← Chapters

မိစ္ဆာ ကောင်းချီးခံ၏ စွမ်းအား

Vol. 83 Ch. 1161

မိစ္ဆာ ကောင်းချီးခံ၏ စွမ်းအား

Vol. 83 Ch. 1161

“ဘုရား... ဘုရား...”

အံ့သြမှုကို ထိန်းချုပ်နိုင်စွမ်း မရှိလေရော ဝိညာဉ် လမ်းလျှောက်သူမှာ အာမေဋိတ်သံ တစ်ခုကို ပြုလုပ် လိုက်မိ၏။ ဧရာမ စူပါနိုဗာ ပေါက်ကွဲမှုက သူတို့ မျက်စိရှေ့တွင်ပင် ဖြစ်ပေါ်လာကာ အသက်များကို ယူဆောင်သွားတော့ မယောင် ထင်ရသော်လည်း မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် လျှို့ဝှက် အကာအရံ တစ်ခု ဖြစ်ပေါ်လာကာ ပျံ့နှံ့လာသည့် ကမ္ဘာဖျက် စွမ်းအားကို သူတို့ အရှေ့ မိုင်ပေါင်း အနည်းငယ်ခန့် အကွာအဝေး၌ တားဆီး သွားခဲ့သည်။

သူမတို့ အနေဖြင့် ထိုအရာကို ငေးကြည့်ရုံမျှသာ တတ်နိုင်ခဲ့ပေသည်။ ဖြစ်ပျက်သွားခဲ့သမျှက အလွန်ပင် မြန်ဆန်လွန်းလှ၏။ အကယ်၍ လျှို့ဝှက် အကာအရံသာ ပေါ်မလာခဲ့ပါက ယခုအချိန်လောက် ဆိုလျှင် သူတို့အားလုံး ပေါက်ကွဲမှုများ အကြားတွင် အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားလောက်ပြီ ဖြစ်သည်။ လွန်ခဲ့သည့် တစ်စက္ကန့်လောက်က ဆံပင်အဖြူရောင်နှင့် နတ်မိမယ်လေးကို သူမ အကြိမ်ပေါင်း တစ်သန်းလောက် ကျိန်စာ တိုက်ခဲ့သော်လည်း ယခုတွင်တော့ ထိုကျိန်စာများမှာ အကာအရံ ဖွဲ့စည်းလာခြင်းနှင့် အတူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဝိညာဉ် လမ်းလျှောက်သူက ဘေးကို လှည့်ကြည့်လိုက်ရာ ပင်းထျန်း၏ နဖူးတွင်လည်း ချွေးစများ စိုဆွတ်နေသည်ကို တွေ့ရ၏။ သူမက လက်သီးကို တင်းတင်း ဆုပ်ထားကာ လည်ပင်းတစ်ဝိုက်တွင် ရေခဲရေငွေ့ တစ်ချို့ဖြင့် ဝေ့ဝဲ နေခဲ့သည်။

ပင်းထျန်း၏ မျက်ဝန်းများထဲမှ ကြောက်လန့်စိတ်များမှာ အလွန်ပင် ထင်ရှားလှပေသည်။ အကယ်၍ ကိုယ်တိုင် စိတ်လှုပ်ရှားနေခြင်းကြောင့်သာ မဟုတ်ပါက ဝိညာဉ် လမ်းလျှောက်သူမှာ တဒုန်းဒုန်း မြည်ဟီးနေသည့် ပင်းထျန်း၏ နှလုံးခုန်သံကိုပင် ကြားမိလိမ့်မည် ဖြစ်သည်။

သို့သော်လည်း စန်းယွန်းလီဘက်သို့ လှည့်ကြည့်လိုက်သော အခိုက်၌ သူမ၏ မျက်ဝန်းများက ပင်လယ်ပြင် တစ်ခုလို တည်ငြိမ်နေသည်ကို တွေ့မြင်လိုက်ရသည်။ သူမ၏ နှလုံးခုန်သံများမှာလည်း ပုံမှန်လိုပင် စည်းချက် ညီညီ ထွက်ပေါ်နေ၏။ စန်းယွန်းလီ၏ တုန့်ပြန်ပုံက ကြောက်ရွံခြင်း ကင်းမဲ့နေကာ စိတ်လှုပ်ရှားခြင်းများသာလျှင် တိုးပွား လာနေပုံ ရလေသည်။

‘ငါ ဘာလို့ ဒီလောက် ကြောက်နေရတာလဲ...’

စန်းယွန်းလီကို ကြည့်ရင်း ကိုယ်တိုင်လည်း ယုံကြည်ချက် မြင့်မားလာသလို ဝိညာဉ် လမ်းလျှောက်သူ ခံစား လိုက်ရ၏။ မိန်းကလေးမှာ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ ဝင်ရောက် တားဆီးမည်ကို ကြိုတင် သိနေပုံ ရကာ အလုံခြုံဆုံး အကွာအဝေးကို တွက်ချက်ထားသည့်ပုံ ရသည်။

သို့သော်လည်း သူမ နားမလည်နိုင်သည့် အချက်က စန်းယွန်းလီမှာ ထိုအကြောင်းအရာများကို မည်ကဲ့သို့ သိရှိထားသနည်း။

အခြားတစ်ဖက်၌ ပင်းထျန်းကတော့ အချိန် အကြာကြီး နေမှ ပင့်သက် တစ်ချက် ရှိုက်နိုင်တော့သည်။ အသိစိတ် ပင်လယ်ထဲမှ ကြောက်ရွံ့စိတ်ကို ဖိနှိပ်ဖို့ ကြိုးပမ်းရင်း တည်ငြိမ်မှုကို တဖြည်းဖြည်း ပြန်လည် ရရှိလာ၏။ သူမက ပတ်ဝန်းကျင်ကို ပြန်လည် အာရုံစိုက် လိုက်သည်။

“ငါတို့ ဘယ်အချိန် သွားမလဲ...”

“အခု မဟုတ်သေးဘူး...”

စန်းယွန်းလီက အဖြေပေးလိုက်၏။ အပျက်အစီး နိုဗာ၏ ဗဟိုချက်မှာ အချိန်အတိုင်းအတာ တစ်ခု အထိ အကာသ၊ အချိန် ရှုပ်ထွေးခြင်းများနှင့် ပြည့်နှက် နေလိမ့်မည် ဖြစ်သည်။ ကောင်းကင် လမ်းစဉ် စာအုပ်၏ ဟောကိန်းသာ မှန်ကန်ပါက သူက ထိုအရာကို သူတို့ အတွက် ဖြေရှင်းပေးလိမ့်မည် ဖြစ်သည်။

သုံးမိနစ်မျှ ကြာမြင့်ပြီးနောက် ပုံရိပ် တစ်ခုမှာ ဟင်းလင်းပြင် စွမ်းအင် အသုံးပြုသည့် အာကာသ ရွှေ့ပြောင်းခြင်း စွမ်းအားကို သုံးကာ ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။ သူက မီးခိုးရောင် အလင်းတန်းများ ‌တောက်ပနေသည့် လည်ဆွဲ တစ်ခုကို ကိုင်ဆောင်ထား၏။ သူက မဆိုင်းမတွပင် ၎င်းကို အပျက်အစီး နိုဗာ စတင်ရာ နေရာဆီသို့ ပစ်ချ လိုက်သည်။

ဟူး... ဟူး...

ရှုပ်ထွေး ပွေလီနေသည့် အကာကနှင့် အပူစွမ်းအင်လှိုင်းများ အနည်းငယ် ဂယက်ရိုက် သွားကာ ကြီးမားသည့် အဖြူရောင် ဥမင် သဏ္ဌန် လမ်းကြောင်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ပုံရိပ်က ထိုဥမင် အတွင်း တည်ငြိမ်စွာပင် လှမ်းဝင် သွားခဲ့သည်။ သူက ဟင်းလင်းပြင် သင်္ဘော တစ်စင်း ဖြည်းညင်းစွာ ချဉ်းကပ်လာနေသည်ကိုပင် နည်းနည်းလေးမျှ အမှုမထားပါချေ။

“သူ ထွက်သွားတာနဲ့ ငါတို့ ဝင်မယ်”

စန်းယွန်းလီက အပြုံးနှင့် ပြောလိုက်၏။ သူမက အရာအားလုံး အစီအစဉ် အတိုင်း ဖြစ်ပေါ်လာသည့် အပေါ် ကျေနပ် အားရနေပုံ ပေါ်လေသည်။

ကောင်းကင်လမ်းစဉ် စာအုပ် အရ ဆိုလျှင် ထိုပုံရိပ်မှာ အရိပ်ဥ အမြုတေ တစ်ခုကိုတည်းကို ယူကာ အလျှင်မြန်ဆုံး ပြန်လည် ထွက်လာပေလိမ့်မည်။ ထို့နောက်တွင်တော့ သူတို့ အနေဖြင့် လက်ကျန် စွမ်းအားကို ထပ်မံ ဖြည့်စွမ်းကာ လက်ကျန် အရိပ်ဥ အမြုတေ နှစ်ခု အနက် တစ်ခုကို ယူနိုင်ပေလိမ့်မည်။

သုံးမိနစ် ကြာမြင့်ပြီးနောက်...

ပုံရိပ်မှာ အဖြူရောင် ဥမင် အတိုင်း ပြန်လည် ထွက်ခွာ လာခဲ့၏။

"..."

စန်းယွန်းလီ၏ မျက်ဝန်းများက အနည်းငယ် ပြူးကျယ် သွားသည်။

တစ်...

နှစ်...

သုံး...

ပုံရိပ်၏ အရှေ့တွင် ပြိုင်စံရှား မန်နာ စွမ်းအင်များအား ထုတ်လွှတ်နေသည့် အမြုတေ သုံးခု ရှိနေခဲ့ပေသည်။

“ဘာလဲဟ...”

စန်းယွန်းလီ၏ အမူအရာက မှောင်မည်း သွား၏။ ပုံရိပ်က ထွက်ခွာတော့မည် ဖြစ်သည်။ အရိပ်ဥ အမြုတေ သုံးခုမှာလည်း သူနှင့် အတူ ပါသွားပေတော့မည်။

ကံကောင်းစွာပင် သူမ ပြင်ဆင်မှု တစ်ချို့ ပြုလုပ်ထားပြီး ဖြစ်ပေသည်။ အရေးပေါ် အမူအရာနှင့် အတူ စန်းယွန်းလီ ပုံရိပ်ကို လက်ညိုး ထိုးပြလိုက်၏။

“သူ့ကိုတား...”

သေမျိုးတစ်ပိုင်း အရှင် အဆင့် မိန်းကလေး နှစ်ယောက်မှာ စန်းယွန်းလီ စကားပြောစရာပင် မလိုပါချေ။ တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်ရုံမျှဖြင့်ပင် အခြေအနေမှန်ကို သူတို့ နားလည်ကြပြီး ဖြစ်သည်။

ဘုန်း... ဘုန်း...

သူတို့က ချက်ချင်းပင် သေမျိုးတစ်ပိုင်း အရှင် အဆင့် အော်ရာများကို ထုတ်ဖော် လိုက်ကြကာ ပုံရိပ်ထံ တိုးဝင် သွားခဲ့ကြ၏။

ပုံရိပ်မှာ အံ့အားသင့် သွားသော်လည်း ချက်ချင်းပင် တုန့်ပြန် လိုက်သည်။ လျှို့ဝှက် အကာအကွယ် တစ်ခုမှာ သူ့ ခန္ဓာကိုယ်ကို ဝန်းရံ၍ ဖြစ်ပေါ်လာ၏။

အကယ်၍ ဝေ့ဝူယင်သာ ဤနေရာတွင် ရှိနေပါက ထိုပုဂ္ဂိုလ်၏ အော်ရာကို ချက်ချင်းပင် မှတ်မိလိမ့်မည် ဖြစ်သည်။ သူကား အခြားသူ မဟုတ်။ ဝေ့ဝူယင်နှင့် ပိုင်လင်တို့ နှစ်ယောက် အရိပ်ဥအား တိုက်ခိုက်ခဲ့ချိန်တွင် ထွက်ပြေး လွတ်မြောက်သွားခဲ့သည့် “မိစ္ဆာ ကောင်းချီးခံ”ပင် ဖြစ်လေတော့သည်။

ဝှစ်... ဝှစ်...

ပင်းထျန်းနှင့် ဝိညာဉ် လမ်းလျှောက်သူတို့မှာ အလွန် ကြမ်းတမ်း ခက်ထန်စွာဖြင့် ပျံသန်းလာခဲ့ကြ၏။ သူတို့က ချီအကာအကွယ်များကို ထုတ်ဖော် ထားကြသည်။

ပင်းထျန်း၏ လျှို့ဝှက် အကာအကွယ်မှာ ရေခဲပြာရောင်အဆင်း ရှိကာ အရိုးခဲမတတ် လေများကို ထုတ်လွှတ် နေခဲ့သည်။ ၎င်းတို့၏ သက်ရောက်မှု အောက်၌ ပတ်ဝန်းကျင်ရှိ အပျက်အစီး မန်နာများ ပင်လျှင် ပုံဆောင်ခဲများ အဖြစ် ပြောင်းလဲ ကုန်ကြ၏။ တစ်ချိန်တည်း၌ ဝိညာဉ် လမ်းလျှောက်သူ၏ လျှို့ဝှက် အကာအကွယ်ကတော့ စိမ်းပြာနှင့် အဖြူရောင် အရော ဖြစ်ကာ ဝိညာဉ် အာရုံ ခံစားမှု အပေါ် ဖိနှိပ်နိုင်သည့် ကြီးမားသော ခံစားချက်ကို ထုတ်လွှတ် နေခဲ့သည်။

အနက်ရောင်ဝတ် ပုံရိပ်၏ လျှို့ဝှက် အကာအကွယ်မှာ ဝိညာဉ် လမ်းလျှောက်သူ ထုတ်လွှတ်လိုက်သည့် ဝိညာဉ်ဖိအားကို တွန်းလှန်ရင်း ပြင်းထန်စွာ တုန်ရီသွား၏။ တောက်ပသည့် ရွှေရောင် အလင်းတန်းများမှာ ပြန့်ကျဲ ထွက်ပေါ်လာသော်လည်း တဒင်္ဂ အတွင်းမှာပင် ပြန်လည် စုဝေးသွားကာ မူလ အသွင်အပြင်သို့ ပြန်လည် ရောက်ရှိသွားသည်။

ဝိညာဉ် လမ်းလျှောက်သူ၏ အစီအရင်မှာ တားဆီးခြင်း ခံလိုက်ရပြီ ဖြစ်လေသည်။

ပင်းထျန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အလျား ရှစ်ပေမျှ ရှိမည့် ပုံဆောင်ခဲ လှံတစ်စင်း ထွက်ပေါ် လာခဲ့၏။ ၎င်း၏ ကိုယ်ထည်က ကြယ်အလင်းရောင်များနှင့် တဖျပ်ဖျပ် တောက်ပနေသည်။ ထိုလှံကို ထာဝရ ရေခဲအား အသုံးပြု၍ ထုဆစ်ထားကာ ပင်းမျိုးနွယ်၏ ရတနာ တစ်ခု ဖြစ်သည့် ကြယ်တာရာ ရေခဲ မိုးစက်ဖြင့် ပြန်လည် သန့်စင်ထားသည်။ လှံရိုးအား ဆုပ်ကိုင်လိုက်ချိန်တွင်ပင် သူမ၏ ရေခဲ အော်ရာမှာ အရှိန်အဟုန်နှင့် ပိုမို ကျယ်ပြန့်လာခဲ့၏။

ခရက်... ခရက်...

မျက်နှာဖုံးတပ်၏ လျှို့ဝှက် အကာအကွယ်ကို ရေခဲ အလွှာ တစ်ခု ဖုံးလွှမ်း သွား၏။ ချက်ချင်း ဆိုသလိုပင် သူ၏ ရွှေရောင် လျှို့ဝှက် အကာအကွယ်မှာ ပွက်ပွက်ဆူလာကာ ရေခဲကို အရည်ဖျော်ရန် အပူချိန်များကို စတင် ထုတ်လွှတ် လာသည်။ မီးဒြပ်စင် ကင်းမဲ့သည့်တိုင် သူ၏ လျှို့ဝှက် အကာအကွယ်မှာ မည်သည့် ရေခဲ အမျိုးအစားကို မဆို အရည်ဖျော်နိုင်သည့် အလွန် ပူပြင်းသော စွမ်းအင် တစ်မျိုးကို ထုတ်လွှတ်နိုင်ပေသည်။

ထိုအရာကတော့ ယန် အခြေပြု လျှို့ဝှက် စွမ်းအားပင်။

ဟူး... ဟူး...

သေမျိုးတစ်ပိုင်း အရှင် အဆင့် နှစ်ယောက်၏ ပူးပေါင်း တိုက်ခိုက်မှု အောက်တွင် မျက်နှာဖုံးတပ် ပုံရိပ်မှာ နောက်သို့ အဆက်မပြတ် ဆုတ်ခွာ သွားရ၏။ သို့စေကာမူ မိန်းကလေး နှစ်ယောက်၏ စဦး တိုက်ခိုက်မှုများကတော့ သူ့ လျှို့ဝှက် အကာအကွယ် အောက်တွင် ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ မျှော်လင့် မထားသည့် တိုက်ခိုက်မှုကြောင့် အနည်းငယ် ကစဉ့်ကလျား ဖြစ်သွားရသည့်တိုင် ကံကောင်း ထောက်မစွာပင် သူ အချိန်မှီ ကာကွယ်နိုင်ခဲ့ပေသည်။

“…”

မိန်းကလေး နှစ်‌ယောက်မှာ တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ တစ်ယောက် မျက်လုံးများထဲမှ အံ့သြမှုကို တစ်ယောက် ရှင်းလင်းစွာပင် တွေ့မြင်နေရပေသည်။ မျက်နှာဖုံးတပ် ပုဂ္ဂိုလ်မှာ လျှို့ဝှက် ဝိညာဉ် အဆင့်မှာသာ ရှိ‌သေးတာ ရှင်းလင်းလှသည်။ သို့သော်လည်း သူက သူတို့ နှစ်ယောက် လျှပ်တစ်ပြက် တိုက်ခိုက်ခဲ့သည့် အစီအရင်များကို တိတိပပပင် ပိတ်ဆို့ သွားနိုင်ခဲ့သည်။

ထိုအရာက ပုံမှန် မဟုတ်ပါချေ။ မိန်းကလေး နှစ်ယောက်၏ အမူအရာများက ပိုမို၍ လေးနက်သွားကာ လျှင်မြန်စွာ ချဉ်းကပ်ရန် ဆုံးဖြတ် လိုက်ကြတော့၏။

***

All Chapters