ပထမ တေးသွား... ရှင်သန် ထမြောက်မှု ဒေါသ
Vol. 83 Ch. 1156
အဆုံးမဲ့ ခရီးသွား နယ်မြေ... ကာကွယ်သူ မြို့တော်...
အချိန်လေပွေ အထက်၌ ကျန်းကျဲဝူရှုနှင့် စုနန်ကျင်းတို့မှာ တည်ငြိမ်သည့် အမူအရာများနှင့် ပျံဝဲ နေကြသည်။ ရှုယု ဧရိယာ နံပတ် လေးဆယ့်သုံးကို ရှာဖွေရန် အချိန်လေပွေ အတွင်း ဝင်ရောက်သွားသည်မှာ တစ်ရက်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ထိုအရာက စိုးရိမ်စရာတော့ မဟုတ်ချေ။ နှံ့စပ်စွာ ရှာဖွေရန် ရက်အနည်းခန့်မှ လချီသည် အထိ အချိန်ယူရနိုင်သည်။
လွန်ခဲ့သည့် တစ်နှစ်တာ ကာလ အတွင်း၌ လောကရှန့်ထို သုံးယောက် ဖြစ်သည့် ကျန်းကျဲဝူရှု၊ ရှုယုနှင့် စုနန်းကျင်းတို့မှာ အချိန်လေပွေ အတွင်းရှိ ပြောင်းလဲမှု အကြောင်းရင်းကို ရှာဖွေရန် တာဝန်ယူ ထားကြခြင်း ဖြစ်သည်။ အဆုံးမဲ့ မြို့တော် သခင်ကတော့ လတ်တလော အခြေအနေများကြောင့် ရှာဖွေမှုကို ပူးပေါင်းနိုင်ခြင်း မရှိပါချေ။
“အချိန်လေပွေက ပုံမှန် ပြန်ဖြစ်လာနေပြီ”
စုနန်ကျင်းက သိမ်မွေ့သည့် လေသံဖြင့် ပြောလိုက်၏။ သံမဏိ ခေါင်းစွပ် နောက်ကွယ်ရှိ သူ့ မျက်လုံးများက မသိမသာ ကျဉ်းမြောင်း သွားသည်။
“အင်ပါယာရှု အောင်မြင်သွားပြီ ထင်တယ်”
သူ့ အမြင်အရ... ရှုယုမှာ အချိန်လေပွေ အပြောင်းအလဲ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကို ရှာဖွေ တွေ့ရှိကာ ပြဿနာကို ဖြေရှင်းလိုက်နိုင်သည့်ပုံ ရသည်။ ရှုယု၏ ခွန်အားနှင့် စွမ်းအားကြောင့်လည်း စုနန်ကျင်း ထိုကဲ့သို့ ယုံကြည်ခြင်း ဖြစ်သည်။
သို့သော်လည်း... ကျန်းကျဲဝူရှု၏ လှပသော မျက်ဝန်းများကတော့ အနည်းငယ် သုန်မှုန် နေသည်။ ပြောင်းလဲမှု ဖြစ်ပေါ်ပြီးနောက် အချိန်လေပွေ၏ စွမ်းအင်များမှာ ပျော့ပျောင်းသွားကာ သူတို့လို လောကရှန့်ထိုများ အတွက် လွယ်ကူကာ ခုခံရ အတော်လေး လွယ်ကူပေသည်။
သို့သော်လည်း... ယခုအခါတွင်တော့ အချိန်လေပွေ၏ စွမ်းအင်များမှာ ပုံမှန် ဖရိုဖရဲ အခြေအနေကို ပြန်လည် ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... ၎င်းမှာ မူလကထက်ပင် ပိုမို၍ ကြမ်းတမ်းသယောင် ထင်ရသည်။ ရှုယုမှာ နက်ရှိုင်းသည့် တစ်နေရာသို့ ရောက်ရှိနေသည်။ သူ့အနေဖြင့် ပြဿနာကို ဖြေရှင်းလိုက်နိုင်လျှင်ပင် ပြန်လည် ထွက်ခွာရန် အခက်အခဲ ရှိလာလိမ့်မည် ဖြစ်သည်။
စုနန်ကျင်းမှာ ကျန်းကျဲဝူရှု၏ အတွေးများကို အပြည့်အဝပင် နားလည်ပေသည်။
“သူသာ ဧရိယာ လေးဆယ့်သုံးမှာ မှာ ဆိုရင် ပြန်ထွက်ဖို့ ဆယ်စုနှစ်နဲ့ချီ ပိတ်မိ နေနိုင်တယ်... ပိုပြီးတော့တောင် ကြာကောင်း ကြာနိုင်တယ်”
ကျန်းကျဲဝူရှုမှာ အချိန်လေပွေကို အချိန် ကြာမြင့်စွာ စိုက်ကြည့် နေခဲ့၏။ ထို့နောက် သူမက စိတ်မကောင်းဟန်ဖြင့် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။ အချိန်လေပွေမှာ အဆုံးမဲ့ ခရီးသွား နယ်မြေ အတွင်း ပုံမှန် မဟုတ်သည့် နေရာ တစ်ခု ဖြစ်ကာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံနှင့်လည်း ကြီးမားစွာ ချိတ်ဆက်နေပေသည်။ အကယ်၍ ရှုယုသာ ပြင်ပ အကူအညီကို အသုံးပဲ ကိုယ်ပိုင် စွမ်းအားကိုသာ မှီခိုနေမည် ဆိုပါက ဖောက်ထွက်နိုင်ရန် အခွင့်အရေးက ပိုမို၍ နည်းလိမ့်မည် ဖြစ်ကာ အရပ်မျက်နှာ အတိအကျကိုပင် ခန့်မှန်းဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။
ရှုယု နေရာတွင် ဆိုပါက သူမလည်း ရုန်းကန်ရလိမ့်မည် ဖြစ်သည်။ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံနှင့် ချိတ်ဆက်နိုင်သည့် တိုကင်ကိုသာ မသုံးပါက လွတ်မြောက်ရေးမှာ အိပ်မက်သဖွယ်သာ ဖြစ်ပေလိမ့်မည်။ ကံကောင်း ထောက်မစွာပင် ရှုယုထံ၌ တိုကင်တစ်ခု ရှိနေပေသည်။ ထို့ကြောင့် အများကြီးတော့လည်း စိတ်ပူစရာ မလိုပါချေ။
“ကျုပ် ပြန်တော့မယ်... ကျန်တဲ့ ကိစ္စ အဝဝကို ကာကွယ်သူကိုပဲ လွှဲအပ်ခဲ့တော့မယ်”
စုနန်ကျင်းက ပြောလိုက်၏။ အချိန်လေပွေမှာ ပုံမှန် ပြန်ဖြစ်သွားပြီ ဖြစ်လေရာ ပြဿနာ မရှိတော့ချေ။ ရှုယု လွတ်မြောက်လာလျှင်တော့ အပြောင်းအလဲ ဖြစ်ရသည့် အကြောင်းရင်းကို သူတို့ သိရှိရလိမ့်မည် ဖြစ်သည်။ သူတို့ စုံစမ်း ရရှိထားသလောက် ဆိုလျှင် ဆက်သွယ်ရေး လမ်းကြောင်းများ လတ်တလော ပိုမို ပေါ်ထွက် လာခြင်းမှာ အချိန်လေပွေ၏ ပြောင်းလဲမှုများကြောင့်ပင် ဖြစ်သည်။
ယခုတွင်တော့ ထိုပြဿနာ ပြေလည်သွားခြင်းနှင့် အတူ အဆုံးမဲ့ ခရီးသွား နယ်မြေ ရင်ဆိုင်နေရသည့် ဆက်သွယ်ရေး လမ်းကြောင်း ပဋိပက္ခများမှာလည်း တဖြည်းဖြည်း ပြန်လည် လျော့ကျသွားလိမ့်မည် ဖြစ်ပေသည်။
စုနန်ကျူးမှာ ဘာစကားမှ ထပ်မပြောတော့ပဲ ပျံသန်း ထွက်ခွာ သွားတော့၏။ သူက ဤနေရာတွင် ဆက်နေသင့်သည်ဟု မခံစားရတော့ချေ။
ကျန်းကျဲဝူရှုကတော့ နေရာတွင်ပင် ရပ်ရင်း အချိန်လေပွေ အတွင်းရှိ ဖရိုဖရဲ စွမ်းအင်လှိုင်းများကို ငေးမော ကြည့်နေခဲ့၏။ အတန်ကြာပြီး နောက်တွင်တော့ သူမက သက်ပြင်းတစ်ချက် ချလိုက်သည်။
“အနည်းဆုံး ငါတော့ မဟုတ်ဘူးပေါ့လေ...”
ရှုယု အတွက် စိတ်မကောင်း ဖြစ်မိသည့်တိုင် အချိန်လေပွေ အတွင်း ပိတ်မိနေခဲ့သည့် တစ်ယောက်က သူမ မဟုတ်ခဲ့တာတော့ ဝမ်းသာစရာ ဖြစ်ပေသည်။
သို့သော်လည်း သူမ လုံးဝ မတွေးမိသည့် အချက်ကား... ရှုယုမှာ ပိတ်မိနေခြင်း မဟုတ်ပဲ ဝေ့ဝူယင် လက်ချက်ဖြင့် သေဆုံး သွားခဲ့ပြီ ဆိုခြင်းပင်။ ထိုအရာက ကျန်းကျဲဝူရှု၏ အပြစ်တော့လည်း မဟုတ်ပါချေ။ ရှုယုမှာ သာမန် လောကရှန့်ထို အဆင့်ထက် ကျော်လွန်နေသည့် တန်ခိုးရှင် တစ်ယောက် ဖြစ်သည်။ သူမ သည်ပင် သူ့ကို နည်းနည်း ကြောက်ရသည်။
ထို့အပြင်... ရှုယုမှာ အလွန် စေ့စပ် သေချာသူ၊ မပိုင်ပဲ မလှုပ်ရှားတတ်သူ စသည့် ဂုဏ်ပုဒ်များနှင့်လည်း အလွန် ကျော်ကြားသည်။ သူ့လို လူတစ်ယောက်က အလွှာကြားက လောကနှင့် ချိပ်ပတ် နယ်မြေလို နေရာမျိုးတွင် ကျရှုံးဖို့ လုံးဝ မဖြစ်နိုင်ပါချေ။
“အဲဒီ ကောင်လေး ဝေ့ဝူယင်...”
ငွေရောင် မျက်လုံးများနှင့် ကောင်လေးကို ပြန်လည် စဉ်းစားရင်း ကျန်းကျဲဝူရှု သက်ပြင်းတစ်ချက် ချလိုက်သည်။ ငယ်ရွယ်သည့် အသက်၊ ကြောက်မက်ဖွယ် ကျင့်ကြံခြင်း အခြေခံ၊ စွဲမက်ဖွယ် အသွင်အပြင်... သူမမှာ သူ တွေ့ဖူးသမျှ ယောက်ျားများထဲ၌ အတော်လေး ပြီးပြည့်စုံသူ ဖြစ်သည်။ ဝေ့ဝူယင်လို လူတစ်ယောက် အမြင့်ဆုံးကို မရောက်ခင် ကျရှုံးသွားခဲ့ရတာ နှမြောစရာပင် ဖြစ်သည်။
ကျန်းကျဲဝူရှုက သက်ပြင်းတစ်ချက် ချရင်း အဆုံးမဲ့ မြို့တော် တည်နေရာကို လှမ်းကြည့် လိုက်မိ၏။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင်တော့ သူမ ခရီးတစ်ခု ထွက်ကာ လျူယင်လန်းထံမှ အစ်အောက်ကြည့်ရဦးမည် ဖြစ်သည်။
...
၇၇၅၄ ခုမြောက် ဆက်သွယ်ရေး လမ်းကြောင်း၌... တိုက်ပွဲများမှာ အဆက်မပြတ်ပင် ပြင်းထန် နေခဲ့၏။ အနက်ရောင် ဝတ်စုံဝတ်၊ မျက်နှာဖုံးတပ် ပုံရိပ်များမှာ အရေအတွက်အားဖြင့် အကန့်အသတ် မဲ့လှကာ ရေစက်ကြိုး ပိုင်ရှင်များကို အလုံးလိုက် အရင်းလိုက် ဖိတိုက်ခိုက် နေခဲ့သည်။
ရေစက်ကြိုး ပိုင်ရှင်များ၏ အလောင်းများမှာ ချိပ်ပိတ် နယ်မြေ ဝင်ပေါက်မှသည် လောကနယ်မြေ ရောက်လုနီးပါး အထိ ပြန့်ကျဲ နေခဲ့၏။ ပထမဆုံး အမြင်ဖြင့်ပင် တိုက်ပွဲမှာ တစ်ဖက်သတ် နီးပါး ဖြစ်နေကြောင်း တွေ့မြင်နိုင်လိမ့်မည် ဖြစ်သည်။
ဆက်သွယ်ရေး လမ်းကြောင်း ဥမင် တစ်ခုလုံးမှာ မိုင်ပေါင်း ခုနစ်ရာကျော် ရှည်လျားလှသည်။ သို့သော်လည်း ထိုအလျားက ကျင့်ကြံသူများ အတွက်တော့ သေးငယ်သည့် အကွာအဝေး တစ်ခုမျှသာ ဖြစ်သည်။ သို့သော်လည်း ဥမင်မှာ မြွေတစ်ကောင် မြေပြင်ပေါ် ခွေနေသကဲ့သို့ အကောက်အကွေ့များနှင့် ပြည့်နှက် နေလေရာ အဆုံးသတ်ကို ရောက်ရန် မိုင်ပေါင်း မည်မျှ ခရီးနှင်ရမည်ကို ခန့်မှန်းရန် ခက်ခဲလှသည်။
သို့သော်လည်း... အနက်ရောင် ဝတ်စုံဝတ် ပုံရိပ်များ ချီတက်လာနေခဲ့သည်ကတော့ ထက်ဝက်ကျော်ခဲ့ပြီ ဖြစ်သည်။ သူတို့က ဒေါသ နတ်ဘုရားများ အလား ဟိန်းဟောက် နေကြကာ သူတို့၏ ကြယ်တာရာ အမြုတေများနှင့် အသက် အင်အားများကို လောင်ကြွမ်းပစ် နေကြသည်။ ထိုလုပ်ရပ်က ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်ခြင်းနှင့် တူသည့်တိုင် သူတို့ကတော့ မမှုပါချေ။
ရေစက်ကြိုး ပိုင်ရှင်များအား ကြီးကြပ် ကွပ်ကဲနေသည့် အရှုံးမပေးခြင်း ရေစက်ကြိုး ပိုင်ရှင် အမျိုးသမီး ကွန်မန်ဒါမှာ အမှောင်မည်းဆုံးသော အမူအရာ တစ်ခုကို ဆင်မြန်းထားခဲ့၏။ သူမ၏ မျက်ဝန်းများက စိုးရိမ် ပူပန်မှုများ အပြင် အဆုံးစွန်သော သတ်ဖြတ်လိုစိတ်များနှင့် ရောနှော ပြည့်နှက် နေသည်။ ကြိုတင် တည်ဆောက်ထားသည့် ဝင်္ကပါများကြောင့် သူမမှာ ဥမင် တစ်ခုလုံးကို ခြုံငုံ မြင်နိုင်စွမ်း ရှိပေသည်။ ထို့အပြင် သူမမှာ လက်အောက်ငယ်သားများကို အမျိုးမျိုးသော ဆက်သွယ်ရေး နည်းလမ်းများနှင့် ဆက်သွယ်ကာ တိုက်ရိုက် ညွှန်ကြား နေခဲ့ခြင်း ဖြစ်သည်။
အဆုံးမဲ့ ခရီးသွား နယ်မြေ၏ ရေစက်ကြိုး ပိုင်ရှင်များမှာ စည်းကမ်း တင်းကြပ်သည့် စစ်တပ် တစ်ခုလိုမျိုး မဟုတ်သည့်တိုင် တစ်ယောက်ကို တစ်ယောက် ဖေးမ ကူညီရန်၊ ရန်သူများအား သုတ်သင်ရန်၊ အသက်ရှင် လွတ်မြောက်ရန် အလွန် သဟဇာတ ဖြစ်စွာ လှုပ်ရှားနိုင်ပေသည်။
“ကွန်မန်ဒါ... သူတို့က ပုံမှန် မဟုတ်ဘူး...”
မိန်းကလေး၏ အမိန့်အောက်ရှိ ဝိညာဉ် ရေစက်ကြိုး ပိုင်ရှင် တစ်ယောက်က ကြောက်ရွံ့ ထိတ်လန့်မှု၊ နားမလည်နိုင်မှုတို့ ပြည့်နှက်နေသည့် လေသံဖြင့် အော်ဟစ် လိုက်၏။ သို့သော်လည်း... ထိုအချက်ကို သတိထားမိသည်က သူ တစ်ယောက်တည်းတော့ မဟုတ်ပါချေ။ ကွန်မန်ဒါ ကိုယ်တိုင်က ထိုအရာကို မလျစ်လျူသင့်သည့် အချက်တစ်ချက် အဖြစ် ယူဆ ထားသည်။
ရေစက်ကြိုး ပိုင်ရှင်များ၏ လက်ချက်ဖြင့် သေဆုံးသွားသည့် ဝတ်စုံဝတ်များ မည်သည့် နေရာသို့ ရောက်ရှိသွား သနည်း။ အဘယ်ကြောင့် မီးခိုးများ အဖြစ် ပြိုကွဲသွားရသနည်း။ သို့သော်လည်း... သူမ ခံစားမိသည့် ဝိညာဉ်အာရုံ အရ သူတို့ သေဆုံးသွားသည်ကတော့ သေချာပေသည်။
ကွန်မန်ဒါမှာ ယခင်ကလည်း အစစ်အမှန် မွေးဖွားခြင်းနှင့် တိုက်ခိုက်ဖူးလေရာ အလောင်းများ ထိုကဲ့သို့ ပျောက်ကွယ်သွားသည်ကို ကြုံတွေ့ခဲ့ဖူးပြီး ဖြစ်သည်။ ထိုစဉ်တုန်းကတော့ ၎င်းမှာ အသက်ရှင်လျှက် ဖမ်းဆီး သတင်းနှိုက်ခံရခြင်းမှ ကာကွယ်ရန် နည်းလမ်း တစ်ခုဟု သူတို့ ယူဆ ခဲ့ကြသည်။ သို့သော်လည်း... ယခုတစ်ကြိမ်ကတော့ အနည်းငယ် ခြားနားလှသည်။
အထူးသဖြင့် ဝတ်စုံနက်များ တိုက်ခိုက် နေကြသည့် ပုံစံများပင်။ သူတို့၏ ဗျူဟာက ရိုးရှင်း၏။ ကိုယ့်ကိုယ်ကို စတေးခံခြင်းပင် ဖြစ်သည်။ ရေစက်ကြိုး ပိုင်ရှင်များဘက်မှ အသက် တစ်သက် အတွက် သူတို့ဘက်မှ အသက် ဆယ်သက် စတေးရမည်လည်း စတေးဝံ့သည်။ အသက် တစ်ရာ စတေးရမည် ဆိုလျှင်ပင် နောက်မတွန့်ချေ။ သူတို့က ဦးနှောက် မရှိတော့သည့် ဖုတ်ကောင်များလိုပင် ဖြစ်သည်။
တိုက်ပွဲ စတင်သည်မှ စ၍ လက်ရှိ အချိန်အထိ ဝတ်စုံနက်ဝတ်များ၏ သေဆုံး အရေအတွက်က ရေစက်ကြိုး ပိုင်ရှင်များထက် အဆ ခြောက်ဆယ်လောက် ပိုမို များပြားသည်။ သို့သော်လည်း... သူတို့မှာ အင်အားမှာ လျော့ကျသွားသည် ဟူ၍ မရှိ။ အချိန်တိုင်း ပြန်လည် ပြည့်လာစမြဲ၊ ပိုမို၍ များပြားလာစမြဲပင်။ အဘယ်ကြောင့်နည်း။ ထိုအရာကို သူမ အဖြေရှာ မရသေးပါချေ။
အချိန်နှင့် အမျှ များစွာသော ရေစက်ကြိုး ပိုင်ရှင်များမှာ နောက်သို့ ဆုတ်နေရကာ ဝင်ပေါက်နှင့် ပိုမို၍ နီးကပ် လာနေခဲ့သည်။
ကွန်မန်ဒါက အံကို တင်းတင်းကြိတ်ကာ လက်သီးများကို ဆုပ်လိုက်မိ၏။ နေရာ တစ်ခုတည်းတွင် တည်မြဲ နေသည့် ဝင်ပေါက်၏ အခြေအနေ ကြောင့်ပင် အစစ်အမှန် မွေးဖွားခြင်းမှာ သူတို့၏ စစ်ကူများကို ဆက်တိုက် ဆိုသလို အလုံးလိုက် အရင်းလိုက် ပို့လွှတ် နေနိုင်ခြင်းဖြစ်သည်။ ယခင်ကလို အခြေအနေမျိုး ဆိုပါက သူတို့ ထိုကဲ့သို့ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပါချေ။
ဝှစ်... ဘုန်း...
ကြယ်တံခွန် တစ်ခုမှာ ပြင်းထန်သည့် အရှိန်အဟုန်နှင့် အတူ ကွန်မန်ဒါ အရှေ့သို့ ပြုတ်ကျ လာခဲ့၏။ သူက အသက် လေးဆယ်ကျော်ခန့် ရှိမည့် လူကြီးပိုင်း တစ်ယောက် ဖြစ်ကာ တောင့်တင်း ကြံ့ခိုင်သည့် ခန္ဓာကိုယ်၊ ရှည်လျားသည့် အရပ်နှင့် ရင့်ကျက်သည့် ပုံပန်း သွင်ပြင်တို့ကို ပိုင်ဆိုင်ထားသည်။ သူက သေမျိုး အဆင့်၏ အထွတ်အထိပ် ကြယ်တာရာ သခင် တစ်ပါးလည်း ဖြစ်၏။ သူ၏ အင်္ကျီ တစ်ခုလုံးမှာ အရောင်အသွေး စုံလင်သည့် သွေးများနှင့် ရွှဲရွှဲစို နေပေသည်။
“ကွန်မန်ဒါ... ကျုပ် လူတစ်ယောက်တည်းကို သုံးကြိမ်တောင် ပြန်သတ်ပြီးပြီ... တစ်ကြိမ်သတ်ပြီး တစ်ရက် နှစ်ရက် ကြာတာနဲ့ သူက ပြန်ပေါ်လာတာပဲ”
လူကြီးက သံသယ အရိပ်အငွေ့ မရှိပဲ တည်ငြိမ်စွာဖြင့် ဆိုလိုက်၏။ သူက စစ်မြေပြင်တွင် တိုက်ပွဲ စတင်ချိန် ကတည်းက ရှိနေခဲ့ခြင်း ဖြစ်သည်။ ဤသည်က ပထမဆုံး အကြိမ် အဖြစ် သူ နောက်ဆုတ်ခဲ့ခြင်းဖြစ်သည်။
"ဟမ်...”
ကွန်မန်ဒါမှာ အံ့သြ သွားခဲ့၏။ ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ သူမက ချက်ချင်းပင် အမြင်အာရုံ ဝင်္ကပါကို ဖွင့်လှစ်ကာ တရကြမ်း တိုးဝင်လာနေသည့် ကျင့်ကြံသူများကို နောက်တစ်ကြိမ် ပြန်လည် စစ်ဆေး လိုက်၏။ ထိုအချင်းအရာကိုတော့ သူမ မယုံကြည်နိုင်သေးပါချေ။
***