← Chapters

ပထမ တေးသွား... ၇၇၅၄ ခုမြောက် လမ်းကြောင်း တိုက်ပွဲ

Vol. 83 Ch. 1155

ပထမ တေးသွား... ၇၇၅၄ ခုမြောက် လမ်းကြောင်း တိုက်ပွဲ

Vol. 83 Ch. 1155

အဆုံးမဲ့ ခရီးသွား နယ်မြေ အဖြစ် ဒေသခံများစွာ ရည်ညွှန်းကြသော အလွှာကြားက လောကမှာ အပြောကျယ်လှသော ဧရိယာကြောင့် အလွန်ပင် ကျော်ကြားသည်။ မြို့တော် သုံးခုမှ အပ အလွှာကြားက လောက အတွင်းရှိ နေရာ အများစုမှာ နတ္ထိ ဟင်းလင်းပြင်များ ဖြစ်သည်။ သို့သော်လည်း ထိုအရာမှာ အပေါ်ယံ မျက်နှာပြင်မျှသာ ဖြစ်ပေသည်။

အလွှာကြားက လောက၏ အခြေခံမှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံပေါ်တွင် တည်နေသည်။ ပထမဆုံး ရောက်ရှိခဲ့စဉ် အချိန်တုန်းက ဝေ့ဝူယင်မှာ ၎င်း၏ မျက်နှာပြင်ထက်၌ ခုန်ပေါက်ကာ ဂီတသံစဉ် တစ်ခု ဖန်တီးခဲ့ဖူးသည်။ ထိုအခါ လျူစုယင်က နစ်ဝင်သွားနိုင်သည့် ဖြစ်နိုင်ချေကို သတိပေးခဲ့သည်။ သူမ၏ အဆိုအရ ဆိုလျှင်... မျက်နှာပြင် အတွင်း နစ်မြုပ်သွားပါက ထိုနေရာတွင်ပင် ထာဝရ ပိတ်မိသွားလိမ့်မည် ဖြစ်သည်။

ထိုအရာက လုံးဝ မမှန်ပါချေ။ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ အောက်တွင် ချိပ်ဆက် အမြုတေများထံ ဦးတည်နေသည့် မရေမတွက်နိုင်အောင် များပြားသော ဆက်သွယ်ရေး လမ်းကြောင်းများ ရှိနေပေသည်။ သို့သော်လည်း ၎င်းတို့မှာ အပျက်အစီး စွမ်းအားများနှင့် စဉ်ဆက်မပြတ် ပြောင်းလဲ နေတတ်သည့် သဘာဝကို ပိုင်ဆိုင်ထားကာ သီးခြား ဟင်းလင်းပြင်များ သဖွယ် ဖြစ်သည်။

ထိုလမ်းကြောင်းများ၌ ဝင်ပေါက် နှစ်ခု ရှိကာ တစ်ခုက ချိပ်ပိတ် နယ်မြေများကို ဦးတည်၍ တစ်ခုက အလွှာကြားက လောကထံ ဦးတည်သည်။ ပုံပန်း သဏ္ဌာန်အားဖြင့် ၎င်းတို့မှာ မြွေလိမ်မြွေကောက် ဥမင်များနှင့် ဆင်တူကာ အလွှာကြားက လောကအတွက် အသက် သွေးကြောများ သဖွယ်လည်း ဖြစ်သည်။ ၎င်းတို့မှာ အမတေ၊ စွမ်းအားနှင့် မန်နာများကို သယ်ဆောင်ကာ ချိပ်ဆက် အမြုတေများ အတွက် လိုအပ်သည့် ရင်းမြစ်များကို ပို့ဆောင်ပေးသည်။

အကယ်၍ ကျင့်ကြံသူ တစ်ယောက်မှာ ထိုလမ်းကြောင်းများကို ကျော်လွန် သွားမည် ဆိုပါက မကြာခင်မှာပင် ကိုယ်ပိုင် ဂေဟ စနစ်ကို ပိုင်ဆိုင်ထားသည့် လောကနယ်မြေ ငါးခုထဲမှ တစ်ခုကို ရောက်ရှိလိမ့်မည် ဖြစ်သည်။ ၎င်းတို့ တစ်ခုချင်းစီမှာ မိစ္ဆာ စစ်ပွဲ လောကနယ်မြေကို ယှဉ်နိုင်သည် အထိ ကြီးမားကာ ကုန်းမြေတိုက်ကြီး တစ်ခု အသွင် အုတ်မြစ်‌ပေါ်၌ တည်ရှိ နေပေသည်။

ယခုအခါတွင်တော့... ကုန်းမြေတိုက်ကြီး လေးခုထဲမှ တစ်ခုကို ‌ရောက်ရှိလျှင် ပိုမို မှန်ကန်သည်ဟု ဆိုရပေလိမ့်မည်။ နေကြယ်သုံးလုံးအား ဝါးမြို စားသောက်ပြီးနောက် ထန်ဂူမှာ ၎င်း၏ အစာချေ စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ခဲ့ရာ လောကနယ်မြေ တစ်ခုမှာ ပြိုကျခဲ့ရသည်။ ထို့အပြင် မရေမတွက်နိုင်သည့် ဆက်သွယ်ရေး လမ်းကြောင်းများနှင့် ဝင်ပေါက်များမှာလည်း ပျက်စီးသွားခဲ့သည်။ အကျိုးဆက် အနေဖြင့် ၎င်းမှာ အခြားသော ဆက်သွယ်ရေး လမ်းကြောင်းများ၏ စီးဆင်းမှု ပုံစံကိုလည်း ပျက်ရွင်းစေခဲ့လေရာ အလွှာကြားက လောကကို ကြီးမားစွာ ထိခိုက်စေခဲ့လေသည်။

လောကနယ်မြေ တစ်ခုချင်းစီမှာ ရေစက်ကြိုး ပိုင်ရှင်များနှင့် ရှာဖွေသူများက “အမြုတေ ပုံရိပ်ယောင် ကြယ်တာရာ” ဟု ခေါ်သည့် အရာကို ထိန်းသိမ်း ပေးထားသည်။ ၎င်းတို့ တစ်ခုချင်းစီမှာ မိစ္ဆာ စစ်ပွဲ လောကနယ်မြေ၏ နေကြယ်နှင့် ဆင်တူကာ ဆက်သွယ်ရေး လမ်းကြောင်းများ၏ လုပ်ဆောင်ချက်ကို အဓိက ထိန်းကြောင်းပေးနေသည့် အရာများလည်း ဖြစ်သည်။ ၎င်းတို့ထံတွင် ချိပ်ပိတ် အစီအရင်ကို ထိန်းသိမ်းရန် လိုအပ်သည့် စွမ်းအင်များကို သိုလှောင်ထားပေသည်။

၎င်းတို့မှာ နေကြယ် ပုံသဏ္ဌာန် ရှိသည့်တိုင် အစစ်အမှန် နေကြယ်များ မဟုတ်ပါချေ။ ရေစက်ကြိုး ပိုင်ရှင်များ၊ ရှာဖွေသူများ၊ ဒေသခံများ ၊ အစစ်အမှန် မွေးဖွားခြင်းနှင့် အခြား အဖျက်အမှောက် အဖွဲ့အစည်းများမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ထိုနေကြယ် သဏ္ဌာန်များမှာ ချိပ်ဆက် အမြုတေ၏ ပုံရိပ်ယောင်များ ဖြစ်ကြကြောင်းကို သိရှိထားပေသည်။

အဆုံးမဲ့ ခရီးသွား နယ်မြေမှာ ထိုလောကနယ်မြေများကို အလေးအနက်ထား ကာကွယ် ထားကြကာ လျှို့ဝှက် အစီအရင်များစွာကိုလည်း တပ်ဆင်ထားကြသည်။ ၎င်းတို့မှာ ကျူးကျော်၍ မရနိုင်သည့် ခံတပ်များဖြစ်သည်။ ရှည်လျားလှသည့် သမိုင်းကြောင်း တစ်လျှောက်တွင်... ရန်သူနောက်ကို မဆင်မခြင် လိုက်ခြင်း ကဲ့သို့ ပေါ့ဆမှုများကြောင့် တိုက်ခိုက်သူများက လောကနယ်မြေများကို သိမ်းပိုက်ကာ အမြုတေ ပုံရိပ်ယောင် ကြယ်တာရာများကို ထိခိုက်အောင် လုပ်နိုင်ခဲ့သည့် အခါများလည်း ရှိသည်။

ကံမကောင်းစွာပင် သူတို့မှာ နယ်မြေများကို ကြာရှည်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိသလို အမြဲတမ်း ပြောင်းလဲ နေတတ်သည့် ဆက်သွယ်ရေး လမ်းကြောင်းများ၏ သဘောသဘာဝကြောင့် နောက်တစ်ကြိမ် ပြန်လည် ရှာဖွေဖို့ကလည်း မဖြစ်နိုင်လောက်အောင်ပင် ဖြစ်သည်။ အကယ်၍ ထန်ဂူသာ ကြောက်မက်ဖွယ် ကမ္ဘာဖျက် စွမ်းအားကို ထုတ်လွှတ်ခြင်း မပြုခဲ့ပါက ချိပ်ဆက် အမြုတေ တစ်ခုကို ထိခိုက်အောင် လုပ်ဖို့ မဖြစ်နိုင်လောက်အောင်ပင် ဖြစ်သည်။ ၎င်းက လွန်ခဲ့သည့် နှစ်သောင်းပေါင်း များစွာ အတိုင်း မကြုံစဖူး ဖြစ်ရပ် တစ်ခု ဖြစ်ပေသည်။

ဤနှစ်ပိုင်းတွင် လောကနယ်မြေများထံသို့ ဦးတည်နေသည့် ဆက်သွယ်ရေး လမ်းကြောင်းများ၌ ပြင်းထန်သော တိုက်ပွဲများမှာ အဆက်မပြတ် ဖြစ်ပွား နေခဲ့လေသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုခန့်က ထန်ဂူ မရည်ရွယ်ပဲ ထုတ်လွှတ်ခဲ့သည့် ဖျက်ဆီးခြင်း စွမ်းအားမှာ ဆက်သွယ်ရေး လမ်းကြောင်း တစ်ချို့ကို တည်ငြိမ်သွားစေခဲ့ကာ ပြောင်းလဲတတ်သည့် သဘာဝကို ဆုံးရှုံးသွားစေခဲ့သည်။ ထိုအချင်းအရာက သိသာလှသည့် ရလဒ်ကို ဦးတည် သွားစေခဲ့ကာ အကြီးမားဆုံးသော အင်အားစုများမှာ အလုံးအရင်းနှင့် တိုက်ခိုက်လာခဲ့ကြသည်။ ချိပ်ပိတ်နယ်မြေ အတွင်းရှိ ချိပ်ဆက် အမြုတေများထံ ဦးတည်နေသည့် ဆက်သွယ်ရေး လမ်းကြောင်းများမှာ အတက်ကြွဆုံး ဖြစ်လေသည်။

၇၇၅၄ ခုမြောက် လမ်းကြောင်း...

၇၇၅၄ ခုမြောက် ဆက်သွယ်ရေး လမ်းကြောင်းမှာ လွန်ခဲ့သည့် နှစ်ပိုင်း အတွင်း ပြောင်းလဲခြင်း စွမ်းရည်ကို ဆုံးရှုံးသွားသည့် လမ်းကြောင်းများထဲမှ တစ်ခု ဖြစ်၏။ ၎င်း၏ ဝင်ပေါက်မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၊ မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေနှင့် သုံးမြှောင့် ကြယ်တာရာ နယ်မြေ အကြားရှိ နတ္ထိ ဟင်းလင်းပြင်တွင် တည်ရှိနေသည်။

ထိုအခိုက်၌ ကြယ်တာရာ နယ်မြေ နှစ်ခု၏ ခေါင်းဆောင်များ ဖြစ်သည့် ပုပ်ရဟန်း မင်းကြီး ဟုန်ယန်နှင့် သုံးမြှောင့် ပေါင်းစည်းခြင်း ဂိုဏ်းချုပ်တို့မှာ ထာဝရ အစည်းအရုံး ဦးဆောင် ကျင်းပသည့် မဟာ စက်ဝန်း ရှန့်ထို ညီလာခံကို တက်ရောက် နေခဲ့ကြသည်။ ထို့ကြောင့်ပင် သူတို့မှာ သူတို့၏ ပိုင်နက် နယ်မြေများ အနီး၌ အလွန်တရာ ကြီးမားလှသော အရိပ်ဥကြီး နှစ်ခု ပေါ်လာနေခဲ့သည်ကို သတိမထားမိခဲ့ပါချေ။ အနက်ရောင်ဝတ် ပုံရိပ်များမှာ ထိုအရိပ်ဥများ အနီး၌ အကြောက်အလန့် ကင်းမဲ့စွာပင် ဖြတ်သန်း သွားလာ နေခဲ့၏။

၇၇၅၄ ခုမြောက် ဆက်သွယ်ရေး လမ်းကြောင်းမှာ လုံးဝ စစ်ဇုန်သဖွယ် ဖြစ်နေခဲ့သည်။ ရေစက်ကြိုး ပိုင်ရှင်များ၏ အလောင်းများစွာမှာ ထိုဆက်သွယ်ရေး လမ်းကြောင်း အတွင်း မိုငပေါင်းများစွာ တိုင်အောင် ဖြန့်ကျက် နေခဲ့၏။ သွေးများက ချောင်းများသဖွယ် စီးဆင်းနေကာ အင်္ဂါ အစိတ်အပိုင်းများစွာ တိုင်အောင် ပြန့်ကျဲ နေခဲ့သည်။

အနက်ရောင်ဝတ် ပုံရိပ်များမှာ ပုရွက်ဆိတ်များ သဖွယ် ထိုလမ်းကြောင်းထံ အလုံးလိုက် အရင်းလိုက် တိုးဝင် လာနေခဲ့၏။ ထောင်ပေါ် ထောင်ဆင့်သည့် ကြယ်တာရာ အမြုတေ အဆင့်များမှာ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်နှင့် အတူ ချီတက် နေကြပေသည်။

စစ်ပွဲ အတွင်း ပါဝင်နေသည့် အနက်ရောင်ဝတ် ပုံရိပ်များ၏ အရေအတွက်မှာ ရေစက်ကြိုး ပိုင်ရှင်များထက် ဆယ်ဆမျှ အထိ ပိုမို များပြားပေသည်။ ထို့အပြင် အနက်ရောင် ဝတ်စုံဝတ် လူများ၏ အလောင်းများကို မည်သည့် နေရာတွင်မှာမှ မတွေ့ရပါချေ။ မြင်ကွင်းအရ ရေစက်ကြိုး ပိုင်ရှင်များ အပြတ်အသတ် ရှုံးနိမ့် နေခဲ့တာ ရှင်းလင်းလှပေသည်။

မည်သို့ပင် ဆိုစေ... သေဆုံးခြင်းနှင့် သတ်ဖြတ်ခြင်း အငွေ့အသက်များက အလွန်ပင် နက်ရှိုင်း ကြွယ်ဝ‌ နေခဲ့လေရာ ထိုစစ်မြေပြင်မှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှကြောင်း သိသာလှပေသည်။

ရွှင်း... ရွှင်း...

အချိန်သခင် အဆင့် ရေစက်ကြိုး ပိုင်ရှင် တစ်ယောက်မှာ ဓားတစ်စင်းကို ကိုင်ဆွဲရင်း ကြယ်တာရာ သခင် သုံးယောက်နှင့် တိုက်ခိုက် နေခဲ့၏။ သူ၏ ခုတ်ချက်တိုင်းက ပြိုင်စံရှားသည့် ဓားအော်ရာကို ထုတ်လွှတ် နေခဲ့ကာ အာကာသကိုပင် နှစ်ပိုင်း ခွဲပစ်နေခဲ့သည်။ သူ ဓားတစ်ချက် ခုတ်လိုက်တိုင်း ထွက်ပေါ်လာသည့် ဓားအင်အားလှိုင်းများက ဝတ်စုံနက်ဝတ် ကြယ်တာရာ သခင် သုံးယောက်ကို နောက်သို့ မိုင်ပေါင်း ဆယ်ချီတိုင်အောင် လွင့်စဉ် ထွက်ခွာ နေစေခဲ့လေ၏။

“မဟုတ်ဘူး...”

အနီးအနားတွင်တော့ လောကသခင် အဆင့် ရေစက်ကြိုး ပိုင်ရှင် တစ်ယောက်မှာ သူ၏ လောကနယ်မြေ ပြိုကွဲ ပျက်စီးသွားသည်ကို ကြည့်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

သူ၏ ပတ်လည်တွင်တော့ အလွန် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များနှင့် ဝိုင်းဝန်း အမဲဖျက် နေကြသည့် ဝတ်စုံနက်ဝတ် ‌လောကသခင် အဆင့် ဆယ်ယောက် ရှိနေခဲ့သည်။ သူတို့သည် ရေစက်ကြိုး ပိုင်ရှင်ကို ဆက်သွယ်ရေး လမ်းကြောင်းအတွင်း လဲကျနေသည့် မရေမတွက်နိုင်သော အလောင်းများထဲမှ တစ်လောင်း အဖြစ် ပြောင်းလဲရန် အလျင်လို နေခဲ့လေသည်။

“ဟမ့်...”

အချိန်သခင် အဆင့် ရေစက်ကြိုး ပိုင်ရှင်က အေးစက်စက် နှာခေါင်းရှုံ့ လိုက်၏။ ထို့နောက် သူက လက်ဝါး တစ်ချက်ကို ဆန့်ထုတ်ကာ လောကဖိအားကို ထုတ်လွှတ်လိုက်ရင်း ဝိုင်းဝန်း အမဲဖျက် နေသည့် လောကသခင် အဆင့် ဝတ်ရုံနက်များကို နောက်သို့ တွန်းလွှတ် လိုက်သည်။ ထို့နောက် သူက ဓားတစ်ချက်ကို ဝှေ့ယမ်းလိုက်၏။ ဓားအလင်းက ကျင့်ကြံခြင်း အခြေခံ ကွဲကြေလုနီးပါး ဖြစ်နေသည့် လောကသခင် အဆင့် ရေစက်ကြိုး ပိုင်ရှင်ကို ဝန်းရံသွားကာ ကုသမှု ခံယူရန် လမ်းကြောင်းအတွင်းပိုင်းသို့ ပြန်လည် ပို့လွှတ်လိုက်သည်။

သို့သော်လည်း... ထိုအချင်းအရာက ဝိုင်းဝန်း တိုက်ခိုက်နေသည့် ဝတ်စုံနက်ဝတ် ကြယ်တာရာ သခင် သုံးယောက်၏ မျက်နှာဖုံးအောက်မှ မျက်လုံးများကို တဖျပ်ဖျပ် တောက်ပ သွားစေခဲ့လေသည်။ သူတို့က ချက်ချင်းပင် ပြန်လည် တိုးဝင် လာခဲ့ကြ၏။ ထိုအချိန်သခင် အဆင့် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းအောင်း သူတို့ သိကြပေသည်။ ၎င်းရေစက်ကြိုး ပိုင်ရှင်မှာ သူ့ထက် ကျင့်ကြံခြင်း အဆင့် မြင့်သည့် လူသုံးယောက်ကိုပင် တစ်ပြိုင်နက်တည်း ယှဉ်နိုင်စွမ်း ရှိသည်။

သူတို့က ကြယ်တာရာ အမြုတေများကို စတင်ကာ လောင်ကြွမ်း ပစ်လိုက်ကြ၏။ ချက်ချင်းပင် သူတို့၏ စွမ်းအင်များက ယာယီ အဖြစ် တိုးမြင့်လာခဲ့လေသည်။

အချိန်သခင်မှာ ရန်သူများထံမှ ကြောက်မက်ဖွယ် အော်ရာကို ခံစားလိုက်ရလေရာ မျက်မှောင်ကြုတ် လိုက်၏။ ထို့နောက် သူက မတုန့်မဆိုင်းပင် ဓားစွမ်းအင်လှိုင်းများကို ထုတ်လွှတ်ရင်း နောက်သို့ ဆုတ်ခွာရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း အချိန်မမှီတော့။

ဘုန်း...

ကြယ်တာရာ သခင် တစ်ယောက်၏ လက်သီးက အချိန်သခင်၏ ဦးခေါင်းကို ထိသွားခဲ့၏။ သူ၏ ခေါင်းက ချက်ချင်းပင် ကြေမွ ပေါက်ကွဲသွားကာ ခန္ဓာကိုယ်မှာ အသက်မဲ့စွာ လဲပြိုကျ သွားခဲ့သည်။ လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် ခြားနားစွာပင် သေမျိုး တစ်ယောက် ဦးခေါင်းအား ဆုံးရှုံးသွားပါက ရလဒ်က သေခြင်းတရားသာ ဖြစ်လေသည်။

သို့သော်လည်း အချိန်သခင် ပစ်လွှတ်ခဲ့သည့် ဓားအော်ရာလှိုင်းမှာလည်း အလဟသတ်တော့ မဖြစ်ခဲ့ချေ။ ၎င်းတို့က ကြယ်တာရာ သခင် သုံးယောက်၏ ခန္ဓာကိုယ်များထဲကို ဖောက်ဝင် သွားကြ၏။ သူတို့မှာ အချိန်သခင်ကို သုတ်သင်ရန် အတွက် ကြယ်တာရာ အမြုတေနှင့် အသက် အင်အားအား စတေးခံသည့် နည်းလမ်း တစ်ခုကို အသုံးပြုထားလေရာ ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ချေ။ လျှင်မြန်စွာပင် သူတို့၏ ခန္ဓာကိုယ်များက အောက်သို့ ပြုတ်ကျလာကာ အသက် အော်ရာမှာလည်း မှေးမှိန်သွား၏။

သို့သော်လည်း မြေပြင်ပေါ်သို့ ကျရောက်ပြီးနောက် ခပ်အုပ်အုပ် အသံ တစ်ခု ထွက်ပေါ်လာကာ သူတို့၏ အလောင်းများက အနက်ရောင် ဖုန်မှုန့်များ အဖြစ် ပြန့်ကျဲ သွားကြသည်။ အလွန်တရာ ပြင်းထန်သည့် သေခြင်းတရား အော်ရာမှာ ထိုဖုန်မှုန့်များက ထွက်ပေါ်နေ၏။ အကယ်၍ ဝေ့ဝူယင်သာ ဤနေရာတွင် ရှိပါက ထိုအော်ရာမှာ နက်ခရို စွမ်းအင် အကြွင်းအကျန်များပင် ဖြစ်ကြောင်း တန်းကာ မှတ်မိလိမ့်မည် ဖြစ်ပေသည်။

ဝှစ်... ဝှစ်...

၎င်းတို့က ဖုန်မှုန့်လေးများ အဖြစ် လျှင်မြန်စွာ ပါးလွှာသွားကာ လေထု မော်လီကျူးလေးများနှင့် ပေါင်းစပ် သွားကြသည်။ ထိုအမှုန်များမှာ ဆက်သွယ်ရေး လမ်းကြောင်း၏ ဝင်ပေါက်ထံ ပြန်လည် စီးဆင်း သွားကြကာ သူတို့ စခန်းချရာ အရိပ်ဥအတွင်း ဝင်ရောက် ပျောက်ကွယ် သွားကြလေတော့သည်။

တစ်ရက်ကြာမြင့်ပြီးနောက်...

တူညီသည့် အော်ရာများနှင့် ကြယ်တာရာ သခင် သုံး‌ယောက်မှာ ဆက်သွယ်ရေး လမ်းကြောင်း အတွင်း ပြန်လည် ဝင်ရောက်လာကြလေသည်။ သူတို့၏ အော်ရာများက အားအင် ပြည့်ဝနေကာ အသက်အင်အားများနှင့် ပြည့်ဝနေ၏။ သူတို့၏ ကျင့်ကြံခြင်း အခြေခံများမှာလည်း တည်ငြိမ်နေ၏။ သူတို့ ထုတ်လွှတ်နေသည့် သတ်ဖြတ်လိုမှု ရည်ရွယ်ချက်များမှာ အဆုံးမဲ့လှပေသည်။

“အစစ်အမှန် မွေးဖွားခြင်း အတွက်...”

သူတို့က ဟစ်ကြွေးလိုက်ရင်း ပစ်မှတ် အသစ်များထံ တိုးဝင် သွားကြလေတော့၏။

ဟူး... ဟူး...

တိုက်ပွဲအရှိန် ပိုမို မြင့်တက်လာခြင်းနှင့် အတူ ဝတ်စုံနက်ဝတ် ပုံရိပ်များသည်လည်း ပိုမို တိုးပွား၍ လာနေခဲ့၏။ အချိန်နှင့် အမျှ အရေအတွက် ကွာခြားချက်က ပိုမို၍ များပြား လာနေခဲ့သည်။ ထိုအချင်းအရာက ရေစက်ကြိုး ပိုင်ရှင်များကို တုန်လှုပ်စေသော်လည်း သူတို့မှာ ကိုယ်ပိုင် ယုံကြည်ချက်၊ ခံယူချက်များနှင့် အတူ အသက်ကို ပေးလှူရန် အသင့်ဖြစ်နေကြသူများ ဖြစ်သည်။

ချိပ်ပိတ် အစီအရင်၏ ဒီဇိုင်း အရ ဆက်သွယ်ရေး လမ်းကြောင်းများမှာ လျှို့ဝှက် အာဏာရှင် အဆင့်များကို ဝင်ရောက်ခြင်း မပြုနိုင်အောင် တားဆီးထားသည်။ အကယ်၍ အတင်းအကြပ် ဝင်ရောက်ပါက ဆက်သွယ်‌ရေး လမ်းကြောင်း တစ်ခုလုံး ပြိုကျသွားမည် ဖြစ်ပြီး ထိုအချင်းအရာမှာ မည်သည့် ဘက်ကမှ မလိုလားသည့် အကျိုးဆက် တစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် ဆက်သွယ်ရေး လမ်းကြောင်း အတွင်း ဖြတ်သန်း သွားလာကြသည့် အစောင့်များ၊ ပြုပြင် ထိန်းသိမ်းရေး လုပ်သားများ အားလုံးမှာ ကြယ်တာရာ အမြုတေ အဆင့်များသာ ဖြစ်သည်။

လျှို့ဝှက် အာဏာရှင် အဆင့်များကတော့ လောကနယ်မြေများတွင်ပင် တိုက်ရိုက် စောင့်ကြပ် ကွပ်ကဲ ကြပေသည်။

လောကနယ်မြေ ဝင်ပေါက် အနီး၊ မိုင်ပေါင်း ရာချီ အကွာအဝေး တစ်နေရာ၌ ကွန်မန်ဒါ အဆင့်ရှိ အရှုံးမပေးခြင်း ‌ရေစက်ကြိုး ပိုင်ရှင် အမျိုးသမီး တစ်ယောက်မှာ သူမ၏ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံခြင်း အခြေခံကို သုံးကာ ပေါက်ကွဲမှု ပြင်းထန်သည့် အသံဖြင့် အော်ဟစ် လိုက်လေသည်။

“ဘယ်လို အကြောင်းနဲ့ပဲ ဖြစ်ဖြစ် သူတို့ကို ဝင်ပေါက်နား ကပ်ခွင့်ပေးလို့ မရဘူး”

အရှုံးမပေးခြင်း ရေစက်ကြိုး ပိုင်ရှင်၏ မျက်လုံးများက အလွန်တရာ လေးနက်နေ၏။ ထိုကျင့်ကြံသူများကို ဝင်ပေါက် အတွင်း ဝင်ခွင့် ပေးလိုက်ပါက သူတို့မှာ အကာသ ဝင်္ကပါများကို အသက်သွင်းကာ လျှို့ဝှက် အာဏာရှင် အဆင့်များကို ခေါ်သွင်းလိမ့်မည် ဖြစ်သည်။ ထိုအခါ လောကနယ်မြေမှာ ကျူးကျော် ခံရတော့မည် ဖြစ်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ် တုန်းက ဆက်သွယ်ရေး လမ်းကြောင်းများကို ကာကွယ်ရသည့် သူတို့၏ တာဝန်မှာ ပေါ့ပါးခဲ့ပေသည်။ ထိုအရာက လေ့ကျင်ရန် အခွင့်အရေး တစ်ရပ် ဖြစ်ခဲ့သည်။ သို့သော်လည်း... အချိန် ကြာလာသည်နှင့် အမျှ ရန်သူများ၏ ထိုးစစ်မှာ ပိုမို၍ ပြင်းထန်လာခဲ့သည်။ သူတို့မှာ ပန်းတိုင်ကို ရောက်ရှိရန် အဆုံးမဲ့သော အင်အားများကိုပင် သုံးလာခဲ့ကြသည်။

“သူတို့ကို ဝင်ခွင့်ပြုလို့ မဖြစ်ဘူး... လုံးဝ မဖြစ်ဘူး”

သူမက ကိုယ့်ကိုယ်ကို သတိပေးလိုက်၏။ လောကနယ်မြေ အတွင်းတွင်လည်း လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ထိုးဖောက် ဝင်ရောက်လာပါက ကာကွယ်ရန် အဆင်သင့် ပြင်ထားသည်။

ထိုကဲ့သို့ ၇၇၅၄ ခုမြောက် လမ်းကြောင်း အတွင်း အဆုံးမဲ့ တိုက်ပွဲများ ပြင်းထန်နေစဉ်တွင် အရိပ်ဥ သုံးခုမှာ အဆုံးမဲ့ ကြယ်တာရာ နယ်မြေ အနားတွင် လွင့်မြော နေခဲ့ကြသည်။ သူတို့မှာ တိကျ သေချာသည့် လမ်းကြောင်း တစ်ခု အတိုင်း ပျံသန်း နေကြကာ အမှောင် ဟင်းလင်းပြင် အတွင်း ခပ်ဖျော့ဖျော့ တုန်ခါမှုလှိုင်းများကို ထုတ်လွှတ်၍ အပျက်အစီး မန်များကို နှောက်ယှက် နေခဲ့ကြလေသည်။

***

All Chapters