ရှုယု၏ ခွန်အား
Vol. 83 Ch. 1150
“...”
ခရီးသွား မြို့တော်သခင်၏ မျက်နှာ အမူအရာက ညဉ့်သန်းခေါင် အလား နက်မှောင် သွား၏။ သို့သော်လည်း သူ၏ မျက်ဝန်းများမှာ ရှေးဟောင်း အငွေ့အသက်များနှင့် အတူ ပြိုင်စံရှား နေဆဲ ဖြစ်ကာ ကြောက်ရွံ့ခြင်းတို့ အလုံးစုံ ကင်းစင်နေသည်။
သူ့ အရှေ့ရှိ လျှို့ဝှက် အာဏာရှင် အဆင့် ထောင်းပေါင်းများစွာ၏ အော်ရာများမှာ အထင်ကြီးစရာ ကောင်းလှသည့်တိုင် သူ့ နှလုံးသားကိုတော့ နည်းနည်းလေးမှ လှုပ်ရှားအောင် လုပ်နိုင်စွမ်း မရှိသေးချေ။ ရှုယု၏ အမူအရာအား မှောင်မည်း သွားစေခဲ့ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သူတို့ ပိုင်ဆိုင်ထားသည့် လျှို့ဝှက် အော်ရာများ၏ စည်းလုံး ညီညွှတ်မှုပင် ဖြစ်သည်။
သူ့ အရှေ့ရှိ လျှို့ဝှက် အာဏာရှင် အဆင့် ထောင်ပေါင်းများစွာ ပါဝင်သော စစ်တပ်ကြီးထဲ၌ ကွဲလွဲမှု ဟူ၍ မရှိချေ။ သူတို့၏ ဝိညာဉ် ကျင့်ကြံခြင်း၊ အသိစိတ် ပင်လယ်နှင့် ဝိညာဉ် စွမ်းအင် ဥဿုံသော စွမ်းအင်တို့မှာ တသမတ်တည်း ဖြစ်နေသည်။
သူ ရင်ဆိုင်နေရသည်က လျှို့ဝှက် အာဏာရှင် ထောင်ပေါင်းများစွာနှင့် မတူတော့ချေ။ တူညီသည့် ဆန္ဒ တစ်ခု၊ ရည်ရွယ်ချက် တစ်ခုနှင့် အတူ ရပ်တည် လှုပ်ရှားနေသည့် တစ်ဦးတည်းသော ကျင့်ကြံသူအား ရင်ဆိုင် နေရသည့် အလားပင်။
ရှုယု မြင်နေရသည့် အရာမှာ အစစ်မှန်ဆုံး စစ်တပ် တစ်ခု ဖြစ်ပေသည်။ ရန်သူတို့၏ ပူနွေးသော သွေးများ၊ စစ်ပွဲ မီးတောက်များနှင့် ထုဆစ်ထားသည့် သွေးဆာမှု၊ ရက်စက်မှု၊ စည်းလုံး ညီညွှတ်မှု စိတ်ဓာတ်တို့မှာ သူတို့၏ နှလုံးသားများထဲတွင် နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေသည်။ ရှုယု ထိုအရာကို ချက်ချင်းပင် ခံစားနိုင်ပေသည်။ ၎င်းမှာ သူ့ အမူအရာ မှောင်မည်း သွားရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ မည်သည့် မြေကြီး ရှန့်ထို မဆို ထိုစစ်တပ်ကြီးနှင့်သာ ရင်ဆိုင်ရပါက တဒင်္ဂ အတွင်း အသက်ထွက်သွားမှာ ကျိန်းသေပေသည်။
“မင်းတို့ကို ဘယ်သူက လေ့ကျင့်ပေးထားတာလဲ...”
ရှုယုမှာ သိချင်စိတ်ကို မမြိုသိပ်နိုင်တော့ပဲ မေးလိုက်၏။ သူ၏ လေသံက ရှေ့ခေတ်ဟောင်း နတ်ဘုရား တစ်ပါး တစ်ပါးထံမှ ဆင်းသက်လာသကဲ့သို့ ထင်ရကာ လူတိုင်း၏ နှလုံးသားထဲတွင် ကိန်းအောင်း နေသည့် ကြောက်ရွံ့၊ ရိုသေစိတ်များကို အပ်နှင့် ထိုးဆွသလို လှုံ့ဆော် ပေးနိုင်စွမ်း ရှိသည်။
သို့သော်လည်း... ဗိုလ်ချုပ်ကြီး ကျန့်ကျန့်၏ ဦးဆောင်မှု အောက်၌ လျှို့ဝှက် အာဏာရှင် အဆင့် စစ်တပ်ကြီးမှာ လောကရှန့်ထို တစ်ပါး၏ ဝိညာဉ်ရေး ဖိနှိပ်မှုကို တောင့်ခံထားနိုင်ဆဲ ဖြစ်သည်။
ရှုယု အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ သို့သော်လည်း လျှို့ဝှက် အာဏာရှင် အဆင့် တစ်သောင်းမှာ ခပ်မြန်မြန်ပင် စတင် တိုက်ခိုက်လာခဲ့ပြီ ဖြစ်လေရာ သူ့ အတွေးများမှာ လမ်းခုလတ်တွင်ပင် ရပ်တန့် သွားခဲ့သည်။
ဘုန်း... ဘုန်း...
ကျန့်ကျန့်၏ အမိန့်အောက်၌ စစ်သည် တစ်သောင်းမှာ ရှေ့သို့ အနည်းငယ် ချီတက်လာကာ လျှို့ဝှက် စွမ်းအင် အလင်းလုံးများကို ပစ်လွှတ် လိုက်ကြ၏။ ထိုတိုက်ခိုက်မှုများမှာ သူတို့၏ အရိုးရှင်းဆုံးသော စွမ်းအင်များကို ပေါင်းစည်းထားခြင်း ဖြစ်သည့်တိုင် ရှုယုကတော့ ဂြိုဟ်အရွယ်အစား ရှိသည့် အာကာသခဲကြီးများ လွင့်စဉ်လာသလို ခံစားလိုက်ရသည်။
ဝှစ်...
ရှုယု ဘေးကို ခြေတစ်လှမ်း လှမ်းလိုက်၏။ ခြေတစ်လှမ်းသာ ဖြစ်သည့်တိုင် သူ့ ခန္ဓာကိုယ်က အရိပ်တစ်ခုလိုမျိုး ပျောက်ကွယ်သွားကာ မိုင်တစ်ထောင်များစွာ အကွာ၌ ပြန်လည် ပေါ်လာခဲ့သည်။ တစ်ချိန်တည်း၌ သူက မျက်မှောင် ကြုတ်ကာ သက်တံ့ နံရံများကို စစ်ဆေးလိုက်၏။ မိုင်ပေါင်း တစ်ထောင်ခန့် ရွေ့လျား ပြီးသည့်တိုင် သူ ရှိနေသည့် နေရာက ၎င်းတို့နှင့် နီးကပ်ခြင်း မရှိပါသေးချေ။
သို့သော်လည်း ရှုယု များများစားစား စဉ်းစားရန် အချိန် မရလိုက်ချေ။ သူ နေရာ ရွှေ့ပြောင်းပြီး မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် စွမ်းအင်လုံးကြီးများမှာ လမ်းကြောင်း ပြောင်းလဲကာ ဂြိုဟ်ပေါင်းများစွာကို အမှုန့်ချေ ပစ်နိုင်သည့် အင်အားမျိုးဖြင့် သူ့ နောက်ကို လိုက်လာ နေကြပြီ ဖြစ်သည်။
“သူတို့ရဲ့ တိုက်ခိုက်မှုက ခြေရာ ခံနိုင်တာလား...”
ရှုယုက စိတ်ဝင်တစားဖြင့် အနည်းငယ် ပြုံးလိုက်၏။ ထို့နောက် သူက ဒုတိယမြောက် ခြေတစ်လှမ်း လှမ်းလိုက်သည်။
ဝှစ်...
သူ၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ပျောက်ကွယ်သွားကာ မိုင်နှစ်ထောင် အကွာအဝေးတွင် ပြန်လည် ပေါ်လာခဲ့၏။
သို့သော်လည်း ယခုတစ်ကြိမ်တွင် သူ့ အော်ရာမှာ လုံးဝ ပျောက်ကွယ် နေ၏။ သူ၏ ခန္ဓာကိုယ်က အာကာသနှင့် တစ်သားတည်း အလား ပေါင်းစည်း သွားသည်။ ထူးဆန်းသည့် တပ်မဟာကြီးနှင့် ရင်ဆိုင်လိုစိတ် သူ့ထံတွင် သိပ်မရှိလှချေ။
လျှို့ဝှက် အာဏာရှင် အဆင့် တစ်သောင်းကို မကြောက်သည့်တိုင် ရှုယုမှာ နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သည့် ကာလ အတွင်း မရေမတွက်နိုင်သည့် ထောင်ချောက်များ၊ အကြံအစည်များ၊ အန္တရာယ်များမှ လွတ်မြောက်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် ဤနေရာမှာ အလွန် အစွမ်းထက်ကာ ရင်းမြစ် ကြွယ်ဝသည့် ကျင့်ကြံသူ တစ်ဦး၏ ထောင်ချောက် ဖြစ်ကြောင်း အလွယ်ကလေး ခန့်မှန်းနိုင်ပေသည်။ အခြေအနေကို မြင်သလောက်နှင့် အကဲဖြတ်ရပါက သူ့လောက် မိုက်မဲသူ ရှိလိမ့်တော့မည် မထင်ချေ။
လျှို့ဝှက် အာဏာရှင် အဆင့် တစ်သောင်း...
ထို့အပြင် အားလုံးမှာ အနိမ့်ဆုံး သေမျိုးတစ်ပိုင်း အရှင် အဆင့်၌ ရှိနေချေသည်။ ချိပ်ပိတ် နယ်မြေ အတွင်း၌ ထိုကဲ့သို့ အင်အားမျိုး မရှိချေ။ ဤကိစ္စတွင် ပြင်ပ အင်အားစု တစ်ခုခု ပါဝင်နေတာ ကျိန်းသေလှသည်။
ဟူး... ဟူး...
အော်ရာအား ဖုံးကွယ်ထားပြီး ဖြစ်သည့်တိုင် လျှို့ဝှက် စွမ်းအင်လုံးများမှာ သူ့ နောက် ဆက်လိုက် လာလေရာ ရှုယု အံအားသင့် သွားခဲ့၏။ သူ၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းသွားကာ အင်္ကျီလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။
ဟူး... ဟူး...
အာကာသ ဟင်းလင်းပြင် အတွင်း၌ လေပြင်းမုန်တိုင်းများ ဖြစ်ပေါ်လာကာ မိုင်ထောင်ပေါင်းများစွာကို တိုးဝှေ့ ရိုက်ခတ် သွားခဲ့၏။ အကျိုးဆက် အနေဖြင့် လျှို့ဝှက် စွမ်းအင်လုံး အချို့မှာ လွင့်စဉ် သွားကာ အချို့မှာလည်း လမ်းကြောင်း ပြောင်းလဲ သွားကြသည်။
“ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်းက ဒီချိပ်ပိတ် ဝင်္ကပါရဲ့ အခြေခံပဲ”
အာကာသ ဥပဒေသ အပေါ် နားလည်မှု၊ နှစ်ပေါင်း များစွာ အတွေ့အကြုံတို့နှင့် အတူ ရှုယု ကောက်ချက်ချလိုက်၏။
ဝှစ်... ဝှစ်...
ထိုအခိုက်တွင်ပင် လျှို့ဝှက် စွမ်းအင်လုံးများမှာ မူလ ဟန်ချက်ကို ပြန်လည် ရရှိသွားကြကာ နောက်တစ်ဖန် သူ့ထံသို့ ပြန်လည် တိုးဝင် လာကြပြန်သည်။
ဟူး...
နောက်ထပ် လှိုင်း တစ်ခု ဖြစ်ပေါ်လာ၏။ ယခုတစ်ကြိမ်တွင်တော့ ရှုယုမှာ ၎င်းတို့ကို မျက်စိဖြင့် မမြင်နိုင်သည့် အကွာအဝေးသို့ ရောက်သည် အထိ ပစ်လွှတ် လိုက်ခြင်း ဖြစ်ပေသည်။
ထို့နောက်တွင်တော့ ရှုယု၏ မျက်လုံးများက ဝိညာဉ် အလင်းတန်းများနှင့် ပြည့်နှက် သွားကာ ရောင်စုံ အလင်းတန်းများ ဖြာထွက်နေသည့် နံရံများကို စစ်ဆေး လိုက်၏။ မကြာခင်မှာပင် သူ့ နှလုံးသားက ပထမဆုံး အကြိမ် အဖြစ် လှုပ်ရှား သွားခဲ့သည်။
“ဘာလဲ...”
ရှုယု တုန့်ဆိုင်းခြင်း မပြုပဲ ဟင်းလင်းပြင် ကြေးမုံနှင့် သူ့ အကြားရှိ ဆက်သွယ်မှုကို ရှုယု စစ်ဆေးလိုက်သည်။ ထိုအခါ ကြေးမုံ၏ စွမ်းအား အရိပ်အငွေ့ကိုပင် ရှာမတွေ့တော့ကြောင်း သူ တွေ့ရှိ လိုက်ရ၏။
“သူတို့က ကြယ်တာရာ အသွင်ပြောင်းခြင်း အလင်းတန်းရဲ့ အပျက်အစီး အာကာသ စွမ်းရည်ကို သုံးပြီး လောကြီးနဲ့ အဆက်ဖြတ် ထားတာလား”
အဆုံးမဲ့ ခရီးသွား နယ်မြေ၊ မြို့တော် သခင် တစ်ဦး အနေဖြင့် ရှုယုထံတွင် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ထုတ်ယူနိုင်သည့် အဆောင် တစ်ခု ရှိပေသည်။ ၎င်းကို နှိုးဆော်ခြင်း အားဖြင့် ကောင်းကင် ရတနာများသာ ပိုင်ဆိုင်နိုင်သည့် လျှို့ဝှက် စွမ်းအား အချို့ကို သုံးနိုင်ပေသည်။
ရှုယု မျက်မှောင်ကြုတ် လိုက်၏။ ဤထောင်ချောက်မှာ သူ့ကို ပိတ်ထားရုံသာ မကချေ။ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံနှင့် မချိတ်ဆက်နိုင်အောင်လည်း တားဆီးထားသည်။
ဝင်္ကပါ ဖန်တီးရှင်မှာ အာကာသ ဥပဒေသကို အလွန် ကျွမ်းကျင်စွာ နားလည်ထားသည့် အပြင် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ တည်ဆောက်ပုံ၊ အားသာချက်၊ အားနည်းချက်များကိုပါ သိရှိထားသည့် လူတစ်ယောက်ဟု သူ မှတ်ချက်ချလိုက်နိုင်၏။
“ဘယ်လို ပညာရှင်က ငါ့ကို ပစ်မှတ်ထားနေတာလဲ...”
ရှုယု ဆက်လက်၍ တည်ငြိမ် မနေနိုင်တော့ချေ။ လျှို့ဝှက် အရှင်သခင် တစ်ယောက်က အဆုံးမဲ့ ခရီးသွား နယ်မြေကို ပစ်မှတ်ထား နေသည်လား။
“နေဦး... ဒီလောက် မရိုးရှင်းနိုင်ဘူး”
ရှုယု မျက်မှောင်ကြုတ် လိုက်၏။ ထိုအချိန်၌ သူ့ထံကို တိုးဝင်လာနေသည့် လျှို့ဝှက် စွမ်းအင်လုံးများ အရေအတွက်မှာ နှစ်ရာ အထိ တိုးမြင့် သွားခဲ့ပြီ ဖြစ်သည်။ တပ်မဟာကြီးမှာ သူ့ထံကို အဆက်မပြတ် တိုက်ခိုက်မှုများ ပို့လွှတ် နေပေသည်။ ရှုယုကတော့ ၎င်းတို့ကို တစ်ချက်ပင် လှည့်မကြည့်ချေ။ အင်္ကျီလက်အိုးကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းရင်း နံရံများကိုသာ အကဲခတ် နေခဲ့၏။
စွမ်းအင်လုံးများ အတွင်း ပါဝင်နေသည့် အဖျက် စွမ်းအားမှာ ကြယ်တာရာ နယ်မြေ အသေး တစ်ခုလိုပင် တမုဟုတ်ချင်း ပြာချ ပစ်နိုင်သည့်တိုင် ရှုယု အတွက်တော့ အာရုံစိုက်ရန်ပင် မထိုက်တန်ပါချေ။ ၎င်းတို့က ကိုယ့်အကန့်အသတ်ကို မသိပဲ ဆင်ပြောင်ကြီးကို တိုက်ခိုက်ဖို့ ကြိုးပမ်းနေသည့် ပုရွက်ဆိတ်များလိုပင် ဖြစ်သည်။
ဝှစ်... ဝှစ်...
ရှုယုက လက်ဟန် ချိပ်စည်း တစ်ချို့ ဖွဲ့စည်းကာ မျက်လုံး အစီအရင်ကို ပြန်လည် အသက်သွင်း လိုက်၏။ ဝိညာဉ် အလင်းတန်းများက သက်တံ့ရောင် နံရံများဆီ တိုးတင်သွားသည်။ မကြာခင်မှာပင် ရှုယု၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်း သွား၏။
“ပစ္စုပ္ပန် အချိန် စွမ်းအင်...”
ရှုယု မျက်လုံး အစီအရင်ကို ပြန်လည် ရုတ်သိမ်းလိုက်၏။ ထို့နောက်တွင်တော့ စွမ်းအင်လုံးများ၏ တိုးတင်လာမှုကို ရှောင်ရှားရန် ခန္ဓာကိုယ်ကို အခြား တစ်နေရာသို့ ရွေ့လျား လိုက်သည်။ သူက ၎င်းတို့ကို ဖယ်ထုတ်ပစ်ရန် အားထုတ်မှု အနည်းငယ်ကိုမျှ မသုံးလိုတော့ပုံ ရသည်။ ထို့အပြင် နံရံများနှင့် ခပ်ဝေးဝေးဆီ သွားနေချင်တာလည်း ပါသည်။
“အံ့အားသင့်စရာ မရှိတော့ဘူး... သူတို့က ပစ္စုပ္ပန် အချိန် စွမ်းအင်ကို သုံးပြီး မောင်းနှင်ထားတဲ့ တင်္ကပါနဲ့ ငါ့ကို ချိပ်ပိတ် ထားတာပဲ... ဘယ်လောက်တောင် ရှုပ်ထွေးလိုက်တဲ့ ထောင်ချောက်လဲ”
ရှုယု၏ လေသံက ဒေါသ အငွေ့အသက်တို့ အနည်းငယ် စွက်နေခဲ့၏။ ဝင်္ကပါကို အချိန်လေပွေ အတွင်း တည်ဆောက်ထားခြင်းအား ကြည့်ရပါက သူတို့၏ ပစ်မှတ်မှာ အဆုံးမဲ့ ခရီးသွား နယ်မြေ အတွင်းရှိ မည်သည့် ထိပ်သီး ပုဂ္ဂိုလ်ကို မဆို ဖြစ်နိုင်ပေသည်။ လောကရှန့်ထို အဆင့် ကျင့်ကြံသူများသာလျှင် အချိန်လေပွေ အတွင်း လုံခြုံ ဘေးကင်းစွာ စူးစမ်း ရှာဖွေနိုင်သည် မဟုတ်ပါလား။ ထိုအထဲ၌ သူက ကံမကောင်းခဲ့ခြင်းသာ ဖြစ်သည်။
***