← Chapters

ရှုယု၏ လောဘ

Vol. 83 Ch. 1149

ရှုယု၏ လောဘ

Vol. 83 Ch. 1149

ဟူး... ဟူး... ဟူး...

အချိန်လေပွေ အတွင်းရှိ စွမ်းအင် ပင်လယ်ထဲဝယ် ခရီးသွား မြို့တော် သခင် ရှုယုမှ အလွန် လျှင်မြန်သော နှုန်းထားနှင့် ကူးခပ်လျှက် ရှိပေသည်။ သူက အဘက်ဘက်မှ တိုးဝင်လာနေသည့် အချိန်စွမ်းအင်များ၏ ခြိမ်းခြောက်မှု အန္တရာယ်ကို တားဆီးရန် အတွက် ခန္ဓာကိုယ်ကို လျှို့ဝှက် စွမ်းအင်လွှာ တစ်ခုဖြင့် ကာရံထားသည်။

အချိန်လေပွေ အတွင်း သူ ဝင်ရောက်လာခဲ့သည်မှာ သုံးနာရီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အလွှာကြားက လောက အတွင်း၌ အထွတ်အထိပ်ဟု ဆိုနိုင်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်တိုင် အချိန်လေပွေ အတွင်း သူ၏ ဖြတ်သန်း သွားလာနှုန်းကတော့ ခရုတစ်ကောင်လို နှေးကွေးလှပေသည်။ တစ်ဖက်က ကူးခပ်ရန် အားထုတ် နေရသသလို အခြားတစ်ဖက်တွင်လည်း အချိန်စွမ်းအင်များကို ခုခံနေရလေရာ လျှို့ဝှက်စွမ်းအင် ကုန်ကျမှုက အလွန် များလှပေသည်။

“တော်တော် ပျင်းစရာ ကောင်းတာပဲ”

ရှုယုက သမ်းဝေလိုက်၏။ ဤသည်မှာ အချိန်လေပွေ အတွင်း ဝင်ရောက်ခဲ့သည့် ပထမဆုံး အကြိမ် မဟုတ်သည့်တိုင် အသားကျဖို့ ခက်ခဲလွန်းလှသည်။ စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းသည် ဆိုသော်လည်း သူ့ထံတွင် ရွေးချယ်စရာ မရှိပါချေ။

ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို အကြိမ်ပေါင်း ထောင်ချီအောင် ဖျက်ဆီးပစ်နိုင်သည့် စွမ်းအား တစ်ရာခိုင်နှုန်းခန့်မျှကို အသုံးပြုပြီး နောက်တွင်တော့ ရှုယုမှာ ဧရိယာ လေးဆယ့်သုံးဟု နာမည် ပေးထားသည့် နေရာကို ရောက်ရှိလာခဲ့သည်။ အတွင်းကို ဝင်ဝင်ချင်းပင် ရှုယု မျက်မှောင်ကြုတ် လိုက်မိ၏။ ထိုနေရာရှိ အချိန် စွမ်းအင် စီးဆင်းမှုက လုံးဝ ပုံမှန် မဟုတ်ပဲ အခြား နေရာများထက် ကျော်လွန် နေပေသည်။

သေမျိုး တာအို အလွန် လောက စွမ်းအင်များနှင့် ပြည့်နှက်နေသည့် သူ့ မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့် ပြူးကျယ် သွားခဲ့သည်။ ခြေထောက်ကို အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့်ပင် အချိန်စွမ်းအင်များက ဘေးကို လွင့်စဉ်သွားကာ သူ့ ခန္ဓာကိုယ်က အောက်သို့ လျှောဆင်းကျသွားခဲ့သည်။

“ဒါက...”

ရုတ်တရက် လျှို့ဝှက် အကာအကွယ်က တုန်ရီသွားသလို ခံစားလိုက်ရလေရာ ရှုယုမှာ မျက်မှောင်ကြုတ်ရင်း ရပ်တန့် လိုက်သည်။ အောက်၌ ထူးဆန်းသည့် တစ်စုံတစ်ရာ တည်ရှိနေသလို အချိန်စွမ်းအင်များ၏ ဖိအားများမှာ ပိုမို တိုးလာနေခဲ့သည်။ သို့သော်လည်း... ရှုယုကတုန့်ဆိုင်းနေခြင်း မရှိပဲ လက်များကို အရိပ်များ သဖွယ် အရှိန်အဟုန်နှင့် လှုပ်ရှားလိုက်သည်။ သူက ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် လက်ဟန် ချိပ်စည်းများကို ဖော်ဆောင်နေခြင်း ဖြစ်သည်။

ဟူး... ဟူး...

သူ၏ လက်ဟန် ချိပ်စည်းများမှာ အလွန်ပင် ထူးခြားကာ ပြိုင်စံရှား စွမ်းအင် တစ်ခုကို ထုတ်လွှတ်ပေးနိုင်သည့်ပုံ ပေါ်သည်။ ၎င်းတို့၏ ထောက်ပံ့မှု အောက်တွင် သူ၏ လျှို့ဝှက် အကာအကွယ်မှာ လျှင်မြန်စွာပင် ပြန်လည် တည်ငြိမ် သွားခဲ့၏။ ရှုယုက ထိုမျှနှင့် ရပ်တန့်နေခြင်း မရှိချေ။

သူက ဝိညာဉ် စွမ်းအင်နှင့် လျှို့ဝှက် စွမ်းအင်များကို မျက်လုံး အတွင်း ပို့လွှတ်လိုက်ကာ အမြင်အာရုံ အစီအရင် တစ်ခုကို ဖော်ဆောင် လိုက်သည်။ ချက်ချင်းဆိုသလိုပင် ရှေးဟောင်း အော်ရာ တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာကာ ခရမ်းရောင် အကာအရံ တစ်ခုက သူ့ မျက်လုံးများကို လွှမ်းခြုံ သွား၏။ ထို့နောက် သူက လျှင်မြန်စွာပင် အောက်ကို ဆက်လက် နိမ့်ဆင်း သွားခဲ့သည်။

“အိုး...”

မကြာခင်မှာပင် ရှုယုမှာ ရေဝဲ တစ်ခုကို တွေ့လိုက်ရ၏။ သို့သော်လည်း ၎င်းက မည်ကဲ့သို့မှ ထူးဆန်းသည့်ပုံ မပေါ်ကာ ရေအောက်စီးကြောင်း အတိုင်း ကြုံရာကျပန်း လှည့်ပတ်နေသည့် သာမန် ရေဝဲ တစ်ခုလိုပင် ဖြစ်သည်။ သာမန် ကျင့်ကြံသူများ ဆိုပါက ၎င်းကို သည်အတိုင်း ကျော်သွားလိမ့်မည် ဖြစ်သည်။

သို့သော်လည်း... ရှုယုကတော့ သာမန် ကျင့်ကြံသူ မဟုတ်ချေ။ သူက အလွန်မြင့်မားသည့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားကာ မြေကြီး ခြေချခြင်း၌ အချိန် အမျိုးအစား လျှို့ဝှက် သင်္ကေတကို နားလည်ထားသူ ဖြစ်သည်။ ထိုအရာက သူ ခရီးသွား မြို့တော် သခင် ဖြစ်လာခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။

“တစ်ယောက်ယောက်က ဒီနေရာမှာ ဟင်းလင်းပြင် ပေါ်တယ် ဖွင့်သွားတယ်...”

ရေဝဲကို ဆယ်မိနစ်မျှ လေ့လာပြီးနောက် ရှုယု မှတ်ချက်ချလိုက်၏။ သူ၏ အမူအရာက အလွန် လေးနက်နေကာ တစ်စုံတစ်ရာကို စဉ်းစားနေသည့်ပုံ ရသည်။

ဟင်းလင်းပြင် ဂိတ်တံခါးနှင့် အာကာသ ဂိတ်တံခါးတို့မှာ ခြားနားသည့် အရာများ ဖြစ်သည်။ အစစ်အမှန် ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခုမှာ ဟင်းလင်းပြင် စွမ်းအင်ကို အသုံးပြုသည်။ ၎င်း၏ စွမ်းအင်က ရင်ဆိုင်ရ ခက်ခဲသလို အလွန်ပင် အစွမ်းထက်ကာ သယ်ယူ ပို့ဆောင်ရေးမှ အစ စစ်ပွဲ အဆုံး ပုံစံ မျိုးစုံဖြင့် သုံးနိုင်သည်။ လောက၌ မူလ မိုးကုပ်စက်ဝိုင်း အဆင့်ကို ပိုင်ဆိုင်ထားသည့် ကောင်းကင် ရှန့်ထို အဆင့်များသာလျှင် ထိုကဲ့သို့ စွမ်းအားကို ထုတ်ဖော်နိုင်စွမ်း ရှိသည်။

“အစစ်အမှန် မွေးဖွားခြင်းလား...”

ရှုယုက ခပ်တိုးတိုး ရေရွတ်လိုက်၏။ သို့သော်လည်း... သူက ခပ်မြန်မြန်ပင် ခေါင်းခါကာ ထိုအဆိုကို ပယ်ချလိုက်သည်။

ထိုတီကောင်များမှာ ဝါးလုံးခေါင်းထဲ လသာ နေကြသူများ ဖြစ်သည်။ ရေတွင်းထဲမှ ဖားသူငယ်လေးများ ဖြစ်ကြသည်။ သူတို့က ထိုကဲ့သို့ စွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့ကို ပံ့ပိုးပေးနေသည့် ပြင်ပ အဖွဲ့အစည်းများမှာလည်း တူညီစွာပင် မထင်မရှား အင်းဆက်ကလေးများသာ ဖြစ်သည်။

အကယ်၍ သူတို့ထံတွင်သာ ထိုကဲ့သို့ စွမ်းအားမျိုး ရှိပါက သူတို့၏ အားထုတ်မှုများက နှစ်ပေါင်း သောင်းနှင့်ချီ ရှည်ကြာ နေလိမ့်မည် မဟုတ်ပါချေ။ ခပ်မြန်မြန်ပင် အောင်မြင်သွားလောက်ပြီ ဖြစ်သည်။ အာဏာရှင် အင်ပါယာ သုံးယောက်၏ ကောင်းကင် ရတနာ တစ်ခု ဖြစ်သည့် အဆုံးမဲ့ ဟင်းလင်းပြင် မှန်သည်ပင် ဟင်းလင်းပြင် စွမ်းအင်ကို မကြာခဏ ထုတ်ပေးနိုင်စွမ်း မရှိပါချေ။

“ဒီနေရာမှာ ရှိတဲ့ ဟင်းလင်းပြင် စွမ်းအင်က အဆင့် သိပ် မမြင်ဘူး... နောက်ပြီး သေမျိုး တာအိုရဲ့ ရနံ့တွေ ကိန်းဝပ်နေတုန်းပဲ... ကျင့်ကြံခြင်းနဲ့ ကန့်သတ်ခံထားရတဲ့ ရတနာ တစ်ခုများလား... မဟုတ်မှ လွဲရော အဲဒီ ဝေ့ဝူယင် ဆိုတာများလား”

ရှုယု၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွား၏။ ကြည့်ရသည်က ဝေ့ဝူယင် ဆိုသည့် ကောင်စုတ်ကလေးမှာ ဟင်းလင်းပြင် အမျိုးအစား သံချပ်ကာ တစ်ခု၏ အကူအညီဖြင့် လွတ်မြောက်နေသည့်ပုံ ရသည်။ ချက်ချင်း ဆိုသလိုပင် လောဘ အငွေ့အသက်များမှာ ရှုယု၏ မျက်လုံး အတွင်း ဖုံးအုပ်သွား၏။

အစီရင်ခံစာများ အရ ဆိုလျှင် ဝေ့ဝူယင်မှာ မြေကြီး ရှန့်ထိုများ၏ လေ့လာမှုအောက်မှ လွယ်ကူစွာ လွတ်မြောက်သွားနိုင်သည်ဟု ဆိုသည်။ ထို့အပြင် သူက အလွှာကြားက လောက အတွင်း အာကာသ ခုန်ကူးနိုင်စွမ်းလည်း ရှိသည်။

“ငါသာ အဲဒီ ရတနာကို ရခဲ့ရင်...”

အတွေးနှင့် အတူ ရှုယု၏ အမူအရာက ပိုမို၍ ရူးသွပ်လာ၏။ သူသာ ထိုရတနာကို ပိုင်ဆိုင်နိုင်ခဲ့ပါက အလွှာကြားက လောက အတွင်း လုံးဝ ပြိုင်စံရှား ဖြစ်လာမှာ ကျိန်းသေသည်။ ထို့အပြင်... ဆန္ဒရှိပါက ၎င်းကို မရေမတွက်နိုင်သည့် အကျိုးအမြတ်များနှင့် ဖလှယ်နိုင်သေးသည်။

“ဒီဟင်းလင်းပြင် ပေါ်တယ်က လုံးဝ ပိတ်မသွားသေးဘူး... ပြင်ပ စွမ်းအား တစ်ခုကို လောင်စာပေးလိုက်ဖို့ပဲ လိုတယ်... ဟဟ... မင်း ငါ့ဆီကနေ ခြေရာဖျောက် မသွားနိုင်သေးပါဘူး... အချိန်လေပွေလို လျှို့ဝှက် ဆန်းကြယ်မှုတွေ တစ်သီတစ်တန်းကြီး ရှိနေတဲ့ နေရာကို မင်းလို သေမျိုး တစ်ယောက်က ဘယ်လို နားလည်နိုင်မှာလဲ”

အချိန်လေပွေ အတွင်းရှိ နောက်ပြန် လှည့်ပတ်ခြင်း စွမ်းအားမှာ ဟင်းလင်းပြင် ဂိတ်တံခါးကို ပြန်လည် ပိတ်မသွားအောင် ကာကွယ် ထားသည်။ ၎င်းမှာ မည်သူမှ ခန့်မှန်းမိမည် မဟုတ်သည့် ချွင်းချက် တစ်ခုဟု ရှုယု ယုံကြည်ပေသည်။

စိတ်လှုပ်ရှားမှုများစွာနှင့် အတူ ရှုယု အနားသို့ ချဉ်းကပ်လာခဲ့၏။ မကြာခင် အချိန်အတွင်းမှာပင် သူက လှည့်ပတ်နေသည့် ဝင်ပေါက်သို့ ရောက်ရှိရန် ပေအနည်းငယ်ခန့်သာ ကွာဝေး ပေတော့သည်။ အချိန်ကာလက တစ်နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်လေရာ ဝေ့ဝူယင် လွတ်မြောက်သွားသည်မှာလည်း ကြာလောက်ပြီ ဖြစ်သည်။ ရှုယု အနည်းငယ် တုန့်ဆိုင်း သွား၏။ ထိုဝင်ပေါက်က ချိပ်ပိတ် နယ်မြေ အတွင်းရှိ တစ်နေရာသို့ ဦးတည် သွားပါက မည်ကဲ့သို့ လုပ်မည်နည်း။

ရှုယုမှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို တိုက်ရိုက် ထိတွေ့ခွင့် ရရှိထားသည့် လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။ ထို့ကြောင့်ပင် သူ ချိပ်ပိတ် အစီအရင်ကို အချိန် တစ်ခဏမျှ ဖြတ်ကျော်နိုင်စွမ်း ရှိပေသည်။

တစ်မိနစ်... သို့မဟုတ် ထိုထက် ပိုမို၍ နည်းကောင်းလည်း နည်းနိုင်ပေသည်။

သို့သော်လည်း.... လောကရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံနှင့် အတူ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို သူ စက္ကန့် အနည်းငယ် အတွင်း ရှာဖွေနိုင်စွမ်း ရှိသည်။ ထို့အပြင်... ဟိုမျက်ကန်း မိန်းမယုတ် နှစ်ယောက်ထံမှလည်း ကောင်လေး၏ အော်ရာကို သူ ရရှိထားသည်။ သို့ဖြစ်လေရာ သူ့ကို ရှာဖွေဖို့ ဘယ်လိုမှ ခက်ခဲလိမ့်မည် မဟုတ်ချေ။ ထို့အပြင်... သူ့အနေဖြင့် ဟင်းလင်းပြင် အမျိုးအစား ရတနာကို ခြေရာလို့လည်း ရနိုင်သေးသည်။ အမျိုးမျိုးသော အကြောင်းပြချက် တို့ကြောင့် ဝေ့ဝူယင်ကို မျက်တောင် တစ်ခပ်စာ အတွင်း ရှာဖွေနိုင်လိမ့်မည်ဟု ရှုယု ယုံကြည်ချက် ရှိနေခဲ့ပေသည်။

ထို့အပြင် ကျန်းကျဲဝူရှုမှာ ဝေ့ဝူယင်ထံမှ အလွန်တရာ များပြားလှသည့် အဂ္ဂိရတ် ထုတ်ကုန်များကို ရရှိခဲ့သေးသည်ဟု ဆိုသည်။ ကောင်လေးက ထိုထက် ပိုမို များပြားသည့် ရတနာများကိုပင် ပိုင်ဆိုင်ထားနိုင်ချေ ရှိသည်။

ရှုယု၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ သူ့ နှလုံးသားကတော့ အမျိုးမျိုးသော ဖြစ်နိုင်ချေများနှင့် ပြည့်နှက် နေလေသည်။ ရှုယု တုန့်ဆိုင်း မနေတော့ပဲ လျှို့ဝှက် စွမ်းအားကို အသုံးပြု၍ ရေဝဲကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ ထို့နောက်တွင်တော့ သူက စက္ကန့် မခြားပင် ခုန်ချသွားခဲ့တော့၏။

ထို့နောက်တွင်တော့ ဟင်းလင်းပြင် ပေါ်တယ်မှာ စတင်၍ မှိန်ဖျော့လာကာ တဒင်္ဂ အတွင်း တစ်ခါမရှိဖူးသလို ပျောက်ကွယ် သွားလေတော့သည်။ ချက်ချင်းဆိုသလိုပင် ဧရိယာ လေးဆယ့်သုံးဟု နာမည်ပေးထးသည့် နေရာမှာ တိတ်ဆိတ်သွားကာ မူလက အခြေအနေသို့ ပြန်လည် ရောက်ရှိသွားလေတော့သည်။

...

ဟင်းလင်းပြင် ပေါ်တယ် အတွင်း ‌‌ရောက်ရောက်ချင်းပင် ရှုယုမှာ ပတ်လည် ဝန်းရံနေသည့် တဖိတ်ဖိတ် တောက်ပနေသော ရောင်စုံနံရံများကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများက အနည်းငယ် ပြူးကျယ် သွားကာ ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း၏ သဘော သဘာဝနှင့် တူညီနေကြောင်း အကဲခတ်လိုက်နိုင်သည်။

“ငါ သက်တံ့ တံတားထဲကို ရောက်နေတာလား...”

ရှုယု တွေးလိုက်၏။ ထိုအခိုက်တွင်ပင် အပြန် သူ့ နားစည် အတွင်း တိုးဝင် လာခဲ့လသည်။

“မိန်းမ တစ်ယောက်လာမယ်လို့ ထင်နေတာ... ငါတို့ လူမှားနေတာလား”

“ငါတို့ အမိန့်က သတ်ဖို့ပဲ... ကျားမ ခွဲနေဖို့ မဟုတ်ဘူး”

“...”

အဆုံးမဲ့ ခရီးသွား နယ်မြေ၏ ထိပ်သီး ကျင့်ကြံသူ တစ်ယောက် အနေဖြင့် မည်သည့် အခြေအနေမျိုးကိုမှ မကြောက်သော်လည်း ရှုယု စိတ်ဝင်စား သွားခဲ့၏။ သူ ခပ်မြန်မြန်ပင် အသံလာရာဘက်ကို လှည့်ကြည့် လိုက်သည်။ ထို့နောက်တွင်တော့ တွေ့မြင်လိုက်ရသော အရာကြောင့် သူ့ မျက်လုံးများမှာ ပြူးကျယ် သွားခဲ့တော့၏။

သူ၏ အရှေ့၌ သေမျိုးတစ်ပိုင်း အရှင် အဆင့် ထောင်ပေါင်းများစွာ ပါဝင်သည့် ထူးဆန်းသော ဝင်္ကပါကြီး တစ်ခု လွင့်မြော နေခဲ့လေသည်။ ၎င်းတို့၏ ရှေ့တွင်တော့ ဒါဇင်ဝက်မျှသော မြေကြီး ရှန့်ထိုများ ရှိနေခဲ့၏။

သူတို့၏ အထက် ကောင်းကင် တည့်တည့်တွင်တော့ လေးပင်သည့် သံချပ်ကာများအား ဝတ်ဆင်ထားသည့် နဂါး ခေါင်းဆောင်းနှင့် မြေကြီး ရှန့်ထို တစ်ယောက် ရပ်နေခဲ့လေသည်။ ထိုပုဂ္ဂိုလ်၏ အော်ရာက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှကာ ပြင်းထန်သည့် သြဇာ အာဏာနှင့်ပြည့်နှက် နေသည်။ အဆုံးမဲ့ အအေးဓာတ်များ ပြည့်နှက်နေသည့် မျက်လုံးများနှင့် အတူ သူ၏ တည်ရှိမှု တစ်ခုလုံးက စစ်ပွဲများ အတွက် ရည်ရွယ်၍ မွေးဖွားလာဟန် ရလေသည်။

ရှုယု ပြုံးလိုက်မိ၏။ သူ့ နှလုံးသားကတော့ လုံးဝ တည်ငြိမ် နေပေသည်။

ထို့နောက်တွင်တော့...

“တိုက်ကြတော့...”

“ဘုန်း...”

အမိန့်ပေးသံ တစ်ခုနှင့် အတူ ထောင်ပေါင်းများစွာသော စစ်သည်များထံမှ လျှို့ဝှက် အော်ရာများမှာ ပြင်းထန်စွာ ပေါက်ကွဲ ထွက်ပေါ်လာတော့၏။

***

All Chapters