ပထမ တေးသွား
Vol. 83 Ch. 1159
ဝှစ်... ဝှစ်...
မဟာ စက်ဝန်း ရှန့်ထို ညီလာခံ တက်ရောက်နေသည့် မြေကြီး ရှန့်ထို များစွာမှာ လောက နယ်မြေထဲမှ တစ်ယောက်ပြီး တစ်ယောက် အပြင်သို့ ပျံထွက်လာခဲ့ကြ၏။
ဟန်ယုဟိုင်မှာ ပြင်ပသို့ ပထမဆုံး ရောက်ရှိလာသူ ဖြစ်ကာ ကိုးရောင်ခြယ် အလင်းတန်းများ တောက်ပနေသည့် သူ၏ မျက်ဝန်းများမှာ အခြေအနေကို အကဲခတ် နေခဲ့လေသည်။
“ဘာဖြစ်တာလဲ...”
ဟန်ယုဟိုင်၏ နှလုံးသားက အဆက်မပြတ် တုန်ရီနေ၏။ သူ့ နားက ဘာကိုမှ မကြားရသည့်တိုင် သူ့ လျှို့ဝှက် ဝိညာဉ်ကတော့ လျှင်မြန်ကာ စီးချက် ပြင်းထန်သည့် တေးသွားကို ရှင်းလင်းစွာပင် ကြားနေရသည်။ ဂီတသံစဉ်နှင့် အတူ သူ့ သွေးဖိအားက အဆက်အပြတ် မြင့်တက် လာနေခဲ့၏။ ထိုအသံကို ခုခံသင့်သလား သူ မသိသလို မည်ကဲ့သို့ ခုခံရမှန်းလည်း သူ မသိပါချေ။
အဆုံးမဲ့ ကြယ်တာရာ နယ်မြေကြီး၏ နယ်နိမိတ် အလွန် ဝေးကွာလှသော နေရာ တစ်ခုတွင်တော့ ငွေရောင် အလင်း သုံးပွင့်မှာ ခက်ထန်စွာ မြင့်တက် လာနေခဲ့လေသည်။
ဝှစ်... ဝှစ်... ဝှစ်...
အခြား မြေကြီး ရှန့်ထိုများမှာလည်း ရောက်ရှိလာခဲ့ကြ၏။ မဟာစက်ဝန်း ရှန့်ထို ညီလာခံ ကျင်းပရာ လျှို့ဝှက် နယ်မြေကတော့ သူတို့၏ စုပေါင်း လျှို့ဝှက် စွမ်းအားများ အောက်တွင် အခြေအနေ ကောင်းလျှက် ရှိပေသေးသည်။
“ဂီတသံလား...”
အဆုံးမဲ့ ကြယ်တာရာ နယ်မြေ၏ နံပတ်တစ် အလှမယ် ဧကရီ ရှောင်ချွမ်းက စိတ်ဝင်တစားဖြင့် မေးလိုက်၏။ မာ့ကျန်းသည်လည်း အလားတူပင် ထိုဂီတသံကို ကြားရပေသည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပတ်ဝန်းကျင်ရှိ မန်နာလှိုင်းများကို စိတ်ဝင်စား စူးစမ်းလိုက်၏။ သူ၏ မျက်ဝန်းများမှာ စိတ်ဝင်စားမှုများနှင့် ပြည့်နှက် သွား၏။ လှိုင်းများမှာ အသံတစ်ခုကို ဖွဲ့စည်းကာ သူ့ လျှို့ဝှက် ဝိညာဉ်သံ အသံတစ်ခုကို လှုံ့ဆော် ပေးပို့နေခြင်း ဖြစ်သည်။
“ကြယ်တာရာ ပေါက်ကွဲခြင်းလား...”
ဝိညာဉ် ရှန့်ထို ဧကရာဇ်က မာ့ကျန်း ဘေးနားသို့ လာရပ်ရင်း မေးလိုက်သည်။ သူ၏ မျက်လုံးများက ကျဉ်းမြောင်းနေကာ အလင်းတန်းများ၏ မူလ အစကို သတိထားမိပေသည်။ ထိုအရာမှာ ကောင်းကင် ဖြစ်စဉ် တစ်ခု ဖြစ်သော စူပါနိုဗာနှင့်ပင် ယှဉ်နိုင်စွမ်း ရှိသည့် ကြယ်တာရာ အမြုတေ အဆင့်များ၏ ပြိုင်စံရှား စွမ်းအား တစ်ခု ဖြစ်သည့် ကြယ်ပေါက်ကွဲခြင်းပင် ဖြစ်လေသည်။
“အစစ်အမှန် မွေးဖွားခြင်း...”
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ ထျန်းကလန်၏ အင်ပါယာ အကြံပေးက တီးတိုး လေသံဖြင့် ဆိုလိုက်၏။ သို့သော်လည်း ပတ်ဝန်းကျင်၌ ရှိနေသည့် လူအားလုံးမှာ သေမျိုးများ ကိုးကွယ် ဆည်းကပ်ရန်သာ တတ်နိုင်သည့် မဟာ စွမ်းအားများနှင့် မြေကြီး ရှန့်ထို အဆင့် ကျင့်ကြံသူများ ဖြစ်ကြလေရာ ရှင်းလင်း ပြတ်သားစွာပင် ကြားလိုက်ရလေသည်။
သို့သော်လည်း တစ်ဦးတစ်ယောက်ချင်းစီ၏ တုန့်ပြန်မှုများကတော့ ခြားနားလှ၏။ တစ်ချို့က အံ့သြသွားကာ တစ်ချို့က မျက်မှောင်ကြုတ် သွားကြသည်။ တစ်ချို့ကတော့ သတ်ဖြတ်လိုသည့် ဆန္ဒများနှင့် ပြည့်နှက် တစ်ချို့မှာ ပိုမို၍ တည်ငြိမ် သွားကြ၏။
“ငါတို့ ဝင်ပါသင့်တယ်လို့ မထင်...”
ပုပ်ရဟန်းမင်းကြီး ဟုန်ယန်က အခြေအနေကို အတိအကျ မသိရပဲ မလှုပ်ရှားဖို့ အကြံပေးရန် ပြင်လိုက်သော်လည်း သူ့ စကား မဆုံးခင်မှာပင်...
ဘုန်း.. ဘုန်း... ဘုန်း...
စူပါနိုဗာ သုံးခုမှာ အရှိန်အဟုန်နှင့် ပေါက်ကွဲသွားကြ၏။ မျက်တောင် တစ်ခပ်စာ အတွင်း ပျံ့နှံ့ ရောက်ရှိလာသည့် လှိုင်းများကို တွေ့မြင်လိုက်ရသော အခိုက်၌ ရှန့်ထိုများ၏ မျက်လုံးများက ပြူးကျယ် သွားကြသည်။
ကြယ်တာရာ ပေါက်ကွဲခြင်း...
ကြယ်တာရာ ပေါက်ကွဲခြင်းမှာ သေမျိုး အထွတ်အထိပ် အဆင့် စွမ်အား တစ်ခု ဖြစ်သည်။ သို့သော်လည်း မြေကြီး ရှန့်ထို အဆင့် ကျင့်ကြံခြင်း အဆင့်ဖြင့် အစွမ်း အထက်ဆုံး ကြယ်တာရာ သခင်ကိုပင် ကြောက်စရာ မလိုလေရာ သူတို့မှာ မည်သည့် အန္တရာယ် အငွေ့အသက်များကို မခံစားခဲ့ရချေ။ ထိုအရာက ပေါက်ကွဲမှု မစတင်ခင် သူတို့၏ အတွေးများ ဖြစ်သည်။
သို့သော်လည်း... လက်တွေ့တွင်တော့ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများမှာ မိုးကြိုး မုန်တိုင်း တစ်ခုလို အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို မျက်တောင် တစ်ခပ်စာ အတွင်း သိမ်းကြုံး လွှမ်းခြုံ သွား၏။
“ချီးပဲ...”
စန်းလော့ယန်မှာ မြေကြီး ရှန့်ထိုများ ကြားထဲတွင် ရှိနေခဲ့၏။ ထို့ကြောင့်ပင် ပထမ တေးသွားမှ အစ... ကြယ်သုံးပွင့် ပေါက်ကွဲမှု အဆုံး အရာအားလုံးကို တွေ့မြင် နေရသည်။ ပေါက်ကွဲမှု စွမ်းအင်လှိုင်းများမှာ သာမန် ကြယ်တာရာ ပေါက်ကွဲခြင်းများထက် အဆပေါင်း များစွာ ပိုမို ပြင်းထန်လှသည်။
အကယ်၍ ၎င်းသာ ထာဝရ နယ်မြေကို ဝင်တိုက်မိပါက အားနည်းသည့် ကျင့်ကြံသူ ဘီလျံပေါင်း များစွာမှာ တဒင်္ဂ အတွင်း အသက်များ ဆုံးရှုံး သွားရလိမ့်မည် ဖြစ်သည်။
စန်းလော့ယန်က လျှင်မြန်စွာပင် ထာဝရ အစည်းအရုံး၏ ကောင်းကင်နှင့် မြေကြီး လျှို့ဝှက် အစီအရင်ကို ထိတွေ့ကာ ကောင်းကင်အမိုး ဝင်္ကပါကို ထုတ်ဖော်လိုက်၏။
လျှို့ဝှက် ကျိန်စာ ရှိနေသည် ဆိုသော်လည်း စန်းလော့ယန်မှာ ဝူယုနှင့် အမည်မသိ အန္တရာယ်များကို ရှောင်ရှားရန် အတွက် ပြင်ဆင်မှု များစွာကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ကြိုတင် ခန့်မှန်းနိုင်စွမ်းနှင့် ထိုးထွင်း သိမြင်နိုင်စွမ်းသာ မရှိပါက သူက ထာဝရ အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူး ဖြစ်လာလိမ့်မည် မဟုတ်ပါချေ။ မမျှော်လင့်သည့် အရာများမှာ အမြဲတမ်း လိုလို ဖြစ်ပျက် လာတတ်ပေသည်။
သို့သော်လည်း... ကောင်းကင်အမိုး ဝင်္ကပါမှာ စန်လော့ယန် ပြင်ဆင်ထားသည့် အထဲ၌ အကြီးမားဆုံးသော ပမာဏ ဖြစ်ပေသည်။
“အခြား နယ်မြေတွေ အတွက်ရော ဘယ်လိုလဲ...”
သက်တံ့လောက ကြယ်တာရာ နယ်မြေ၏ တစ်ဦးတည်းသော မြေကြီး ရှန့်ထိုက တည်ငြိမ်စွာဖြင့် မေးလိုက်၏။ သူ၏ လေသံက စိုးရိမ် ပူပန်မှု မရှိပဲ သိလိုစိတ်များနှင့်သာ ပြည့်နှက် နေခဲ့သည်။
ပေါက်ကွဲမှုမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေအနီး၌ ဖြစ်ပွားသွားခြင်း ဖြစ်လေရာ သက်တံ့ လောက ကြယ်တာရာ နယ်မြေနှင့် အလွန် အလှမ်းကွာပေသည်။ ထို့ကြောင့်ပင် သူ့ အင်အားစု အတွက် စိုးရိမ် ပူပန်စရာ မလိုပါချေ။
“...”
အခြားသော မြေကြီး ရှန့်ထိုများမှာ ဝင်္ကပါအား အသက်သွင်းဖို့ ကြိုးပမ်းနေသည့် စန်းလော့ယန်ကို လှမ်းကြည့် လိုက်ကြသည်။
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေရှိ မြေကြီး ရှန့်ထိုများကတော့ ဧကရီမှ တစ်ပါး အားလုံး အကျည်းတန်သော အမူအရာများကို ဆင်မြန်း ထားကြသည်။ အထူးသဖြင့် ဟန်ယုဟိုင်ပင်။ ကောင်းကင်အခုံး ဝင်္ကပါမှာ ထာဝရ နယ်မြေကို ကာကွယ်ထားသည့် အပြင် သူတို့ မြေကြီး ရှန့်ထိုများကိုလည်း ပြင်ပသို့ မထွက်နိုင်ခင် တားဆီးထားသည်။
ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများမှာ ဘယ်လောက် အန္တရာယ် များမှန်း သူတို့ သိကြပေသည်။ ထိုလှိုင်းများ၏ တိုက်ခိုက်မှုကိုသာ ခံရပါက သူတို့ နယ်မြေများ ကြီးမားစွာ ထိခိုက်သွားလိမ့်မည် ဖြစ်သည်။
ဟူး... ဟူး...
ထိုအခိုက်တွင်ပင် ဆိတ်ငြိမ်သော ဆန္ဒ တစ်ခုလုံးမှာ ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံကာ ပျံ့နှံ့ သွားခဲ့၏။ မာ့ကျန်း၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွားသည်။
လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်...
အတွေးတစ်ချက်၊ မျက်တောင် တစ်ခပ်စာသာ ဖြစ်သော်လည်း အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ လုံခြုံ ဘေးကင်းသွားပြီ ဖြစ်ကြောင်း သူ သိရှိလိုက်သည်။
တေးသွားမှာ ဖြည်းညင်းစွာပင် တိတ်ဆိတ် သွား၏။ ပေါက်ကွဲမှုလှိုင်းများမှာလည်း တစ်ခါမှ မရှိခဲ့ဖူးသလို တိတ်ဆိတ် ပြိုကျ သွားသည်။ လောကကြီးမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို ကိုယ်တိုင် ကိုယ်ကျ လှုပ်ရှားလာသည်ပုံ ရသည်။
သို့သော်လည်း... အမှန်တကယ် လှုပ်ရှားလာသူက လောကကြီး မဟုတ်... သူတို့ အားလုံး ကြောက်ရွံ့ လေးစားကြားရသည့် အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာပင် ဖြစ်ကြောင်း အားလုံး သိရှိကြပေသည်။ ဧကရီ ရှောင်ချွမ်း၏ မျက်နှာထက်တွင် အနူးညံ့ဆုံးသော အပြုံးတစ်ခု ဖြည်းညင်းစွာ ဖြစ်ပေါ်လာခဲ့၏။ မြေကြီး ရှန့်ထိုများပင်လျှင် သူမ၏ အပြုံးကို ကြည့်ကာ ဆွံ့အ ငြိမ်သက် သွားခဲ့သည်။
တစ်ချိန်တည်း၌ အလွှာကြားက လောကတွင် အပြောင်းအလဲများ စတင် ဖြစ်ပေါ်လာကာ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ် သုံးခုပါ နေကြယ်မှာ စတင်၍ လှုပ်ရှားလာခဲ့၏။ ၎င်းမှာ စည်းချက် ညီညီ သေးလိုက် ကြီးလိုက် ဖြစ်နေကာ အလွန်တရာ ပြင်းထန်လှသည့် အလင်းရောင်များကို ထုတ်လွှတ် လာခဲ့သည်။ တစ်လောကလုံးရှိ မန်နာ၊ အမတေ၊ စွမ်းအင် အားလုံးမှာ ချိပ်ပိတ် အစီအရင် ပြိုကျခြင်းမှ တားဆီးရန် လုပ်ဆောင်ချက်များကို စတင်ကာ လုပ်ဆောင် လာကြ၏။
လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုခန့်က ထိုကဲ့သို့ အဖြစ်အပျက်မျိုးကို ရင်ဆိုင်ခဲ့ရပြီး ဖြစ်သော်လည်း ထိုဖြစ်စဉ် အတွက် သူတို့ထံတွင် ပြင်ဆင်မှုများ မရှိပါချေ။ ကြောက်ရွံ့စိတ်က ဟိန်းဟောက်သံများလို လူတိုင်း၏ နှလုံးသားများထဲကို ရူးသွပ်စွာဖြင့် တိုးဝင်လာခဲ့၏။ ၎င်းတို့မှာ အစစ်အမှန် မွေးဖွားခြင်း ထုတ်လွှတ်ခဲ့သည့် အကြီးကျယ်ဆုံး တေးသွား၏ နောက်ဆုံးသော အပိုင်းများပင် ဖြစ်လေသည်။
...
ချိပ်ပိတ်နယ်မြေ၊ နဂါးငွေ့တန်း ကြယ်ကွင်းပြင်...
ကမ္ဘာဦး သားရဲကြီးများ ကျက်စားရာ ဒေသ ဖြစ်ခဲ့သော ထိုအမှောင်ဟင်းလင်းပြင် အတွင်းတွင် ပုံရိပ် သုံးခုမှာ ဂြိုဟ်အပိုင်းအစ တစ်ခုပေါ်တွင် ရပ်နေခဲ့ကြလေသည်။ ထိုနေရာ၌ မရေမတွက်နိုင်သည့် ကောင်းကင်ခန္ဓာ ဂြိုဟ်အပိုင်းအစ များစွာမှာ ရည်ရွယ်ချက်မဲ့စွာ လွင့်မြောနေခဲ့၏။ ပုံရိပ် သုံးခုကတော့ အလွန်တရာ ဝေးကွာလှသည့် နေရာ တစ်ခုရှိ ငွေရောင် အလင်း ဖျော့ဖျော့ကို လှမ်းကာ ကြည့်ရှု နေခဲ့ခြင်း ဖြစ်သည်။
မိုင် ထရီလျံပေါင်းများစွာ ကွာဝေးလှသည့်တိုင် သူတို့မှာ အရာအားလုံးကို ရှင်းလင်းစွာ တွေ့မြင်နိုင်နေဆဲ ဖြစ်သည်။ အကယ်၍ သေချာသာ အာရုံစိုက်ပါက အမှောင် ဟင်းလင်းပြင် အမှောင် ဟင်းလင်းပြင် အတွင်း စိမ့်ဝင်လာသည့် လှိုင်းဖျော့ဖျော့များကိုပင် ခံစားနိုင်လိမ့်မည် ဖြစ်သည်။
“သခင်လေး... အဲဒါက...”
ဝူယုက မျက်မှာင်ကြုတ် လိုက်၏။ သူ၏ မျက်လုံးများက ဝိညာဉ် အလင်းများနှင့် ပြည့်နှက် နေကာ ညကောင်းကင်၏ အဆုံးမဲ့ ကြယ်များကို သယ်ဆောင်ထားသည်။
“အပျက်အစီး နိုဗာ...”
ကျန့်ကျန့်က သက်ပြင်းချရင်း တိတ်တဆိတ် ရေရွတ်လိုက်လေ၏။ ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများကတော့ အဝေးကိုပင် ရီဝေစွာ ဆက်လက် ငေးကြည့် နေခဲ့လေသည်။
***