ရှုယု၏ ကံကြမ္မာ
Vol. 83 Ch. 1152
“ဒီနေရာမှာ အနံ့တစ်ခု ရှိနေတာတော့ သေချာတယ်...”
ရှုယုမှာ အလွန် သတိကြီးသူ တစ်ယောက် ဖြစ်လေရာ တစ်ခုခု မူမမှန် နေကြောင်း သတိပြုမိလိုက်လေပြီ ဖြစ်သည်။ သူက ဝင်္ကပါအား ရှာဖွေ နေမှုကို ရပ်တန့်လိုက်ကာ ဝိညာဉ် အာရုံကို ဖြန့်ကျက်၍ တစ်လောကလုံးအား လွှမ်းခြုံလိုက်၏။ သူ၏ လျှို့ဝှက် အော်ရာက ထောင်ပေါင်းများစွာသော လျှို့ဝှက် အာဏာရှင်များထံ အရှိန်အဟုန်နှင့် ရိုက်ခတ် သွားလေသည်။
“အချိန်ကျပြီ...”
ရုတ်တရက် ကျန့်ကျန့်က အော်ဟစ်လိုက်၏။ သူ၏ လေသံက နဂါးတစ်ကောင်၏ ဟိန်းဟောက်သံ ကဲ့သို့ ကျယ်လောင်ကာ တစ်လောကလုံးကို လွှမ်းခြုံသွားသည်။
“တက်...”
မဆိုင်းမတွပင် ထောင်ပေါင်းများစွာသော စစ်သည်များမှာ ကွန်မန်ဒါများ၏ ဦးဆောင်မှုနှင့် အတူ ရှုယုထံသို့ အပြင်းအထန် ချီတက် လာကြတော့သည်။ သူတို့၏ ပျံသန်းနှုန်းက အလွန်ပင် မြန်ဆန်လွန်းလှကာ အော်ရာ များမှာလည်း အရှိန်အဟုန်နှင့် ပေါက်ကွဲ ထွက်ပေါ် နေကြ၏။ သွေးဆာ သတ်ဖြတ်လိုသည့် ဆန္ဒက အရပ် ရှစ်မျက်နှာကို ဖိနှိပ်ထားသည်။
ရှုယု အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ ရနံ့က မည်သည့် အရပ်မျက်နှာမှ လာကြောင်း သူ ထောက်မပြနိုင်ပါချေ။ ဘာပဲ ဖြစ်ဖြစ် ကိစ္စတော့ မရှိချေ။ သူ ထျန်းတျန်နှင့် ဆက်သွယ်လိုက်ကာ တိုးဝင်လာနေသည့် ပိုးဖလံလေးများကို အစစ်အမှန် ခွန်အားက မည်သည့် အရာ ဖြစ်ကြောင်း ပြသဖို့ ပြင်လိုက်၏။
သို့သော် သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ ခန္ဓာကိုယ် အတွင်းရှိ လျှို့ဝှက် စွမ်းအင်းများက နှေးကွေး လေးလံနေသည်ကို ရှုယု တွေ့လိုက်ရ၏။ သူ၏ ကျင့်ကြံခြင်း အခြေခံက လဲပြိုကျလုနီးပါး ဖြစ်နေခဲ့သည်။ တစ်စုံတစ်ရာက သူ၏ အမြုတေကို ဝါးမြို ခိုးယူ သွားသလိုမျိုးပင်။
ဘုန်း...
ရှေ့ဆုံးမှ ချီတက်လာသည့် ကျန့်ကျန့်၏ တိုက်ခိုက်မှုက ရိုးရှင်းလှ၏။ အရိုင်းဆန်သည့် လက်သီး တိုက်ခိုက်မှု တစ်မျိုးပင်။ သို့သော်လည်း... ၎င်းက အလွန်တရာပင် ပြင်းထန်လှကာ ရှုယု၏ ရင်ဘတ်ထံ ပြင်းထန်စွာ ကျရောက် လာခဲ့၏။
အလိုအလျောက် ခုခံမှု တစ်ခု အဖြစ် ရှုယု လျှို့ဝှက် စွမ်းအားကို လှည့်ပတ်ကာ လျှို့ဝှက် အကာအကွယ် တစ်ခု ထုတ်ဖော်လိုက်သည်။ သူ အောင်မြင်ခဲ့ပါသည်။ လျှို့ဝှက် အကာအကွယ်မှာ သူ့ခန္ဓာကိုယ်ကို လက်သီးချက်မှ ကာကွယ်လိုက်နိုင်၏။ သို့သော်လည်း... သူ၏ ခန္ဓာကိုယ်ကို နောက်သို့ မိုင်ပေါင်း တစ်ရာခန့် လွင့်စဉ် သွားစေခဲ့သည်။ တစ်ချိန်တည်း၌ သူက လက်ဝါးတစ်ချက်ကို ဆန့်ထုတ်၍ တိုက်ခိုက်မှု တစ်ခုကို ဖော်ထုတ်ခဲ့လေရာ ထောင်ပေါင်းများစွာသော စစ်သည်များ၏ အရှိန်များမှာ ရပ်တန့် သွားခဲ့ရ၏။
ရှုယုမှာ မယုံကြည်နိုင်လောက်အောင် မြင့်မားသည့် ရုပ်ပိုင်း ဆိုင်ရာ ခွန်အားကို ပိုင်ဆိုင်ထားပေသည်။ ခန္ဓာကိုယ် ကျင့်ကြံသူ တစ်ယောက် မဟုတ်သလို သားရဲတစ်ကောင်လည်း မဟုတ်သည့်တိုင်အောင် သူ၏ ခန္ဓာကိုယ်မှာ နေကြယ်များကို လက်ဗလာဖြင့် ဖျက်ဆီးနိုင်သည် အထိ သန်မာခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် ရှုယုမှာ လျှို့ဝှက် အာဏာရှင် အဆင့်များကြားတွင် နတ်ဘုရား တစ်ပါးလို သန်မာနေဆဲ ဖြစ်ပေသည်။
“ဘာဖြစ်တာလဲ...”
ကိုယ်ရှိန် သတ်လိုက်ပြီး နောက်တွင် ရှုယု မယုံကြည်နိုင်စွာဖြင့် မေးခွန်းထုတ် လိုက်၏။ သူ၏ လျှို့ဝှက် အကာအကွယ်ကတော့ အဆက်မပြတ် တုန်ခါနေကာ ပျက်စီးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ရှုယု၏ မျက်မှောင်ကြုတ်လိုက်ကာ သူ့ ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်၏။ ထိုအခါ တစ်စုံတစ်ရာမှာ သူ၏ စိတ်၊ ရုပ်၊ အမတေ၊ ဝိညာဉ် စသည့် အရေးကြီးသည့် လျှို့ဝှက် စွမ်းအင်များ အပေါ် သက်ရောက်နေကြောင်း သတိထားမိလိုက်၏။ ၎င်းတို့မှာ မမြင်နိုင်သည့် အင်အား တစ်ခု၏ ဝါးမြို တိုက်စားခြင်းကို ခံရသည့် အလား ကြောက်မက်ဖွယ် ကောင်းအောင်ပင် ကျဆင်း နေခဲ့သည်။
အတွင်းပိုင်း အခြေအနေများ ဆက်တိုက် ယိုယွင်း လာနေသည်ကို ကြည့်ရင်း စောစောပိုင်းက ရနံ့ကို ရှုယု ပြန်လည် သတိရလိုက်မိ၏။ သူ၏ စိတ်က လျှင်မြန်စွာ တည်ငြိမ်သွားကာ လက်ကျန် လျှို့ဝှက် စွမ်းအင်များကို သုံးရင်း ကျူးကျော်လာသည့် ပြင်ပ အင်အားကို ရပ်တန့်ဖို့ ကြိုးပမ်းလိုက်သည်။
“အဆိပ်...”
သူ အဖြေကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။ အကယ်၍ ရှုယု နေရာတွင် အခြား ကျင့်ကြံသူ တစ်ယောက် ဆိုပါက မမျှော်လင့်ထားသည့် အဖြစ်အပျက်ကြောင့် ကြောက်ရွံ့ ထိတ်လန့်ကာ သွေးပျက် နေလောက်ပြီ ဖြစ်သည်။ သိ့သော်လည်း ရှုယုကတော့ နှစ်ပေါင်း သောင်းနှင့်ချီ အသက်ရှင်ခဲ့သည့် မြေခွေးအိုကြီး ဖြစ်သည်။ ဤသည်က သူ့ဘဝတွင် ပထမဆုံး အကြိမ် အဆိပ်မိခြင်းပင် မဟုတ်ချေ။
ရှုယု ခပ်မြန်မြန်ပင် ရှန့်ထို လက်စွပ်ထဲမှ လျှို့ဝှက် မြေကြီး ထိပ်ဆုံး အဆင့် အဆိပ်ဖြေ ဆေးတစ်လုံးကို ထုတ်ယူကာ သောက်လိုက်သည်။ သူ၏ လှုပ်ရှားမှု တစ်ခုချင်းစီက အလွန်ပင် ချောမွေ့ကာ အထစ်အငေါ့ မရှိပါချေ။
“တိုက်...”
အခြားတစ်ဖက်၌ ကျန့်ကျန့်မှာ ရှုယု အခြေအနေ ပြန်လည် ကောင်းမွန်လာသည် အထိ သနား ညှာတာစွာ စောင့်ဆိုင်းခြင်း မပြုပါချေ။ သူ စစ်တပ်ကြီး တစ်ခုလုံးကို ဦးဆောင်ကာ ရှုယုထံ အရှိန်အဟုန်နှင့် တိုးဝင် လာခဲ့၏။ တစ်ဦးချင်း နှိုင်းယှဉ်ရပါက သူတို့မှာ ရှုယုထက် အားနည်းနေဆဲ ဖြစ်သည့်တိုင် တပ်မဟာ တစ်ခု အနေဖြင့်တော့ သူတို့မှာ ရှုယုကို လွယ်ကူစွာ ယှဉ်နိုင်ပေသည်။
ကျင့်ကြံသူများ၏ အစစ်အမှန် စစ်တပ် တစ်ခုမှာ သေမျိုးများလို ပြန့်ကျဲနေခြင်း မရှိပါချေ။ အတူတကွ စုပေါင်းကာ ဝင်္ကပါများ၊ တိုက်ခိုက်ရေး နည်းဗျူဟာများကို ထုတ်ဖော်နိုင်သည့် စုဖွဲ့မှုမျိုး ဖြစ်သည်။ အတူတကွ စုပေါင်းပါက သူတို့မှာ လောကရှန့်ထို တစ်ယောက်ကိုပင် တိုက်ခိုက်နိုင်ပေသည်။
ဟူး... ဟူး...
ထောင်ပေါင်းများစွာသော စစ်သည်များမှာ ရှုယုထံ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များနှင့် ချီတက် လာကြ၏။ ၎င်းကို အလွန်အမင်း ရိုးရှင်းသည့် ဗျူဟာ တစ်ခုဟု ယူဆနိုင်သော်လည်း အစီအရင်များ၊ ကျင့်စဉ်များနှင့် ထုဆစ်ထားသည့် အပြင် ထိုးစစ်ဆင်ချိန်ကိုလည်း အလျှင်မြန်ဆုံး စတင်နိုင်ပေသည်။
သူတို့၏ တိုးဝင်လာမှုမှာ အလွန် လျှင်မြန်လွန်းရကား ရှုယုမှာ အဆိပ်ဖြေဆေးကို သန့်စင်ရန် အချိန်ပင် မရလိုက်ပါချေ။ စစ်သည်ထောင်ပေါင်းများစွာ၏ စုပေါင်း လျှို့ဝှက် အော်ရာအောက်တွင် သူ၏ လျှို့ဝှက် အကာအကွယ်မှာ တမုဟုတ်ချင်း ယိုယွင်း ပျက်စီးလာခဲ့၏။
“...”
ရှုယု၏ မျက်ဝန်းများက မီးတဝင်းဝင်း တောက်ပသွားကာ နောက်ကို အရှိန်အဟုန်နှင့် ဆုတ်ခွာ သွား၏။ အချိန်နှင့် အမျှ သူ၏ လျှို့ဝှက် အကာအကွယ်က ပိုမို၍ ကျုံ့ဝင်လာကာ အားနည်းသထက် အားနည်း လာခဲ့သည်။
ရှုယု တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် ကျန့်ကျန့်မှာ နောက်တစ်ကြိမ် ဟိန်းဟောက်ကာ အင်အား အပြည့် တိုက်ခိုက်မှု တစ်ခုကို ဖော်ထုတ် လိုက်ပြန်၏။
ဘုန်း... ဘုန်း...
အဆက်မပြတ် တိုက်ခိုက်မှုများ အောက်၌ ရှုယု၏ အကာအကွယ်မှာ ပြိုကျတော့မတတ် အဆက်မပြတ် တုန်ရီနေ၏။
ကျန့်ကျန့်၏ မျက်လုံးများက အလွန်ပင် အေးစက်နေကာ တစ်ချိန်တည်း၌ ပြင်းထန်သော သတိထားမှုများနှင့် ပြည့်နှက် နေသည်။ လောကရှန့်ထို တစ်ပါးကို သူ ဘယ်တော့မှ အထင် မသေးဝံ့ပါချေ။ သေခြင်းရှင်ခြင်း တိုက်ပွဲများ၌ မိမိထက် ကျင့်ကြံခြင်း အဆင့် သာလွန်သည့် ရန်သူအား တိုက်ခိုက်ရခြင်းမှာ ဘယ်တော့မှ လွယ်ကူသည့် ကိစ္စ တစ်ခု မဟုတ်ပါချေ။
ကံမကောင်းစွာပင် ရှုယုကတော့ သေမင်း ထောက်ချောက်အတွင်း ကျဆင်းခဲ့ပြီး ဖြစ်သည်။ အစစ်အမှန် တိုက်ပွဲ တစ်ခု ဆင်နွှဲရန် သူ ဘယ်တော့မှ အခွင့်အရေး ရတော့မည် မဟုတ်ချေ။ တကယ့်ကို ကံမကောင်းခြင်းပင် ဖြစ်လေသည်။
ကျန်းကုန်မှာ သူမ၏ တပ်ရင်းကို ဦးစီးရင်း တိုက်ခိုက်မှု၌ အဆက်မပြတ် ပါဝင် နေခဲ့သည်။ သူမ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှု၊ ထက်သန်သော ဆန္ဒများနှင့် တဟုန်းဟုန်း တောက်လောင် နေ၏။ ယခုလို အလစ်အငိုက်ဖမ်း တိုက်ခိုက်ခံရမှုမျိုး သူမ ယခင်က ခံစားဖူးပြီး ဖြစ်သည်။ တကယ်တမ်း အားဖြင့် သူတို့ အားလုံး ခံစားခဲ့ပြီး ဖြစ်ပေသည်။
သူတို့၏ ပထမဆုံး ဖော်ထုတ်ခဲ့သည့် တိုက်ခိုက်မှုများမှာ သာမန် သွေးတိုးစမ်း လှုပ်ရှားမှုများ မဟုတ်ပါချေ။ ထိုလျှို့ဝှက် စွမ်းအင် ဥက္ကာခဲများထဲတွင် အနန္တ ဂူသင်္ချိုင်း အဆိပ်များ ကိန်းအောင်း ပါဝင်နေပေသည်။ သို့သော်လည်း ၎င်းကို သန့်စင်ထားပုံက ပထမ တစ်ကြိမ်ကနှင့် ခြားနားပေသည်။
ဆက်စပ်မှု စစ်မြေပြင်တွင် သူတို့ မိခဲ့သည့် အဆိပ်မှာ အကြမ်းထည် ဆန်ကာ သေမျိုး အဆင့် ပါဝင် ပစ္စည်း လေးဆယ်ကို လောက ဝါးမြိုခြင်း နှင်းဆီ ပွင့်ချပ် တစ်ချပ်နှင့် ရောနှော ဖန်တီးထားခြင်း ဖြစ်သည်။ အကယ် သေချာ သတိထားမည် ဆိုပါက ၎င်းကို ဝိညာဉ်အာရုံဖြင့်ပင် လွယ်ကူစွာ ဖြတ်သန်း မြင်နိုင်စွမ်း ရှိပေသည်။
ဤအနန္တ သင်္ချိုင်း အဆိပ်တွင်တော့ သေမျိုး အဆင့် ပါဝင် ပစ္စည်း ဟူ၍ တစ်ခုမျ မပါဝင်ပါချေ။ လောက ဝါးမြိုခြင်း နှင်းဆီ တစ်ခုလုံးကို အသုံးပြုထားသည့် အပြင် ၎င်းအား သန့်စင်သူမှာလည်း သေမျိုး ရှန့်ထို အဂ္ဂိရတ် ပညာရှင် အဖြစ် သတ်မှန်နိုင်သူ တစ်ယောက် ဖြစ်သည်။ လုံးလုံးကြီး ပြည့်စုံခြင်း မရှိသေးသည့်တိုင် ဝေ့ဝူယင် ဖန်တီးထားသည့် ပတ်ဝန်းကျင်က ချို့ယွင်းချက်များကို ခဏတာ ပျောက်ကွယ်သွားစေဖို့ လုံလောက်ခဲ့သည်။
ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်းနှင့် ဝန်းရံထားသည့် လက်ရှိ သူတို့ ရောက်ရှိနေသည့် နေရာမှာ အလွန်ပင် ကျယ်ဝန်းကာ မိုင်ထောင်ပေါင်းများစွာကို ဖြန့်ကျက်ထားပေသည်။ သို့သော်လည်း... သေမျိုး အထက်ဆင့် ကျင့်ကြံသူများမှာ ထိုအကွာအဝေးလောက်ကို မျက်တောင် တစ်ခပ်စာ အတွင်း သွားလာနိုင်စွမ်း ရှိပေသည်။ သူတို့ အတွက်တော့ ဤနေရာမှာ အလွန် ကျဉ်းမြောင်းသည့် လှောင်အိမ်ငယ် တစ်ခုသာ ဖြစ်ပေသည်။
ထို့ကြောင့်ပင် အဆိပ်ကို လိုအပ်သည့် အတိုင်းအတာ ပမာဏ အတိုင်း လုံလောက်စွာ ဖြန့်ကျက်နိုင်ပေသည်။ ပြင်ပ လောကတွင် ဆိုလျှင် အဆိပ်မှာ မိုင်သောင်းများစွာကို ဖြန့်ကျက်သွားနိုင်ရာ အာနိသင် များစွာ လျော့နည်း သွားလိမ့်မည် ဖြစ်သည်။ ထိုအခါ ရှုယုကို အဆိပ်ခပ်ရန် ယခုလောက် လွယ်ကူလိမ့်မည် မဟုတ်ပါချေ။
ထို့အပြင် ရှုယု လျှို့ဝှက် အကာအကွယ်ကို စောစောစီးစီး ထုတ်ဖော် မထားခဲ့ခြင်ကလည်း သူတို့၏ အစီအစဉ်ကို ပိုမို လွယ်ကူ သွားစေခဲ့သည်။ အစစ်အမှန် တိုက်ပွဲများတွင် ဆိုလျှင် ကျင့်ကြံသူ တစ်ယောက်မှာ အမြဲတမ်း ဆိုသလို သူတို့၏ လျှို့ဝှက် အကာအကွယ်ကို ထုတ်ဖော် ထားလေ့ ရှိသည်။ သို့သော်လည်း ရှုယုကတော့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် မြင့်မားကာ တစ်ချိန်လုံး အကာအကွယ်မဲ့ နေခဲ့သည်။ သူ လျှို့ဝှက် အကာအကွယ်ကို ပထမဆုံး ထုတ်ဖော်ခဲ့ချိန်တါင် အနန္တ ဂူသင်္ချိုင်း အဆိပ်မှာ သူ့ခန္ဓာကိုယ် အတွင်း စိမ့်ဝင်ခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း ထိုအရာက ရှုယု အပြစ်တော့ မဟုတ်ချေ။ မြေကြီး ရှန့်ထိုနှင့် အထက် ကျင့်ကြံသူများမှာ သူတို့၏ လျှို့ဝှက် စွမ်းအင်များကို အသုံးပြုခဲလှသည်။ တစ်ချို့သော ထိပ်သီး ပညာရှင်များ ဆိုလျှင် အန္တရာယ်နှင့် ထိပ်တိုက် မတိုးသရွေ့ လျှို့ဝှက် စွမ်းအင် အပုံတစ်ထောင်ပုံ တစ်ပုံမျှပင် မသုံးကြချေ။ ထို့အစား သူတို့က လျှို့ဝှက် အော်ရာကိုသာ ထုတ်ဖော်ကာ ရန်သူများကို ရှင်းလင်းတတ်လေ့ ရှိကြသည်။
ထိုအဆင့် ကျင့်ကြံသူများ အတွက် လျှို့ဝှက် စွမ်းအင်များမှာ အလွန်ပင် အဖိုး ထိုက်တန်လွန်းလှသည်။ လျှို့ဝှက် စွမ်းအင် တစ်ရာခိုင်နှုန်း ကုန်ဆုံးသွားလျှင်ပင် ၎င်းကို သဘာဝ နည်းလမ်း အတိုင်း ပြန်လည် ဖြည့်တင်းရန် လနှင့်ချီ အချိန်ယူရသည်။ အဂ္ဂိရတ် ထုတ်ကုန်များကို သုံးနိုင်သော်လည်း ထိုအတွက် ကုန်ကျစရိတ်က ကြောက်စရာ ပမာဏ တစ်ခုတွင် ရှိသည်။ ပိုမို၍ အစွမ်းထက်လာလေလေ... ထိုနိယာမက ပိုမို၍ မှန်လာလေလေ ဖြစ်သည်။
ထိုကဲ့သို့ အဖက်ဖက်မှ အခြေအနေများကြောင့်ပင် ရှုယုမှာ ပိုက်ဆံပေးထားသည့် စျေးပေါပေါ သရုပ်ဆောင် တစ်ယောက်လို ထောင်ချောက် အတွင်း အလွယ်တကူ ဆင်းသက်လာခဲ့ခြင်း ဖြစ်ပေသည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... ရှုယုကတော့ မိမိကိုယ်ကို ယုံကြည်ချက် အပြည့် ရှိနေဆဲ ဖြစ်ပေသည်။ ထိုဥစ္စာက အဆိပ်ကလေး နည်းနည်းပဲ မဟုတ်လား။ အဆိပ်ဖြေဆေးကို သန့်စင်ဖို့ ကြိုးပမ်းရင်း လျှို့ဝှက် အကာအကွယ်ကို ဆက်လက် ထိန်းသိမ်ကာ ထောင်ပေါင်း များစွာသော စစ်သည်များ၏ တိုက်ခိုက်မှုများကို သူ ကြံ့ကြံ့ခံ နေလိုက်၏။
***