ရှုယု၏ နိဂုံး
Vol. 83 Ch. 1153
ဘုန်း... ဘုန်း... ဘုန်း...
လျှို့ဝှက် အာဏာရှင် အဆင့် ထောင်ပေါင်းများစွာ ပါဝင်သော တပ်မဟာကြီး၏ တိုက်ခိုက်မှုများမှာ အလွန်ပင် ပြင်းထန် လွန်းလှ၏။ သူတို့က အဆက်မပြတ် တိုက်ခိုက်နေကာ ရှုယု၏ ခန္ဓာကို မိုင်ရာပေါင်းများစွာ တိုင်အောင် ထပ်တလဲလဲ လွင့်စဉ်နေစေခဲ့သည်။ ရှုယုမှာ ကိစ္စ နှစ်ခုကို တစ်ပြိုင်နက်တည်း အာရုံစိုက်နိုင်ပါက အလွန် ကောင်းမည်ဟု တွေးလိုက်မိသည်။ ထိုကဲ့သို့ ဆိုလျှင် သူ တစ်ချိန်တည်း ကာကွယ်နိုင်မည် ဖြစ်သလို အဆိပ်ဖြေဆေးကိုလည်း အာရုံစိုက် သန့်စင် နိုင်လိမ့်မည် ဖြစ်သည်။
“လာစမ်း...”
ရှုယု အော်ငေါက်လိုက်ရင်း လက်ဝါးကို ရှေ့သို့ ဖိလိုက်၏။ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်က ချက်ချင်း လှုပ်ရှားလာကာ အရှေ့ရှိ အာကာသ စွမ်းအင်များကို လျှို့ဝှက် စွမ်းအင် အဖြစ် ပြောင်းလဲ လိုက်သည်။ သူ လက်သီး ဆုပ်လိုက်သော အခိုက်၌ လျှို့ဝှက် စွမ်းအင်များမှာ ဒိုင်းတစ်ခု သဏ္ဌာန် အေးခဲ သွား၏။ သူက ထိုဒိုင်းဖြင့် တပ်မဟာ၏ တိုက်ခိုက်မှုများကို ခုခံလိုက်သည်။
သို့သော်လည်း ၎င်းမှာ လျှို့ဝှက် အာဏာရှင် အဆင့် ထောင်ပေါင်းများစွာ၏ တိုက်ခိုက်မှုများကို စက္ကန့်ဝက်မျှသာ ခုခံနိုင်ကာ ကွဲကြေသွားခဲ့သည်။ တပ်မဟာကြီး၏ တိုက်ခိုက်မှုက ပိုမို၍ သရဲတစ္ဆေ ဆန်လာခဲ့၏။ သို့သော်လည်း စက္ကန့်ဝက်မျှသော အချိန်မှာ လောကရှန့်ထို တစ်ပါး အတွက် အလွန် ကြာမြင့်သည့် အချိန်တစ်ခု ဖြစ်သည်။ ထိုအတောအတွင်း သူက အဆိပ်ဖြေဆေးထဲမှ စွမ်းအင် တစ်ချို့ကို သန့်စင်နိုင်ကာ အနန္တ ဂူသင်္ချိုင်း အဆိပ်ထံ လှည့်ပတ် ပို့လွှတ် လိုက်၏။
၎င်းမှာ အဆိပ်ကို အလုံးစုံ ချေဖျက်နိုင်လိမ့်မည် ဟု မျှော်လင့် မထားသည့်တိုင် ဤနေရာမှ ဖောက်ထွက်ရန် လုံလောက်သည့် ခွန်အား တစ်ခုကိုတော့ ထိန်းသိမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။
ချိပ်ပိတ် ဝင်္ကပါအား မည်ကဲ့သို့ ချိုးဖျက်ရမည် ဖြစ်ကြောင်း သူ ရှာဖွေ တွေ့ရှိပြီး ဖြစ်သည်။ သို့သော်လည်း သူ၏ လျှို့ဝှက် စွမ်းအားက အလွန်ပင် မတည်မငြိမ် ဖြစ်နေသည်။ တည်ငြိမ်သည့် စွမ်းအင် ရင်းမြစ် တစ်ခု မရှိပဲ ချိပ်ပိတ် ဝင်္ကပါကို သူ ဖောက်ထွက်နိုင်လိမ့်မည် မဟုတ်ချေ။
ကျန့်ကျန့်က ချီးမွမ်းဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။ ရှုယု အသုံးပြု သွားခဲ့သည့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်မှာ အလွန်ပင် သန့်စင်လှသည်။ ဟင်းလင်းပြင် အတွင်းရှိ အာကာသ စွမ်းအင်ကိုပင် လျှို့ဝှက် စွမ်းအင် အဖြစ် ပြောင်းလဲ နိုင်လေရာ သူက ချိပ်ပိတ် ဝင်္ကပါအား မည်ကဲ့သို့ ချိုးဖျက်ရမည်ကို သိရှိပြီး ဖြစ်တာ ရှင်းလင်းလှသည်။ လုံလောက်သည့် အချိန် တစ်ခုသာ ရပါက သူ လွတ်မြောက်သွားမှာ ကျိန်းသေပေသည်။ သို့သော်လည်း... ကံမကောင်းစွာပင် သူ ထောင်ချောက်ထဲမိနေသည့် သားကောင် တစ်ကောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ရှုယု၏ အဆိပ်ဖြေဆေးမှာ မည်သည့် အဆိပ်မျိုးကို မဆို ချေဖျက်နိုင်သည့် အမျိုးအစား ဖြစ်ပြီး ခန္ဓာကိုယ် အတွင်း ကျူးကျော်နေသည့် ပြင်ပ စွမ်းအား မှန်သမျှကို ရှင်းထုတ်ရာတွင် အလွန် ထိရောက်သည်။ သို့သော်လည်း ဝေ့ဝူယင် ဖော်စပ်ထားသည့် အနန္တ ဂူသင်္ချိုင်း အဆိပ်မှာ ရိုးရိုးရှင်းရှင်း သာမန် အဆိပ်တစ်ခု မဟုတ်ပါချေ။ ထို့အပြင် သူ ကိုယ်တိုင်မှာ သေမျိုး ရှန့်ထို အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်သည်။ အဆိပ်ဖြေဆေးအား ဖော်စပ်နိုင်သည့် အဂ္ဂိရတ် ပညာရှင် တစ်ယောက် အဆိပ်ပညာရှင် အဖြစ် ပြောင်းလဲ သွားလျှင် အလွန်ပင် ကြောက်စရာ ကောင်းလှသည်။
ဝှစ်... ဝှစ်...
အဆိပ်ဖြေဆေးမှ သန့်စင်ထားသည့် တိုက်ဖျက်မှု စွမ်းအားမှာ ရှုယု၏ ခန္ဓာကိုယ် အနှံ့ လျှပ်စီးကြောင်း တစ်ခု ကဲ့သို့ ပြင်းထန်စွာ ပျံ့နှံ့သွား၏။ သို့သော်လည်း... ခန္ဓာကိုယ်ကို တစ်ပတ် ပတ်ပြီးနောက် ထိုစွမ်းအားက သုံးဆယ် ရာခိုင်နှုန်းမျှ ကျဆင်း သွားခဲ့သလို ခံစား လိုက်ရသည်။ သူ၏ လျှို့ဝှက် အကာအကွယ်ကတော့ ပို၍ပင် အားနည်း လာခဲ့၏။
“အဆိပ်က ပိုပြီး ပြင်းလာတာလား...”
ရှုယု အနည်းငယ် နားမလည် ဖြစ်သွားခဲ့၏။ သို့သော်လည်း သူက အဖြေကို ရှာဖွေရန် သန့်စင်မှု စွမ်းအားကို နောက်တစ်ကြိမ် လှည့်ပတ် လိုက်ပြန်သည်။
နောက်ထပ် သုံးဆယ် ရာခိုင်နှုန်းကုန်ဆုံး သွားပြန်၏။
ဘုန်း...
ထိုအခိုက်တွင်ပင် ရှုယု၏ လျှို့ဝှက် အကာအကွယ်မှာ တပ်မဟာ၏ ပြင်းထန်သော တိုက်ခိုက်မှု အောက်၌ လုံးဝ ပျက်စီး သွားခဲ့၏။
သတ်...
အကာအကွယ်အား ဆုံးရှုံးသွားပြီး နောက်တွင် ထောင်ပေါင်းများစွာသော စစ်သည်များ၏ စုပေါင်း အော်ဟစ်သံက သူ့ နားစည် အတွင်း တိုးဝင်လာခဲ့၏။ တစ်ချိန်တည်း၌ စိတ်၊ ရုပ်၊ အမတေ၊ ဝိညာဉ် စသည့် စွမ်းအား လေးခုက ပိုမို လျှင်မြန်စွာ ပြိုကျလာသလို သူ ခံစားလိုက်ရသည်။ ထို့အပြင်... အဆိပ်ဖြေဆေးမှ သန့်စင် ရရှိထားသည့် စွမ်းအင်များမှာ မည်သည့် အဆိပ်ကိုမှ တိုက်ခိုက် ဖယ်ရှားခြင်း မပြုပါချေ။ သူတို့ ဖယ်ရှားသည့် တစ်ခုတည်းသော အရာက သူ့ ကိုယ်ပိုင် စွမ်းအင်များပင် ဖြစ်လေသည်။
ကြောက်ရွံ့ ထိတ်လန့်သည့် အငွေ့အသက်များက ရှုယု၏ မျက်ဝန်းများထဲတွင် စတင်၍ နေရာယူ လာခဲ့၏။
“သတ်ကြ... သူ မခံနိုင်တော့ဘူး...”
ကျန့်ကျန့်က အမိန့်ပေး သကဲ့သို့ စစ်သည်များမှာ တသွေမတိမ်း နားထောင်ကြသည်။ သူတို့မှာ ရှိသမျှ အရာ အားလုံးနှင့် ရင်းနှီးကာ ရှုယုထံသို့ မိုက်ရူးရဲ ဆန်စွာ ပျံသန်း တိုးဝင် တိုက်ခိုက် နေကြသည်။
ရှုယု လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို အသက်သွင်းဖို့ ကြိုးပမ်း လိုက်ပြန်၏။ သို့သော်လည်း... ထူးဆန်သော စွမ်းအား တစ်ခုက သူ့ လျှို့ဝှက် ရည်ရွယ်ချက်ကို ဖိနှပ်လာသလို ခံစားလိုက်ရသည်။ မဟုတ်သေး... ၎င်းက သူ့ ဝိညာဉ်ကိုပါ ဖိနှိပ်လာနေခြင်း ဖြစ်သည်။
လောက ဝါးမြိုခြင်း နှင်းဆီမှာ ထိုနာမည်ကို အကြောင်းမဲ့ ရရှိထားခဲ့ခြင်း မဟုတ်ချေ။ ထို့အပြင်... ၎င်းမှာ အဆိပ်ဟုပင် နာမည်တပ်ရန် ခက်ခဲသည့် တည်ရှိမှု တစ်ခု ဖြစ်သည်။ လောက ဝါးမြိုခြင်းနှင်းဆီသည် လောက အတွင်းရှိ မည်သည့် စွမ်းအင် ရင်းမြစ်မျိုးကို မဆို ဝါးမြိုနိုင်စွမ်း ရှိသည်။ ထိုအထဲ၌ အရာအားလုံးကို ထိန်းချုပ် အသုံးပြုနိုင်စွမ်း ရှိသည့် မန်နာ စွမ်းအင်လည်း အပါအဝင် ဖြစ်ပေသည်။ မန်နာ စွမ်းအင်ကို ဝါးမြိုလိုက်သည်နှင့် သင် အားလုံးနှင့် အဆက်ပြတ် သွားလိမ့်မည် ဖြစ်သည်။
တပ်မဟာကြီး၏ စစ်သည်တော်များမှာ ထိုအမှန်တရားကို နာကျင်စွာ သိရှိခဲ့ပြီး ဖြစ်သည်။ သူတို့နှင့် ယှဉ်ပါက ရှုယုမှာ ယခုမှ ပညာသင် အဆင့်ပင်။
လျှို့ဝှက် ဝိညာဉ် စတင်ကာ မတည်မငြိမ် ဖြစ်လာသည်နှင့် အမျှ ရှုယု၏ ခန္ဓာကိုယ်မှာ စတင်ကာ အားနည်း လာခဲ့၏။ သူ၏ မျက်ဝန်းများက စိတ်ခံစားချက် အမှတ်တရများ၊ နောင်တ အတွေးများနှင့် ပြည့်နှက် လာခဲ့သည်။ သို့သော်လည်း... မည်သူမှ ထိုအရာများကို သိရှိလိမ့်မည် မဟုတ်ပါချေ။
ဘုန်း...
ထောင်ပေါင်းများစွာသော စစ်သည်များ၏ စုပေါင်း တိုက်ခိုက်မှု အောက်တွင် ရှုယု၏ အကာအကွယ် ခန္ဓာကိုယ်မှာ သက်တံ့ နံရံများထံ လွင့်စဉ် သွားခဲ့၏။ သူ၏ မျက်လုံးများက ပြူးကျယ်နေကာ ကြောက်ရွံ့ ထိတ်လန့်သည့် အငွေ့အသက်များက ပြည့်နှက် နေသည်။
ဟူး... ဟူး...
ပစ္စုပ္ပန် အချိန်စွမ်းအင် စီးဆင်းမှုများမှာ သူ့ ခန္ဓာကိုယ်နှင့် အတွေးများ အတွင်း တိုးဝင်လာ၏။ ၎င်းတို့က သူ့ ကြွက်သားများ အတွင်း စိမ့်ဝင်ကာ စွမ်းအင် လှည့်ပတ်မှ လမ်းကြောင်းကိုပါ မင်းမူ လာကြသည်။
တပ်မဟာကြီး တစ်ခုလုံးမှာ ရှုယု တဖြည်းဖြည်း ထောင်ချောက်မိသွားသည်ကို တည်ငြိမ်စွာပင် ရပ်ကြည့် နေကြ၏။ သူတို့၏ မျက်ဝန်းများထဲ၌ သနား ကြင်နာမှုများ မရှိပါချေ။ လျှောက်လှမ်းခဲ့သည့် ကျင့်ကြံခြင်း ခရီးလမ်း အတွက် ရှုယုကို သူတို့ လေးစားသည့်တိုင် ရန်သူက ရန်သူသာ ဖြစ်သည်။
ဝှစ်...
ရှုယု၏ အေးခဲနေသည့် ခန္ဓာကိုယ် နံဘေးမှ နေ၍ အဖြူရောင် ဝတ်စုံဝတ် ပုံရိပ် တစ်ခုမှာ သက်တံ့ နံရံထဲမှ တိုးထွက်လာခဲ့သည်။ သူ၏ နောက်တွင်တော့ ခန့်မှန်း မရနိုင်သည့် အော်ရာများနှင့် ပုံရိပ် သုံးခုမှာ လေးစားစွာ လိုက်ပါလာခဲ့၏။ သူတို့၏ အော်ရာများက သူ့ ခန္ဓာကိုယ်ကို လွှမ်းခြုံကာ ကာကွယ်ထားကြသည်။
အဖြူရောင် ဝတ်စုံဝတ် ပုဂ္ဂိုလ် ရောက်ရှိလာသည်ကို မြင်လိုက်ရသော အခိုက်၌ တပ်မဟာကြီး တစ်ခုလုံးမှာ ကျောရိုးများ ဆန့်တန်း သွားကြ၏။
ငွေရောင် မျက်လုံးများက ကျေနပ်စွာ ဝှေ့ယမ်း ကြည့်လိုက်သော အခိုက်၌ ထောင်ပေါင်းများစွာသော စစ်သည်များ၏ အမူအရာများက ဂုဏ်ယူမှု အလင်းတန်းများနှင့် ပြည့်နှက် သွားကြသည်။
ဝေ့ဝူယင် စကားမပြောပါချေ။ သူက ခါးတွင် ချိတ်ထားသည့် ဆေဘာဓား အရိုးကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် တုန့်ဆိုင်းခြင်း မရှိပါပဲ ရှုယု၏ ထျန်းတျန် အတွင်း ထိုးထည့်ကာ ပစ္စုပ္ပန် အချိန် စွမ်းအင်အား ခုခံဖို့ ကြိုးပမ်းနေသည့် လျှို့ဝှက် ဝိညာဉ်ကို ထိုးဖောက်လိုက်သည်။
“ကျုပ် ဘယ်သူလဲ ဆိုတာ ခင်ဗျား မသိခဲတာ ဆိုးတာပဲ... ခင်ဗျားက ကျုပ် လာစေချင်တဲ့လူ မဟုတ်ဘူး ဆိုပေမဲ့ ခင်ဗျားတို့ အားလုံးက အတူတူပါပဲ... သေဖို့ ထိုက်တန်တယ်”
ဝေ့ဝူယင်က အေးစက်စက် လေသံဖြင့် ဆိုလိုက်ရင်း ဆေဘာအရိုးကို နစ်ဝင်လု နီးပါး အထိ ပိုမို နက်ရှိုင်းအောင် ထိုးစိုက် လိုက်သည်။ ပျက်သုဉ်းခြင်း ဆေဘာ အင်အားသည် စိတ်ကူး မယဉ်နိုင်လောက်သည့် ပြင်းထန်မှုဖြင့် ပေါက်ကွဲ သွား၏။
နောက်ရှိ မြေကြီးရှန့်ထို သုံးယောက်မှာ လောကရှန့်ထို တစ်ပါး၏ ခန္ဓာကိုယ်အား ထိုးဖောက်ရန် လုံလောက်သည့် လျှို့ဝှက် စွမ်းအားကို ထောက်ပံ့ ပေးထားကြသည်။
အသိစိတ်များ ထာဝရ မှေးမှိန် မသွားမီ ရှုယု မြင်လိုက်ရသည့် နောက်ဆုံး အရာက စူးစူးရှရှ တောက်ပနေသည့် ငွေရောင် မျက်လုံးများပင် ဖြစ်သည်။ နောက်ဆုံးသော အခိုက်အတန့်တွင် ဘဝ တစ်လျှောက်လုံး ထိုမျှ လှပသည့် အရောင်ကို မမြင်ဖူးသည့် အတွက် သူ အံ့သြနေခဲ့မိသည်။
ထိုနေ့တွင် လောကရှန့်ထို တစ်ပါး ကျရှုံးခဲ့လေ၏။
***