← Chapters

တာလီပြည်ထောင်၏အင်အားကြီးတော်ဝင်မြေသုံးခု

Vol. 012 Ch. 1114

တာလီပြည်ထောင်၏အင်အားကြီးတော်ဝင်မြေသုံးခု

Vol. 012 Ch. 1114

လီယူ၏အပြုံးကို မြင်လျှင် ရီဖူရှင်းက ပြောသည် … “ကျုပ် ရှုံးသွားရင် ကျုပ်က ကတိအတိုင်း ဓားတောင်ကုန်းကို သွားမှာပါ”

“အင်း …” လီယောင်က ခေါင်းညိတ်သည် … “ဓားတောင်ကုန်းဟာ ဓားပညာကို လေ့ကျင့်ဖို့ အကောင်းဆုံးနေရာပဲ။ တကယ်လို့ ရှင်သာ အဲဒီမှာ သွားလေ့ကျင့်ရင် တာလီကျောင်းတော်မှာလိုမျိုး ဖြစ်တော့မှာ မဟုတ်ဘူး”

ရီဖူရှင်း ရှုံးနိမ့်မည်ဟု လီယူက တထစ်ချ ယူဆထားပေသည်။ သူက မည်မျှပင် အားကောင်းပါစေ၊ သူ့ပြိုင်ဘက်ကား ပိုမို၍ အားကောင်းပေသည်။ သူကား ဓားတောင်ကုန်းမှာ အတော်ဆုံးဓားသမား ဖြစ်၏။

ရီဖူရှင်းက ခေါင်းညိတ်ကာ မောက်မာသော စကားများ ထပ်မပြောတော့။ သူသာ ပညာကုန် ထုတ်ရလျှင် တာလီပြည်ထောင်ရှိ ရှန့်ထိုအဆင့်အောက်မှ မည်သူ့ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်သည်။ လက်ရှိတွင် သူသည် ဓားပညာ တစ်ခုတည်းကိုသာ အသုံးပြုနိုင်၏။ သူ အနိုင်ယူရမည်ဆိုလျှင်လည်း ဓားပညာ တစ်ခုတည်းဖြင့်သာ အနိုင်ယူရပေမည်။ သူ့အနေဖြင့် ဝမ်ချွမ်းကဲ့သို့ ပြိုင်ဘက်ဖြင့်သာ ရင်ဆိုင်ရပါက ဓားပညာတစ်ခုတည်းဖြင့် အနိုင်ယူရန် အမှန်တကယ် ယုံကြည်ချက် မရှိပေ။

“အာ … နောက်တစ်ခု ရှိသေးတယ်။ ဒါက ရှင်နဲ့တော့ သိပ်မဆိုင်ဘူး။ ရှင် သိချင်သလား” လီယူက ပြုံးလျက်မေးသည်။

“ပြောပါ” ရီဖူရှင်းက ခေါင်းညိတ်သည်။

“တာလီနန်းမြို့တော်သို့ ကျင့်ဝူတစ်ယောက်ပဲ လာတာ မဟုတ်ဘူး။ တောက်လီတောင်ကုန်းက တိဟောက်လည်း ရောက်လာတယ်” သူမက ပြောသည်။

“တိဟောက် …” ရီဖူရှင်းက နားမလည်ပေ။ သူသည် တောက်လီတောင်ကုန်းကိုတော့ သိသည်။ မှတ်တမ်းများအရ တောက်လီတောင်ကုန်း ခေါင်းဆောင်သည် အနောက်ဘက်စစ်တပ်ကို အုပ်ချုပ်သော ဘုရင်ခံထန်တောက်ဖြစ်သည်။

“တာလီပြည်ထောင်မှာ အင်အားကြီး တော်ဝင်မြေသုံးခုရှိတယ်။ သူတို့က တာလီကျောင်းတော်၊ တောက်လီတောင်ကုန်းနဲ့ ဓားတောင်ကုန်းတို့ပဲ” လီယူက ဆက်ပြောသည် … “တာလီကျောင်းတော်ကတော့ နန်းမြို့တော်မှာ တည်ရှိပြီးတော့ အင်ပါယာရဲ့ ထောက်ခံမှု အပြည့်အဝကို ရရှိတာကြောင့် အဲဒီတော်ဝင်မြေသုံးခုထဲမှာ တာလီကျောင်းတော်က အင်အား အကြီးဆုံးလို့တော့ ပြောနိုင်တယ်”

“ဒုတိယ အင်အားကြီးအဆုံးကတော့ တောက်လီတောင်ကုန်းပဲ။ ဘုရင်ခံထန်တောက်ဟာ အနောက်ဘက်ဒေသကို အပြည့်အစုံ ထိန်းချုပ်ပြီးတော့ မိသားစုတွေနဲ့ ဂိုဏ်းတွေက သူ့လက်အောက်မှာပဲ။ အနောက်ဘက်ဒေသက ပါရမီရှင် အများစုဟာလည်း တောက်လီတောင်ကုန်းမှာပဲ လေ့ကျင့်ကြတယ်။ သူတို့တွေဟာ စစ်ရေး အတွေ့အကြုံလည်း ကြွယ်ဝပြီးတော့ အကောင်းဆုံးသော အထောက်အပံ့တွေကို ရရှိကြလို့ ဒုတိယ အကောင်းဆုံး တော်ဝင်မြေအဖြစ် သတ်မှတ်နိုင်တယ်”

“တတိယ အင်အား အကြီးဆုံးကတော့ ဓားတောင်ကုန်းပဲ … ကျင့်ဝူဟာ ဓားတောင်ကုန်းရဲ့ လူငယ်မျိုးဆက်ထဲမှာ အတော်ဆုံးဓားသမားပဲ”

“တောက်လီတောင်ကုန်းရဲ့ လူငယ်မျိုးဆက်ထဲမှာ အတော်ဆုံး ပါရမီရှင်ဟာ တိဟောက်ပဲ။ သူဟာ အနောက်ဘက်ဒေသရဲ့ အနာဂတ်ဘုရင်ခံအဖြစ် လူတွေက ရည်မှန်းထားကြပြီးတော့ ဘုရင်ခံထန်တောက်ကလည်း သူ့ကို သားအဖြစ် မွေးစားခဲ့တယ်။ သူက အရင်တုန်းက တာလီနန်းမြို့တော်ကို တစ်ခါမှ မရောက်ဖူးဘူး။ ဒါကြောင့် နန်းမြိုတော်က လူတွေက သူ့စွမ်းရည် အစစ်အမှန်ကို မသိကြဘူး။ ဒါပေမဲ့လည်း တာလီပြည်ထောင် တစ်ခုလုံးမှာ သူဟာ အတော်ဆုံး လူငယ်ပါရမီရှင် အဖြစ် အများစုက ထင်ကြေးပေးထားကြတယ်”

“တာလီကျောင်းတော်က ဘယ်သူမှ သူ့ကို မနိုင်ကြဘူးလား” ရီဖူရှင်းက စိတ်ဝင်တစား မေးသည်။

“တာလီကျောင်းတော်က ဒွန်ချန်းဟာ တကယ်ပဲ အားကောင်းတယ်။ အခု နန်းတွင်းအကြံပေးက နောက်ထပ် တပည့်တစ်ယောက် လက်ခံမှဖြစ်ပြီးတော့ ဒွန်ချန်းက အရည်အချင်း ပြည့်မီတယ် ပြောနိုင်တယ်။ အများစုကလည်း သူဖြစ်မယ်လို့ ထင်ကြေး ပေးကြတယ်။ ဒါပေမဲ့ ဘုရင်ထန်တောက်ဟာ မာနကြီးပြီးတော့ ဂုဏ်မောက်တယ်။ တိဟောက်ကို နန်းမြို့တော်သို့ လွှတ်တာဟာ နန်းတွင်းအကြံပေးရဲ့ တပည့်နဲ့ တိဟောက်ကို တိုက်ခိုက်စေချင်လို့ပဲ ဖြစ်ရမယ်။ ဒါက တိဟောင်အပေါ် သူက ဘယ်လောက် ယုံကြည်ထားလဲ ပြတာပဲ” လီယူက ပြောသည် … “ဒါကြောင့် တိဟောက်ကို အများစုက အတော်ဆုံးအဖြစ် ထင်ကြေး ပေးကြတာ။ တကယ်လို့ အတော်ဆုံး သုံးယောက်ကို သတ်မှတ်မယ် ဆိုရင်တော့ တာလီကျောင်းတော်က ဒွန်ချန်းနဲ့ ဓားတောင်ကုန်းက တိဟောက်လို့ အများစုက ယူဆကြလိမ့်မယ်။ အခု သူတို့အားလုံး နန်းမြို့တော်ကို ရောက်နေကြပြီ”

“ဒါပေမဲ့ …” လီယောင်က ရီဖူရှင်းအား ကြည့်ကာ ပြုံးလျက်ပြောသည် … “တကယ်လို့ ရှင်က ကျင့်ဝူကို နိုင်ခဲ့ရင်တော့ အတော်ဆုံး သုံးယောက်စာရင်းမှာ ရှင့်ကို ထည့်သွင်းလို့ရတယ်” မှန်သည် … သူမက ယဉ်ကျေးမှုအရ ထိုသို့ ပြောခြင်းဖြစ်သည်။ တကယ်တမ်းတွင် ရီဖူရှင်းက ကျင့်ဝူအား အနိုင်ရမည်ဟု သူမ မထင်ပေ။

ရီဖူရှင်းက ပြုံးလျက် ဘာမှ မပြောပေ။ လီယောင်က ထွက်သွားတော့မည့်ဟန်ဖြင့် ပြောသည် … “တခြား သတင်းတွေရှိရင် ကျွန်မ လာပြောပါ့မယ်”

“ခင်ဗျားက နောက်တစ်ယောက်ကို လွှတ်ပြီး ပြောခိုင်းလို့ ရပါတယ်” ရီဖူရှင်းက ပြောသည်။

“ကောင်းပါပြီ။ ဓားတောင်ကုန်းကလူတွေ ကိုယ်တိုင် ရောက်လာတာလည်း ဖြစ်နိုင်တယ်” လီယူက ခေါင်းညိတ်သည်။ သူမက သည်နေရာသို့ အမြဲတမ်း မလာနိုင်ပေ။

လီယူ ထွက်သွားပြီးနောက် သူက ထိုက်စွမ်းဓားပညာကို ကြိုးစား လေ့ကျင့်သည်။ နောက်တစ်ကြိမ် သူက တိုက်ခိုက်သောအခါ အောက်ဘုံမှ လူများဖြင့် မဟုတ်တော့ပေ။

ဓားတောင်ကုန်းမှ ကျင့်ဝူကား တာလီပြည်ထောင်တွင် အတော်ဆုံးသုံးဦးထဲ၌ ပါဝင်ပေသည်။

***

တောက်လီတောင်နှင့် ဓားတောင်ကုန်းမှ တန်ခိုးရှင်များသည် တာလီနန်းမြို့တော်သို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။ တာလီပြည်ထောင်၏ ဗဟိုချက်မနန်းမြို့တော်တွင် ကြီးမားသော လှုပ်ခတ်မှုများ ဖြစ်ပေါ်နေသည်။

အားလုံးက သတင်းများကို စောင့်မျှော်နေခဲ့ကြ၏။ သူတို့က တာရှည် မစောင့်လိုက်ရပါ။ မကြာမီ တောက်လီတောင်မှလူများသည် တာလီကျောင်းတော်သို့ သွားရောက်ခဲ့ကြပြီး နောက်ထပ် ၇ရက်အကြာတွင် မဟာလမ်းစဉ်ကို ရှာဖွေခြင်းအတွက် တွေ့ဆုံကြမည်ဖြစ်သည်။ တောက်လီတောင်ကုန်းက တာလီကျောင်းတော်နှင့် ပေါ်တင် စိန်ခေါ်တိုက်ခိုက်လို၏။ ရီဖူရှင်းကဲ့သို့ပင် သူတို့က လမ်းစဉ်ကို ရှာဖွေခြင်းဟူ၍ ခေါင်းစဉ်တပ်သည်။ အမှန်တကယ်အားဖြင့် သူတို့က စိန်ခေါ်ခြင်းသာ ဖြစ်သည်။

တာလီပြည်ထောင်၏ အင်အားအကြီးဆုံး တော်ဝင်မြေနှစ်ခုသည် ထိပ်တိုက် ရင်ဆိုင်မိကြပြီ ဖြစ်သည်။ ဘုရင်ခံထန်တောက်က နန်းတွင်းအကြံပေးအား ရန်စခြင်းဟုလည်း ဆိုနိုင်သည်။ သူက တောက်လီတောင်ကုန်း၏ သင်ကြားပို့ချခြင်းသည် တာလီကျောင်းတော်ထက် ပိုကောင်းကြောင်း သက်သေပြလိုသည်။

တိဟောက်ကိုယ်တိုင် ရောက်လာခဲ့မှတော့ သူတို့သည် တိဟောက်နှင့် ဒွန်ချန်းတို့အကြား တိုက်ပွဲကို မျှော်လင့်စောင့်စား နေခဲ့ကြပြီဖြစ်သည်။ တိဟောက်က ဒွန်ချန်းအား အနိုင်ယူခြင်းမှာ မည်သို့သော ပုံစံဖြင့် ဖြစ်မည်ကို တွေးတောနေကြသည်။ နန်းတွင်းအကြံပေး၏ ဩဇာအာဏာမှာ ခြိမ်းခြောက် ခံရတော့မည်လား။

အားလုံးက နန်းတွင်း အကြံပေးအတွက် စိုးရိမ်ပူပန်နေကြစဉ် သူ၏အိမ်တော်မှ သတင်းအချို့ ထွက်လာသည်။ နောက်တစ်ပတ် အကြာတွင် နန်းတွင်း အကြံပေးသည် တာလီကျောင်းတော်သို့ ကိုယ်တိုင် ရောက်လာမည် ဖြစ်သည်။ သူက နန်းမြို့တော်မှ နာမည်ကျော် ပုဂ္ဂိုလ်များအားလည်း ထိုတွေ့ဆုံပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။ ဖိတ်ကြား ခံရသူများထဲတွင် ဓားတောင်ကုန်းပင် ပါဝင်ပေသည်။ ထိုနေ့တွင် သူက တပည့်သစ်အား ရွေးချယ်မည်ဟုလည်း ပြော၏။

နန်းမြို့တော်တွင် သတင်းမျာ ပျံ့နှံ့လာသောအခါ လူအများတို့သည် အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။ သည်အရာကပင် နန်းတွင်းအကြံပေး၏ လုပ်ထုံးလုပ်နည်းဖြစ်သည်။ လူအများက သူရှုံးနိမ့်မည်ကို စိုးရိမ်ပူပန်နေကြချိန်တွင် သူကိုယ်တိုင်က တိုက်ပွဲအား လာရောက် ကြည့်ရှုမည်ဟု ကြေညာခဲ့သည်။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ သူသည် အားလုံး၏ရှေ့မှောက်၌ ရှိနေမည်ဖြစ်သည်။

ဒုတိယမြောက်နေ့တွင် ဓားတောင်ကုန်းမှ သတင်းများ ထွက်ပေါ်လာသည်။ ကျင့်ဝူက တာလီကျောင်းတော်သို့ အတူသွားရန် နောက်ထပ် တစ်ယောက်အား ဖိတ်ခေါ်ခဲ့သည်။

ထိုသူမှာ သတ္တမဓား ဖြစ်ပေသည်။ သတ္တမဓား၏ နာမည်သည် နန်းမြို့တော်တွင် တဖန် နာမည်ကျော်ကြား လာခဲ့ပြန်၏။ ဓားတောင်ကုန်း၏ အတော်ဆုံး လူငယ်ဓားသမား ကျင့်ဝူက သတ္တမဓားကို စိန်ခေါ်ခဲ့သည်။

နေ့ရက်ကား တာလီကျောင်းတော်နှင့် တောက်လီတောင်ကုန်းတို့ တွေ့ဆုံသောနေ့ ဖြစ်ပေသည်။

နေရာမှာ တာလီကျောင်းတော် ဖြစ်၏။

ထိုသတင်းများက တာလီနန်းမြို့တော် တစ်ခုလုံးကို လှုပ်ခတ်စေခဲ့သည်။ သူတို့ကား နောက်ရက်များမကြာမီ အင်အားကြီးများ၏ တွေ့ဆုံပွဲကို များစွာ မျှော်လင့်ကြရ၏။ တာလီကျောင်းတော်နှင့် တောက်လီတောင်ကုန်းတို့သာ တွေ့ဆုံကြမည် မဟုတ်ဘဲ ဓားတောင်ကုန်းကလည်း ထိုနေရာတွင် သတ္တမဓားနှင့် ရင်ဆိုင်တိုက်ခိုက်မည် ဖြစ်သည်။

တာလီပြည်ထောင်၏ အင်အားကြီးသုံးဖွဲ့သည် တာလီကျောင်းတော်တွင် တွေ့ဆုံကြမည်ဖြစ်ကာ တာလီပြည်ထောင်၏ အရေးပါပုဂ္ဂိုလ်များလည်း လာရောက် ကြည့်ရှုကြပေမည်။

ယနေ့တွင် ရီဖူရှင်းသည် သူ၏အိမ်ထဲတွင် ဓားပညာအား ကျင့်ကြံနေခဲ့၏။ ရုတ်တရက် သူက ထူးဆန်းသော ခံစားချက်အား ရလိုက်သည်။ သူက မျက်လုံးကို ဖွင့်ကာ အဝေးကောင်းကင်သို့ မျှော်ကြည့်သည်။ ထိုနေရာမှ ဓားသမားတစ်စု ပျံသန်းလာသည်ကို သူမြင်သည်။

“သတ္တမဓားကို နှုတ်ဆက်ပါတယ်” အပြင်ဘက်မှ အသံတစ်သံအား ကြားရသည်။

“ဝင်လာခဲ့ပါ” ရီဖူရှင်းက ပြောသည်။ တန်ခိုးရှင်တစ်စု ပျံသန်းလာကာ ခြံဝင်းထဲသို့ ဆင်းသက်လာသည်။ သူတို့အားလုံးကို ရီဖူရှင်းက ကြိုဆို၏။

“အရိပ်ရှန့်ထိုဓားက စေခိုင်းလို့ ကျုပ်တို့ ရောက်လာတာပါ။ နောက်ငါးရက်ကြာရင် ဓားတောင်ကုန်းက ခင်ဗျားကို တာလီကျောင်းတော်မှာ စောင့်နေလိမ့်မယ်။ ခင်ဗျားရဲ့ ကတိကိုတည်ဖို့ သူက မျှော်လင့်ပါတယ်တဲ့” တစ်ယောက်က ပြောသည်။

“ကောင်းပြီ။ စီနီယာအရိပ် ရှန့်ထိုဓားကို ကျုပ်လာမယ်လို့ ပြောပေးပါ” ရီဖူရှင်းက ဆိုသည်။

“ကောင်းပြီ။ နှုတ်ဆက်ပါတယ်” သူတို့က ထိုသို့ပြောကာ အဝေးသို့ ပျံသန်း ထွက်ခွာသွားကြသည်။ သိပ်မကြာခင် လီယူ ရောက်လာကာ အပြင်တွင် ဖြစ်ပျက်နေသော အခြေအနေများအား သူ့ကို ရှင်းပြသည်။ ထိုကိစ္စက ရီဖူရှင်းအားလည်း စိတ်ဝင်စားစေသည်။ နောက်ငါးရက်တွင် တာလီကျောင်းတော်၌ အင်အားကြီးသုံးဖွဲ့ တွေ့ဆုံကြပေတော့မည်။

***

ရက်များ ကုန်ဆုံးသွားခဲ့ပြီး မြို့တော်မှ လူများအားလုံးသည် အချိန်းအချက် နေ့ရက်အား စောင့်ဆိုင်းနေခဲ့ကြ၏။ ယနေ့တွင် စွမ်းအားမြင့် တန်ခိုးရှင်များ တစ်ဦးပြီးတစ်ဦး တာလီကျောင်းတော် အပြင်ဘက်သို့ ဆင်းသက် လာခဲ့ကြသည်။ အချို့က ဓားများကို စီးနင်းလာကြသလို အချို့က ရထားလုံးများ၊ ရတနာများနှင့် သားရဲများကို စီးဆင်းလာကြ၏။

“နန်းမြို့တော်က လူတွေ အများကြီး ရောက်လာကြတာပဲ” အားလုံးက အံ့အားသင့်စွာ ကြည့်နေကြသည်။

ကြည့်ရသည်မှာ နန်းတွင်းမိသားစုများက သည်တွေ့ဆုံပွဲကို အလွန် စိတ်ဝင်စားကြဟန် ရသည်။

ကောင်းကင်တွင် နဂါးအော်သံနှင့်အတူ နတ်နဂါးတစ်ကောင် ဆွဲလာသော ရထားလုံးတစ်စီးအား မြင်ကြရသည်။ ထိုလူများကို မြင်လျှင် အားလုံးက ငေးမောမိကြသည်။ နန်းတွင်းမိသားစုဝင်များသာ မဟုတ်ဘဲ နန်းတော်မှ မင်းသားသည်ပင် ကိုယ်တိုင် ရောက်လာ၏။

သူကား တာလီနန်းတော်မှ လီယောင်ဖြစ်ပေသည်။

ဧရာနဂါးကြီး ဆွဲရထားလုံးကြီးသည် တာလီကျောင်းတော် အပြင်ဘက်သို့ ဆင်းသက်လာခဲ့၏။ မင်းသားက ကျောင်းတော်ဝင်း အတွင်းသို့ ဝင်ရောက်သော်လည်း မည်သူမှ သူ့အား လာရောက် ကြိုဆိုခြင်း မပြုကြပေ။

နန်းတွင်းအကြံပေးက တာလီကျောင်းတော်ကို တည်ထောင်စဉ် အချိန်အခါက အင်ပါယာလီသည် သူ့လူများအား ကျောင်းတော် အပြင်ဘက်၌ နန်းတွင်း အကြံပေး၏ ရုပ်တုတစ်ခုအား တည်ထား ဂုဏ်ပြုစေသည်။

သို့သော်လည်း နန်းတွင်း အကြံပေးက ထိုရုပ်တုအား မြင်သောအခါ အင်ပါယာအား ရုပ်တုကို ပြန်ဖျက်ဆီးရန် တောင်းဆိုခဲ့၏။ တာလီကျောင်းတော်သည် တစ်စုံတစ်ဦးတည်း၏ အာဏာကိုအတွက် အသုံးပြုရန် မဟုတ်ဘဲ အများစုကို သင်ကြားပေးရန် ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိရပေမည်။ ကျောင်းတော်အတွင်းသို့ ဝင်ရောက် လေ့ကျင့်သူတိုင်းသည် တူညီသော အဆင့်အတန်း ရှိရမည်။ အင်ပါယာကလည်း သူ၏တောင်းဆိုမှုကို လိုက်လျောခဲ့၏။ ထိုနေ့မှ စ၍ တာလီပြည်ထောင်မှ လူများသည် နန်းတွင်းအကြံပေးအား ကြီးစွာ လေးစားခဲ့ကြပေသည်။

ထို့နောက်တွင် အင်ပါယာက တာလီကျောင်းတော်သို့ ဝင်ရောက်သူများသည် ကောင်းကင်မှ ဆင်းသက်ကာ ဂိတ်တံခါးမှ ခြေဖြင့် ဝင်ရမည်ဟု အမိန့်ထုတ်ခဲ့၏။ ထိုအထဲတွင် မင်းသား၊ မင်းသမီးများပင် ခြွင်းချက်မရှိပေ။ ထို့နောက် မင်းသား၊ မင်းသမီးများကလည်း တာလီကျောင်းတော်၌ တက်ရောက် လေ့ကျင့်စေခဲ့သည်။ သူတို့က တာလီကျောင်းတော် အတွင်းသို့ လမ်းလျှောက်ဝင်ရသလို မည်သူကမှလည်း သူတို့အား ကြိုဆိုစရာ မလိုပေ။

ထိုအရာကပင် တာလီပြည်ထောင်၏ အကောင်းဆုံး တော်ဝင်မြေဖြစ်သော တာလီကျောင်းတော် ဖြစ်ပေသည်။

သို့သော် ယနေ့တွင် တောက်လီတောင်ကုန်းက လမ်းစဉ်ရှာဖွေရန်အတွက် တာလီကျောင်းတော်သို့ လာရောက်ပေမည်။

***

All Chapters