မိစ္ဆာ ကောင်းချီးခံ၏ စွမ်းအား (၂)
Vol. 83 Ch. 1162
ဟူး... ဟူး...
အပျက်အစီး နိုဗာ၏ ရလဒ် တစ်ခု အဖြစ် အချိန်နှင့် အကာသ ဖြစ်စဉ်များ ပရမ်းပတာ ဖြစ်နေသည့် အချိန်အခါမျိုးတွင် ဟင်းလင်းပြင် ခုန်ကျော်ခြင်း နည်းလမ်းများကို အသုံးမပြုနိုင်လေရာ မိန်းကလေး နှစ်ယောက်မှာ လျှို့ဝှက် စွမ်းအားကို လှည့်ပတ်ကာ သူတို့၏ အစွမ်း အထက်ဆုံး လှုပ်ရှားမှု ကျင့်စဉ်များကို ထုတ်ဖော်လိုက်ကြ၏။
သူတို့၏ လှုပ်ရှားမှုများက ထင်မှတ် မထားလောက်အောင် မြန်ဆန်လှလေရာ တစ်ခဏချင်းမှာပင် ဥက္ကာပျံများ အဖြစ် ပြောင်းလဲ သွားကြသည်။
ဘုန်း…
မိုးကြိုး ထစ်ချုန်းသံများ ထွက်ပေါ်လာကာ အပျက်အစီး မန်နာများမှာ ဘေးသို့ ပြန့်ကျဲ သွားခဲ့၏။ ဝိညာဉ် လမ်းလျှောက်သူ၏ လှုပ်ရှားမှု ကျင့်စဉ်မှာ အမှောင် ဟင်းလင်းပြင် အတွင်း ဝိညာဉ် အရိပ်များစွာကို ချန်ရစ်ခဲ့ကာ သူမ ခြေတစ်လှမ်း လှမ်းတိုင်း၌ ဝိညာဉ် စွမ်းအင်များမှာ ဟင်းလင်းပြင်နှင့် ချိတ်ဆက် သွားခဲ့သည်။ အကယ်၍ ကျင့်ကြံသူ တစ်ယောက်သာ ဝိညာဉ် အာရုံဖြင့် သူမ၏ ဦးတည်ချက် သို့မဟုတ် အနာဂတ် လမ်းကြောင်းကို အာရုံစိုက် ကြည့်မည် ဆိုပါက မိန်းကလေး၏ လှုပ်ရှားမှုများကို ခြေရာခံရန် အလွန် ခက်ခဲကြောင်း တွေ့ရှိရလိမ့်မည် ဖြစ်သည်။ ဝိညာဉ် လမ်းလျှောက်သူမှာ ပင်းထျန်းထက် မမြန်သည့်တိုင် ဖမ်းဆုပ်ရန် အလွန်ပင် ခက်ခဲသူ တစ်ယောက် ဖြစ်ပေသည်။
ပင်းထျန်း၏ လှုပ်ရှားမှု ကျင့်စဉ်ကတော့ ပိုမို ရိုးရှင်းသည်။ လှည့်ကွက်များထက် တည့်တိုးဆန်မှုကိုသာ ဦးစားပေးသည်။ သူမက ရေခဲမြှား တစ်စင်း ကဲ့သို့ ဖြစ်ကာ အာကာသ စွမ်းအင်များနှင့် အပျက်အစီး မန်နာတို့ကို တိုက်ရိုက်ပင် ထိုးခွဲသွားသည်။
ပင်းထျန်းမှာ ဝိညာဉ် လမ်းလျှောက်သူကို နှစ်ဆ ပိုမြန်သော နှုန်းနှင့် ဖြတ်ကျော်သွား၏။ ကျင့်ကြံခြင်း အခြေခံချင်း တူညီသည့်တိုင် ဝိညာဉ် လမ်းလျှောက်သူမှာ မကြာသေးခင်ကမှ သေမျိုး တစ်ပိုင်း အရှင် အဆင့်ကို တက်လှမ်း ထားခဲ့သ ဖြစ်သည်။ ပင်းထန်းကတော့ သေမျိုးတစ်ပိုင်း အရှင် ဖြစ်ခဲ့သည်မှာ နှစ်ပေါင်း ထောင်နှင့်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင်… လျှို့ဝှက် စွမ်းအင် အခြေခံချင်း ယှဉ်ပါက ဝိညာဉ် လမ်းလျှောက်သူမှာ သိသိသာသာ အားနည်းပေသည်။
ဝိညာဉ် လမ်းလျှောက်သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွား၏။ သို့သော်လည်း သူမ၏ အာရုံ စူးစိုက်မှုတို့ကတော့ အထွတ်အထိပ်၌ ရှိနေဆဲ ဖြစ်ကာ လက်များကို ဝှေ့ယမ်းရင်း စိမ်းပြာရောင်နှင့် အဖြူရောင် ရောနှောထားသည့် ဝိညာဉ် အလင်းများကို ထုတ်ယူ လိုက်သည်။ အကယ်၍ ပင်းထျန်း၏ တိုက်ခိုက်မှု ကျရှုံးခဲ့ပါက သူမက နောက်ဆက်တွဲ အမြစ်ဖြတ် တိုက်ခိုက်မှုကို ထုတ်ဖော်ရန် သူမ အဆင်သင့် ပြင်ဆင်ထားသည်။
ထိုအခိုက်တွင်ပင် ဝေ့ဝူယင်က မိစ္ဆာ ကောင်းချီးခံဟု သတ်မှတ်ခံထားရသည့် ကျင့်ကြံသူမှာ သူ့ လက်နက်ကို ထုတ်ယူ လိုက်၏။
ထိုအရာကို ဓားတစ်စင်းဟု သတ်မှတ်ရပေလိမ့်မည်။ သို့သော်လည်း ထိုကဲ့သို့ သတ်မှတ်ဖို့ အတွက် အလွန် ကြီးသည်။ ထူသည်။ လေးလံကာ ကြမ်းတမ်းလှသည်။ တစ်ချက် လွှဲယမ်းရုံမျှဖြင့် ၎င်းမှာ နတ်ဆိုးများ၊ အင်မော်တယ်များ၊ နဂါးများကိုပင် ထက်ဝက် ပိုင်းပစ်နိုင်သည့်ပုံ ရသည်။ ၎င်း၏ အသွားများမှာ ထက်ရှမှု မရှိချေ။ သို့သော်လည်း... တစ်ချိန်တည်း၌ ကြောက်မက်ဖွယ် ကောင်းအောင် ထက်ရှလှသော စွမ်းအားများနှင့် ပြည့်နှက် နေသည်။
တစ်ခါတစ်ရံတွင်တော့ ၎င်းမှာ အလျား နှစ်မီတာလောက်သာ ရှိသည်။ သို့သော်လည်း... မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် အလျား လေးမီတာအထိ ရောက်ရှိလာသလို ခံစားရပြန်သသည်။ ၎င်း၏ အလျား၊ ထုထည်နှင့် တည်ရှိမှုတို့မှာ အမြင်အာရုံကို လှပစွာပင် လှည့်စား နေသည်။
ဘုန်း...
ဓားထွက်ပေါ် လာလာချင်းပင် ပင်းထျန်း၏ လျှို့ဝှက် ဝိညာဉ်မှာ လှိုင်းတစ်ခု၏ ရိုက်ခတ်မှု ခံလိုက်ရသလို တုန်ရီသွားခဲ့၏။ ထိုအခိုက်တွင်ပင် သေခြင်းတရားကို သူမ ခံစားလိုက်ရသည်။
သူမနှင့် မိစ္ဆာ ကောင်းချီးခံတို့မှာ မိုင်ပေါင်း အနည်းငယ် မျှသာ ကွာဝေး ပေတော့သည်။ ထိုအကွာအဝေးမှာ သေမျိုးတစ်ပိုင်း အဆင့် ကျင့်ကြံသူ တစ်ယောက် တစ်ယောက်တော့ ခြေတစ်လှမ်း၏ ရှစ်ပုံ တစ်ပုံစာမျှသာ ဖြစ်သည်။
“...”
နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခြင်း အတွေ့အကြုံများက ပင်းထျန်း၏ ရှင်သန်လိုစိတ် ဗီဇကို အလိုအလျောက်ပင် လှုံ့ဆော် ပေးလိုက်သည်။ သူမက တုန့်ဆိုင်းခြင်း မပြုပဲ လက်ဝါးကို ရှေ့သို့ ဆန့်ထုတ်ကာ ခုခံရေး နည်းလမ်း တစ်ခုကို ထုတ်ဖော်လိုက်၏။ ရေခဲကဲ့သို့ အေးစက်သည့် လေသံများမှာ အရှိန်အဟုန်နှင့် တိုးဝှေ့ ထွက်ပေါ်လာခဲ့၏။
တစ်ချိန်တည်း၌ လျှို့ဝှက် သင်္ကေတများက ချက်ချင်း ဆိုသလိုပင် ရုန်းကြွလာကာ သူမ၏ အသွေးအသားများထဲ စိမ့်ဝင် သွားသည်။ ချက်ချင်းပင် သူမ၏ အရည်ပြားမှာ ရေခဲ ကဲ့သို့ ဖြစ်သွားကာ ရှူထုတ်လိုက်သည့် လေများမှာ ရေခဲငွေ့များ အဖြစ် ပြောင်းလဲ သွား၏။ လက်သည်းနှင့် မျက်ဝန်းများကတော့ ရေခဲ ပုံဆောင်ခဲများ ဖြစ်သွားကြသည်။
လျှို့ဝှက် တစ်ပိုင်း အဆင့်...
ထိုအရာက သေမျိုးတစ်ပိုင်း အဆင့် အရှင်များ၏ အသန်မာဆုံးသော အသွင် သဏ္ဌာန်ပင် ဖြစ်ကာ များလှစွာသော လျှို့ဝှက် စွမ်းအင်များကို ရင်းနှီး၍ မြေကြီးရှန့်ထို အဆင့် ခန္ဓာကိုယ်ကို ယာယီ ရရှိစေသည်။ ပင်းထျန်းမှာ လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်၏ တိုက်ခိုက်မှုကို ကာကွယ်ရန် အသန်မာဆုံးသော ခွန်အားကို သုံးလိုက်ခြင်းပင် ဖြစ်သည်။
ဘုန်း...
မိစ္ဆာ ကောင်းချီးခံက ဧရာမ ဓားကြီးကို လွှဲကာ ခုတ်လိုက်၏။ အမှောင် ဟင်းလင်းပြင်ကို အေးခဲ ပစ်နေသည့် နှင်းမုန်တိုင်းမှာ နှစ်ပိုင်းကွဲ သွားသည်။ လျှို့ဝှက် တစ်ပိုင်း အဆင့် ပင်းထျန်းထံ သွားရာ လမ်းကြောင်းမှာ ရှင်းလင်းစွာပင် ပေါ်လာခဲ့သည်။ မိစ္ဆာ ကောင်းချီးခံက တိုက်တန် ဓားသွားအား လွှဲကာ နောက်တစ်ကြိမ် ခုတ်ချ လိုက်သော အခိုက်တွင်တော့ မိန်းကလေး၏ သလင်းကျောက် မျက်လုံးများမှာ ပြူးကျယ် သွားခဲ့တော့သည်။
ဘုန်း...
ဓားမှ ထွက်ပေါ်လာသည့် စွမ်းအားမှာ တိုက်တန် အရွယ် ဂြိုဟ်တစ်လုံးလောက် အလေးချိန် စီးကာ အပျက်အစီး နိုဗာ တစ်ခုလို ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ပင်းထျန်း နောက်ကို ဆုတ်ရန် ကြိုးပမ်းလိုက်၏။ သူမ ထွက်ပြေးချင်သည်။ သူမ၏ နှလုံးသားနှင့် ဝိညာဉ်က အမြန်ဆုံး ထွက်ပြေးရန် ဆော်သြနေသည်။ မိန်းကလေး၏ မျက်နှာထက်၌ နောင်တရသည့် အငွေ့အသက်များထွက်ပေါ်လာခဲ့၏။
“မဟုတ်ဘူး...”
သေခြင်းတရားက အရှေ့ လက်တစ်ကမ်း အကွာသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ ပင်းထျန်း ဤနေရာ၌ မသေချင် သေးပေ။
သို့သော်လည်း... ပင်းထျန်းမှာ နှစ်ပေါင်း ထောင်ချီ အတွေ့အကြုံများကို ပိုင်ဆိုင်ထားလေရာ သွေးပျက် ရူးသွပ်သွားခြင်းတော့ မရှိသေးပါချေ။ သူမက လျှို့ဝှက် ဝိညာဉ် လောင်ကြွမ်းခြင်းကို ချက်ချင်းပင် ထုတ်ဖော် လိုက်၏။
ထို့နောက်တွင်တော့ လျှို့ဝှက်တစ်ပိုင်း အဆင့် အပါအဝင် လောင်ကြွမ်းထားသည့် လျှို့ဝှက် ဝိညာဉ် စွမ်းအား အကုန်အစင်ကို သုံးကာ လက်နှစ်ဖက်ကို ရှေ့ကို တွန်းထုတ်လိုက်၏။
ဘုန်း... ဘုန်း...
ဓားစွမ်းအင်လှိုင်းများနှင့် ရေခဲ စွမ်းအင်များ၏ ထိပ်တိုက် တွေ့ဆုံမှု အောက်တွင် အဆုံးမဲ့ ပေါက်ကွဲခြင်းများ ဖြစ်ပေါ်လာခဲ့၏။ သာမန် လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံသူများသာ ထိုပေါက်ကွဲမှုလှိုင်းများ အတွင်း ကျရောက် သွားပါက ချက်ချင်းပင် အငွေ့အသက် ပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။
သို့သော်လည်း... ကံကောင်း ထောက်မစွာပင် ပင်းထျန်းမှာ လျှို့ဝှက် တစ်ပိုင်း အဆင့်အား ထုတ်ဖော်ထားသည့် သေမျိုးတစ်ပိုင်း အရှင် အဆင့် ဖြစ်ပေသည်။
ဘုန်း...
ပင်းထျန်း၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲမှုများ အကြားမှ နောက်သို့ အရှိန်အဟုန်နှင့် လွင့်ပျံ သွားသည်။ အကယ်၍ အနီးကပ် ကြည့်ပါက သူမ၏ မျက်နှာ တစ်ခုလုံးမှာ စက္ကူ တစ်စလို ဖြူရော် နေကာ လက်များမှာလည်း အရင်းနားမှ နေ၍ ကွဲအက်နေကြောင်း တွေ့မြင် ရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ရေခဲ စွမ်းအင်များ၏ အေးခဲမှု အောက်တွင် သွေးထွက်ခြင်းတော့ မရှိပါချေ။
ပင်းထျန်းမှာ သူမ၏ လှုပ်ရှားမှု ကျင့်စဉ်ကို နောက်တစ်ကြိမ် ထပ်မံ၍ ထုတ်ဖော် လိုက်ပြန်၏။ သို့သော်လည်း... ဤတစ်ကြိမ်တွင်တော့ သူမမှာ ပထမကထက် နှစ်ဆ မြန်သော နှုန်းနှင့် နောက်သို့ ပြန်လည် ဆုတ်ခွာသွားခြင်းပင် ဖြစ်လေသည်။
ထိုအရာများကို ဖော်ပြရသည်မှာ အချိန် ကြာမြင့်သော်လညး အမှန်တကယ်တွင် တစ်စက္ကန့်ကျော်မျှသော အချိန်အတွင်း ဆက်တိုက် ဆိုသလို ဖြစ်ပွားသွားခဲ့ခြင်း ဖြစ်သည်။
ပင်းထျန်းတစ်ယောက် ဧရာမ ဓားကြီးအား လွှဲခုတ် လိုက်ချိန်တွင် ဝိညာဉ် လမ်းလျှောက်သူမှာ ရှေ့ကို ဆက်လက် တိုးလာနေဆဲ ဖြစ်သည်။ သို့သော်လည်း ပင်းထျန်း တစ်ယောက် ရှုံးနိမ့်ကာ အခြေအနေ ဆိုးရွားစွာဖြင့် ဆုတ်ခွာလာသည်ကို မြင်ရသော အခိုက်တွင်တော့ သူမ၏ မျက်လုံးများမှာ ပြင်းထန်စွာ တုန်ခါ သွားခဲ့၏။
ထိုအခိုက်တွင်ပင် အလွန်တရာ ပြင်းထန်လှသည့် ဖိအားက ကျဆင်းလာသလို သူမ ခံစားလိုက်ရသည်။ မိစ္ဆာ ကောင်းချီးခံမှာ ဓားဦးကို သူမဘက်သို့ လှည့်လိုက်ချေပြီ ဖြစ်သည်။
ဝိညာဉ် လမ်းလျှောက်သူ၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လသည့် အတွေးက နောက်ဆုတ်ရန် ဖြစ်သည်။ လျှို့ဝှက် တစ်ပိုင်း အဆင့်နှင့် လျှို့ဝှက် ဝိညာဉ် လောင်ကြွမ်းခြင်းကို သုံးကာ စွန့်စားဖို့ ဆန္ဒ မရှိပါချေ။
သူမက ချက်ချင်းပင် လျှို့ဝှက် အကာအကွယ်ကို အားဖြည့်ကာ နောက်ကို ဆုတ်ခွာ လိုက်၏။ ဓား၏ စွမ်းအားက သူမ၏ အကာအကွယ်ကို ဖန်သားစ တစ်ခုနှယ် ခုတ်ပိုင်း ဖျက်ဆီး ပစ်လိုက်သည်။ ခံနိုင်ရည်ကို ကျော်လွန်နေသည့် စွမ်းအား တစ်ခုက ခန္ဓာကိုယ်ထံ တိုးဝင်လာရာ သူမ၏ မျက်လုံးများမှာ ပြူးကျယ် သွားခဲ့၏။
ဘုန်း...
ဝိညာဉ် လမ်းလျှောက်သူ၏ ခန္ဓာကိုယ်မှာ ပင်းထျန်းထက်ပင် မြန်သော နှုန်းနှင့် နောက်သို့ လွင့်ပျံ သွားခဲ့၏။ တဒင်္ဂ အတွင်းမှာပင် သူမမှာ ပင်းထျန်းကို မှီသွားခဲ့သည်။ ယာယီ မဟာမိတ် ဖြစ်သူ၏ အခြေအနေကို မြင်လိုက်ရသော အခိုက်၌ ပင်းထျန်း၏ ဝိညာဉ်မှာ တုန်ရီ၍ပင် သွားခဲ့၏။
ဝိညာဉ် လမ်းလျှောက်သူ၏ မျက်လုံးများက ပေါက်ကွဲ သွားခဲ့သည်။ အဝတ်အစားများမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ မွေးကင်းစ အတိုင်း ဗလာ ဖြစ်နေခဲ့၏။
နောက်ပြီး... ကျိုးပဲ့နေသည့် အရိုးများ၊ ပုံပျက်နေသည့် ဦးခေါင်းခွံ၊ အဆိုးဆုံးက အသားနီလံနေသည့် အရေခွံများ...
“ချီးပဲ...”
***