ရုပ်မြင်သံကြား ဌာနတစ်ခု တည်ထောင်ချင်တယ်
Vol. 35 Ch. 525
“ခေါင်းဆောင် ကျား.. ခင်ဗျားကို တွေ့ချင်လို့ လာခဲ့ရတာကို လက်ဖက်ရည်လေးတောင် မတိုက်ဘူးလား..”
ဖုန်းယွီ ဒုခေါင်းဆောင်ကျား၏ ရုံးခန်းတွင် ထိုင်ရင်း ငြီးတွားလိုက်သည်။ ထို့နောက် လက်ဖက်ရည် သောက်နေသည်။
“အဲ့ဒါ ငါ့မှာရှိတဲ့ အကောင်းဆုံး လက်ဖက်ပဲ.. ဒီထက်ကောင်းတာ မရှိတော့ဘူး.. ငါ့လစာက မင်းတနပ်စာတောင် မရှိဘူးဟ.. မင်းဒီနေ့ ဘာလို့ လာတာလဲ.. ငါ့ဖို့ တစ်ခုခု ရှိလို့လား..”
ဖုန်းယွီ သူနှင့် လာတွေ့တိုင်း တစ်ခုခု အကောင်း ပါလာလိမ့်မည်။ ဥပမာအားဖြင့် မကြာမှီက ဖြစ်သွားသည့် ကျန်းမာရေး ထုတ်ကုန် အရှုတ်တော်ပုံသည် CCTV မှ လူအများ၏ ချီးကျူးမှု ရရှိစေခဲ့သည်။ အထက်အရာရှိများမှလည်း ဒုခေါင်းဆောင်ကျားကို သတိပြုမိသွားသည်။
“ဘာမှ မဟုတ်ပါဘူး.. ကျုပ် ခင်ဗျားစီ လာလည်ချင်လို့ပါ..”
“မန်နေဂျာဖုန်း… ဘယ်သူတွေ လက်ဗလာနဲ့ လာတယ်လို့ မင်းကြားဖူးလဲ..”
“အာ.. ခေါင်းဆောင်တွေ ဒီစကား ကြားသွားရင် ဒုက္ခရောက်သွား လိမ့်မယ်နော်.. ထားပါတော့.. ကျုပ်တို့က မိတ်ဆွေတွေဆိုတော့ ကျုပ်ကို တစ်ခုလောက် ပြောပြပါလား.. ကျုပ် ခင်ဗျားကို ချက်လက်မှတ် တစ်စောင် ရေးပေးမယ်လေ..”
ဖုန်းယွီ သူ့အိတ်ထဲမှာ ချက်လက်မှတ်ထုတ်၍ ဟန်ဆောင်လိုက်သည်။
“ကောင်းပြီ.. ကောင်းပြီ.. မင်းဒီကိုလာတာ တစ်ခုခုတော့ ရှိမှာပဲ.. အဲ့လိုမှမဟုတ်ရင် ငါ့ကို လာတွေ့မှာ မဟုတ်ဘူး..”
ဒုခေါင်းဆောင်ကျား ဆိုဖာပေါ်တွင် လှဲနေသော ဖုန်းယွီကို လှမ်းကြည့်လိုက်သည်။ ဖုန်းယွီ ထိုင်နေပုံကိုကြည့်၍ ပျင်းရိသူဖြစ်ကြောင်း ပြောနိုင်ပေသည်။ ထိုငပျင်းကောင် သူ့ထံ အလကား လာလည်မည်မဟုတ်ချေ။
“ခေါင်းဆောင်ကျား.. ခင်ဗျားစကားတွေက ကျုပ်ရင်နာတယ်ဗျာ..”
ဒုခေါင်းဆောင်ကျား ဖုန်းယွီကို နားလည်မှုလွဲသွားသည် ထင်၍ ဖုန်းယွီမှ ဆက်ကာ..
“ဒါပေမယ့် ခေါင်းဆောင်ကျား ရဲ့စကားတွေ အမှန်ဆိုတာ သက်သေပြဖို့ တောင်းဆိုချက် တစ်ခုတော့ လုပ်မှ ရတော့မှာပေါ့လေ..”
ခေါင်းဆောင်ကျား ဆွံ့အသွားတော့သည်။ သူမှန်ကြောင်း သက်သေပြမည်လော။ ခေါင်းဆောင်ကျား ဖုန်းယွီကို စိုက်ကြည့်နေလိုက်သည်။ ဖုန်းယွီထံတွင် တစ်ခုခု ရှိမည်ဖြစ်ကြောင်း သိနေပေသည်။
“ခေါင်းဆောင်ကျား.. ကျုပ် တစ်ခုလောက် မေးလို့ရမလား.. တရုတ်နိုင်ငံမှာ ပုဂ္ဂလိက ရုပ်မြင်သံကြားဌာန တစ်ခု ထူထောင်ဖို့ ဖြစ်နိုင်မလား..”
ဖုန်းယွီ ခေါင်းဆောင်ကျားကို စိတ်အား ထက်သန်စွာ ကြည့်နေမိသည်။
ခေါင်းဆောင်ကျား ဆိုဖာပေါ်တွင် ကျောမှီ ထိုင်နေပေသည်။ သို့ရာတွင် ဖုန်းယွီစကား ကြားသည့်အခါ ချက်ချင်း မတ်ကနည်း ဖြစ်သွားပြီး..
“မင်းဘာပြောတယ်.. ကိုယ်ပိုင် ရုပ်မြင်သံကြားဌာနလား.. မင်းက ရုပ်မြင်သံကြားဌာနတစ်ခု တည်ထောင်မလို့လား..”
ဖုန်းယွီ မည်သည်ကို တွေးနေသနည်း။ ကိုယ်ပိုင် ရုပ်မြင်သံကြားလိုင်း မည်သို့ ရှိနိုင်မည်နည်း။ သတင်းနှင့် မီဒီယာကို အစိုးရမှ ထိန်းချုပ်သင့်သည်။ ဤသည်မှာ အမျိုးသားရေး မူဝါဒ ဖြစ်ပေသည်။
ရုပ်မြင်သံကြားဌာန ဖွင့်ရန် စဉ်းစားနေသည်လော။ အစီအစဉ်ကောင်းတစ်ချို့ တွေးထားသည်များ ဖြစ်နိုင်သည်လော။
ဖုန်းယွီသည် နှစ်သစ်ကူးအကြို နှစ်ကူးညစာစားပွဲ အစီအစဉ်ကို စီစဉ်ရန် ကူညီခဲ့ပြီး နွေဦးနှစ်ကူးညအတွက် အကြံဉာဏ်များ ပေးခဲ့ပြီး အောင်မြင်ခဲ့ပေသည်။ အကယ်၍ ဖုန်းယွီသည် အစိုးရကိစ္စများတွင် ပါဝင်ရန် စိတ်ဝင် စားပါက ခေါင်းဆောင်ကျားသည် သူဘွဲ့ရသည့်အချိန် ဖုန်းယွီကို CCTV သို့ ခေါ်ယူသွားမည် ဖြစ်သည်။
“အမှန်ပဲ.. ရုပ်မြင်သံကြားဌာန တစ်ခုတည်ထောင်ပြီး ရုပ်ရှင်နဲ့ ဇာတ်လမ်းတွေ ထုတ်လွှင့်မှာ.. အဲ့လို လုပ်လို့ရမလား..”
ဖုန်းယွီ၏ ရုပ်မြင်သံကြားဌာန တည်ထောင်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ရုပ်မြင်သံကြား ဈေးဝယ်ယူခြင်း အတွက် ဖြစ်သည်။ ရုပ်ရှင်နှင့် ဇာတ်လမ်းများတွင် သိပ်စိုးရိမ်စရာ မရှိချေ။ ရုပ်ရှင်နှင့် ရှိုးပွဲဟောင်း တစ်ချို့၏ လုပ်ပိုင်ခွင့်များ ဝယ်ယူနိုင်ပေသည်။ အများအပြား ကုန်ကျမည် မဟုတ်ချေ။
လက်ရှိတွင် CCTV လိုင်း(၄)လိုင်းသာ ရှိသေးပြီး အဆိုပါ (၃)လိုင်းကို ဂြိုလ်တုမှ ထုတ်လွှင့်ခြင်း မရှိချေ။ ပေကျင်းမြို့အနီးရှိ ဒေသများမှသာလျှင် အဆိုပါ လမ်းကြောင်းများအတွက် အချက်ပြမှုများ လက်ခံနိုင်ပေလိမ့်မည်။ ဖုန်းယွီသည် ထူးခြားပြီး အမျိုးမျိုးသော အစီအစဉ်များကို ထုတ်လွှင့်ရန်သာ လိုအပ်ပြီး ကြည့်ရှုသူများ ရှိပေလိမ့်မည်။ သူ၏ ရုပ်မြင်သံကြား ဈေးဝယ်အစီအစဉ်ကို ပံ့ပိုးရန် လုံလောက်ပေလိမ့်မည်။
“မရဘူး.. ရုပ်မြင်သံကြားဌာနတွေကို သီးသန့် လည်ပို့ မရဘူး.. မင်းတစ်ခု မေ့သွားတာဖြစ်မယ်.. တခြားနိုင်ငံတွေလို တရုတ်နိုင်ငံမှာ ရုပ်မြင်သံကြားဌာန တစ်ခုပိုင်ဆိုင်နိုင်မယ် ထင်နေလား.. ပြောလိုက်မယ် အစိုးရက ဘယ်တော့မှ အတည်ပြုပေးမှာ မဟုတ်ဘူး..”
ဖုန်းယွီ နှုတ်ခမ်းကို ပုတ်လိုက်သည်။ ဘယ်လို အစိုးရမူဝါဒနည်း။ အစိုးရမူဝါဒများသည် အမြဲပြောင်းလဲနေသည်။ ယခုခွင့်မပြုလျှင်ပင် နောင်တွင် ခွင့်ပြုပေလိမ့်မည်။ ဖုန်းယွီ၏ ယခင်ဘဝတွင် အစုရှယ်ယာ ပိုင်ဆိုင်သည့် ရုပ်မြင်သံကြား တစ်ခုတည်းသာမက အင်တာနက် ရုပ်သံလိုင်းများလည်း ရှိခဲ့ပေသည်။ တရုတ်နိုင်ငံတွင် အင်တာနက် မဖွံ့ဖြိုးသေးသည်မှာ သနားစရာပင်။ ဖုန်းယွီသာ အင်တာနက် ရုပ်မြင်သံကြားဌာန တစ်ခု ထူထောင်ခဲ့လျှင် ဆုံးရှုံးမှု ကြီးကြီးမားမား ကြုံရပေလိမ့်မည်။
“ခေါင်းဆောင်ကျား.. အစိုးရက ပုဂ္ဂလိက အဖွဲ့အစည်းတွေကို သတင်းစာ အဖွဲ့အစည်း ထူထောင်ရန် တားမြစ်ခဲ့ တယ်မို့လား.. အခုဆို ပုဂ္ဂလိကပိုင် သတင်းစာတွေ ရှိနေပြီလေ.. သတင်းစာဆိုတာလဲ မီဒီယာပဲလေ.. တခြား မဂ္ဂဇင်းတွေလဲ ရှိသေးတယ်.. အဲ့မီဒီယာတွေကို အစိုးရ ထားခဲ့လို့လား.. ပုဂ္ဂလိကပိုင် ရုပ်မြင်သံကြားဌာနတွေကို ကြိုးစားမကြည့်ဘဲ အတည်မပြုနိုင်ဘူးလို့ ခင်ဗျား ဘယ်လိုလုပ် သိမှာတုန်း..”
ခေါင်းဆောင်ကျား ဖုန်းယွီကို လက်ကာပြရင်း…
“ခနနေအုံး.. မင်းဘာပြောလိုက်တာလဲ.. မကြိုးစားကြည့်ဘဲ ဘယ်လိုသိမှာလဲ ဟုတ်လား.. ဘာကို ပြောတာလဲ.. မင်းအတွက် ငါက အထက်လူကြီးတွေကို တောင်းပေးရမယ်ပေါ့..”
“ဒါပေါ့.. ခင်ဗျားက CCTV မှာ ဒီလုပ်ငန်းရှိနေပြီလေ.. အထက်လူကြီးတွေကို မေးဖို့ အသင့်တော်ဆုံးပဲကို.. ဒီကဏ္ဍမှာ လူတော်တော်များများ သိပါတယ်.. မင်းကလွဲလို့ ဘယ်သူ့မှ ကျုပ်မသိဘူးလေ.. ခေါင်းဆောင်ကျား ကျုပ်ကို ဒီကိစ္စလေး ကူညီနိုင်မှာလား..”
ဖုန်းယွီ သေးသေးလေးအဖြစ် လက်မနှင့် လက်ညှိုး စိပြလိုက်သေးသည်။
“အသေးအမွှားလား.. ငါ့ကို နောက်နေတာ ရပ်လိုက်.. ဒါကို အသေးအမွှားလို့ ဘယ်လိုလုပ် သတ်မှတ်မျာလဲ..”
“ဘာလို့ မဟုတ်ရမှာလဲ.. ခင်ဗျား အထက်အရာရှိတွေနဲ့ လုပ်ထုံးလုပ်နည်းတွေအကြောင်း ခင်ဗျားပဲ ကျုပ်ကို ကူညီလို့ရမှာလေ.. မဖြစ်နိုင်ဘူးလား.. ဘာလို့ မဖြစ်နိုင်တာတုန်း.. ခွင့်ပြုချက်ရဖို့ ဘာလုပ်ရမလဲ.. ဖြစ်နိုင်ရင် ကျုပ်လက်လှမ်းမမှီတဲ့ အပိုင်းက ဘာတွေလဲဆိုတာ ခင်ဗျား ကူညီနိုင်တယ်လေ..”
ဖုန်းယွီ၏ စကားကြောင့် ခေါင်းဆောင်ကျား အံ့အားသင့်သွားမိတော့သည်။ မည်သို့ ဖြစ်နိုင်မည်နည်း။ မည်သည့် အချိန်က ကူညီပေးမည်ဟု သဘောတူခဲ့ပေသနည်း။
“ဖုန်းယွီ.. ငါ့ကို အမှန်အတိုင်း ပြောစမ်း.. ဘာကြောင့် ရုပ်မြင်သံကြား လိုင်းလုပ်ချင်တာလဲ.. ရုပ်ရှင်နဲ့ ဇာတ်လမ်းတွေ ထုတ်လွှင့်ယုံတင်တဲ့လား.. မင်း ဘယ်သူ့ကို လိမ်နေတယ် ထင်လို့လဲ..”
“ခေါင်းဆောင်ကျား.. ခင်ဗျား အမှန်တရားကို တကယ်ကြားချင်တာလား..”
“ဒါပေါ့..”
“ဒါဆို အမှန်အတိုင်း ပြောမယ်လေ..”
“မင်း ဘာကို စောင့်နေတာတုန်း…”
“တကယ်ဆို CCTV ကြော်ငြာခ အရမ်းဈေးကြီးတယ်.. ရုပ်မြင်သံကြားဌာန တစ်ခု လည်ပတ်ဖို့ဆို ကုန်ကျစရိတ်က သန်းဆယ်ဂဏန်း ဝန်းကျင်ပဲဆိုတာ ကျုပ်သိတယ်.. CCTV ကို ပေးရတဲ့ ကြော်ငြာခနဲ့ စပွန်ဆာအမျိုးမျိုးအတွက်လဲ ပမာဏတစ်ခု ပေးရသေးတယ်.. အဲဒါတွေနဲ့ဆို ကိုယ်ပိုင် ရုပ်မြင်သံကြားလိုင်း ထူထောင်နိုင်နေပြီလေ..”
ဖုန်းယွီစကားများ ကြားသည့်အခါ ခေါင်းဆောင်ကျား၏ ရင်များ တဆတ်ဆတ် ခုန်နေလေသည်။ ကြော်ငြာခများ သက်သာစေရန် ရုပ်မြင်သံကြားလိုင်း တည်ထောင်လိုသည်လော။
သို့ဆိုပါက မည်သည့်အတွက် အကူအညီပေးရမည်နည်း။ ကူညီလိုက်ပါက CCTV ၏ အကြီးဆုံး ကြော်ငြာ ဖောက်သည်ကို ဆုံးရှုံးသွားပေလိမ့်မည်။ နေပါအုံး။ ဒါအမှန်တရားဆိုပါက ဖုန်းယွီ သူ့ကို မည်သည့်အခါတွင်မှ ပြောလိမ့်မည် မဟုတ်ချေ။
“ဒါ မင်းရဲ့ တစ်ခုတည်းသော အကြောင်းပြချက်လား..”
“ဒါက အဓိက အကြောင်အရင်းပေါ့.. ကိုယ့်စိတ်ကြိုက် ရုပ်မြင်သံကြား အစီအစဉ်တွေလဲ ထုတ်လွှင့်ချင်တယ်လေ..”
ခေါင်းဆောင်ကျား ဒေါသ ထွက်သွားတော့သည်။
“မင်း ဘာပြောတယ်.. မင်းက ငါတို့ CCTV အစီအစဉ်တွေကို မကြိုက်ဘူးလို့ ငါ့ကို ပြောချင်နေတာလား..”
မိမိတို့ CCTV အစီအစဉ်များကို လူစိတ်ဝင်စားမှု နည်းသည်ဟု ပြောနေသည်လော။
“အစီအစဉ် အားလုံးတော့ မဟုတ်ပါဘူး.. အစီအစဉ် အများစုကို ကြည့်ရတာ မကြိုက်တာ.. CCTV ရဲ့ မိုးလေဝသ သတင်းကို သဘောကျတယ်..”
မိုးလေဝသ အစီရင်ခံချက်ဆိုသည်မှာ ရုပ်မြင်သံကြား အစီအစဉ်ဟုပင် သတ်မှတ်၍ မရနိုင်ပေ.. သတင်းကိုသာ ကြိုက်သည်ဟု မည်သည့်အတွက် မပြောသနည်း။ မဟုတ်သေးပြန်ချေ။ ဖုန်းယွီ သူနှစ်သက်သည့် အစီအစဉ် အနည်းငယ် ထုတ်လွှင့် ချင်သည်ဟု ပြောခဲ့သေးသည်။ ဖုန်းယွီသည် ရုပ်မြင်သံကြား အစီအစဉ်များအတွက် အကြံဉာဏ်အသစ်များ ပေးနိုင်သည်များ ဖြစ်နေသည်လော။
“ရုပ်မြင်သံကြား အစီအစဉ်အတွက် စိတ်ကူးအသစ်တွေ ရှိလို့လား.. ငါ့ကို ပြောစမ်း.. မင်းအကြံတွေ ကောင်းရင် CCTV မှာမင်းအတွက် အစီအစဉ်အသစ် ဖန်တီးခွင့်ပေးမယ်..”
ခေါင်းဆောင်ကျား ခြေချိတ်ထိုင်၍ လက်ဖက်ရည် ဇိမ်ခံသောက်နေတော့သည်။
ဖုန်းယွီ ခေါင်းဆောင်ကျားကို စိုက်ကြည့်နေသည်။ မိမိ၏ စိတ်ကူးများကို ခိုးချင်နေကြောင်း သိသာနေပေသည်။ မိမိ အကြံဉာဏ်များအား ပြောခွင့်ပေးခြင်းအားဖြင့် သဘောကျအောင် လုပ်ပြနေပြန်သည်။ အရှက်မဲ့လိုက်သည့် ဖြစ်ချင်း။
အစိုးရ အရာရှိများအားလုံး အရေထူသည်ဟု ဆိုရိုး ရှိကြပေသည်။ ရာထူးမြင့်လေလေ အရေထူလေပင်။
-------*****--------
ဘာသာပြန်သူ . (NTP)