လျိုချွမ်ကျစ်နှင့် ဆွေးနွေးခြင်း
Vol. 35 Ch. 515
သူနှင့် ဖူမုန့်ယင်ကြားမှ ကိစ္စများကို ဖြတ်၍ အဘိုးချန်အား မောင်းစရာရှိတာ ဆက်မောင်းခိုင်းလိုက်သည်။
အိမ်မှာ တစ်ထပ်အိမ်သာ ဖြစ်သည်။ ဝင်ပေါက်တွင် လက်မှတ်စစ် ရှိပေသည်။ ဟောင်ကောင် လီနိုဗို ကုမ္ပဏီ။ ဖုန်းယွီ သူ့နေရာ အမှန်ကို သိနေပေသည်။ ဟောင်ကောင် လီနိုဗို ကုမ္ပဏီ ရုံးခန်း အဆောက်အဦသည် ပေကျင်း လီနိုဗိုထက် ပိုကောင်းပေသည်။ ဤသို့သော အဆောက်အဦးမျိုး ငှားရမ်းနိုင်ပေသည်။
ဖုန်းယွီ အဆောက်အဦးအတွင်း ဝင်ရောက်၍ ဧည့်ခန်းတွင် စာရင်းပေးကာ ဓာတ်လှေကား ထဲဝင်လိုက်သည်။
“မင်္ဂလာပါ.. လျိုချွမ်ကျစ်.. ဥက္ကဋ္ဌလျို ရှိပါသလား…”
လျိုချွမ်ကျစ်သည် ဟောင်ကောင် လီနိုဗို ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်ပြီး ပေကျင်း လီနိုဗို၏ CEO လည်း ဖြစ်ပေသည်။
ဧည့်ကြိုအနေဖြင့် ဖုန်းယွီ၏ လေယူလေသိမ်းအရ ပြည်မကြီးမှ ဖြစ်ကြောင်း ပြောနိုင်ပြီး မန်ဒရင်းဘာသာဖြင့်ပင်..
“ဥက္ကဋ္ဌလျို အစည်းအဝေးရှိနေပါတယ်.. သူနဲ့ ချိန်ထားတာ များရှိလားမသိဘူး..”
“ဖုန်းယွီ ရောက်နေတယ်ဆိုတဲ့ အကြောင်းကိုသာ သတင်းပို့ပေးပါ..”
ကြိုတင် ချိန်းဆိုရမည်လော။ မိမိက ရင်းနှီးမြုပ်နှံမည့်သူ ဖြစ်သည်။ ကြိုတင် ချိန်းဆိုရန် လိုအပ်မည်လော။
ဟောင်ကောင် လီနိုဗို ကုမ္ပဏီသည် ကွန်ပျူတာဘက်တွင် အာရုံစိုက်လုပ်ကိုင်နေပြီး ကျွန်ပျူတာဌာနခွဲတစ်ခု ထူထောင်ရန် အစီအစဉ် ရှိနေပေသည်။ သို့ရာတွင် ၎င်းတို့၌ ရန်ပုံငွေ မရှိချေ။
တရုတ် သိပ္ပံအကယ်ဒမီ(CAS)တွင် ရန်ပုံငွေများ ရှိသေည်လည်း လီနိုဗိုအတွက် ထိုရန်ပုံငွေများကို အသုံးမပြုနိုင်ချေ။ ထို့အပြင် (CAS) မှ ခေါင်းဆောင်များသည် လီနိုဗို၏ ကွန်ပျူတာ ဘက် ဖွံ့ဖြိုးတိုးတက်မှုသည် ၎င်းတို့အား နိုင်ငံခြားမှ ကွန်ပျူတာ ကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်မည်ဟု မထင်ထားချေ။ ဤအချိန်သည် ရန်ပုံငွေ ရှာရန် နည်းလမ်းတွေး နေချိန် ဖြစ်သည်။ ကုမ္ပဏီ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကုမ္ပဏီစာရင်း ပြုစုနေပေသည်။
သို့တိုင်အောင် ပြဿနာတစ်ခု ရှိနေသည်။ (CAS)သည် ရှယ်ယာအများစုကို ကိုင်ဆောင်ထားပြီး ပြီးခဲ့သည့် နှစ်များတွင် ကောင်းကောင်း မလုပ်နိုင်ခဲ့ကြချေ။ ထို့အပြင် ၎င်းတို့တွင် စွန့်စားလိုသည့် စိတ်မရှိခဲ့ကြချေ။ ဤအချက် အားလုံးသည် ၎င်းတို့၏ စာရင်းကို ထိခိုက်စေမည် ဖြစ်သည်။ ကုမ္ပဏီမှ စာရင်းသွင်းထားလျှင်ပင် ရှယ်ယာဈေးများ မြင့်တက်လာလိမ့်မည် မဟုတ်ချေ။ ကွန်ပျူတာဈေးကွက်သို့ ဝင်ရောက်ရန် ၎င်းတို့အတွက် ရန်ပုံငွေ လုံလောက်သည်အထိ စုဆောင်းရန် ကူညီပေးမည် မဟုတ်ချေ။
လျိုချွမ်ကျစ်သည် ယခင်က သူ့ကို ဖိတ်ခေါ်ခဲ့ဖူးသည့် တရုတ်စီးပွားရေးသမား တစ်ယောက် ရှိသည်ကို သတိရသွားသည်။ ထိုလုပ်ငန်းရှင်သည် လီနိုဗိုတွင် ရင်းနှီးမြုပ်နှံလိုသော်လည်း ငြင်းပယ်ခဲ့သည်။ ယခု ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံမှုများ လိုအပ်နေပြီး ဤစီးပွားရေးသမားကို ရုတ်တရက် တွေးမိလိုက်သည်။
သို့ရာတွင် လျိုချွမ်ကျစ် ထိုစီးပွားရေးသမားကို ခေါ်ဆိုသည့်အချိန် ထိုလုပ်ငန်းရှင်သည် ပေကျင်းတွင် မရှိတော့ချေ။ ထိုသူသည် ဟောင်ကောင်တွင် ရောက်နေပေသည်။ လျိုချွမ်ကျစ်သည် သူ့ပစ္စည်းများ ချက်ချင်း သိမ်းဆည်း၍ ဟောင်ကောင်သို့ ချက်ချင်း လာတော့သည်။
သူ့ခေါင်းဆောင်သည် လီနိုဗိုရှယ်ယာများကို တရုတ်၊ ဟောင်ကောင် သို့တည်းမဟုတ် မကာအိုသို့တိုင် ရောင်းချနိုင်သည်ဟု ပြောထားပေသည်။ သို့ရာတွင် ကုမ္ပဏီရှယ်ယာများကို အနောက်တိုင်း သားများထံ မရောင်းချနိုင်ချေ။
တရုတ်ခေါင်းဆောင်များသည် အနောက်တိုင်းသားများမှ ရင်းနှီးမြုပ်နှံထားသော ကုမ္ပဏီများစွာကို တွေ့မြင်ရပြီး ဖြည်းဖြည်းချင်း လွှဲပြောင်း ရယူခဲ့သည်။ နောက်ဆုံးတွင် အနောက်တိုင်းသားများက ရှယ်ယာအများစုကို ကိုင်ထားပြီး တရုတ်လူမျိုးများက ကုမ္ပဏီတွင် ပြောဆိုပိုင်ခွင့် မရှိချေ။ အမြတ်ငွေများ အားလုံးကို အနောက်တိုင်းသားများက လုယူသွားကြသည်။
ထို့ကြောင့် လျိုချွမ်ကျစ်အနေဖြင့် ဖုန်းယွီသည် အသင့်တော်ဆုံး ရင်းနှီးမြုပ်နှံသူဟု ခံစားလာရသည်။
ဖုန်းယွီသည် လေနှင့်မိုး အမှတ်တံဆိပ်၏ သူဌေးဖြစ်ကြောင်း လျိုချွမ်ကျစ်မှ သူ့ခေါင်းဆောင်များကို တင်ပြသည့်အခါ ဝမ်းသာသွားကြသည်။ လေနှင့်မိုး အမှတ်တံဆိပ်သည် ကျော်ကြားကာ ယုံကြည်စိတ်ချရသည့် ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သူတို့ သိရှိထားပေသည်။ အရေးအကြီးဆုံးမှာ ဖုန်းယွီသည် ၎င်းတို့ကုမ္ပဏီကို စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ပြီး ရင်းနှီးမြုပ်နှံလိုခြင်း ဖြစ်သည်။ ဤသဘောတူချက်ကို အမြန်ဆုံး ဖြေရှင်းနိုင်ရပေလိမ့်မည်။
လျိုချွမ်ကျစ် သည် မနက်ကတည်းမှ ဟောင်ကောင်ရှိ သူ့ရုံးခန်းတွင် စောင့်ဆိုင်းနေခဲ့သည်။ ဖုန်းယွီ သူ့ထံအလာ စောင့်နေခြင်းဖြစ်သည်။ ဧည့်ကြိုထံမှ အကြောင်းကြားချက်ရသည့်အခါ ချက်ချင်းထရပ်၍..
“မန်နေဂျာဖုန်းကို ချက်ချင်း ဖိတ်ခေါ်ခဲ့…”
လျိုချွမ်ကျစ်သည် ထိပ်ပြောင် မနေချေ။ လျိုချွမ်ကျစ်ကို မြင်သည့်အခါ ဖုန်းယွီအံ့ဩသွားမိသည်။ ဤသည်က ရယ်စရာဟု ခံစားလိုက်ရသည်။ လျိုချွမ်ကျစ်မှာ ငယ်ရွယ်ပြီး ဆံပင်ပင် မကျွတ်သေးချေ။
“ဥက္ကဋ္ဌလျို ကျုပ်တို့ နောက်ဆုံးတော့ တွေ့ရပြီပေါ့..”
ဖုန်းယွီ အပြုံးဖြင့် လက်ဆန့်ပေးလိုက်သည်။
လျိုချွမ်ကျစ် ဖုန်းယွီ အသံကြားသည်နှင့် ထိုလူငယ်သည် သူ့ကို ခေါ်ဆိုသူဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။ ၎င်းမှာ လီနိုဗိုတွင် ရင်းနှီးမြုပ်နှံလိုသော လုပ်ငန်းရှင်ဖြစ်သည်။
သို့ရာတွင် လျိုချွမ်ကျစ်သည် ဟောင်ကောင်တွင် အောင်မြင်သော လူငယ်များစွာနှင့် တွေ့ဆုံခဲ့ပြီးနောက် သူ၏ အံ့ဩနေမှုသည် လျှင်မြန်စွာ ထိန်းချုပ်နိုင်လိုက်သည်။ သူ ဖုန်းယွီအား ပြန်လည်၍ လက်ဆွဲနှုတ်ဆက်ပြီး..
“ကျုပ်တို့ တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ပြောဖူးပေမယ့် တစ်ယောက်နဲ့တစ်ယောက် မတွေ့နိုင်ခဲ့ဘူး.. နောက်ဆုံးတော့ ဆုံးကြရပြီပေါ့..”
ဖုန်းယွီ သူ့နှလုံးသားထဲ၌ ငြီးတွားမိလိုက်သည်။ တွေ့ဆုံခွင့် မရှိခဲ့သည်လော။ သူသာ မိမိကို လီနိုဗိုတွင် ရင်းနှီးမြုပ်နှံရန် မလိုလားခဲ့သူ ဖြစ်သည်။ ယခု သင် ကျွန်ုပ်၏ ရင်းနှီးမြုပ်နှံမှုကို လိုအပ်နေပြီး သင်ကိုယ်တိုင် စတင်ရှာနေသည်လော။
“ဥက္ကဋ္ဌလျို.. လီနိုဗိုဆိုတာ ကုမ္ပဏီကောင်း တစ်ခုပါ.. ပေကျင်းမှာတုန်းကတောင် လီနိုဗိုက ကွန်ပျူတာ တစ်လုံး ဝယ်ခဲ့သေးတယ်..”
“မန်နေဂျာဖုန်းတောင် ဝယ်ခဲ့သေးတယ်ဆိုတော့ ကျုပ်တို့ ထုတ်ကုန် အောင်မြင်တယ်လို့ ယူဆရမှာပါပဲ..”
ဖုန်းယွီသည် အောင်မြင်သော လုပ်ငန်းရှင်တစ်ယောက် ဖြစ်ပြီး နိုင်ငံရပ်ခြားမှ ပိုကောင်းသည့် ကွန်ပျူတာများ မသုံးခဲ့ချေ။ ထို့အစား လီနိုဗိုတစ်လုံးသာ ဝယ်ခဲ့ပေသည်။ လျိုချွမ်ကျစ် အမှန်တကယ် ဂုဏ်ယူမိသည်။
“ဥက္ကဋ္ဌလျို.. ကျုပ်ကို ဒီနေရာ ခေါ်လိုက်တာ သတင်းကောင်း တစ်ခုခု ရှိနေလို့လား..”
လျိုချွမ်ကျစ်သည် ဖုန်းထဲ၌ မည်သည်မှ မပြောခဲ့သော်လည်း ဖုန်းယွီအနေဖြင့် ဘာကြောင့်ဆိုသည်ကို သိနေပေသည်။ လျိုချွမ်ကျစ်သည် သူ၏ ရင်းနှီးမြုပ်နှံမှု လိုအပ်နေပေသည်။
“မန်နေဂျာဖုန်း.. မင်း လီနိုဗိုမှာ ရင်းနှီးမြုပ်နှံချင်တယ်လို့ အရင်က ဖုန်းနဲ့ အကြိမ်ကြိမ် ပြောဖူးတယ်နော်.. အခုရော ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားသေးလား..”
လျိုချွမ်ကျစ်မှာ ဤညှိနှိုင်းမှုအတွက် တက်ကြွနေလေသည်။
ဖုန်းယွီအနေဖြင့် ဤဲကဲ့သို့ ညှိနှိုင်းရေး ဗျူဟာများ အားလုံးကို ဂရုမစိုက်ချေ။ သူသည် လီနိုဗို၌ ရင်းနှီးမြုပ်နှံချင်သည်။ ဖြစ်နိုင်ပါက အစုရှယ်ယာ အများဆုံး ပိုင်ဆိုင်သူ ဖြစ်ချင်နေသေးသည်။
“ကျုပ်စိတ်ဝင်စားတာ မှန်ပါတယ်.. ကျုပ်က (IT) လုပ်ငန်းထဲဝင်ပြီး ကွန်ပျူတာ လုပ်ငန်း အမြဲလုပ်ချင်နေတာ.. ဒါပေမယ့် ကျုပ်ကိုယ်တိုင် ဖွံ့ဖြိုးရေးအဖွဲ့ ထူထောင်ဖို့ဆိုတာ အရမ်းခက်ပြီး နှေးလွန်းနေတယ်.. ဒါ့ကြောင့် လီနိုဗိုမှာ ရင်းနှီးမြုပ်နှံချင်တာ..”
“မင်း ဟောင်ကောင်လီနိုဗို ဒါမှမဟုတ် ပေကျင်းလီနိုဗို ဘယ်မှာ မြုပ်နှံချင်တာလဲ”
လီနိုဗိုသည် ယခုအချိန်ထိ ကုမ္ပဏီ(၂)ခု ခွဲထားဆဲ ဖြစ်သည်။ ကုမ္ပဏီတစ်ခုစီသည် တစ်ခုနှင့်တစ်ခု ငွေကြေးပိုင်း ဆိုင်ရာ အမှီအခို ကင်းခဲ့ပေသည်။ သို့ရာတွင် ထိပ်တန်း စီမံခန့်ခွဲမှုမှာမူ ထိုလူများသာ ဖြစ်သည်။
“ကုမ္ပဏီ (၂)ခုစလုံးမှာ ရင်းနှီးမြုပ်နှံလို့ မရဘူးလား..”
ဖုန်းယွီ အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ ဖြစ်နိုင်ပါက လီနိုဗို ကုမ္ပဏီ တစ်ခုလုံး၏ ရှယ်ယာများ ပိုင်ဆိုင်လိုပေသည်။ သို့မဟုတ်ပါက နောင်အနာဂတ် ကုမ္ပဏီ (၂)ခု ပေါင်းစည်းသွားပါက သူ၏ ရှယ်ယာများ လျော့သွားမည် ဖြစ်သည်။
နောက်(၂)နှစ် ကြာပါက လီနိုဗိုသည် တရုတ်နိုင်ငံ ကွန်ပျူတာ ဈေးကွက် ခေါင်းဆောင် ဖြစ်လာမည် ဖြစ်ပြီး၊ ထို့နောက် အာရှ၏ ခေါင်းဆောင် ဖြစ်လာမည် ဖြစ်သည်။ လီနိုဗိုသည် ကမ္ဘာပေါ်တွင် ထိပ်တန်း ကွန်ပျူတာ ကုမ္ပဏီ (၅)ခုမှ တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ဤကုမ္ပဏီမှ အမြတ်အစွန်း ကြီးမားမည် ဖြစ်ပြီး ဖုန်းယွီသည် ဤအခွင့်အရေးကို မည်ကဲ့သို့ လက်လွတ်ခံလိမ့်မည်နည်း။
“မန်နေဂျာဖုန်း.. လီနိုဗိုရဲ့ ကနဦးရင်းနှီးမြုပ်နှံမှုက အများကြီး မဟုတ်ပေမယ့် ကျုပ်တို့တွေ ထုတ်ကုန်တစ်ချို့ တီထွန်ဖန်တီးပြီး နည်းပညာ မူပိုင်ခွင့်တစ်ချို့လဲ ပိုင်ထားပါတယ်.. ပြီးခဲ့တဲ့ နှစ်တေမှာ ကျုပ်တို့ ကောင်းကောင်း တိုးတက်လာပြီး ကုမ္ပဏီ (၂)ခုစလုံးရဲ့ ဈေးကွက်တန်ဖိုးက မနှစ်ကနဲ့ယှဉ်ရင် အများကြီး မြင့်လာပါတယ်..”
“အများကြီး ပိုမြင့်တာလား.. ဘယ်လောက်ထိ မြင့်နိုင်မလဲ.. ကျုပ်က တရုတ် ဆောင်ကျန်းကားကုမ္ပဏီရဲ့ အဓိကရှယ်ယာရှင်ဆိုတာ ခင်ဗျား မသိသေးဘူး ထင်တယ်.. မနှစ်က ဆောင်ကျန်းကားကုမ္ပဏီမှာ ယွမ် (၁)ဘီလီယံ ကျော် ရင်းနှီးမြုပ်နှံခဲ့သေးတယ်လေ..”
ဖုန်းယွီ ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည်။
လျိုချွမ်ကျစ် မျက်လုံးများ ပြူးကျယ်သွားတော့သည်။ အဘယ်သို့နည်း။ ဖုန်းယွီသည် ဆောင်ကျန်းကားကုမ္ပဏီ၏ အဓိကရှယ်ယာရှင်လော။ ယမန်နှစ်က ယွမ်(၁)ဘီလီယံကျော် ရင်းနှီးမြုပ်နှံခဲ့သေးသည်လော။
ဖုန်းယွီ၏ ပိုင်ဆိုင်မှု မည်မျှ ရှိသနည်း။ ဖုန်းယွီသည် ကြွားဝါယုံမဟုတ်ဘဲ သူ၏ စုစုပေါင်း ပိုင်ဆိုင်မှုသည် လီနိုဗို ကုမ္ပဏီ (၂)ခုစလုံးကိုပင် ဝယ်ယူနိုင်ပေသည်။
ဤလူသည် သူဌေးကြီး။ အစစ်အမှန် သူဌေးကြီးပင်။
ဆိုလိုသည်မှာ ခေါင်းဆောင်သည် လီနိုဗိုတွင် ရင်းနှီးမြုပ်နှံရန် အခြားနိုင်ငံပိုင် လုပ်ငန်းကို ရှာဖွေရန် မလိုအပ်ချေ။ ဖုန်းယွီ တစ်ယောက်တည်း ကွက်လပ် ဖြည့်ပေးနိုင်ပေသည်။
လျိုချွမ်ကျစ် စိတ်အားထက်သန်မှု ရှိစေရန် သူ၏ သဘောထားကို ချက်ချင်း ပြောင်းလိုက်သည်…
“မန်နေဂျာဖုန်း.. လက်ဖက်ရည် သောက်ပါအုံး.. အာ.. မင်း ဆေးလိပ်သောက်တတ်လား.. ကျုပ်တရုတ်ပြည်ကနေ ကျန်းဟွာ စီးကရက် နည်းနည်း ဝယ်ထားတယ်.. မင်းကို တိုက်ပါရစေ..”
ဖုန်းယွီ ရယ်မောကာ လက်ဝှေ့ယမ်းပြီး..
“ကျုပ် ဆေးလိပ် မသောက်ပါဘူး.. ဥက္ကဋ္ဌလျို… အခု ကျုပ်ရဲ့ ဘဏ္ဍာရေး စွမ်းအားကို ယုံကြည်နိုင်ပြီလား..”
“ကျုပ် ယုံကြည်ပါတယ်.. ကျုပ်တို့ ကုမ္ပဏီရဲ့ အနာဂတ် အစီအစဉ်ကို ပြောပါရစေ.. ကျုပ်တို့ ကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံဖို့ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်အပေါ် နောင်တရမှာ မဟုတ်ဘူးလို့ ကျုပ် ကတိပေးပါတယ်..”
လျိုချွမ်ကျစ် စိတ်လှုပ်ရှားစွာ ပြောလိုက်တော့သည်။
-------*****--------
ဘာသာပြန်သူ . (NTP)