ရှုယု၏ စွမ်းအား
Vol. 83 Ch. 1151
“ဒီချိပ်ပိတ် ဝင်္ကပါကို မောင်းနှင်နေတဲ့ စွမ်းအားက မြေကြီး ရှန့်ထို အဆင့်မှာ ရှိနေတာ ကံကောင်းတာပဲ... ကောင်းကင်က အမြဲတမ်း လမ်းကြောင်း တစ်ခုတော့ ချန်ထားပေးတယ်”
ရှုယု မှတ်ချက်ချလိုက်ရင်း လှောင်အိမ် အတွင်းမှ လွတ်မြောက်နိုင်မည့် အချိန်ကို တွက်ချက် လိုက်၏။
“သုံးမိနစ်လား...”
ရှုယု ခေါင်းခါလိုက်၏။
“ဟင့်အင်း... နှစ်မိနစ်ဆို လုံလောက်တယ်”
သူက အရည်အချင်း မရှိပဲ အဆုံးမဲ့ ခရီးသွား နယ်မြေ၏ မြို့တော်သခင် တစ်ယောက် ဖြစ်လာခဲ့ခြင်း မဟုတ်ချေ။ အချိန်နှင့် အာကာသ ကျင့်စဉ်များ အပေါ် သူ့နားလည်မှုမှာ အဆင့်တူ ကျင့်ကြံသူ များစွာထက် ကျော်လွန်နေသည်။ ရှုယု အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။
ဝှစ်...
ထိုအခိုက်တွင် ထောင်ပေါင်းများစွာသော စွမ်းအင် ဥက္ကာခဲများမှာ တိုးဝင်လာပြန်လေရာ သူ နောက်တစ်ကြိမ် နေရာ ရွှေ့ပြောင်းလိုက်ရပြန်သည်။ ကြောင်နှင့်ကြွက် လိုက်တမ်း ပြေးကစားနေသယောင် ထင်ရသည့်တိုင် ရှုယု အမြင်၌ သူကသာ ကြောင် ဖြစ်သည်။ သူ ထိုစွမ်းအင်လုံးများကို တစ်ကြိမ်တည်း ရှင်းပစ်နိုင်ပေသည်။ တံခါးကို ရှာဖွေရင်း ၎င်းတို့ စုပြုံလာသည့် အချိန်ကို စောင့်ဆိုင်း နေခြင်းသာ ဖြစ်သည်။
အဆိပ်ပညာနှင့် ဗျူဟာ ခင်းကျင်းခြင်းကို အထူးပြု လေ့လာသည့် အမျိုးသမီး ကွန်မန်ဒါမှာ ကျန့်ကျန့်၏ နံဘေးတွင် ရပ်ကာ ရှုယု၏ အလွန် လျှင်မြန်သည့် လှုပ်ရှားမှုများကို လိုက်ကြည့် နေခဲ့၏။ တစ်ခါတုန်းက သူမမှာ ဝေ့ဝူယင်လက်တွင် ခေါင်းဖြတ်ကာ အသတ်ခံခဲ့ရဖူးပေသည်။
ယခုအခါတွင်တော့ သူမ၏ အော်ရာမှာ ထင်မှတ် မထားလောက်အောင် တိုးတက် ပြောင်းလဲ သွားခဲ့ကာ မြေကြီး ရှန့်ထို အဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သူမ၏ နာမည်က ကျန်းကု ဟူ၏။
“အရေအတွက်ကတော့ လုံလောက်တဲ့ အထိ ရောက်ပြီ ကွန်မန်ဒါ...”
ကျန်းကုက တိတ်တိတ်ကလေး ပြောလိုက်၏။ အဝေးရှိ မိုးကုပ်စက်ဝိုင်း တစ်ဆုံးကို လှမ်းကြည့်ရင်း သူမ၏ မျက်လုံးများက အလွန်ပင် တည်ငြိမ်နေသည်။
ရှုယုကတော့ သူတို့ ရှိရာဘက် လှမ်း၍ပင် လှည့်မကြည့်ချေ။ သူ၏ လှုပ်ရှားမှုနှင့် တုန့်ပြန်ပုံတို့က အကြောက်အလန့် ကင်မဲ့နေကာ မည်သည့် အန္တရာယ်ကိုမှ ဂရုမစိုက်ဟန် ရသည်။ မြေကြီး ရှန့်ထို ခြောက်ယောက်၊ သေမျိုးတစ်ပိုင်း အရှင် အဆင့် ထောင်ဂဏန်းလောက်ဖြင့် သူ့ကို ဘာလုပ်နိုင်မည်နည်း။ စစ်တပ်တစ်ခုလား... သူ့အတွက်တော့ ယင်ကောင်များသာ ဖြစ်သည်။
ဤသည်ကတော့ သူ မှားယွင်းကြောင်း သက်သေပြရမည့် အချိန် ဖြစ်သည်။
ကျန့်ကျန့်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူက လက်ကို မြှောက်ကာ လက်သီးကို ဖြည်းညင်းစွာ ဆုတ်လိုက်သည်။
ဝှစ်... ဝှစ်...
ရှုယုမှာ ရှောင်ထွက်သွား၍ သော်လည်းကောင်း အင်္ကျီလက်ကို ဝှေ့ယမ်း၍သော်လည်းကောင်း ရှောင်ထွက် သွားနေခဲ့၏။ ဝင်္ကပါ အတွင်းရှိ ချို့ယွင်းချက် တစ်ချို့ကိုတော့ သူ တွေ့ရှိခဲ့ပြီး ဖြစ်ပေသည်။ ဝင်္ကပါကို ချိုးဖျက်နိုင်လျှင် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံနှင့် ဆက်သွယ်မှုကို ပြန်လည် ရရှိလိမ့်မည် ဖြစ်သည်။ အဆိုပါ ကောင်းကင် ရတနာ၏ အကူအညီနှင့် ဆိုပါက လျှို့ဝှက် အရှင်သခင်များပင်လျှင် သူ့လမ်းကို တားဆီးရဲကြတော့မည် မဟုတ်ချေ။ ရှုယု တစ်ယောက် ဤနေရာမှ မြန်နိုင်သမျှ မြန်မြန် ထွက်ခွာချင်နေခဲ့ပြီ ဖြစ်သည်။
ဘုန်း... ဘုန်း... ဘုန်း...
ရုတ်တရက် ရှုယုထံ အဘက်ဘက်မှ ဝန်းရံ တိုးဝင် လာနေသည့် စွမ်းအင် ဥက္ကာခဲများမှာ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ အဖြစ် ပေါက်ကွဲ သွားကြသည်။ ထိုပေါက်ကွဲမှုများက အလွန်တရာပင် ပြင်းထန်လှကာ နေရာတိုင်းရှိ အကာသနယ်များကိုပင် ပြိုကျသွားစေသည်။ သာမန် မြေကြီး ရှန့်ထိုများ ဆိုပါက ထိုနေရာတွင် အမှုန်အမွှား အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။ ထို့အပြင်... ဤနေရာ၌ ဟင်းလင်းပြင် ခုန်ကျော်ခြင်းကို ကန့်သတ်ထားလေရာ ရှောင်တိမ်းလိုလျှင်ပင် ၎င်းတို့ကို ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်သည်။
သို့သော်လည်း... ရှုယုကတော့ နှာခေါင်းတစ်ချက်သာ ရှုံ့လိုက်၏။ သူ၏ လျှို့ဝှက် အော်ရာက ပေါက်ကွဲ ထွက်ပေါ်လာကာ ထိန်းချုပ်ထားသည့် လျှို့ဝှက် စွမ်းအင်များမှာ ပတ်ဝန်းကျင်ကို လွှမ်းခြုံ သွားသည်။ လောကကို အစိုးရသည့် ဧကရာဇ် တစ်ပါး ဖြစ်ကြောင်း ကြေညာသည့် အလား လောကဆန္ဒမှာ ရှုယု၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။
ဟူး... ဟူး...
လောကနှလုံးသား... လျှို့ဝှက် လောက ရည်ရွယ်ချက်...
လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်...
လောကသခင် တစ်ပါး၏ သင်္ကေတ...
ရှုယု၏ အော်ရာမှာ နတ်ဘုရား တစ်ပါး အလား ခန့်ညား လွန်းလှ၏။ သူက အပြောကျယ်သည့် အာကာသ နယ်အတွင်း ရပ်တည်နေကာ တောက်ပသည့် သက်တံ့ရောင် နံရံများက အဘက်ဘက်မှ ဝန်းရံနေသည်။ ပိန်လှီကာ အားနည်းပုံ ပေါ်သည့် သူ၏ ခန္ဓာကိုယ်လေးမှာ ပတ်ဝန်းကျင်ရှိ တည်ရှိမှု မှန်သမျှကို လှုပ်ခါနေစေခဲ့သည်။ ချွင်းချက် ဟူ၍ မရှိပါချေ။
ဘုန်း... ဘုန်း...
ကြီးမားသည့် ငလျင်ကြီး တစ်ခုနှင့် ရင်ဆိုင်လိုက်ရသည့် အလား ကျန့်ကျန့် အပါအဝင် ထောင်ပေါင်းများစွာသော စစ်ဝိညာဉ်များ၏ ခန္ဓာကိုယ်များမှာ လှုပ်ခါ သွားကြသည်။ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို တုန့်ပြန်သည့် အနေဖြင့် သူတို့၏ လျှို့ဝှက် အော်ရာများမှာ ကမ္ဘာပျက်မတတ် တုန်ခါ သွားကြ၏။
ဝှစ်... ဝှစ်...
တပ်စိတ် တစ်ခု၏ စုပေါင်း အားထုတ်မှုဖြင့် ဖြစ်ပေါ်လာသည့် ပေါက်ကွဲမှု စွမ်းအင်လှိုင်းများကို ရှုယုမှာ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဖြေရှင်းပစ်လိုက်ပြီ ဖြစ်သည်။ သူ၏ အသက် တစ်ရှိုက်စာ အတွင်းမှာပင် အရာ အားလုံး ချွင်းချက် မရှိ ရပ်တန့် သွားခဲ့ရပြီ ဖြစ်သည်။ ၎င်းက ရှုယု အတွက်တော့ ပင်ပန်းစရာ မရှိသည့် အားထုတ်မှု တစ်ခု ဖြစ်ပေသည်။
ကျင့်ကြံသူများမှာ ပိုမို၍ တိုးတက်လာလေလေ၊ အဆင့်တစ်ခုချင်းစီ အကြား စွမ်းအင် ကွာဟချက်မှာ ပိုမို၍ ကြီးမားလာလေလေ ဖြစ်သည်။ မြေကြီး ရှန့်ထို အဆင့် တစ်ရာ ပါဝင်၍ လျှို့ဝှက် လောက ရတနာဖြင့် တည်ဆောက်ထားသည့် ဝင်္ကပါ တစ်ခု ဆိုပါက ရှုယု စိုးရိမ်ကောင်း စိုးရိမ်မိလိမ့်မည် ဖြစ်သော်လည်း ဤလောက်ကတော့ သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်ပါချေ။
သို့သော်လည်း... ရှုယုကတော့ စစ်တပ်ကို ထိပ်တိုက် ရင်ဆိုင်ခြင်း မပြုပါချေ။ နှစ်ပေါင်း သောင်းချီ အသက်ရှင်ခဲ့သည့် ကာလ အတွင်း သူက အမြဲတမ်း သိုသိပ်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ထောင်ချောက်များကို အမြဲတမ်း ရှောင်ရှားနိုင်ခဲ့ကာ မနိုင်လောက်သည့် လူများကိုလည်း ဘယ်တော့မှ ဆန့်ကျင်ခြင်း မပြုခဲ့ချေ။
သူ့အမြင်၌ ထိုစစ်သားများမှာ အလွန် အစွမ်းထက်သည့် ကျင့်ကြံသူ တစ်ယောက်၏ အမိန့်အောက်တွင် လှုပ်ရှားနေရခြင်း ဖြစ်သည်။ မြေကြီး ရှန့်ထို ခြောက်ယောက် အပါအဝင် ထောင်ပေါင်း များစွာသော သေမျိုး တစ်ပိုင်း အရှင်များ အတွက် လိုအပ်သည့် ကုန်ကျစရိတ်ကို တော်ရုံတန်ရုံလူက တတ်နိုင်လိမ့်မည် မဟုတ်ပါချေ။ အကယ်၍ သူသာ ထိုစစ်တပ်ကြီးကို ရှင်းလင်းလိုက်ပါက သူ့နောက်ကွယ်ရှိ လူနှင့် ဖြေရှင်းမရနိုင်သည့် ရန်ငြိုး တစ်ခု သွယ်မိသွားလိမ့်မည် ဖြစ်သည်။
စိတ်မသက်သာစွာဖြင့် ပင့်သက် တစ်ချက် ရှိုက်လိုက်ရင်း ရှုယု နံရံများကိုသာ ဆက်လက် ရှာဖွေ လိုက်သည်။ လုံလောက်သည့် အချိန်တစ်ခုသာ ရရှိပါက လွတ်မြောက်နိုင်မည့် အခွင့်အရေးက ကျိန်းသေ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။ တကယ်ဆိုလျှင် ထိုစစ်သည်များမှာ အရေအတွက် များတိုင်း သူ့ကို ကိုင်တွယ်၍ ရနိုင်မည် မဟုတ်ကြောင်း နားလည် သင့်သည်။
“လောက ရှန့်ထို တစ်ယောက်...”
နဂါးခေါင်းဆောင်း အောက်ရှိ ကျန့်ကျန့်၏ မျက်လုံးများမှာ ထက်ရှနေကာ စစ်အလင်းရောင်များနှင့် တောက်ပ နေခဲ့၏။
“နောက်ပြီး သူက သာမန် လောကရှန့်ထို အဆင့် မဟုတ်ဘူး...”
ပိန်ပါးသည့် လူအိုကြီး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် လျှို့ဝှက် အော်ရာနှင့် လောကဖိအားများမှာ လောကရှန့်ထိုများထဲတွင်ပင် ထူးချွန်သည့် အဆင့် တစ်ခု၌ ရှိသည်။
ရှုယုမှာ အဆုံးမဲ့ ခရီးသွား နယ်မြေ၏ မြို့တော် သခင် တစ်ယောက် ဖြစ်သည်။ ထိုရာထူးမှာ စိတ်ကူး မယဉ်နိုင်လောက်အောင် များပြားသည့် အကျိုးအမြတ်များ ရှိလေရာ ရှုယုမှာ အဆင့်တူ ကျင့်ကြံသူ များစွာနှင့် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ရသည်။ နောက်ဆုံးတွင်တော့ သူ ထိုထိုင်ခုံကို ရယူနိုင်ခဲ့သည်။ အချိန်နှင့် အာကာသကို နက်ရှိုင်းစွာ နားလည်ထားသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် နတ်ဆိုးတစ်ပါးလို အစွမ်း မထက်လျှင်ပင် သူက လေးစားခံထိုက်သူ တစ်ယောက် ဖြစ်ကြောင်း သံသယ ရှိစရာ မလိုပါချေ။
စစ်ဝိညာဉ်များကို ရင်းနှီး မြှုပ်နှံကာ အဆက်မပြတ် မြှင့်တင်ပြီး နောက်တွင် စစ်အဆောင်၏ အပြောင်းအလဲများ အကြောင်းကို ကျန့်ကျန့် တစ်ခါက ဝေ့ဝူယင်အား ပြောပြခဲ့ဖူးသည်။ ဝေ့ဝူယင်သာ ဆန္ဒ ရှိပါက ထိုစစ်အဆောင်ကို သုံးကာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို သိမ်းပိုက်လို့ ရသည်။ ဝိညာဉ် ရှန့်ထို ဧကရာဇ်မှာ ချိပ်ပိတ် နယ်မြေ၏ ထိပ်တန်း ကျင့်ကြံသူ သုံးယောက်၌ ပါဝင်သည် ဆိုလျှင်... ကျန့်ကျန့်၏ အမြင်အရ မြေကြီး ရှန်ထို ကိုးယောက်နှင့် သေမျိုးတစ်ပိုင်း အရှင် အဆင့် ၉၉၉၀ ယောက် ချန်ထားလိုက်ဦး... သူ တစ်ဦးတည်းနှင့်ပင် မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို ရှင်းလင်းဖို့ လုံလောက်သည်။
ဝေ့ဝူယင်၏ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်မှုများ အပြီးတွင် သူ့လက်အောက်ရှိ တပ်ရင်း ကွန်မန်ဒါ ကိုးယောက်မှာ မြေကြီး ရှန့်ထို အဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်ကာ တစ်ယောက်ချင်းစီမှာ ဝိညာဉ် ရှန့်ထို ဧကရာဇ်နှင့်ပင် ယှဉ်နိုင်သည် အထိ အစွမ်းထက် နေကြပြီ ဖြစ်သည်။ ကျန်စစ်သည် ၉၉၉၀ ဦးမှာလည်း သေမျိုး တစ်ပိုင်း အရှင် အဆင့်ကို တက်လှမ်းခဲ့ကြပြီး ဖြစ်သည်။ ထိုစစ်တပ်ကြီးနှင့် ဆိုပါက ချိပ်ပိတ်နယ်မြေ အတွင်း ကျိန်းသေ ဗိုလ်လုပ်နိုင်ပြီဟု ကျန့်ကျန့် တွေးခဲ့သည်။
သို့သော်လည်း... ရှုယုမှာ သူ၏ ထိုအမြင်ကို တဒင်္ဂ အတွင်း ပြောင်းလဲ သွားစေခဲ့သည်။ သာမန် လောကရှန့်ထို တစ်ယောက်လောက်ကို သူတို့ မကြောက်သည့်တိုင် ရှုယု၏ လျှို့ဝှက် အော်ရာက သူ၏ ကျင့်ကြံခြင်း အခြေခံကို ထိပ်တန်း အဆင့် လျှို့ဝှက် စွမ်းအင်များ၊ လျှို့ဝှက်မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များ၊ သွေးမူလ ကျင့်စဉ် ကဲ့သို့ လောက အဆင့် ထိပ်တန်း ကျင့်ကြံခြင်း နည်းလမ်းများနှင့် ဖြည့်စွက်ထားကြောင်း ညွှန်ပြနေသည်။ အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းသည့် ရန်သူ တစ်ယောက်ပင်။
ထိုအရာများက ပုံမှန် စစ်ကွန်မန်ဒါ တစ်ယောက်၏ အတွေးများ ဖြစ်သည်။ ကျန့်ကျန့် ဖြူရော်စွာ ပြုံးလိုက်ရင်း ရန်သူ အတွက် စိတ်မကောင်းဟန်ဖြင့် ခေါင်းကို ခါယမ်း လိုက်မိသည်။ ဝေ့ဝူယင် ဖန်တီးထားသည့် လုပ်ကြံ သတ်ဖြတ်ရေး အစီအစဉ်တွင် အမှားအယွင်း မရှိချေ။ ၎င်းက အလွန် လှပကာ အဆင့်ဆင့်သော အရံ အစီအစဉ်များဖြင့်လည်း ခြံရံထားသေးသည်။ ရှုယု ဘယ်လောက်ပဲ အစွမ်းထက်ထက် ၎င်းမှ ရုန်းထွက်နိုင်ဖို့ ဖြစ်နိုင်ချေ မရှိသလောက် ဖြစ်သည်။
မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း မသိသော်လည်း လောကီမျက်လုံး အဆင့်ကို ရောက်ရှိပြီး နောက်တွင် သူတို့၏ သေမျိုး သခင်လေးမှာ ကြောက်မက်ဖွယ် ကောင်းအောင် ပြောင်းလဲ သွားခဲ့သည်။ သူ့ကို ကြည့်လိုက်တိုင်း နှစ်ပေါင်း ထောင်ချီ ဒုက္ခများအား ဖြတ်ကျော်လာသည့် လူသစ် တစ်ယောက်လို ခံစားရသည်။ ယခင်က သူက မိစ္ဆာ ပေါက်စလေး ဆိုလျှင် ယခုအခါ နတ်ဆိုးတစ်ကောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုအပြောင်းအလဲက ကျန့်ကျန့်ကို စိတ်လှုပ်ရှားစေသည်။ ကြောက်လည်း ကြောက်လန့် စေသည်။
ဆက်စပ်မှု စစ်မြေပြင်တွင် ဝေ့ဝူယင်၏ ဆေဘာအောက်၌ ခေါင်းဖြတ် အသတ်ခံခဲ့ရသည့် မြင်ကွင်းကို ကျန့်ကျန့် ပြန်လည် မြင်ယောင်လာမိ၏။ လူငယ်လေး၏ ဉာဏ်ရည် ဉာဏ်သွေး၊ ပါရမီ၊ စိတ်ဓာတ်ခွန်အားနှင့် ယုံကြည်မှုတို့ကို တွေးတောရင်း ကျန့်ကျန့်၏ သွေးများမှာ နေကြယ်ထက်ပင် ပိုမို ပူလောင် လာခဲ့၏။ သူ သခင်ရ မှန်ခဲ့ပြီ ဖြစ်သည်။
ဝိညာဉ် အလင်းဖြင့် သန့်စင်ခံထားရသည့် စစ်ဝိညာဉ် တစ်ယောက် အနေဖြင့် သူ၏ အနာဂတ် အလားအလာကို သခင် ဖြစ်သူ၏ အရည်အသွေးက အဆုံးအဖြတ် ပေးလိမ့်မည် ဖြစ်သည်။ အကယ်၍ ချိပ်ပိတ် အစီအရင် ကြောင့်နှင့် ဝေ့ဝူယင်၏ အစီအစဉ်များကြောင့်သာ မဟုတ်ပါက လွန်ခဲ့သည့် နှစ်ပိုင်း ကတည်းက သူ လောက ရှန့်ထို အဆင့်ကို တက်လှမ်းပြီးခဲ့လောက်ပြီ ဖြစ်သည်။ ထိုအခါ ရှုယုနှင့် မှန်ကန့်သည့် တိုက်ပွဲ တစ်ခုကို မျက်နှာချင်းဆိုင် ဆင်နွှဲ နိုင်ပေလိမ့်မည်။ တကယ်ပင် ကံဆိုးလွန်းသည်။
“အချိန်ကျပြီ...”
ကျန့်ကုက တည်ငြိမ်စွာဖြင့် ကြေညာလိုက်၏။ ထောင်ပေါင်းများစွာသော စစ်သည်များမှာ တိတ်ဆိတ် နေကြသော်လည်း နိုးကြား တက်ကြွနေကြကာ စစ်ပွဲအတွက် အဆင်သင့် ဖြစ်နေကြသည်။ သူတို့က အချိန်ကျ လာမည့် အချိန်ကို စောင့်ဆိုင်း နေကြခြင်း ဖြစ်သည်။ လောကရှန့်ထို တစ်ယောက်နှင့် ရင်ဆိုင်နေရသည့် အတွက် လေးလံမှုများ ရှိသည့်တိုင် ယုံကြည်ချက်နှင့် တိုက်ပွဲဝင် စိတ်ဓာတတို့က သူတို့၏ မျက်ဝန်းများထဲတွင် အရှိန်အဟုန် ပြင်းစွာ တောက်လောင်နေဆဲ ဖြစ်ပေသည်။
ရှုယုကတော့ ဝင်္ကပါကို ချိုးဖျက်ဖို့ အတွက် ရှာဖွေရင်း ဆက်လက် အလုပ်များ နေခဲ့သည်။ အစစ်အမှန် စွမ်းအားကို ထုတ်ဖော် ပြသပြီး နောက်တွင် နောက်ထပ် ထပ်မံ၍ သရုပ်ပြစရာ မလိုတော့ဟု သူ ယုံကြည်သည်။ ဤပမွှားစစ်တပ် ကလေးမှာ ကွဲပြားခြားနားမှုကို သဘောပေါက်သင့်ပေသည်။ သူနှင့် တိုက်ခိုက်လို့ နိုင်နိုင်စရာ အကြောင်းရင်း သူတို့ထံတွင် မရှိပါချေ။
ဆက်လက် တိုက်ခိုက်ခြင်း မပြုပဲ ငြိမ်သက်သွားသည့် စစ်သည်များကို ကြည့်ရင်း ရှုယု အနည်းငယ် ပြုံးလိုက်မိ၏။ ကြည့်ရသည်က တပ်ရင်း ကွန်မန်ဒါ ဖြစ်ဟန် တူသည့် နဂါးခေါင်းဆောင်းနှင့် မြေကြီး ရှန့်ထိုမှာ သူတို့၏ အတိုင်းအတာနှင့် ရန်သူ၏ ခွန်အားကို သဘောပေါက်သွားဟန် ရသည်။
“ကိုယ့်အကြောင်းကိုတော့ ကိုယ်သိတာပဲ... တကယ့် အရူးတွေ...”
ရှုယု ပြုံးလိုက်ရင်း ဝင်္ကပါ၏ အားနည်းချက်ကို ဆက်လက် ရှာဖွေလိုက်သည်။ တစ်မိနစ် ဆိုသည့် အချိန်အတိုင်းအတာ အတွင်းမှာပင် ဝင်္ကပါကို ထိုးဖောက်၍ အပြင်သို့ ထွက်ခွာသွားနိုင်ရန် သူ ယုံကြည်ချက် အပြည့်အဝ ရှိနေပေသည်။
“ဟမ်...”
ရုတ်တရက်... ရှုယု တစ်စုံတစ်ရာကို အနံ့ခံမိဟန်ဖြင့် နှာခေါင်းကို တရှုံ့ရှုံ့ လုပ်လိုက်၏။ လျှို့ဝှက် ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို စစ်ဆေး ကြည့်လိုက်တော့ ပုံမှန် မဟုတ်တာ တစ်ခုမှ မရှိကြောင်း တွေ့လိုက်ရသည်။ သူ ထိုအချင်းအရာကို လျစ်လျူ လိုက်၏။
“မဟုတ်သေးဘူး...”
အဘယ်ကြောင့်မှန်း မသိသော်လည်း စိတ်ထဲ အနည်းငယ် လေးလံလာသလို ရှုယု ခံစားလိုက်ရသည်။ အလွန် ဖျော့တော့သည့် အနံ့ တစ်ခုမှာ သူ နှာသီးဝဆီ မသိမသာ တိုးဝင်လာနေပေသည်။ သို့သော်လည်း... ဤနေရာမှာ အမှောင် ဟင်းလင်းပြင်နှင့် ဆင်တူသည့် သီးခြား အာကာသ နေရာမျိုး ဖြစ်သည်။ ရေမရှိသလို၊ လေလည်း မရှိချေ။ ကုန်ကုန် ပြောရလျှင် သက်ရှိများ အသက်ရှင်သန်ရန် လိုအပ်သည့် မည်သည့် ဓာတ်ငွေ့မှ ရှိမနေပါချေ။ ဤသို့ဆိုလျှင် မည်သည့် အရာက ထိုရနံ့ကို သယ်ဆောင်လာသနည်း။ ထိုရနံ့ကရော အဘယ်နည်း။
ရှုယု နှာခေါင်းကို တရှုံ့ရှုံ့ လုပ်လိုက်ပြန်၏။
***