ဖူရုံပမ်း၏ ဖိတ်ကြားချက်
Vol. 35 Ch. 512
ဖုန်းယွီထံသို့ ဖူကွမ်းဝေ့ ဖုန်းဆက်လာလေသည်။
“အစ်ကိုဖုန်း.. ဒီနေ့ နေ့လည်စာ လာစားဖို့ ငါ့အဖေ ဖိတ်ခိုင်းနေတယ်..”
ဟမ်.. ဖူကွမ့်ဝေ့၏ ဖခင်လော။ ထို့အပြင် သူသည် ဖူမိသားစု၏ တတိယ သခင် ဖူရုံပမ့် ဖြစ်နိုင်သည်။ ထိုသူမှ နေ့လည်စာ ဖိတ်ခိုသည်လော။ ထိုသူနှင့် ဆက်ဆံရေး မရှိခဲ့ဖူးချေ။ ဖူရုံချီ မှဖိတ်ကြားလျှင် ပုံမှန်ဟု ယူဆနိုင်သေးသည်။ မည်သို့ပင် ဖြစ်စေ ထိုသူနှစ်ယောက်စလုံးသည် ငွေကြေးဈေးကွက်အတွင်း ဆေးနွေးစရာ အများကြီး ရှိခဲ့ပေသည်။
ပုံမှန်အားဖြင့် ဖိတ်ကြားချက်များသည် ညစာဖြစ်၍ နေ့လည်စာသည် စီးပွားရေး ဆွေးနွေးမှုအတွက်သာ ဖြစ်သည်။ ဖုန်းယွီအနေဖြင့် အနည်းငယ် ထူးဆန်းနေချေသည်။
မဟုတ်သေးပါဘူး။ ဖူမုန့်ယင်သည် ဖူရုံပမ့်၏ သမီးဖြစ်သည်။ ဖုန်မုန့်ယင် က သူ့အဖေဖြင့် လက်စားချေခိုင်း သည်လော။ သို့တည်းမဟုတ် ဖူရုံပမ့် က သူ့သမီး လိင်တူချစ်သူ ဖြစ်ကြောင်း သိသဖြင့် နှုတ်ပိတ်ချင်နေသည်လော။
ဖုန်းယွီအနေဖြင့်မူ သာမန်နေ့လည်စာမဟုတ်ဟု ခံစားနေရသည်။
သို့ရာတွင် ဖုန်းယွီ ဤနေ့စာအား မငြင်းပယ်ခဲ့ချေ။ ယခင်က ပဋိပက္ခများ ရှိခဲ့သော်လည်း ပြေလည်သွားပေလိမ့်မည်။ ယခုအခါ ဖုန်းယွီသည် ဖူမိသားစုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု များစွာရှိသေးသည်။ အထူးသဖြင့် ဖူကွမ်းကျန့်သည် တရုတ်နိုင်ငံရှိ သူ၏ စီးပွားရေး လုပ်ငန်းများကို ကူညီရန် စီမံခန့်ခွဲရေး ဝန်ထမ်းများစွာ စေလွှတ်ခဲ့သည်။ အများစုမှာ ဖူမိသားစု စီးပွားရေးမှ ဖြစ်ပေသည်။ ဖူမိသားစုသည် ဖုန်းယွီကို များစွာ ကူညီထားသည်။
ဖုန်းယွီ ဟောင်ကောင်သို့ ရောက်လာသည့်အခါ ဖူမိသားစုက သူ့ကို ညစာစားရန် မဖိတ်ခေါ်ပါက အပြစ်ဖြစ်ပေလိမ့်မည်။ သို့သော် ဖုန်းယွီ သာ သူတို့ဖိတ်ခေါ်ချက်ကို ငြင်းဆိုပါက အမြက်ထွက်နေမည် ဖြစ်သည်။ ဖုန်းယွီသည် ၎င်းတို့အပေါ် အမျက်ဒေါသ ထွက်နေမည် ဖြစ်သည်။ ဖုန်းယွီသည် အနာဂတ်တွင် ဖူမိသားစုကို သူ့အနားမှ ထုတ်ပစ်ရန် ခက်ခဲပေလိမ့်မည်။
ဟောင်ကောင်တွင် အနောက်တိုင်း ဓလေ့ရှိနေသည်။ နေ့လည်စာ သို့တည်းမဟုတ် ညစာစားရန် တစ်စုံတစ်ယောက်၏ နေရာသို့သွားသည့်အခါ ဝိုင်နီ သို့တည်းမဟုတ် ဆေးပြင်းလိပ်ကဲ့သို့ လက်ဆောင်များ ယူလာရန် လိုအပ်ပေသည်။ သို့ရာတွင် မည်သည့်အခါတွင်မှ အသီးမပါချေ။ သစ်သီးခြင်းတောင်းများကို ဟောင်ကောင်၌ ဆေးရုံတက်လူနာ မေးသည့်အချိန်တွင်သာ အသုံးပြုတတ်ကြသည်။
ဖုန်းယွီလည်း ဟောင်ကောင် ဓလေ့ထုံးစံအတိုင်း Latour ပုလင်း ဝယ်ခဲ့လိုက်သည်။
ဖူမိသားစု ဆိုသည်မှာ ဟောင်ကောင်တွင် အချမ်းသာဆုံး မိသားစုများထဲမှ တစ်ခုဖြစ်သည်။ ညီအစ်ကို(၄)ယောက်သည် အလယ်လတ်တန်းစား အိမ်ကြီးတွင် နေထိုင်ကြသည်။ ကြမ်းခင်း ဧရိယာ ကြီးမားပေအသည်။ ထိုဒေသသည် ဟောင်ကောင်တွင် အကောင်းဆုံး နေရာဖြစ်သည်ဟူသည့် ကောလဟလများ ထွက်ပေါ်နေကြောင်း ဖုန်းယွီ ကြားနေရသည်။
ဖုန်းယွီ ဖူရုံပမ့်၏ အိမ်သို့ ရောက်သည့်အခါ ဖူရုံပမ့်ကိုယ်တိုင် ကြိုဆိုရန် ထွက်လာခဲ့သည်။ သူ့အစ်ကို အကြီးဆုံးက ဖုန်းယွီကို မထီမဲ့မြင် မပြုရန် ပြောထားခဲ့သည်။ ဖုန်းယွီသည် သူ၏ ကြွယ်ဝမှုကို ထုတ်ဖော်မပြနိုင်သော်လည်း ပိုင်ဆိုင်မှု စုစုပေါင်းသည် အလွန်များပြားသည့် ကိန်းဂဏန်း ဖြစ်နေလောက်သည်။ ဖုန်းယွီသည် ယခု ထုတ်ဖော်ထားသည့် ပိုင်ဆိုင်မှုများနှင့်ပင် တရုတ်၏ ထိပ်တန်း သူဌေးကြီးဖြစ်ရန် လုံလောက်နေပြီ ဖြစ်သည်။
ဖုနးယွီသည် ဝန်ကြီးချုပ် သန်းနှင့်ပင် ကိုယ်တိုင်ကိုယ်ကျ တွေ့ခဲ့ဖူးသည်။ သူ့အခြေအနေက မတူညီချေ။
ဖူရုံချီသည် ဖုန်းယွီကို လေးလေးစားစား ဆက်ဆံသော်လည်း ဖူရုံပမ့် ထိုသို့ ပြုလုပ်ရမည်ဟု မဆိုလိုချေ။ ဖူရုံပမ့်၏ လုပ်ငန်းသည် ဖူရုံကျင်းနှင့် ဆင်တူပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများသည် တစ်ခုလျှင် ဟောင်ကောင်ဒေါ်လာ တစ်ဘီလီယံ ခန့်သာ ရှိပေသည်။ ဤသည်ကပင် ဖုန်းယွီ လက်ရှိ ဖော်ပြထားသည့် ပမာဏထက် အလွန်နိမ့်နေပေသည်။ ဖူရုံပမ့် မည်သည့်အတွက် မောက်မာဝံ့မည်နည်း။
ဖုန်းယွီ ကားထဲမှ ထွက်လိုက်သည်နှင့် အိမ်ရှေ့တံခါးရှေ့ ထွက်စောင့်နေသည့် မိသားစုများ အံ့ဩသွားကြသည်။ ထိုသူသည် ဟောင်ကောင်သား မဖြစ်နိုင်ချေ။ ဟောင်ကောင်သား ဆိုပါက ဖူရုံပမ့်သည် သူ့ဇနီး(၂)ယောက်နှင့်အတူ အိမ်အပြင်တွင် စောင့်နေမည် မဟုတ်ချေ။
ဟောင်ကောင်ရှိ သူဌေးကြီးများသည် ဇနီးသည် (၁)ယောက်မက ယူလေ့ရှိကြသည်။ ပထမဇနီးမှလွဲ၍ ကျန်ဇနီးများမှာ တရားဝင်မှတ်ပုံတင် မထားကြချေ။ ဖူမုန့်ယင်သည် ဖူရုံပမ့် ဒုတိယဇနီး၏ သမီး ဖြစ်သည်။
“ဦးလေးဖူ.. ဘာလို့ အပြင်မှာ စောင့်နေကြတာလဲ.. ကျေးဇူးပြုပြီး အခမ်းအနား ပုံစံ ရပ်မနေကြပါနဲ့..”
ဖုန်းယွီ ယဉ်ကျေးသမှုဖြင့် ပြောလိုက်သည်။ ဤခရီးတွင် မောက်မာမိပါက ဖူမိသားစု၏ တတိယညီကို သင်ခန်းစာပေးရန် တွေးထားပေသေးသည်။
“အာ.. တူလေး ဖုန်းယွီ.. မင်း ငါတို့အိမ်ကို ပထမဆုံး လာတာလေ.. ငါတို့က ဘယ်လိုလုပ် ထွက်လာပြီး မကြိုလို့ ရမလဲ.. မိတ်ဆက် ပေးပါရစေ.. ဒါ ငါ့ဇနီးပေါ့…….. ဒါ ငါ့သမီး ဖူမုန့်ယင်..”
ဖူရုံပမ့် သူ့မိသားစုကို ဖုန်းယွီနှင့် မိတ်ဆက်ပေးလိုက်သည်။
တူလေးလား။ ဖုန်းယွီ မျက်ခုံး ပင့်လိုက်သည်။ သူသည် မိမိ ဖုန်းမိသားစု၏ မိသားစုဝင်၊ အသိမိတ်ဆွေ တစ်ယောက် မဟုတ်ချေ။ ဘယ်ကြောင့် တူလေးဟု ယူနိုင်မည်နည်း။ သို့ရာတွင် ဖုန်းယွီ တွေ့ကြည့်သည့်အခါ ဤသည်က ဖူရုံပမ့် အတွက် အကောင်းဆုံး နည်းလမ်းပင်။ ဖုန်းယွီကို သူ့နာမည်နှင့် ခေါ်လိုက်ပါက အပြင်လူ တစ်ယောက်ကဲ့သို့ ဆက်ဆံမိပေလိမ့်မည်။ မန်နေဂျာဖုန်းဟု ခေါ်ဆိုပါက နှစ်ဖက်ကြား ဆက်ဆံရေး ဝေးကွာသွားပေလိမ့်မည်။ သို့အတွက် ဖုန်းယွီနှင့် ဖူကွမ်းကျန့်၏ ဆက်ဆံရေးကို အသုံးချ၍ ဖူရုံပမ့် အနေဖြင့် တူလေး ဟုသာ ခေါ်ဆိုနိုင်တာ့သည်။ ဤသည်က ပိုနီးစပ်ပေလိမ့်မည်။
ဖူမုန့်ယင်မှလွဲ၍ အားလုံး ဖုန်းယွီကို အပြုံးနှင့် နှုတ်ဆက်ကြသည်။
ဤအရာ အားလုံး ထိုလူကြောင့်ပင်။ သို့မဟုတ်ပါက သူသည် လိင်တူချစ်သူ ဖြစ်ကြောင်း မိသားစု သိမည် မဟုတ်ချေ။ ယခုမူ သူ့မိသားစုသာမက အကြီးဆုံး ဦးလေး၏ ဝမ်းကွဲကပင် သူ့ကို လိင်တူ ချစ်သူလားဟု မေးနေချေသည်။ သူသည် ဖူမုန့်ယင်ကို ယောက်ျားလေးများနှင့် မိတ်ဆက်ပေးချင်သေးသည်။
ဖူကွမ်းဝေ့က ကျန်ဖူမိသားစုကို သူ့အကြောင်းပြောပြီး ဖုန်းယွီအား ဖိတ်ခေါ်ရန်ပင် အကြံပြုခဲ့သေးသည်။ ဤဖုန်းယွီကား အဘယ်သို့နည်း။ နေလည်စာ ဖိတ်ရန် လိုအပ်သည်လော။
ဖုန်းယွီသည် ဖူမိသားစုနှင့် စီးပွားရေးအရ ဆက်ဆံသူ တစ်ဦးသာ ဖြစ်ပြီး ဦးလေး၏ မိသားစုနှင့် ပိုမို ရင်းနှီးပေသည်။ သူ့ကို ဖိတ်ကြားရန် လိုအပ်သည်လော။ ထို့အပြင် ဖုန်းယွီသည် ဦးလေး(၄)ကို ကလိမ်ထားသေးသည် မဟုတ်ပေလော။ ဖူမိသားစုက အဘယ့်ကြောင့် သူ့ကို ဂရုစိုက်နေရသနည်း။
ဖုန်းယွီသည် ဒေါသတကြီး စိုက်ကြည့်နေသည့် ဖူမုန့်ယင်ကို မြင်သည့်အခါ ပြုံးလိုက်ပြီး..
“အာ.. ညီမ မုန့်ယင်ပဲ.. ဒီနေ့တော့ ဟိုနေ့ကထက် ပိုလှနေပါလား..”
ဖူမုန့်ယင် ဖုန်းယွီကို စိုက်ကြည့်နေဆဲပင်။ သူမိဖများ မရှိပါက ဖုန်းယွီကို ဆဲဆိုမိနေလောက်ပေပြီ။ နင့်ညီမက ဘယ်သူမို့နည်း။ မည်သည့်အချိန်က ရင်းနှီးဖူးသနည်း။ မိမိတို့ တွေ့ခဲ့သည့် အချိန်က မလှဟု ဆိုလိုခြင်းလော။
သို့တိုင်အောင် ယခုမူကား..
“ကျေးဇူးတင်ပါတယ် အစ်ကိုဖုန်း.. နင် ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. အထဲကြွပါ..”
ဖူမုန့်ယင် ဖုန်းယွီထံမှ ဝိုင်နီပုလင်းယူရန် လက်ဆန့်လိုက်သည်။ ဖုန်းယွီ ပုလင်းကို လက်လွှတ်လိုက်သည်နှင့် သူ့လက် ပြန်ရုတ်မည်ဖြစ်သည်။ မိမိအိမ်ရှေ့တွင် ထိုဝိုင်အား ဖျက်စီး၍ အရှက်ရအောင် လုပ်ရပေလိမ့်မည်။
သို့ရာတွင် ထိုသို့သော လှည့်ကွက်ကလေးသည် ဖုန်းယွီအပေါ် အလုပ်မဖြစ်ချေ။ ဖုန်းယွီသည် ဖူမုန့်ယင်အား ဥပေက္ခာပြုကာ ဖူကွမ်းဝေ့ထံသို့ ပုလင်းပေးရင်း..
“ဘာယူလာရမှန်း မသိလို့ နှစ်ချို့ဝိုင် တစ်ပုလင်း ဝယ်လာလိုက်တာ..”
“တူလေး.. မင်း လာချင်တဲ့ အချိန် လာလို့ရတယ်.. လက်ဆာင်တွေ ယူလာစရာ မလိုပါဘူးကွာ.. နေ့လည်စာ အသင့်ဖြစ်နေပြီ..”
ဖူရုံပမ့် ဘေးဖယ်၍ ဖုန်းယွီကို သူ့အိမ်ထဲသို့ ဝင်ခွင့်ပြုလိုက်သည်။
ဖူမုန့်ယင် သူ့လက်ကို ရှက်ရှက်နှင့် ပြန်ရုတ်လိုက်ရသည်။ ဤဖုန်းယွီ စိတ်တိုစရာ ကောင်းလွန်းလှသည်။ မိမိလက် မြင်သည့်တိုင် ဖူကွမ်းဝေ့အား ဝိုင်သွားပေးသေးသည်။ မိမိကို မမြင်သည်လော။
စိတ်အနှောက်အယှက် ဖြစ်စရာ အကောင်းဆုံးမှာ ဖူကွမ်းဝေ့သည် ဖူမုန့်ယင်ကို ကျော်၍ လက်ခံခဲ့ခြင်း ဖြစ်သည်။ သူသည် ဤမိသားစု၌ အငယ်ဆုံး ဖြစ်သည်။ ထိုပုလင်းကို မြေပြင်သို့ ပစ်ခွဲချင်သော်လည်း ဖခင်ရော အစ်ကိုပါ ရှိနေပေသည်။ သူသာ လုပ်မိပါက မိခင်ပင် ကာကွယ်နိုင်မည် မဟုတ်ချေ။
ဖူမုန့်ယင်၏ မိခင်သည် ဒုတိယဇနီးဖြစ်ပြီး သမီးတစ်ဦးသာ ရှိသည်။ အဘယ့်ကြောင့် ဟူမူ သူမနှင့် သူမမိခင်ကို ကောင်းမွန်စွာ ဆက်ဆံခြင်းကြောင့် ဖြစ်သည်။ ဟောင်ကောင်တွင် အိမ်ထောင်ထောင် တစ်ခု၌ သား တစ်ယောက် ရှိလျှင် သမီးသည် အမွေအနည်းငယ်သာ ရရှိပေလိမ့်မည် ဖြစ်သည်။
ဖူမုန့်ယင်သာ ဖူကွမ်းဝေ့ အရှက်ရအောင် လုပ်မိပါက ပထမဇနီး၏ ရိုက်နှက်ခံရနိုင်ပြီး မိမိ မိခင်မှာ ရေငုံနှုတ်ပိတ် နေရပေလိမ့်မည်။
ဖူရုံပမ့်၏ အိ်သည် အမှန်တကယ် ကောင်းမွန်စွာ မွမ်းမံထားသည်။ ပရိဘောဂများနှင့် ဆက်စပ်ပစ္စည်းများသည် ရှေးဟောင်း အပြင်အဆင်များ ဖြစ်သည်။ ပြုပြင်မွမ်းမံရေး ကန်ထရိုက် အမည်ပင် မေးမြန်းထားရပေလိမ့်မည်။ ဝယ်ယူသူများအား သေချာပေါက် ဆွဲဆောင်နိုင်ပေလိမ့်မည်။
“ဦးလေးဖူ.. ခင်ဗျားအိမ်က အရမ်းချစ်ဖို့ကောင်းတယ်..”
“ဟား..ဟား.. ဟား.. ဟား.. ဒါတွေအားလုံး ရှေးဟောင်း ပစ္စည်းတွေကြီးပဲ.. ငွေတော်တော် အကုန်ခံပြီး နိုင်ငံခြားက ဝယ်လာခဲ့ရတာ.. အဲ့အထဲက တစ်ချို့ဆို တရုတ် ကွမ်းကျန့်က ဝယ်လာတာလေ.. အဲ့ ရှေးဟောင်း ပစ္စည်းတွေကို အတော်ကြိုက်တာကွ..”
ဖူရုံပမ့် သူ့စုဆောင်ထားမှုအား တစ်ဦးတစ်ယောက်မှ ချီးကျူးစကား ကြားရသည့်အတွက် အလွန် ပျော်နေပေသည်။
ဖုန်းယွီ အံ့ဩသွားသည်။ ဤအရာအားလုံးသည် အတုများ မဟုတ်ဘဲ အမှန်တကယ် ရှေးဟောင်း ပစ္စည်းအစစ်များ ဖြစ်ပေသည်။ ဤအဆောင်အယောင် ပစ္စည်းအားလုံးဆိုလျှင် အလွန် ကုန်ကျပေလိမ့်မည်။ ဆိုလိုသည်မှာ စင်ပေါ်ရှိ ပန်းအိုးများသည်ပင် ရှေးဟောင်း ပစ္စည်း ဖြစ်ပေလိမ့်မည်။
“လာ.. လာ.. ငါ့နားမျာထိုင်.. စကား ကောင်းကောင်း ပြောရအောင်..”
ဖူရုံပမ့် ဖုန်းယွီအား သူ့ဘေးတွင် ထိုင်ခိုင်းပြီး ဖူမုန့်ယင်ကို ဖုန်းယွီအနား ထိုင်ရန် စီစဉ်ပေးထားသည်။
ဖုန်းယွီ ခနရပ်လိုက်သည်။ ဤတစ်ကြိမ် ထိုင်နေပုံသည် မည်သည့်အတွက် ထူးဆန်းသည်ဟု ခံစားနေရသနည်း။
-------*****--------
ဘာသာပြန်သူ . (NTP)