော်လည်း ဝမ်ချီက ခေါင်းယမ်းလိုက်၏။
“ကျုပ်တို့တွေရဲ့ ပိုင်နက်အထဲမှာ ဖြန့်ဝေပြီးသွားပြီ။ ဒါပေမဲ့ ကပ်ပါးနဲ့ တခြားကျင့်ကြံသူတွေက ကျုပ်တို့တွေက တစ်ကမ္ဘာလုံးကို ဖြန့်ဝေမယ်လုပ်တာနဲ့ သူတို့တွေက ဝင်ရောက်စွက်ဖက်လာတာပဲ”
“ဉာဏ်အလင်းပွင့်ဗိမာန်ကရော”
“ပိုပြီးတော့ ဆိုးတယ်” ဝမ်ချီက ပြောလိုက်သည်။
“ဝိဇ္ဇာတစ်ပါးကပဲ ဒီဗိမာန်ကို တည်ဆောက်နိုင်မှာ။ နေရာကန့်သတ်ချက်လည်း ရှိသေးတယ်”
“သူက ငါတို့လမ်းကြောင်းတွေ အကုန်လုံးကို ဖြတ်တောက်လိုက်တာပဲ။ ဟုတ်တယ်မလား” ဝမ်ဝေ့က လှောင်ပြောင်လိုက်သည်။
“အိပ်မက်လောကကို တည်ဆောက်ဖို့ ပြောထားတာ။ အဲဒါကလည်း အလုပ်မဖြစ်ဘူးလား”
“အဲဒါပေါ်လာတာနဲ့ မိုးကြိုးချက်တွေနဲ့ အပစ်ခံလိုက်ရတယ်”
ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ သူက အဖွဲ့ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့တွေလည်း ဒီအခြေအနေကို သိနေကြပြီဆိုတော့ ဘာအကြံပေးစရာရှိသေးလဲ”