← Chapters

အနာဂတ် အစီအစဉ်

Vol. 83 Ch. 1160

အနာဂတ် အစီအစဉ်

Vol. 83 Ch. 1160

“အပျက်အစီး နိုဗာ...”

ဝူယုမှာ ကျန့်ကျန့်၏ အသုံးအနှုန်းသစ်ကြောင့် အံ့အားသင့် သွားခဲ့၏။ စူပါနိုဗာ အကြောင်းကိုတော့ သူ ကြားဖူးကာ ၎င်းမှာ နေကြယ် တစ်စင်း တိုက်ရိုက် ပေါက်ကွဲခြင်း ဖြစ်သည်။ ထိုကဲ့သို့ စွမ်းအားမျိုးကို ကြယ်တာရာ သခင်များ ဖော်ထုတ်နိုင်စွမ်း ရှိကာ သေမျိုး အဆင့်၏ အထွတ်အထိပ် စွမ်းအား အဖြစ်ပင် သတ်မှတ် နိုင်သည်။

"အပျက်အစီး နိုဗာ ဆိုတာက အာကာသ ဥပဒေသနဲ့ မွမ်းမံထားတဲ့ အထူးသဖြင့် ကောင်းကင် မန်နာနဲ့ သန့်စင်ထားတဲ့ လူလုပ် စူပါနိုဗာတွေလို့ ဆိုနိုင်တယ်”

ဝေ့ဝူယင်က အဝေးရှိ ပေါက်ကွဲမှုလှိုင်းများကို လှမ်းကြည့်ရင်း ဆိုလိုက်သည်။ ဝူယုက စိတ်ဝင်တစားဖြင့် ဝေ့ဝူယင်ကို လှည့်ကြည့်လိုက်၏။ လူငယ်က တိတ်တဆိတ်ပင် ဆက်လက် ရှင်းပြလိုက်သည်။

“အဲဒီလို စွမ်းအားမျိုးကို ကောင်းကင် ရှန့်ထို အဆင့်တွေပဲ ထုတ်ဖော် နိုင်ကြတယ်... ဒါပေမဲ့ ဒီပေါက်ကွဲမှု သုံးခုက အစစ်အမှန် အပျက်အစီး နိုဗာတွေနဲ့ ယှဉ်ရင်တော့ အများကြီး ပို အားနည်းပါသေးတယ်ဂ

"ကောင်းကင်ရှန့်ထို အဆင့်...”

ဝူယု၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွား၏။ ထိုကျင့်ကြံခြင်း အဆင့် အကြောင်း သူ နားကန်း တစ်လုံးမျှ မသိပါသေးချေ။ သူ သိသမျှက မြေကြီး ရှန့်ထို အဆင့်ကို အောင်မြင်စွာ ခြေချနိုင်ခဲ့ပြီး နောက်တွင် သဘာဝ လက်ဆောင် အဖြစ် ချီးမြှင့် ခံခဲ့ရသည့် လောကရှန့်ထို အဆင့် အကြောင်း နည်းနည်းပါးပါးသာ ဖြစ်သည်။

“ဆိုတော့ အဲဒါတွေက လျှို့ဝှက် အဆင့် စူပါနိုဗာတွေပေါ့ ဟုတ်လားသခင်လေး...”

ဝူယုက စုံစမ်းလိုက်၏။ ဝေ့ဝူယင်က ခေါင်းကို ခါယမ်း လိုက်သည်။

“မဟုတ်ဘူး... အပျက်အစီး နိုဗာလို့ပဲ ခေါ်လို့ ရမယ်... စူပါနိုဗာနဲ့ အပျက်အစီး နိုဗာတွေက အခြေခံအားဖြင့် ကွဲပြားကြတယ်... အပျက်အစီး နိုဗာတွေက ကျင့်ကြံခြင်းက ချီးမြှင့်တဲ့ သဘာဝ စွမ်းအင်တွေ မဟုတ်ဘူး... သေမျိုးနဲ့ လျှို့ဝှက် တာအိုကို ပေါင်းစည်းနိုင်တဲ့ ကျင့်စဉ် တစ်မျိုးကနေ ဖြစ်တည်လာခဲ့တာပဲ... ပိုပြီး ရှင်းအောင် ပြောရရင် အပျက်အစီး နိုဗာတွေက စူပါနိုဗာတွေလိုမျိုး သဘာဝ အတိုင်း ဖြစ်ပေါ် လာနိုင်တဲ့ ကောင်းကင် ဖြစ်စဉ်တွေ မဟုတ်ဘူး”

“...”

ဝူယုမှာ ဝေ့ဝူယင်ကို ငေးကြည့်ကာ အတန်ကြာ ငြိမ်သက် နေခဲ့မိ၏။ ဆိတ်ငြိမ် ကွင်းပြင်တွင် သူနှင့် ကျန့်ကျန့်တို့ ပိတ်မိနေခဲ့သည့် အတောအတွင်း ဝေ့ဝူယင်မှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမို ရင့်ကျက် လာခဲ့သည်။ ထို့အပြင်... ပိုမို၍လည်း ဗဟုသုတ ကြွယ်ဝ လာခဲ့သည်။ ထိုအပြောင်းအလဲက ရုတ်ချည်းဆန်လွန်းသလို သူ ခံစားရသည်။

"ကျုပ် သဘောပေါက်ပြီ... ဆိုတော့ကာ အဲဒီ စွမ်းအားကို ကောင်းကင် ရှန့်ထိုတွေပဲ ဖော်ဆောင်နိုင်စွမ်း ရှိတာလား"

ဝူယုမှာ အဖြေကို သိသည့်တိုင် မေးသင့်သည်ဟု ခံစားနေရဆဲ ဖြစ်သည်။ ၎င်းက လွှမ်းမိုး ချုပ်ကိုင်နိုင်စွမ်း ရှိသည့် စွမ်းအား တစ်ခုဟု ခံစားရကာ တစ်နေ့တွင် သူ ကိုယ်တိုင် ဆုပ်ကိုင်ရပေလိမ့်မည်။

"မဟုတ်ဘူး...”

ယခုတစ်ကြိမ်တွင် ကျန့်ကျန့်က ဝေ့ဝူယင် ကိုယ်စား အဖြေပေးလိုက်၏။ ထို့နောက် သူက လျှို့ဝှက် ဘာသာစကားဖြင့် ရှင်းပြလိုက်သည်။

“မူလ အဆင့်ကို ရရှိ... ကောင်းကင် အပျက်အစီးကို ဖမ်းဆုပ်... လျှို့ဝှက် မန်နာနဲ့ ဆက်သွယ်... နေကြယ် အနှစ်သာရကို စုစည်း... မှန်ကန်တဲ့ ကျင့်စဉ်နဲ့ပါ ပေါင်းစပ်လိုက်မယ် ဆိုရင် သေမျိုး အဆင့်နဲ့တင် မင်း အဲဒါကို လုပ်နိုင်လိမ့်မယ်”

"ကောင်းကင်အပျက်အစီး...”

ဝူယုမှာ ငြိမ်သက် သွားခဲ့၏။ ဝေ့ဝူယင် အနေဖြင့် “‌ကောင်းကင် အပျက်အစီး” ဆိုသည့် စကားလုံးကို သေမျိုး ဘာသာစကားဖြင့် ဖော်ပြလို့ မရမှန်း သူ သိပေသည်။ ထို့ကြောင့်ပင် ကျန့်ကျန့်မှာ ဝေ့ဝူယင် ကိုယ်စား ရှင်းပြခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

‘အဲဒီလို စွမ်းအားမျိုး ထုတ်ဖော်နိုင်တဲ့ ဆေးတောင့် တစ်ခု ဖော်စပ်ဖို့ လုံလောက်တဲ့ ပစ္စည်းတွေ ငါ့မှာ အလုံအလောက် ရှိတယ်’

ဒုတိယမြောက် ချိုက်လျှို့ယန် တစ်ယောက်နှင့် ကြုံတွေ့ရပါက အသုံးပြုရန် မရေမတွက်နိုင်သည့် တိုက်ခိုက်ရေး ဆေးတောင့်များကို ဝေ့ဝူယင် ဖော်စပ် ထားခဲ့ပြီး ဖြစ်သည်။ ထို့အပြင်... သူ့နောက်မှ အမဲလိုက်နေသည့် သတ္တဝါကြီးအား ရင်ဆိုင်ရန် အတွက်လည်း ဆေးတောင့်တစ်ချို့ကို ထပ်မံ ဖော်စပ်ရန် သူ ရည်ရွယ်ထားသည်။ သို့သော်လည်း.. ယခုတွင်တော့ သူ့အစီအစဉ်များမှာ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။

နဂါးငွေ့တန်း ကြယ်ကွင်းပြင် အတွင်း၌ တိတ်ဆိတ်မှုက မင်းမူ နေခဲ့၏။ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ ကိုယ်တိုင် လှုပ်ရှားလာကာ ကြယ်တာရာ နယ်မြေကို ကာကွယ်ရန် စတင် ဆောင်ရွက်လာသည် အထိ ဝေ့ဝူယင်တို့ သုံးယောက် ဆက်လက် ကြည့်နေခဲ့သည်။

“ဒါက လောကရှန့်ထို တစ်ယောက်ရဲ့ စွမ်းအားလား... အတော် ကြောက်စရာ ကောင်းတာပဲ”

ဝူယုက ပင့်သက် တစ်ချက် ရှိုက်ရင်း ရေရွတ်လိုက်၏။ မိုင်ပေါင်း ထရီလျံချီ ကွာဝေးသည့်တိုင် ပျံ့လွင့်လာသည့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို သူ ခံစားနေမိဆဲ ဖြစ်သည်။

နဂါးခေါင်းဆောင်း၏ နောက်ကွယ်တွင်တော့ ကျန့်ကျန့်က အသာအယာသာ ပြုံးလိုက်၏။ သူနှင့် သူ၏ စစ်တပ်မှာ မကြာသေးခင်ကမှ ကောင်းကင် ရှန့်ထို တစ်ယောက်ကို လုပ်ကြံ သတ်ဖြတ် နိုင်ခဲ့သည်။ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ၏ စွမ်းအားမှာ မသိ နားမလည်သူများ အတွက် အထင်ကြီးစရာ ကောင်းသည့်တိုင် သူကတော့ အမှန်တကယ် အခြေအနေကို တစ်ချက် ကြည့်ရုံမျှဖြင့် မြင်နိုင်စွမ်း ရှိပေသည်။

“အတုအယောင်နဲ့ ယာယီ စွမ်းအားတွေကို ခင်းကျင်း ပြရုံပါပဲ”

ဝေ့ဝူယင်က ပုံမှန်လိုပင် မှတ်ချက်ချလိုက်၏။ အပြိုင် စကြဝဠာမှ ဝေ့ဝူယင်၏ မှတ်ဉာဏ်များကို ဝါးမြိုခဲ့ပြီးသည့် နောက်တွင် ချိပ်ပိတ် နယ်မြေ၏ အမှန်တရား များစွာကို သူ သိမြင်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင်... အင်ပါယာ မျိုးနွယ်၏ နတ်ဘုရား အင်ပါယာကို ခြိမ်းခြောက်နိုင်သည့် ဖြစ်တည်မှု တစ်ခု အဖြစ် သူ မခံစားရတော့ချေ။

ဝါးမြိုထားသည့် မှတ်ဉာဏ်များ အရ ဆိုလျှင် ချိပ်ပိတ်နယ်မြေ အတွင်း၌ နတ်ဘုရား အင်ပါယာထက်ပင် ပိုမို၍ သတိထားသင့်သည့် အင်အားစုများ၊ လူပုဂ္ဂိုလ်များစွာ ရှိပေသေးသည်။

ပထမံ မွေးဖွားခြင်း...

အစစ်အမှန် မွေးဖွားခြင်း...

သက်တံ့လောက ကြယ်တာရာ နယ်မြေ၏ တစ်ဦးတည်းသော မြေကြီး ရှန့်ထို ရှကျား...

အင်ပါယာ မျိုးနွယ်၏ ထျန်းရီဝူ...

အထွတ်အမြတ် အယ်ဗန် ဧကရီ ကျန်းဖေးလန်...

အသူရာ နတ်ဆိုးသခင် ကောင်းကျိ

ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့...

ထာဝရ အစည်းအရုံး၏ ထာဝရ နတ်ဘုရား...

ရွှေရောင် ဂိတ်တံခါး နန်းတော်၏ မဟာ သူတော်စင်...

နောက်ဆုံး တစ်ယောက်ကတော့ လောကီ ပြန်လည် မွေးဖွားသူ...

မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို ရောက်ရှိပြီး ကတည်းက လောကီ ပြန်လည် မွေးဖွားသူ အကြောင်း စုံစမ်း စစ်ဆေးမှုများကို ဝေ့ဝူယင် ဘယ်တုန်းကမှ ရပ်တန့်ခြင်း မပြုခဲ့ချေ။ အနက်ရောင် အရိုးစု၏ အဆိုအရ ဆိုလျှင် ကောင်းချီးခံများထဲ၌ လောကီ ပြန်လည် မွေးဖွားသူမှာ အန္တရာယ် အများဆုံး ဖြစ်သည်။ အကယ်၍ ထိုပုဂ္ဂိုလ်၏ အမဲလိုက်ခြင်းကိုသာ ခံရပါက သူပင်လျှင် သေကောင်း သေသွားနိုင်ပေသည်။

ရရှိထားသည့် အချက်အလက်များ အရ ဆိုလျှင် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ တစ်ခုတည်းတွင်ပင် ‌လောကီ ပြန်လည် မွေးဖွားသူ ဖြစ်နိုင်ချေ ရှိသည့် ပုဂ္ဂိုလ်ပေါင်း သောင်းနှင့်ချီ ရှိသည်။ ဝေ့ဝူယင်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ထိုအထဲမှ ရှစ်ဆယ် ရာခိုင်နှုန်းလောက်က အမျိုးအစား မတူသည့် ကောင်းချီးခံများ ဖြစ်ကြပေသည်။

သူတို့အထဲမှ များစွာမှာ အစ ပထမ၌ သေးငယ်သည့် ကံကောင်းမှုများကိုသာ လက်ခံရရှိကြကာ တဖြည်းဖြည်းနှင့် ကြီးကျယ် ခမ်းနားသည့် ပုဂ္ဂိုလ်များ အဖြစ် မြင့်တက် လာခဲ့ကြသည်။ အသစ်သစ်သော ကမ္မ အမှတ်များကို ရရှိရန် အတွက်လည်း သူတို့မှာ အပြစ်သားများကို သတ်ဖြတ်ကြပေသည်။

ထိုကဲ့သို့ အလွန်တရာ များပြားလှသည့် အရေအတွက်ထဲ၌ လောကီ ပြန်လည် မွေးဖွားသူကို ပြန်လည် ရှာဖွေဖို့ သူ့အတွက် ခက်ခဲခဲ့ပေသည်။ သို့သော်လည်း အသက်ကြီးသည့် ဝေ့ဝူယင်၏ မှတ်ဉာဏ်များကို စုပ်ယူခဲ့ပြီး နောာက်တွင်တော့ အဖြစ်နိုင်ဆုံး လူကိုးယောက်ကို သူ ဖော်ထုတ် နိုင်ခဲ့သည်။

“ဟောက်မေဖန်း၊ လုံကွာ၊ ရီမင်ရှ၊ ယီယွင်၊ ဝမ်လန်ရင်၊ စန်းယွန်းလီ၊ လင်းထျန်း၊ ယန်ယုံကျန်း...”

ထိုအထဲမှ တစ်ယောက်က လောကီ ပြန်လည် မွေးဖွားသူ ဖြစ်ကြောင်း ဝေ့ဝူယင် ခံစားနိုင်ပေသည်။

“နောက်ထပ် အစီအစဉ်က ဘာလဲ သခင်လေး...”

ဝူယုက မေးလိုက်၏။

“ကျုပ်ရဲ့ ကျင့်ကြံခြင်း အခြေခံကို အခြေခိုင်အောင် လုပ်မယ်... အာဏာရှင် နဲ့ ဗာကီရီ အဖွဲ့ကို ပြန်စုစည်းမယ်... အထူးသဖြင့် ‌ဗာကီရီ အဖွဲ့ဝင်တွေ... ကျုပ် သူတို့ကို လိုအပ်တယ်”

ဝေ့ဝူယင်က လေးနက်သည့် လေသံဖြင့် ဆိုလိုက်သည်။

“သူတို့ကို လိုတာလား...”

ဝူယု အနည်းငယ် အံ့အားသင့် သွားခဲ့၏။ သခင်လေးက သူ့ ချစ်သူနဲ့ လက်အောက်ငယ်သားများ စုစည်းထားသည့် အဖွဲ့ကို အဘယ်ကြောင့် လိုရသနည်း။ မြေကြီး ရှန့်ထို နှစ်ယောက်က မလုံလောက်သည်လား။

“...”

ဝေ့ဝူယင်က ဝူယုကို ထပ်မံ၍ ရှင်းမပြတော့ချေ။ ဗာကီရီ အဖွဲ့ဝင်များမှာ သူ့ ရည်မှန်းချက်များ အောင်မြင်စေရေးတွင် များစွာ အရေးကြီးပေသည်။ အထူးသဖြင့် ဟုန်ယု ဆုပ်ကိုင်ထားနိုင်သည့် နိဗာန မီးတောက် ဆိုလျှင် အစစ်အမှန် မွေးဖွားခြင်းကို တိုက်ခိုက်ရာ၌ အလွန် အရေးပါပေသည်။ သူ့ထံတွင် ထန်ကလန်နှင့် စာရင်းရှင်းစရာ ကိစ္စလည်း ရှိပေသေးသည်။

နောက်ပြီး...

"ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ...”

ဝေ့ဝူယင်က ဝူယု မမေးသည့် မေးခွန်းကို သွယ်ဝိုက်စွာ အဖြေပေးလိုက်၏။ ထို့နောက်တွင်တော့ သူတို့ သုံးယောက်မှာ အချိန် ကြာမြင့်စွာ တိတ်ဆိတ် နေခဲ့တော့သည်။

***

All Chapters