အောင်သွယ်ပေးနေပြီ
Vol. 35 Ch. 513
“တူလေး… မင်း မိဘတွေ နေကောင်းလား…”
“သူတို့က ကျန်းမာပါတယ်.. ကျုပ် ယောက္ခမကတော့ ဆေးရုံတက်နေရတယ်ဗျာ..”
ဖုန်းယွီ ပဟေဠိ ဆန်နေတော့သည်။ တကယ်ကြီး တူတစ်ယောက်လို ဆက်ဆံနေသည်လော။
“မင်း မကြာခင်က ဆေးလုပ်ငန်း လုပ်နေတယ်လို့ ကွမ်းကျန့် ပြောတာ ကြားလိုက်တယ်”
ဖူရုံပမ့် ဆေးပညာကို စိတ်ဝင်စားသည်လော။
“ဟုတ်ပါတယ်.. ကိုယ့်နိုင်ငံကို ကူညီဖို့ ပါပဲ.. ဒီလုပ်ငန်းက သိပ်မအောင်မြင်ပါဘူး.. အမြတ်ဆိုရင် ဦးလေးရဲ့ ကုန်တိုက်လုပ်ငန်းနဲ့ ဘယ်လိုမှကို ယှဉ်လို့မရတာ..”
“ဘယ်လိုဖြစ်ဖြစ် ငွေရှာနိုင်နေတာပဲလေ.. လုပ်ငန်း တစ်ခုဆိုတာ ငွေရှာနိုင်သမျှ အောင်မြင်တယ်လို့ ပြောလို့ရတယ်.. မင်းမှာ ဘာဝါသနာပါလဲ.. လွတ်လွတ်လပ်လပ်ဆို ဘာလုပ်မလဲ..”
ဖုန်းယွီစိတ်အတွင်း မေးခွန်းကြီး တစ်ခု ပေါ်လာသည်။ စီးပွားရေး သမားတစ်ယောက်မှ အစိုးရအရာရှိ တစ်ယောက်ကို ထိုမိုးခွန်းမေးလာပါက ဤလုပ်ငန်းရှင်သည် လာဘ်ထိုးရန် ကြိုးစားနေခြင်း ဖြစ်နိုင်ပေသည်။ အသက်ကြီးသူက ငယ်သူကို မေးသည့်အခါ စိုးရိမ်စရာပင်။ သို့ရာတွင် လက်ရှိ အခြေအနေမှာ ရှင်းပြ၍ မရနိုင်ချေ။
“ကျုပ်မှာ ဘာဝါသနာမှ မရှိပါဘူး.. ငွေရှာရတာ ကြိုက်တယ်.. အသက်(၃၀)လောက်ဆို အနားယူပြီး မိဘတွေနဲ့အတူ ကမ္ဘာပတ်ပြီး ခရိးထွက်ချင်တယ်..”
ဤအဖေဖြင့် စကားဝိုင်းသည် မည်သို့ ဆက်၍ စခန်းသွားမည်ကို စောင့်ကြည့်ရပေမည်။
“အတွေးတိမ်လိုက်တာ..”
ဖူမုန့်ယင် အသံထွက်လာသည်။
ဖူရုံပမ့် သူ့သမီးကို စိုက်ကြည့်ပြီးနောက် ဖုန်းယွီဘက် လှည့်ပြုံးရင်း..
“မင်း တော်တော် ရည်မှန်းချက် ကြီးပြီး မိဘကို သိတတ်တဲ့သူပဲ.. မင်းက ကွမ်းဝေ့နဲ့ တော်တော်ကွာတယ်.. ဒီကောင် ငါ့ဆီက နေ့တိုင်း ပိုက်ဆံတောင်းပြီး အမြဲတမ်း ဗရုတ်သုက္ခတွေပဲ လုပ်နေတာ..”
ဖူရုံပမ့်သည် ဖူကွမ်းဝေ့ကို သွန်သင်ရန် ကြိုးစားနေသည်လော။ ယခုနေ့လည်စာ အစီအစဉ်မှာ ဤတွက်လော။
“အဖေ.. ကျွန်တော် အဖေပြောသလောက်လဲ မဟုတ်ပါဘူး.. ဘယ်အချိန်ကစပြီး စီးပွားရေးလုပ်ရမလဲ မသိပေမယ့် အစ်ကို ကွမ်းကျန့်နဲ့ ရှေးဟောင်းပစ္စည်းတွေ ဝယ်ရောင်း လုပ်နေတယ်လေ.. ဒါလဲ စီးပွားရေးပဲကို..”
“မင်းက ကွမ်းကျန့်နဲ့ နှိုင်းချင်နေတာလား.. ကွမ်းကျန့်ရဲ့ ပိုင်ဆိုင်မှုက မင်းအဖေ ငါ့ပိုင်ဆိုင်မှုနဲ့ တန်းတူလုနီးနီးပဲ.. သူ ရှေးဟောင်း အရောင်းအဝယ်လုပ်တယ်လေ.. မင်းလား.. ရှေးဟောင်းပစ္စည်း အတုတွေ ဝယ်ဖို့လောက်ပဲ လုပ်နေတာလေ.. မင်း ပိုက်ဆံဘယ်လောက်တောင် ကုန်သွားပြီလဲ..”
“ဘယ်သူကရော တစ်ခါလေးတောင် ယုံကြည်ပေးလို့လဲ.. အဖေ့ တုန်းကလဲ ပိုက်ဆံတွေ အများကြီး ဖြုန်းခဲ့ ဖူးတာပဲလေ..”
“ငါရှာတဲ့ငွေ ငါဖြုန်းတာလေ.. မင်းအဖိုး ပေးတဲ့ ငွေတွေ မဟုတ်ဘူးကွ.. မင်းရော.. ဝင်ငွေ ဘယ်လောက် ရှာပြီးပြီလဲ.. မင်းအမေ လတိုင်းပေးတဲ့ ထောက်ပံ့ငွေနဲ့ သုံးနေတာ ငါမသိဘူးများ မှတ်နေလား.. မင်းကို တူလေးဖုန်းလို ဖြစ်စေချင်တာကွ.. မင်းငါ့ကို တစ်ခုခု ကြိုးစားပြနိုင်မယ် မျှော်လင့်ပါတယ်..”
ဖုန်းယွီသည် ငယ်စဉ်ကပင် ကိုယ်တိုင်ငွေရှာနေသည်ကို ဖူရုံပမ့် ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။ အထူးလူသားလီပင် ဖုန်းယွီ၏ အသက်အရွယ်တွင် သာမန်အလုပ်သမား တစ်ဦး ဖြစ်နေဆဲပင်။ ဘီလ်ဂိတ်သည် သူ့ကွန်ပျူတာဆော့ဖ်ဝဲ လုပ်ငန်းတွင် သူ့မိသားစု၏ ပံ့ပိုးကူညီမှုလည်း ရရှိခဲ့သည်။ ဖုန်းယွီနှင့် ယှဉ်၍မရချေ။
ဘီလ်ဂိတ်သည် ယခုအချိန်တွင် ချမ်းသာသော်လည်း ဖူမိသားစုအနေဖြင့် ဖုန်းယွီသည် အနာဂတ်တွင် ကျော်တက်နိုင်သည်ဟု ခံစားနေမိသည်။ ဖုန်းယွီသည် မကြာမှီ ထိပ်သီး ဘီလျံနာစာရင်းဝင် လူတိုင်းကို ကျော်လွန်နိုင်ပေလိမ့်မည်။ ၎င်းတို့ နားမလည်နိုင်လျှင်ပင် ကမ္ဘာ့ထိပ်တန်း ဘီလျံနာများအတွင်းမှ တစ်ယောက် ဖြစ်နေသည် မဟုတ်ပေလော။
သို့အတွက် ဖူမိသားစုသည် ဖုန်းယွီကို ၎င်းတို့ သားသမီးများ၏ စံနမူနာပြ အဖြစ် သုံးနှုန်းခဲ့ခြင်းဖြစ်သည်။ ဖူမိသားစု မျိုးဆက်တွင် ဖုန်းယွီနှင့် နီးကပ်စွာ အလုပ်လုပ်နေသည့် ဖူကွမ်းကျန့်မှလွဲ၍ ကျန်သူများသည် ဖုန်းယွီကဲ့သို့ အောင်မြင်ရန် အခွင့်အရေး မရှိချေ။
ဖုန်းယွီ သူ့နှားခေါင်းသူ ပွတ်၍ အသာငြိမ်နေလိုက်သည်။ သူသည် ဖူမိသားစု၏ နောက်မျိုးဆက်အတွက် စံပြပုဂ္ဂိုလ် ဖြစ်လာခဲ့သည်လော။ ဝေ့ကျန့် .. အဘယ့်ကြောင့် မိမိအား စိုက်ကြည့်နေသနည်း။ ဤဘဝတွင် မိမိကို အနိုင်ယူနိုင်ရန် နည်းလမ်း ရှိလိမ့်မည် မဟုတ်ချေ။ ပိုင်ဆိုင်မှုများ မိမိထက် ပိုလိုချင်သည်လော။ မိမိကဲ့သို့ အတိတ်ကို ပြန်နိုင်မှ ရပေလိမ့်မည်။
ဖူရုံပမ့် သူ့သား ငြိမ်နေသည်ကို မြင်ပြီးနောက် ဖုန်းယွီဘက်လှည့်၍..
“တူလေး.. မင်း အသက်ဘယ်လောက်ရောက်မှ လက်ထပ်ဖို့ စိတ်ကူးထားလဲ..”
ဖုန်းယွီ ချက်ချင်းကို ရေထသောက်လိုက် ရတော့သည်။ စားလက်စ အမဲသား တုံးလေးပင် နင်လုမတတ် ဖြစ်နေသည်။ မိမိတို့သည် ဤမျှ ရင်းနှီးလွန်းနေကြသည်လော။ မိမိ လက်ထပ်ခြင်းအား အဘယ့်ကြောင့် မေးလာသနည်း။
“ဦးလေးဖူ.. ကျုပ် အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိသေးပါဘူး..”
“ဒါဆို မင်းမှာ ရည်းစားရှိလား..”
“ဟုတ်ကဲ့..”
ဖုန်းယွီ ခေါင်းငုံ့၍ စားနေလိုက်သည်။ ဤကိစ္စ ဆက်မပြောချင်ပေ။ ဖူရုံပမ့် သူ့ကို အောင်သွယ်ရန် ကြိုးစားနေ ချေပြီ။ ဖုန်းယွီ ဖူရုံပမ့်အား သံသယကြည့် ကြည့်လိုက်သည်။ ဤသည်မှာ နေ့လည်စာ၏ ရည်ရွယ်ချက်ပေလော။
သို့တိုင်အောင် မဖြစ်နိုင်ချေ။ ဖူမုန့်ယင်သည် လိင်တူချစ်သူ ဖြစ်ကြောင်း အားလုံး သိထားလောက်ပေပြီ။ သူတို့နှစ်ယောက် အတူနေရန် မည်သို့မှ မဖြစ်နိုင်ချေ။
ဖူရုံပမ့် နေ့လည်စာဝိုင်းသို့ သူ့ဇနီး(၂)ယောက်လုံး အဘယ့်ကြောင့် ခေါ်ထားသနည်း။
‘အာ… မဟုတ်သေးပါဘူး…’
ဖုန်းယွိ ဖူမုန့်ယင်၏ ထိတ်လှန့်တုန်လှုပ် နေသည့် အမူအရာ မြင်လိုက်ရသည်။ အဖြစ်အပျက်များကို သူနားလည်သွားပုံပင်။
ဖူရုံပမ့်အနေဖြင့် သူ့တွင် ရည်းစားရှိပြီးဖြစ်သော်လည်း နောက်တစ်ယောက် ထပ်ထားရန် မျှော်လင့်နေသည်လား မပြောတတ်ချေ။
ကံကောင်းစွာဖြင့် ဖူရုံပမ့် ထိုကဲ့သို့ ထုတ်မပြောခဲ့ချေ။ ဖုန်းယွီ အသက်ရှူပြန်ချောင် လာတော့သည်။ ဖူရုံပမ့်သည် ဖုန်းယွီ အစားငုံ့စားနေသည်ကို တွေ့ရသည့်အခါ စကားဆက်မပြောတော့ချေ။ သူပါ စားနေသော်လည်း ဖုန်းယွီကို ကြည့်နေမြဲပင်။
ကို့ယို့ကားယား အခြေအနေဖြင့် စားသောက်ပြီးနောက် ဖုန်းယွီ ထိုနေရာမှ ချက်ချင်း ထွက်သွားချင်နေသည်။ သူသည် ဖူရုံပမ့်၏ လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်မှုကိုပင် ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်။
“မုန့်ယင်.. အဝတ်လဲပြီး တူလေး ဖုန်းကို ပြန်ပို့လိုက်..”
ဖူရုံပမ့် သူ့သမီးကို ကြည့်၍ ပြောလိုက်သည်။
“အဖေ.. သမီးခေါင်းကိုက် နေတယ်..”
ဖူမုန့်ယင် ရုတ်တရက် သူ့ပုခုံးများပွတ်လိုက်သည်။ ဖုန်းယွီ သူ့ကို တချက်ကြည့်လိုက်သည်။ သရုပ်ဆောင် စွမ်းရည် လွန်စွာ ညံ့လွန်းလှသည်။ ခေါင်းကိုက် ဟန်ဆောင်လိုပါက အနည်းဆုံး မျက်မှောင်ကြုတ်သင့်သည် မဟုတ်ပေလော။
“ခေါင်းကိုက်လို့လား.. နေမကောင်းဘူးလား… အို့.. ကွမ်းဝေ့ နဲ့ငါ နေ့လည် အလုပ်လုပ်ဖို့ ရှိသေးတယ်.. တူလေးဖုန်း မင်း မုန့်ယင်ကို ဆရာဝန်ဆီပို့ဖို့ ဒုက္ခပေးလို့ရမလား..”
ဖူရုံပမ့် ထမေးပြန်သည်။
ခက်ချေပြီ။ သူသည် အောင်သွယ်ရန် ကြိုးစားနေခြင်းပင်။
ဤသည်ထက် ပိုမိုကောင်းမွန်သည့် ဆင်ခြေမရှိသည်လော။ မိသားစု တစ်စုလုံး အလုပ်ရှုတ်နေလျှင်ပင် အကူ အစေခံ အများအပြား ရှိနေပေသေးသည်။ ယဉ်မောင်း မရှိ၍လော။ အရေးအကြီးဆုံးမှာ ထိပ်တန်း မိသားစုများတွင် မိမိတို့ မိသားစုဆရာဝန်များ မရှိကြသည်လော။
ဆရာဝန်ထံ သွားပြရန် လိုအပ်မည်လော။ ဖုန်းဆက်ရုံဖြင့် ဖူမုန့်ယင်ကို စစ်ဆေးရန် ဆရာဝန် ဤနေရာသို့ ချက်ချင်း ရောက်လာပေလိမ့်မည်။
သို့ရာတွင် ဖုန်းယွီသည် ဖူမုန့်ယင်၏ အမူအရာမြင်သည့်အခါ စိတ်ပြောင်းသွားကာ..
“ပြဿနာမရှိပါဘူး.. ပြန်ရင်းနဲ့ ဆရာဝန်ဆီ ခေါ်သွားလို့ရပါတယ်..”
“မုန့်ယင်.. ဘာစောင့်နေတာလဲ.. တူလေးဖုန်း နင့်ကို စောင့်နေတယ်လေ.. အဝတ်အစား သွားလဲလိုက်..”
ဖူရုံပမ့် သူ၏ ဆရာဝန်နှင့် စကားပြောခဲ့ပြီး ငယ်ရွယ်သော မိန်းကလေးများသည် လိင်တူချစ်သူ ဖြစ်လာရခြင်းမှာ ပြင်ပ ပတ်ဝန်းကျင် အခြေအနေများကြောင့် ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲစေသည်ဟု သူ၏ဆရာဝန်က ပြောပြခဲ့သည်။ သို့ရာတွင် သူတို့သည် လိင်တူချစ်သူ တစ်ဦးအတွက်နှင့် သိချင်၍ ကိုယ်တိုင် တွေ့ကြုံခံစားလိုခြင်း လည်း ဖြစ်နိုင်ပေသည်။ ဆရာဝန်က မိန်းကလေးသည် သိချင်စိတ်ဖြင့်လော၊ အမှန်တကယ် လိင်တူချစ်သူလော သိရှိနိုင်ရန် လူကောင်းတစ်ယောက်နှင့် စုံတွေ့ပေးရန် အကြံပြုထားပေသည်။
လိင်တူချစ်သူများ ခပ်ချောချောနှင့်တွေ့၍ အိမ်ထောင်ပြုပြီး ပြောင်းလဲသွာသည့် ဆေးမှတ်တမ်း များစွာရှိပေသည်။
ဖူရုံပမ့်အနေဖြင့် သူ့သမီး လိင်တူချစ်သူ ဟုတ်မဟုတ် စစ်ဆေးရန် အခြားနည်းလမ်းသုံးပါက ဒုက္ခရောက်ရလိမ့်မည်။ ဤမိန်းကလေးမှာ သူ့သမီးဖြစ်ကြောင်း မိသားစု ဆရာဝန်ကို ပြောပြရပေလိမ့်ဦးမည်။
ထို့ကြောင့် ခပ်ချောချော လူငယ်လေးအား သူ့သမီးနှင့် စုံတွေ့ပေးရန် ဆရာဝန်၏ အကြံပြုချက်ကို စမ်းကြည့်ရန် ရွေးချယ်ခဲ့သည်။ အချိန်အတန်ကြာ စဉ်းစားနေသည့်တိုင် ဖူမုန့်ယင်အား မည်သူနှင့် စုံတွေ့ပေးရမည်မှန်း အဖြေမထွက်ခဲ့ချေ။ ရုတ်တရက် ဖူကွမ်းဝေ့က ဖုန်းယွီကို အကြံပြုလာခဲ့ပေသည်။
ဖုန်းယွီသည် ရုပ်ရည်မဆိုးဘဲ အောင်မြင်သော စီးပွားရေးသမား ဖြစ်သည်။ သူ့အသက်မှာ မုန့်ယင်နှင့် မတိမ်းတယိမ်း ဖြစ်ကာ အရေးအကြီးဆုံးမှာ ဖုန်းယွီနှင့် မုန့်ယင် အမှန်တကယ် ချစ်ကြိုက်သွားပါက ဖူမိသားစု တစ်ခုလုံးအတွက် ပိုမို ကောင်းမွန်သွားပေလိမ့်မည်။
ထို့ကြောင့် ဖူရုံပမ့်သည် ဖုန်းယွီနှင့် သူ့သမီးကို ယနေ့အတွက် အကောင်းဆုံး ကြိုးစားနေခြင်းပင်။ သူ့စိတ်အတွင်း၌ သူ့သမီး ဖုန်းယွီ၏ ဒုတိယ ဇနီးဖြစ်ခဲ့လျှင်ပင် လိင်တူချစ်သူဖြစ်ခြင်းထက် ပိုမိုကောင်းမွန်နေလိမ့်အုံးမည် ဖြစ်သည်။
“ဦးလေး ဖူ.. ကျုပ် ညီမ မုန့်ယင်ကို ဆရာဝန်ဆီ ပို့လိုက်ပါ့မယ..”
“ကောင်းပြီ.. ဆရာဝန် ပြပြီးရင် အင်းကို ဟောင်ကောင် အနှံ့လိုက်ပို့ဖို့ မုန့်ယင်ကို ခိုင်းလိုက်.. နှစ်ယောက်စလုံး အတူတူသွားရမယ့် နေရာတွေ အများကြီး ရှိလောက်တယ်.. နောက်ဆို မင်းတို့နှစ်ယော်ကစလုံး မကြာခန တွေ့ကြ ပေါ့ကွာ..”
ဖူရုံပမ့်သည် သူ့သမီးအား ဖုန်းယွီကိုပေးရန် မစောင့်နိုင်တော့သည့် ပုံပင်။
ဖုန်းယွီ အပြုံးဖြင့် သဘောတူလိုက်သည်။ မှန်ပေ၏။ ဟောင်ကောင်သို့ ရောက်ရှိလာပြီးနောက်ပိုင်း အနည်းငယ် ပျင်းနေသည် မဟုတ်ပေလော။
-------*****--------
ဘာသာပြန်သူ . (NTP)