အရှုံး / အမြတ်
Vol. 35 Ch. 523
ဖုန်းယွီ ထိုကဲ့သို့ ဆွဲဆောင်မှုရှိသော စကားလုံးများ တမင် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ လီနိုဗိုရှယ်ယာများ ပိုမိုပိုင်ဆိုင်ရန် ဖြစ်သည်။ လျိုချွမ်ကျစ်နှင့် သူ့အဖွဲ့ လီနိုဗိုတွင် ရှိနေသည့် အကြောင်းအရင်းဖြင့် ဖုန်းယွီ ဤမျှ ဈေးနှုန်း ကြီးကြီးမားမား ပေးရခြင်းနှင့် ထိုက်တန်ပေသည်။
ဖုန်းယွီ ယခင်ဘဝ၌ အနောက်မှ ကွန်ပျူတာ ကုမ္ပဏီအများအပြားသည် လျိုချွမ်ကျစ်နှင့် လက်တွဲရန် ကြိုးစားခဲ့ကြသည်။ ၎င်းတို့သည် တစ်နှစ်လျှင် လစာ ဒေါ်လာ(၁၀)သန်းအပြင် ရှယ်ယာများ ကမ်းလှမ်းခဲ့သော်လည်း လျိုချွမ်ကျစ် သဘောတူခဲ့ခြင်း မရှိချေ။ လျိုချွမ်ကျစ်သည် လီနိုဗိုတွင် ဆက်ရှိပါက သူပိုမိုရရှိမည်ဟု အခိုင်အမာ ယုံကြည်ထားသောကြောင့် ဖြစ်သည်။
အမှန်တကယ်တွင် လျိုချွမ်ကျစ်နှင့် သူ့အဖွဲ့သည် အရည်အချင်း ရှိယုံတင်မကချေ။ ၎င်းတို့သည် တရုတ်အစိုးရ၏ ထိပ်တန်းအရာရှိများနှင့် အဆက်အသွယ်များစွာ ရှိနေပေသည်။ လျိုချွမ်ကျစ်မှာ ယခုအချိန်၌ တရုတ်နိုင်ငံ နည်းပညာလုပ်ငန်း၏ ရှေ့ပြေး ဖြစ်နေပြီ ဖြစ်သည်။
လျိုချွမ်ကျစ်သည် တရုတ်ပြည်တွင်းရော ပြည်ပပါ မိတ်ဆွေများစွာရှိ သေးသည်။ သူမိတ်ဆွေ အားလုံးမှာ နည်းပညာလုပ်ငန်း အကြီးစား လုပ်ကိုင်သူများ ဖြစ်သည်။ နောင်နှစ်များတွင် အများစု အဆက်အသွယ်ပြတ် သွားမည် ဖြစ်သော်လည်း ယခုအချိန် နိုင်ငံခြား နည်းပညာကုမ္ပဏီ အများအပြား၏ အကြီးတန်း စီမံခန့်ခွဲမှု များနှင့် ရင်းနှီးနေသေးသည်။ ထို့ကြောင့် လီနိုဗိုသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကောင်းစွာ ဆောင်ရွက်နိုင်ပေ လိမ့်မည်။
ဖုန်းယွီ၏ အတိတ်ဘဝတွင် လျိုချွမ်ကျစ်သည် လီနိုဗိုတွင် ဗျူဟာအမှား၊ ဆုံးဖြတ်ချက် အမှားများ တစ်ကြိမ်တစ်ခါမှ မပြုလုပ်ခဲ့ချေ။ ဤသည်မှာ သူ့မိတ်ဆွေများထံမှ သင်ယူခဲ့သည့် အတွေ့အကြုံများကြောင့် ဖြစ်ပေသည်။
ဖုန်းယွီသာ လီနိုဗိုကို စီမံခန့်ခွဲပါက လျိုချွမ်ကျစ်ထက် သာလွန်ကောင်းမွန်မည်ဟု အာမခံနိုင်မည် မဟုတ်ချေ။ ထို့အပြင် လီနိုဗိုသည် ကုမ္ပဏီကြီး တစ်ခုဟု သတ်မှတ်ခံထားရပြီး ထိုကုမ္ပဏီများကို စီမံခန့်ခွဲရန် မလွယ်ကူချေ။
ဖုန်းယွီသည် လေနှင့်မိုး လျှပ်စစ်နှင့် အိုက်ဝါလျှပ်စစ် တို့ကို ပြုစုပျိုးထောင်ရန် ဘွဲ့ရအသစ်အနည်းငယ် ငှားရမ်းခွင့် ပေးခဲ့သော်လည်း ထိုဘွဲ့ရအသစ်များသည် အဆင့်မြင့် စီမံခန့်ခွဲမှုများ လုပ်ကိုင်နိုင်ရေး အဆင့်မှီရန် နှစ်နှင့်ချီ ကြာပေလိမ့်ဦးမည် ဖြစ်သည်။ ဖုန်းယွီသည် အနာဂတ်နှစ်များမှ အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်များထံ ချဉ်းကပ်ခဲ့သည်။ သို့ရာတါင် သူတို့သည် ဖုန်းယွီအတွက် အလုပ်လုပ်ရန် ငြင်းဆိုခဲ့သော်လည်း ယခုမူ မစွမ်းဆောင် နိုင်တော့ချေ။
ဤမျှ မြင့်မားသောာ ဈေးနှုန်းများ ပေးချေပြီးနောက် လျိုချွမ်ကျစ်သည်လည်း ဖုန်းယွီကို စိတ်မပျက်စေခဲ့ချေ။ ဖုန်းယွီသည် ကုမ္ပဏီ၏ ရှယ်ယာ (၄၉)ရာခိုင်နှုန်းရရှိရန် အောင်မြင်စွာ ကူညီပေခဲ့သည်။ ဤရာခိုင်နှုန်းသည် မျှော်လင့်ထားသည်ထက် ပိုမို မြင့်မားခဲ့ပေသည်။
ဖုန်းယွီ လျိုချွမ်ကျစ်နှင့် သဘောတူခဲ့သည်မှာ မှန်ကန်သွားပုံရပေသည်။ ဖုန်းယွီသည် CAS ခေါင်းဆောင်များထံ ချဉ်းကပ်မည်ဆိုပါက အောင်မြင်ရန် ခက်ခဲမည့်အပြင် လျိုချွမ်ကျစ်နှင့်လည်း မျက်နှာ ပျက်ရလိမ့်မည်။
ဒါရိုက်တာလီနှင့် စကားပြောပြီးနောက် ဒါရိုက်တာလီ သည် ဖုန်းယွီအား (၃)ရက်ကြာတွင် အဖြေပေးမည် ဖြစ်ကြောင်း ပြောခဲ့ပေသည်။ အနှောက်အယှက်မရှိပါက စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။
ကျုံးချင်ရှန့်သည် ရှန်းယန်တွင် စာချုပ်ချုပ်ဆိုရန် တွေ့စုံခဲ့သည်။ နောက်နှစ် ရှန်းယန်တွင် စက်ရုံအသစ်တစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ အသက်စွမ်းအား ကြော်ငြာများကို CCTV မှ ဖယ်ရှား လိုက်သည့်အခါ လဲ့ပါရှစ်၏ အချိုရည် ရောင်းအားများလည်း ထိခိုက်ခဲ့သည်။ ဒိန်ချဉ် အချိုရည်များ၏ ရောင်းအားသည် အသက်စွမ်းအင်ကဲ့သို့ နေ့ချင်း ညချင်း မကျဆင်းသော်လည်း တဖြည်းဖြည်း ကျဆင်းသွားသည်။
သို့တိုင်အောင် ဒိန်ချဉ်ဈေးကွက် ဝယ်လိုအား ကောင်းနေဆဲ ဖြစ်သည်။ လီဟဟ အနေဖြင့် ထိုလိုအပ်ချက် ဖြည့်ဆည်းပေးရမည်ဖြစ်၍ ဝမ်းသာသွားသည်။ လီဟဟ၏ သဘာဝနို့ဒိန်ချဉ် ရောင်းအား မြင့်တက်လာခဲ့သည်။ လက်ဖက်၊ ဖျော်ယမကာ ရောင်းအားလည်း တိုးလာပေသည်။
လီဟဟ ထုတ်လုပ်မှုသည် ထိုဝယ်လိုအားကို မဖြည့်ဆည်းနိုင်ခဲ့သဖြင့် ကျုံးချင်ရှန့်သည် အရှေ့မြောက် ပြည်နယ် (၃)ခုနှင့် ပေကျင်းဒေသတွင် လိုအပ်ချက်များကို ဖြည့်ဆည်းရန် ရှန်းယန်တွင် စက်ရုံတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ လီဟဟသည် တည်ထောင်ထားသော အမှတ်တံဆိပ်တစ်ခု ဖြစ်နေပြီ ဖြစ်သဖြင့် သဘောတူညီချက်မှာ အချိန်တိုအတွင်း ပြေလည်သွားခဲ့သည်။
ကျုံးချင်ရှန့်သည် ဖုန်းယွီ ပေကျင်းတွင်ရျိနေကြောင်း ကြားသဖြင့် ချက်ချင်း ရောက်လာတော့သည်။ လီဟဟ၏ တိုးတက်မှုများအကြောင်း ဖုန်းယွီအား သတင်းပို့လိုသည်။ လီဟဟ ဘဏ္ဍာရေးဌာနသည် ဖုန်းယွီ၏ လူများ ဖြစ်သည်။ ကျုံးချင်ရှန့်သည် စက်ရုံအသစ်တွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်နေပြီး ဖုန်းယွီကို အသိပေးမည် ဖြစ်သည်။ သို့ရာတွင် ကျုံးချင်ရှန့်သည် ဖုန်းယွီကို ကိုယ်တိုင်ကိုယ်ကျ ပြောချင်နေသေးသည်။
ကျုံးချင်ရှန့်၏ ပြောပြချက်များ အပြီး ဖုန်းယွီ ခေါင်းညိတ်ပြီးနောက်..
“ဒီကိစ္စတွေအကုန်လုံး ခင်ဗျား ကိုယ့်ဟာကိုယ် ဆုံးဖြတ်လို့ရပါတယ်.. တစ်ခုခု လိုရင်သာ ကျုပ်ကို ဖုန်းဆက်လိုက်လေ..”
ဖုန်းယွီ လီဟဟ၏ လုပ်ငန်းကိစ္စရပ်များကို ဝင်ရှုတ်ရန် မရည်ထားသဖြင့် ကျုံးချင်ရှန့် ဝမ်းသာနေပေသည်။
“မန်နေဂျာဖုန်း.. မင်း အခု ဟောင်ကောင်မှာ ကျောင်းတက်နေတယ် ထင်နေတာ.. ဘာလို့ ပေကျင်းကို ပြန်ရောက်နေတာလဲ..”
“လီနိုဗိုမှာ ရင်းနှီးမြုပ်နှံဖို့အတွက် စကားပြောဖို့ ခနပြန်လာတာ..”
“လီနိုဗိုလား.. ဘယ်လိုကုမ္ပဏီလဲ.. ဘာတွေ ရောင်းတာလဲ..”
ဖုန်းယွီ ပြောစရာ စကားမဲ့သွားမိသည်။ လီနိုဗိုသည် အနာဂတ်တွင် ကမ္ဘာကျော် နည်းပညာကုမ္ပဏီ ဖြစ်လာမည် ဖြစ်ပြီး လက်ရှိမှာပင် အတော်ကြီးမားနေပြီဖြစ်သည်။ သို့တိုင်အောင် ကျုံးချင်ရှန့် မကြားဖူးသည်လော။
ကျုံးချင်ရှန့်သည် နည်းပညာ ကုန်ပစ္စည်းများ မဝယ်ဘူးချေ။ သူ့ ကုမ္ပဏီတွင်ပင် ကွန်ပျူတာ(၂)လုံးသာရှိ၍ လီနိုဗို တခါမှ မကြားဖူးချေ။ ကျုံးချင်ရှန့် ထိုကုမ္ပဏီအား မသိခြင်းမှာ ပုံမှန်သာ ဖြစ်ပေသည်။
“လျပ်စစ် ထုတ်ကုန်တွေ၊ ကုမ္ပဏီ ကွန်ပျူတာတွေ လုပ်တယ်.. လီနိုဗို ကွန်ပျူတာဆိုတာ ကြားဖူးလား..”
“ကွန်ပျူတာလား.. ကျွန်ပျူတာ ဝယ်တဲ့သူ များများစားစား မရှိသေးပါဘူး.. အဲ့ကုမ္ပဏီကလဲ ငွေရှာလို့ ရတာပဲလား..”
“ဒါပေါ့..”
“ဒါဆို ကွန်ပျူတာ ကုမ္ပဏီတစ်ခု ထူထောင်လိုက်ရအောင်လေ..”
ဖုန်းယွီသည် ကျုံးချင်ရှန့်ကို စကားမပြောဘဲ ကြည့်နေမိသည်။ ကျုံးချင်ရှန့်သည် သူ့ယခင်ဘဝတွင် နည်းပညာ လုပ်ငန်းသို့ ဝင်ရောက်ခြင်းအကြောင်း မကြားဖူးချေ။ သမိုင်း ပြောင်းလဲသွားသည်လော။ သို့တည်းမဟုတ် ကျုံးချင်ရှန့်သည် နည်းပညာလုပ်ငန်းသို့ ဝင်ရောက်ခဲ့ပြီး မအောင်မြင်ခဲ့သည်လော။ သို့တိုင်အောင် မှတ်တမ်း တင်ထားခြင်း မရှိချေ။ အရင်က နိုက်ထန်တို လျှပ်တပျက် ဆန်ရောင်းချခြင်းမျိုးကဲ့သို့ လူတော်တော်များများ သတိမထားမိခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။
“ခင်ဗျားလဲ လီနိုဗိုမှာ ရင်းနှီးမြုပ်နှံ ချင်တာလား..”
“ငါ မင်းနောက် လိုက်သမျှ အရှုံးပေါ်ဖူးလို့လား..”
“ဘယ်လောက် ရင်းနှီးနိုင်လဲ.. ကျုပ် ခင်ဗျားအတွက် ရှယ်ယာ ခွဲပေးလို့ရတယ်.. ဒါပေမယ့် ဒီအစုရှယ်ယာတွေ အတွက် ဈေးကွက်တန်ဘိုးရဲ့ (၃)ဆ ပေးရလိမ့်မယ်.. ကျုပ်ရှယ်ယာ နည်းနည်း ရောင်းပေးနိုင်မှာနော်.. အများကြီး မရောင်းနိုင်ဘူး..”
“လက်ရှိပေါက်ဈေး (၃)ဆလား.. ဘာကို ဆိုလိုတာလဲ..”
ကျုံးချင်ရှန့် အံ့ဩသွားမိသည်။ ထိုကုမ္ပဏီသည် အမြတ်များစွာ ရနိုင်သည်လော။ အစုရှယ်ယာ၏ တန်ဖိုး(၃)ဆလော။ ဖုန်းယွီ ရူးသွားချေပြီလော။
ဖုန်းယွီသည် ကျုံးချင်ရှန့်အား လီနိုဗို၏ လက်ရှိတန်ဖိုး၊ စုစုပေါင်း ရင်းနှီးမြုပ်နှံမှုနှင့် သူပိုင်ဆိုင်သည့် ရှယ်ယာများ အား ပြောပြလိုက်သည်။
“မန်နေဂျာဖုန်း. ဒါဆို ငါ(၁၀)သန်း ရင်းနှီးမြုပ်နှံရင် ရှယ်ယာ (၂)ရာခိုင်နှုန်းပဲ ရနိုင်မှာပေါ့..”
ကျုံးချင်ရှန့် မျက်လုံး ပျူးနေချေပြီ။
“ဟမ်.. တကယ်ဆို (၂)ရာခိုင်နှုန်းတောင် ရှိမှာ မဟုတ်ဘူး.. လက်ရှိတန်ဖိုးအရတွက်ရင် (၁.၆) ဒါမှမဟုတ် (၁.၇)ရာခိုင်နှုန်းလောက်ပဲရမယ်.. အစုရှယ်ယာ ပမာဏအပေါ် မူတည်တွက်မယ်ဆို (၁)ရာခိုင်နှုန်းတောင် ရမှာမဟုတ်ဘူး..”
“ဟမ်.. မန်နေဂျာဖုန်း.. အဲ့ဒါကြီးက သေချာလို့လား.. ကုမ္ပဏီက သန်း(၁၈၀)တောင် မပြည့်တာ ရှယ်ယာ (၄၉)ရာခိုင်နှုန်းအတွက် နည်းပညာနဲ့ သန်း(၃၀၀)သုံးလိုက်ရတယ်ပေါ့.. ပြီးတော့ ကုမ္ပဏီရဲ့ လက်ရှိ တန်ဖိုးက ယွမ် သန်း(၄၀၀)တောင် မတန်ဘူးလား.. မင်း အများကြီး ရှုံးမှာ မဟုတ်ဘူးလား..”
ကျုံးချင်ရှန့် နားမလည်နိုင်တော့ချေ။ ယွမ် သန်း(၃၀၀)သည် အနည်းဆုံး ကုမ္ပဏီ၏ ရှယ်ယာ (၆၀)ရာခိုင်နှုန်းကျော် ရမည် ဖြစ်သည်။ ဤသည်မှာ ရင်းနှီးမြုပ်နှံထားသည့် ရန်ပုံငွေ ပမာဏအပေါ် အခြေခံသေးသည်။ ယခုဆိုလျှင် အခြားကုမ္ပဏီသည် သန်း(၁၀၀)ကွာ၍ ဖုန်းယွီသည် ကုမ္ပဏီ၏ ရှယ်ယာ (၇၀)ရာခိုင်နှုန်း ရသင့်ပေသည်။
ဖုန်းယွီသည် ရှယ်ယာ (၄၉)ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ ဤသည်မှာ ဖုန်းယွီကို ကန့်လန့်သည့် ကြံစည်မှုမျိုး ဖြစ်နိုင်သည်လော။
ဖုန်းယွီသည် ဤစီးပွားရေး သဘောတူညီချက်တွင် ကျုံးသွင်းခံရခြင်း ဖြစ်နိုင်သည်လော။ မဖြစ်နိုင်ချေ။ ဖုန်းယွီသည် သူ့ငွေမလွှဲသေးသည်ကို ပြုံး၍ ကြည့်နေသည်။ ကျုံးချင်ရှန့်သည် ရင်းနှီးမြုပ်နှံရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ လီဟဟ မှ ရရှိသည့် အမြတ်ဝေစုများကို အခြားနေရာတွင် သုံးနိုင်သေးသည်။ အခြားသော ရင်းနှီးမြုပ်နှံမှု အခွင့် အလမ်းများ မရှိပါက ကမ်းချေနယ်မြေရှိ အဆောက်အဦးတစ်လုံး ဝယ်ယူမည် ဖြစ်သည်။
ဖုန်းယွီ တွေးနေမိသည်။ မိမိ အရှုံးပေါ်ခဲ့သည်လော။ မိမိ မည်သည်မှ မပြုလုပ်လျှင်ပင် လီနိုဗို၏ ဈေးကွက်တန်ဖိုးသည် (၃)နှစ်အတွင် ယွမ်(၂)ဘီလီယံကျော်ပေလိမ့်မည်။ (၁၀)နှစ်အတွင်း ဘီလီယံ(၂၀)ကျော် ရှိပေလိမ့်မည်။ အရေးအကြီးဆုံးမှာ CAS နှင့် ၎င်းတို့ကို အသာထား၍၊ လျိုချွမ်ကျစ်နှင့် သူ့လူများ၏ ဦးနှောက်မပါဘဲ ဖုန်းယွီပင်လျှင် ထိုကဲ့သို့ အောင်မြင်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
နှစ်စဉ် ပြန်အမ်းငွေ (၅၀)ရာခိုင်နှုန်းရပေလိမ့်မည်။ ကမ္ဘာ့ကုန်သွယ်ရေးမှ ကျွမ်းကျင်သူများပင် ထိုကဲ့သို့ ပြန်လည် ရရှိမည်ဟု အာမမခံနိုင်ချေ။ ကျုံးချင်ရှန့်သည် ဖုန်းယွီ သိသိသာသာ ရှုံးသွားသည်ဟု ခံစားမိသော်လည်း ဖုန်းယွီကမူ အကျိုးအမြတ် ကြီးမားသည်ဟု ခံစားမိနေသည်။
-------*****--------
ဘာသာပြန်သူ . (NTP)