ကူညီသူ
Vol. 23 Ch. 308
ဇူယွမ်မှာ အရူးတစ်ယောက် မဟုတ်ပေ။ ထိုအုပ်စု၏ အင်အားနှင့် ဆိုပါက သူ၏ မူလချီအားလုံးကို အသုံးပြုပြီး ခါးသီးစွာ ရုန်းကန်မှသာ အနိုင်ရဖို့ အခွင့်အရေး ရှိပေလိမ့်မည်။ လူတစ်ယောက်၏ မူလချီများကို ကုန်စင်အောင် သုံးစွဲလိုက်ခြင်းက ကောင်းမွန်သော ဆုံးဖြတ်ချက် တစ်ခု မဟုတ်ပေ။
အစာအိမ်ထဲမှာ တဂွီဂွီ မြည်သံများ ထွက်ပေါ်လာသည်။
များစွာသော ရေနေသားရဲကြီးများသည် သူတို့၏ ပါးစပ်များကို အစွမ်းကုန် ဖွင့်ဟလိုက်ပြီးနောက် ရေပူပေါင်းများက ပလုံစီအောင် ထွက်ပေါ်လာပြီး သူတို့၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးများကို သိမ့်ခနဲ လှုပ်ရှားကာ ရေပြင်ကိုဖြတ်၍ ဇူယွမ်၏အနောက်သို့ အရိပ်သဖွယ် လိုက်ပါသွားကြသည်။
ဇူယွမ်၏ ခန္ဓာကိုယ်မှာ ဒြပ်မဲ့အခြေအနေသို့ ရောက်ရှိနေပြီး အလင်းကဲ့သို့ပင် လျင်မြန်စွာဖြင့် လိုက်ဖမ်းနေမှုများကို ရှောင်တိမ်းနေတော့သည်။ သည်လောက်ရေနေသားရဲ အများကြီးကို ဆွဲဆောင် နိုင်ခဲ့လိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ။
သည်အချိန်တွင် ဇူယွမ်မှာ တုန်လှုပ်နေသည့်မှလွဲ၍ အခြားဘာအစီအစဉ်မှ မရှိပေ။
လူသားတစ်ယောက်သည် ရေနေသားရဲ အုပ်စုကြီး၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရပြီး ထိုမြင်ကွင်းအား လမ်းတွင် တွေ့လိုက်ကြသော အခြားတပည့်များမှာလည်း ထိုမြင်ကွင်းကြောင့် တုန်လှုပ်နေကြပေသည်။
သူတို့အနေဖြင့် မူလရေကန်ထဲ၌ ရေနေသားရဲများကို ခက်ခဲစွာ ရှာဖွေနေရချိန်တွင် သောက်ကျိုးနည်းစွာပဲ ရေနေသားရဲ အုပ်လိုက်ကြီးက လူတစ်ယောက်ကို အမဲလိုက်နေကြပေသည်။
အချို့သော တပည့်များက သားရဲများကို တိုက်ခိုက်ရန် ပြင်လိုက်ကြသော်လည်း သူတို့မြင့်လိုက်ရသော ရေနေသားရဲအုပ်၏ အရေအတွက်ကြောင့် သူတို့၏ ခေါင်းများ နာကျင်ကိုက်ခဲသွားပြီး အနောက်သို့ လျင်မြန်စွာ ထွက်ပြေးသွားကြသည်။ ထိုကဲ့သို့ သားရဲအုပ် ပမာဏမှာ သာမန်ခရမ်းရောင် ခါးစည်းတပည့်များအတွက် ကိုင်တွယ်ရန် ယုံကြည်ချက် ကင်းမဲ့စေပေသည်။
ဇူယွမ်မှာ ဆက်လက် ထွက်ပြေးနေခဲ့ပြီးနောက် သူအနောက်ရှိ သားရဲများမှာ တဖြည်းဖြည်း ပိုမိုများပြားလာသည်ကို ခံစားမိလိုက်ပေသည်။ ထိုအရာကြောင့် ဇူယွမ်မှာ ရေကန်ထဲ၌ ဆက်လက်မနေဝံ့တော့ပဲ သူလာခဲ့သည့် လမ်းကြောင်းအတိုင်း အပေါ်သို့ ပြန်တက်သွားခဲ့သည်။
တောင်ကြားတစ်ခုတွင် ဖြစ်သည်။
ယောင်ယောင်မှာ သူမ၏ သေးသွယ်သော ခြေထောက်လေးများကို ရေတွင်စိမ်ကာ ညင်သာစွာ လှုပ်ယမ်းနေခဲ့ပြီး ထန်ထန်မှာ နံဘေးတွင် ပျင်းရိစွာ လဲလျောင်းနေခဲ့သည်။
ထန်ထန်မှာ ရုတ်တရက် ထလိုက်ပြီးနောက် ရေကန်ဆီသို့ ကြည့်ကာ အနည်းငယ် ဟောင်လိုက်သည်။
ဗွမ်း ...
ရေကန်မှာ ဗွမ်းခနဲ အသံနှင့် ပွင့်လာခဲ့ပြီးနောက် ဒုက္ခရောက်နေသည့် ပုံရိပ်တစ်ခုက ပျံထွက်လာခဲ့ပြီး အလန့်တကြားနှင့် ကမ်းပေါ်သို့ ခုန်တက်လာခဲ့သည်။
ဝုန်း ...
ထိုသူ၏ နောက်မှဆက်လက်၍ ရေကန်မှာလည်း ပွင့်လာခဲ့ပြီး ကြီးမားလှသည့် ရေနေသားရဲကြီးများမှာ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာခဲ့ကာ ကြီးမားသော ပါးစပ်ကြီးများကို ဖွင့်၍ ဇူယွမ်အား လှမ်းဟပ်လိုက်ကြသည်။
ဝေါင်း ...
ကမ်းခြေတွင်ရှိနေသော ထန်ထန်မှာ ဟိန်းဟောက်လိုက်ပြီးနောက် သူ၏ သေးငယ်သော ခန္ဓာကိုယ်လေးမှ ထိုအခိုက်တွင် ကြီးထွားလာခဲ့သည်။ နက်ရွှေရောင်အလင်းများ တောက်ပနေသည့် ကြေးခွံများလည်း သူ၏ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာခဲ့ပြီး သူ၏ခြေထောက်အောက်ရှိ ကျောက်တုံးများမှာ ကျောက်ရည်ပူများအဖြစ် အရည်ပျော်ကျသွားတော့သည်။
အသက်ရှိုက်စာ အနည်းငယ်အတွင်း ချစ်စဖွယ်ကောင်းသော သတ္တဝါငယ်လေးမှ ထူးဆန်းပြီး ကြီးမားလှသော သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများကို ထုတ်လွှတ်လျက်ရှိသည်။
ထန်ထန်၏ ခြေထောက်လေးချောင်းမှာ မြေပြင်ကို ဆောင့်ကာ နင်းလိုက်ပြီးနောက် ဇူယွမ်၏ အရှေ့တွင် ပေါ်လာခဲ့သည်။ သူ၏ ကြီးမားလှသော ပါးစပ်ကြီးကို ဖွင့်ဟလိုက်သည်နှင့် တိုက်ခိုက်မှု အားလှိုင်းများမှာ ပေါက်ကွဲထွက်လာခဲ့ပြီးနောက် ပေငါးရာရှည်လျားသည့် ရေနေသားရဲကြီးများကို စတင်စုပ်ယူကာ ဝါးမျိုလိုက်သည်။
ဝေါင်း ...
ရေနေသားရဲ တစ်ကောင်ကို ဝါးမျိုပြီးချိန်တွင် ထန်ထန်မှာ နောက်ထပ်တစ်ကြိမ် ဟိန်းဟောက်လိုက်ပြီး မိုးခြိမ်းသံကဲ့သို့ ဟိန်းသံကြီးက တောင်ကြားတစ်ခွင်လုံးကိုပင် တုန်ခါစေပြီး စွမ်းအားပြည့်ဝသော တည်ရှိမှု အငွေ့အသက်များမှာ ပျံ့လွင့်လာခဲ့သည်။
ရေထဲမှ ပျံထွက်လာခဲ့သည် ရေနေသားရဲကြီးများမှာ တစ်စုံတစ်ရာ၏ ကန့်သတခြင်းကို ခံလိုက်ရသည့်အလား ချက်ချင်းပင် အေးခဲတောင့်တင်း သွားတော့သည်။ အဆုံးတွင် သူတို့အားလုံးမှာ ရေကန်ထဲသို့ ပြန်လည် ငုပ်လျှိုးသွားပြီး မြင်ကွင်းမှ ပြန်လည် ပျောက်ကွယ်သွားတော့သည်။
မူလက ဖရိုဖရဲ အခြေအနေနှင့် ရေကန်မှာ တဖြည်းဖြည်းနှင့် ပြန်လည် တည်ငြိမ်သွားတော့သည်။
ထန်ထန်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာလည်း ပြန်လည် ကျုံ့ဝင်သွားခဲ့ပြီးနောက် ချစ်စရာ ခွေးလေးတစ်ကောင် အသွင်သို့ ပြောင်းလဲသွားတော့သည်။
သူက ခေါင်းကို တစ်ဖက်သို့လှည့်လိုက်ပြီး ဇူယွမ်ကို စိုက်ကြည့်လိုက်သည်။
ယောင်ယောင်မှာလည်း ချက်ချင်းပင် ခေါင်းငဲ့စောင်းကာ ကြည့်လိုက်သည်။ တကယ်တော့ အစောပိုင်းက မြင်ကွင်းမှာ သူမအား မထိတ်လန့်စေခဲ့ပေ။ အဲဒီအစား သူမက ဇူယွမ်အား စိုက်ကြည့်လိုက်ပြီး ပျော်ရွှင်နေဟန်ဖြင့် နှုတ်ခမ်းထောင့်စွန်းမှာ ကွေးညွတ်တက်သွားကာ ပြောလိုက်သည်။
“ဒါက ပျော်ဖို့ကောင်းလား”
ဇူယွမ်၏ နဖူးဆီမှာ ချွေးအေးများ ကျဆင်းလာခဲ့သည်။ ခဏကြာပြီးနောက်တွင် ဇူယွမ်မှာ တစ်စုံတစ်ခုကို လွဲမှားနေကြောင်း သိသွားခဲ့ပြီး ယောင်ယောင်ကို မျက်လုံးအပြူးသားဖြင့် လှမ်းကြည့်လိုက်သည်။
“ဘာဖြစ်မလဲဆိုတာ အစ်မသိနေခဲ့တာလား”
ယောင်ယောင်၏ အမူအရာအရ မူလရေကန်အတွင်းသို့ ဝင်ရောက်ပြီးနောက် သူ့အား ရေနေသားရဲများ လိုက်ဖမ်းမည်ကို ကြိုတင်ကာ သိနေခဲ့သည့်အလားပင်။
တောင်ကြားအတွင်းရှိ ကျောက်တုန်း တစ်တုံးပေါ်တွင် ထိုင်နေသော ယောင်ယောင်က သူမ၏ လက်မောင်းကို မြှောက်ကာ အပျင်းကြော ဆန့်လိုက်ခြင်းက စွဲမက်ဖွယ်ကောင်းသော သူမ၏ ခန္ဓာကိုယ်မှာ ခါးလေးပေါ်သွားစေပြီး ဇူယွမ်ကို အံ့အားသင့်သွား စေခဲ့သည်။
သို့သော်လည်း သည်အချိန်မှာ ထိုမြင်ကွင်းကို ရှုစားကာ ဈာဉ်ဝင်နေရမည့် အချိန်မဟုတ်သဖြင့် ယောင်ယောင်ကိုသာ စိတ်ရှုပ်ထွေးနေဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
“ဒီရေနေသားရဲတွေက မူလနဂါးသွေးကြောရဲ့ နဂါးချီကနေ မွေးဖွားလာခဲ့တာလေ။ သူတို့မှာ အသိဉာဏ်ရယ်လို့ မရှိပေမဲ့ သူတို့မှာ ဗီဇအတိုင်း လုပ်ဆောင်ချက်တွေ ရှိနေတယ်” ယောင်ယောင်က သူမ၏ ခြေထောက်လေးကို လွှဲယမ်းလိုက်သည်နှင့် သလင်းကျောက်လေးများနှင့် ဆင်တူသည် ရေစက်ရေမှုန်လေးများက ဖွားခနဲ လွင့်စဉ်သွားပြီး နေရောင်အောက်တွင် တောက်ပနေပေသည်။
“နင်ရဲ့ ခန္ဓာကိုယ်ထဲက အလုံးစုံသော စပါးအုံးချီက ဘိုးဘေးနဂါး ပုရပိုက်ကနေ ဆင်းသက်လာတာလေ အဲဒီအတွက်ကြောင့်မို့ အဲဒီထဲမှာ နဂါးချီတွေ ပါဝင်နေတယ်။ ဒါ့အပြင် အဲဒီနဂါးချီက မူလနဂါးချီနဲ့ အနီးစပ်ဆုံးပဲ”
“ဒါကြောင့် အခြားသူတွေ မနည်းရင်ဆိုင်ရတဲ့ မူလရေကန်ရဲ့ သဘာဝဖိအားတွေက နင့်အပေါ် မသက်ရောက်တာပဲ”
“ပြီးတော့ အဲဒီအလုံးစုံသော စပါးအုံးချီကြောင့်ပဲ ရေနေသားရဲတွေက မင်းကို လိုက်ဖမ်းနေခဲ့ကြတာ။ သူတို့ရဲ့ အမြင်မှာသော မင်းက အရသာအရှိဆုံး အစားအစာပဲ။ ပြီးတော့ မင်းကို သူတို့ စားနိုင်ခဲ့ရင် သူတို့မှာ ဆင့်ကဲတိုးတက်သွားပြီး အသိဉာဏ်ရှိတဲ့ သတ္တဝါတွေ ဖြစ်လာလိမ့်မယ် သည်လိုသာ ဖြစ်ခဲ့ရင် သူတို့က စစ်မှန်တဲ့ သက်ရှိသတ္တဝါတွေအဖြစ် အသွင်ပြောင်းလဲ နိုင်သွားလိမ့်မယ်”
ယောင်ယောင်၏ မျက်လုံးအတွင်းတွင် ငွေအလင်းတန်းများ လင်းလက်သွားပြီးနောက် ဇူယွမ်ကို ကြည့်ကာ ဆက်ပြောလိုက်သည် “နင်က သူတို့ရဲ့ ခန္ဓာကိုယ်ထဲက မူလနဂါးအဆီအနှစ်ကို ရချင်နေသလိုမျိုးပဲ သူတို့ကလည်း တစ်ချိန်လုံး နင့်ကိုစားချင်နေခဲ့တာ”
ဇူယွမ်မှာ ခဏမျှ ကြောင်အသွားတော့သည်။ သူအနေဖြင့် သည်ကိစ္စကို အရိပ်အမြွက်မျှ သိပြီးဖြစ်သော်လည်း ယောင်ယောင်၏ ဖြေရှင်းချက်ကို ကြားရသော အချိန်တွင် အကြောင်းပြချက်ကို နားလည်သွားတော့သည်။
ဘိုဘေးနဂါးပုရပိုက်က အရင်းခံ အကြောင်းအရင်း ဖြစ်သည်။
“ကျွန်တော့်ကို အစောကတည်းက ဘာလို့ မပြောခဲ့တာလဲ” ဇူယွမ်မှာ အနည်းငယ် ဒေါသထွက်နေဟန်ဖြင့် ပြောသည်။
ယောင်ယောင်မှာ ထိုကိစ္စကို အစောပိုင်းကတည်းက သိရှိနေခဲ့သော်လည်း သူ့ကို မပြောပြခဲ့ပေ။ သူအရူးတစ်ယောက်လို ဖြစ်နေခဲ့သည်ကို သူမ စောင့်ကြည့်ချင်နေခဲ့သည်မှာ သေချာပေသည်။
ယောင်ယောင်က သူမ၏ လက်ချောင်းလေးများကို နှင်းကဲ့သို့ ဖွေးဥနေသော မေးစေ့လေးပေါ် တင်လိုက်ရင်း သူမ၏ မျက်လုံးများမှာ မှေးဆင်းသွားကာ ပြောလိုက်သည် “ငါက အရာအားလုံးကို ပြောပြနေခဲ့ရင် ဘဝကြီးက ပျင်းစရာ ကောင်းသွားမှာပေါ့”
ဇူယွမ်က မျက်လုံးများကို ဝှေ့ကြည့်လိုက်ပြီး အောက်သို့ ထိုင်ချလိုက်ကာ စိတ်ပျက်နေဟန်ဖြင့် ပြောလိုက်သည် “အခု ကျွန်တော်ဘာလုပ်ရမလဲ။ ကျွန်တော်သာ မူလရေကန်ထဲကို ထပ်ဝင်သွားခဲ့မိရင် မူလသားရဲအုပ်ကြီးကို ထပ်ပြီး ဆွဲဆောင်လာနေမိဦးမယ်”
အဓိက အကြောင်းအရင်းမှာ ရေနေသားရဲများ၏ သန်မာမှုနှင့် အရေအတွက်က အမြဲ တိုးလာနေသောကြောင့် ဖြစ်သည်။ ယခုလက်ရှိ သူ၏ သန်မာမှုမျှနှင့် သူတို့အား မကိုင်တွယ်နိုင်ပေ။
ဇူယွမ်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး မူလနဂါးအဆီအနှစ် သလင်းကျောက်များဖြင့် ပြည့်နှက်နေသည့် ပုလင်းအား ထုတ်ယူလိုက်သည်။ သည်အရာများက အစောပိုင်းတွင် သူ၏ ကြိုးစားအားထုတ်မှုကြောင့် ရရှိခဲ့သော အရာများဖြစ်ပြီး မူလကောင်းချီးခြင်ဆီအား နဂါးလေးကောင် အဆင့်အထိ အသက်ဝင်စေရန် လုံလောက်နေပြီ ဖြစ်သည်။
သို့သော်လည်း ထိုပမာဏမျှလောက်ကို ဇူယွမ်အနေဖြင့် အားရကျေနပ်မှု မရှိသေးပေ။
ယခုချိန်တွင် သူက ခရမ်းရောင် ခါးစည်းတပည့် မဟုတ်သေးပေ။ သူသာ သည်အခွင့်အရေးကို ဆုံးရှုံးသွားပါက အချိန်အတော်ကြာမှ မူလရေကန်သို့ နောက်တစ်ဖန် ပြန်လာနိုင်တော့မည် ဖြစ်သည်။ ထို့ကြောင့် တတ်နိုင်သမျှ အကျိုးအမြတ် ရရှိအောင် လုပ်ဆောင်သွားရန် လိုအပ်ပေသည်။
ဝှစ် …
ဇူယွမ်က တောက်ပနေသော မူလနဂါးအဆီအနှစ် သလင်းကျောက်များကို စိုက်ကြည့်နေစဉ်မှာပဲ အရိပ်တစ်ခုက ဇူယွမ်ကို ဖြတ်ကျော်၍ သွားခဲ့သည်။ ဇူယွမ်က ရုတ်တရက် သူ၏လက်မှာ ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရပြီး သူ၏ လက်ထဲရှိ ပုလင်းမှာလည်း ပျောက်ကွယ်သွားခဲ့သည်။
ဇူယွမ်က အံ့အားသင့်စွာဖြင့် သူ၏ခေါင်းကို အမြန်လှည့်ကြည့်လိုက်သည်။ ပုလင်းအား ထန်ထန်က ပါးစပ်ဖြင့် ကိုက်ထားလျက် ရှိပြီး အထဲရှိ သလင်းကျောက်များကို သူ၏ ပါးစပ်အတွင်းသို့ မျိုချလိုက်ကာ သူ၏နှုတ်ခမ်းတွင် ကျေနပ်သော အပြုံးတစ်ခုဖြင့် ရှိနေခဲ့သည်။
“အား …”
တောင်ကြားတစ်လျှောက်တွင် စိတ်ပျက်ဖွယ်ရာကောင်းသော အသံနက်ကြီး ထွက်ပေါ်လာခဲ့သည်။
ဇူယွမ်က အတင်းပြေးသွားခဲ့ပြီး ထန်ထန်၏ လည်ပင်းအားကိုင်ကာ ကြမ်းတမ်းစွာ လှုပ်ခါရင်း အော်ဟစ်နေခဲ့သည် “မင်း … မျိုးမစစ်လေး။ ပြန်ထွေးထုတ်လိုက်စမ်း”
သည်အရာတွေက သူ့လုပ်အား၏ အသီးအပွင့်များသာ ဖြစ်သည်။ ထိုအရာများအား ထန်ထန် တစ်ချက်တည်း မျိုချလိုက်သည့် မြင်ကွင်းမှာ သူ့အား ပေါက်ကွဲလုမတတ် ဖြစ်သွားစေခဲ့သည်။
သို့သော်လည်း သူမည်မျှပင် လှုပ်ခါနေပါစေ ထန်ထန်၏ ပါးစပ်မှာ တင်းနေအောင် စိထားဆဲဖြစ်ပြီး ဇူယွမ်၏ မျက်နှာပေါ်တွင်ပင် သူ၏ လက်သည်းများနှင့် ကုတ်ခြစ်မှုကြောင့် အစင်းကြောင်းအပြည့်နှင့် သွေးယိုစီးနေခဲ့ပြီ ဖြစ်သည်။
အကျိုးဆက်အနေဖြင့် ခါးသည်းမှုနှင့် ကြမ်းတမ်းမှုတို့ဖြင့် ပြည့်နှက်နေသည့် လူသားနှင့် သားရဲတို့အကြား ဆိုးရွားသော တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ယောင်ယောင်က နားထင်ကို လက်ဖြင့်ထောက်လိုက်ပြီး သက်ပြင်းချလိုက်သည်။ သူနှစ်ကောင်းလုံးက တကယ့်ကို အရူးများပင် …
အချိန်အတော်ကြာအထိ ကောင်းမွန်သော တိုက်ပွဲအပြီးတွင် ဇူယွမ်က ထန်ထန်၏ ပါးစပ်ထဲမှ လက်မအရွယ် မူလနဂါး သလင်းကျောက်တစ်လုံးကို ရယူနိုင်ခဲ့သည်။ ထိုအရာအတွက် သူပေးဆပ်လိုက်ရသော တန်ဖိုးမှာ ထန်ထန်၏ လက်ရာများဖြစ်သော သွေးထွက်သံယို အစင်းကြောင်းများဖြစ်သည်။
ဝိုင်း …
ဇူယွမ်အနေဖြင့် သလင်းကျောက် တစ်လုံးကိုသာ ပြန်လည် ရယူနိုင်ခဲ့သော်လည်း ထိုအရာက ထန်ထန်အား လွန်စွာ မပျော်မရွှင်ဖြစ်စေသည်။ သူ့ပါးစပ်ထဲ ရောက်ပြီးသား အရာများကို ပြန်လည် ယူဆောင်ခြင်း ခံရသည်ဆိုသော အချက်က သူ့အား အလွန်အမင်း အရှက်ရစေပေသည်။
“မင်းဖွားအေပဲ…”
ဇူယွမ်က ကူကယ်ရာမဲ့စွာနဲ့ပဲ သူ့လက်ထဲတွင် တစ်ခုတည်းကျန်တော့သည့် မူလနဂါးအဆီအနှစ် သလင်းကျောက်ကို စိတ်မကောင်းဖြစ်စွာဖြင့် ကြည့်နေခဲ့သည်။ အစက သူ့တွင် နဂါးလေးကောင် ကောင်းချီးရနိုင်ခဲ့သော်လည်း ယခုအချိန်တွင် နဂါးတစ်ကောင်၏ ကောင်းချီးပင် မရနိုင်တော့ချေ။
ဖတ် ...
သေးငယ်သော ကျောက်စရစ်ခဲတစ်လုံးက ဇူယွမ်၏ နဖူးကို လာရောက် ထိမှန်ခဲ့သည်။
ယောင်ယောင်က သူ့အားဝေ့ကြည့်ကာ ပြောလိုက်သည် “ထန်ထန်ကို မကျိန်ဆဲနဲ့”
ထန်ထန်၏ မျက်လုံးအစုံမှာ တောက်ပလာခဲ့ပြီး ယောင်ယောင်ထံသို့ ပျော်ရွှင်စွာဖြင့် ပြေးသွားလိုက်သည်။
သို့သော်လည်း ယောင်ယောင်၏ အကြည့်နှင့် ဆုံတွေ့သွားသောအခါ ထန်ထန်မှာ ပြေးလာနေရာမှ ရပ်တန့်လိုက်ပြီး တအီအီအော်မြည်ကာ မြေပေါ်တွင် လှဲလျောင်း နေပေတော့သည်။
ဇူယွမ်က သူ၏မျက်နှာကို လက်တစ်ဖက်ဖြင့် ပွတ်သပ်လိုက်ပြီး ရေရွတ်လိုက်သည် “ကြည့်ရတာ ငါအထဲ ပြန်ဝင်ရတော့မဲ့ပုံပဲ”
ယခုအချိန်တွင် သူ့အနေဖြင့် ရပ်တန့်နေရန် မဖြစ်တော့ပေ။ ရွေးချယ်စရာ မရှိတော့ပဲ ရေကန်အတွင်းသို့ နောက်တစ်ကြိမ်ပြန်ဝင်ကာ ရေနေသားရဲများအား အမဲလိုက်ရဦးမည် ဖြစ်သည်။ ထိူအကောင်များသူ့ကို ဘယ်နှကြိမ် အမဲပြန်လိုက်နိုင်မလဲဆိုတာ စောင့်ကြည့်ရန်သာ ကျန်တော့သည်။
ဇူယွမ်အား ထန်ထန်ကို အငြိုးဖြင့် စိုက်ကြည့်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ အသင့်ပြင်လိုက်သည်။
“မူလနဂါးအဆီအနှစ်က မူလနဂါးသွေးကြောကနေ ဖြစ်ပေါ်လာခဲ့တာပဲ ပြီးတော့ အဲဒါက ထန်ထန်ကို အကူအညီအများကြီး ဖြစ်စေတယ်။ ဒါကြောင့် ထန်ထန်က အဲဒါကို လုပြီးစားတာပဲ” ယောင်ယောင်က ပြောလိုက်သည်။
ထိုစကားကြောင့် ဇူယွမ်မှာ အံ့အားသင့်သွားခဲ့သည်။ အမှန်တကယ်ဆိုလျှင် သူ့အနေဖြင့်လည်း မူလနဂါးအဆီအနှစ် သလင်းကျောက်များအား စားသောက်လိုက်ခြင်း အတွက် ထန်ထန်ကို ဒေါသမထွက်မိပေ။ ထို့ကြောင့် အစောပိုင်းက အပြောင်အပျက်သဘောသာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
“ငါဒါတွေကို အများကြီးရခဲ့ရင် ထန်ထန်ကို နည်းနည်းပေးမှာပါ” ဇူယွမ်က ပခုံးတွန့်ပြီး ပြောလိုက်သည်။ ထန်ထန်၏ ခွန်အား တိုးတက်လာခြင်းက သူ့အတွက် မကောင်းသော အရာမဟုတ်ပေ။
ယောင်ယောင်က ခဏမျှ စဉ်းစားနေပြီးနောက် ထန်ထန်အား လက်ယပ်ခေါ်လိုက်သည်။
ထန်ထန်က ချက်ချက်ပင် သူမထံသို့ ခုန်ဝင်လာသည်နှင့် ယောင်ယောင်က ဖမ်းလိုက်ပြီးနောက် ဇူယွမ်ထံသို့ ပစ်ပေးလိုက်သည်။
ဇူယွမ်က အလျင်အမြန် ဖမ်းယူလိုက်ပြီး စိတ်ရှုပ်ထွေးမှုကြောင့် ပြူးကျယ်နေသည့် မျက်လုံးများဖြင့် တူညီစွာပင် စိတ်ရှုပ်ထွေးနေဟန် ရသော ထန်ထန်၏ သေးငယ်သော မျက်လုံးများကို စိုက်ကြည့်နေခဲ့သည်။
“ထန်ထန်ကို နင်နဲ့အတူခေါ်သွားလိုက်” ယောင်ယောင်က သူတို့၏ စိတ်ရှုပ်ထွေးမှုများကို လျစ်လျူရှုကာ ပြောလိုက်သည်။ “ကောင်းမွန်တဲ့အရာတွေ အတွက် ဝေမျှမှုကို လိုချင်ရင် အဲဒီအတွက် အလုပ်လုပ်မှရမယ်။ ထန်ထန်က မင်းနဲ့လိုက်လိမ့်မယ် ဒါဆိုရင် ရေနေသားရဲတွေ မင်းကို လိုက်ဖမ်းမှာလည်း စိတ်ပူနေစရာ မလိုတော့ဘူးပေါ့”
“ထန်ထန်ရဲ့သန်မာမှုက နင့်ကို လုံခြုံစေဖို့ လုံလောက်မှာပါ”
ဇူယွမ်က အလွန်ဝမ်းသာသွားခဲ့သည်။ ထန်ထန်ကဲ့သို့ စွမ်းအားပြည့်ဝသော ကူညီသူနှင့်ဆိုပါက သူ့အားစားချင်နေသော ရေနေသားရဲများမှာ ပိုက်ကွန်ထဲသို့ ကိုယ်တိုင် ဝင်တိုးနေကြခြင်းသာ ဖြစ်သွားပေလိမ့်မည်။ သူတို့ဘယ်လောက်လာပါစေ အကုန်လုံးကို သတ်နိုင်မည်သာ။
“ငါတို့ မူလနဂါးအဆီအနှစ်ကို ပိုလိုချင်တယ်ဆိုရင် ငါတို့ပိုပြီး ကြိုးစားဖို့လိုတယ် မင်းရောငါရော ပျင်းနေလို့ မရဘူး” ဇူယွမ်က ထန်ထန်ကို စိုက်ကြည့်လိုက်သည် “ငါတို့ရရှိမယ့် မူလနဂါး အဆီအနှစ်တွေကို သည်လိုခွဲယူရအောင် ငါအတွက်က ရှစ်ဆယ်ရာခိုင်နှုန်း ယူမယ်၊ မင်းအတွက်က နှစ်ဆယ်ရာခိုင်နှုန်း”
သူ၏ လက်ချောင်းများဖြင့် အမူအရာ လုပ်ပြလိုက်သည်။
သို့သော်လည်း ထန်ထန်မှာ အလွန်အမင်း ဉာဏ်ရည်မြင့်မားသည့် အတွက် သူပြောသည်ကို ချက်ချင်း နားလည်သွားခဲ့သည်။ သူ၏ လက်ဖဝါး သေးသေးလေးကို ဆန့်ထုတ်လိုက်ပြီး သူက ခုနစ်ဆယ်ရာခိုင်နှုန်း ရသင့်ပြီး ဇူယွမ်က သုံးဆယ်ရာခိုင်နှုန်းသာ ရသင့်ကြောင်း လက်ဟန်အမူအရာဖြင့် ပြန်ပြခဲ့သည်။
ဇူယွမ်က ဒေါသတကြီး ရယ်မောလိုက်သည်။ သည်ကောင်လေးက အမှန်ပင် သူနှင့် ညှိနှိုင်း တောင်းဆိုရဲသည်။ သူ့ကိုယ်သူ ကာယလုပ်သား တစ်ယောက်ဟု ထင်နေသည်လား။
သည်လိုနှင့် သားရဲနှင့် လူသားတို့မှာ တစ်ဖန်ပြန်လည် ငြင်းခုံနေကြပြီး လက်များနှင့် လက်ဖဝါး သေးသေးလေးတို့က လက်ဟန်ခြေဟန်များဖြင့် တစ်ခုနှင့်တစ်ခု လျင်မြန်စွာ ပြသနေကြသည်။
သူတို့နောက်တစ်ကြိမ် ရန်ဖြစ်နေသည့် မြင်ကွင်းကြောင့် ယောင်ယောင်မှာ ခေါင်းကိုက်သွားခဲ့ပြီး ထိုမြင်ကွင်းကို ဆက်လက်မကြည့်တော့ရန် ဆုံးဖြတ်လိုက်သည်။ သူမ၏လက်အား အသာအယာပင် လှည့်လိုက်သည်နှင့် မူလမှော်စာလုံး အသေးတစ်ခုမှ မူလချီတစ်ခုက လွင့်စဉ်လာခဲ့ပြီး နှင်းဖြူရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ လူနှင့်သားရဲ နှစ်ကောင်လုံးကို အညှာတာကင်းမဲ့စွာ ရိုက်လိုက်သည်။
“တစ်ယောက်တစ်ဝက်စီပဲ ယူကြ။ အခုသွားတော့”
လူသားနှင့် သားရဲ နှစ်ယောက်လုံးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
ထန်ထန်က အီသံနှစ်ချက် ပြုလုပ်လိုက်သည်။ သို့သော်လည်း သူက ဇူယွမ်နှင့် ထပ်စိတ်အနှောက်အယှက် ဖြစ်အောင် မလုပ်တော့ပဲ သူ၏ ပခုံးပေါ်သို့ ခုန်တက်လိုက်တော့သည်။
ဇူယွမ်မှာလဲ နှင်းဖြူရောင် အလင်းတန်းကို အနည်းငယ် နှုတ်ခမ်းစူလျက် ကြည့်နေခဲ့ပြီး သူ၏ အကြည့်အား အဆုံးမဲ့သည့် မူလရေကန်ဆီသို့ ပြောင်းလိုက်သည်။ ထန်ထန်၏ ကာကွယ်မှုနှင့် ဆိုပါက ရေနေသားရဲများမှာ သူ့အတွက် ပြဿနာမဟုတ်တော့ပေ။
“ငါ့ကို အစောပိုင်းက လိုက်ဖမ်းနေခဲ့ ကြတယ်မလား။ အခုလည်း လာကြစမ်းပါ” ဇူယွမ်က လှောင်ပြောင်လိုက်သည်။ သူ၏ယုံကြည်မှုများက လွန်စွာ မြင့်မားနေပြီဖြစ်သည်။
သူက ယောင်ယောင်ကို နှုတ်ဆက်လိုက်ပြီး ရေကန်ထဲသို့ နောက်တစ်ကြိမ် ဒိုင်ဗင်ထိုးဆင်းလိုက်သည်။
ယောင်ယောင်မှာ သူမ၏ နဖူးကို နှိပ်နယ်နေခဲ့သည်။ နောက်ဆုံးတော့ ငြိမ်းချမ်းသွားပေပြီ…
ဘာအတွက်ကြောင့် အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနေရန် ခက်ခဲရသနည်း…