← Chapters

အခန်း (၈၃)

Vol. 6 Ch. 83

အခန်း (၈၃)

Vol. 6 Ch. 83

ရိုင်းသွားလားမသိ‌ပေမယ့် ယန်ဟူအဲ့တိုင်းပဲ ပြောလိုက်မိသည်။ လီဂျွန်ချောင်က အစကတည်းက ချင်းယွီကို ရိုရိုသေသေဆက်ဆံဖို့ မှာထားပြီးသား။ ပြီးတော့ ခဏနေရင် လီဂျွန်ချောင်လည်း ရောက်လာတော့မှာ။ ဒီလိုလူမျိုးကို လာစရဲတဲ့လူမျိုးကို မျက်နှာသာမပေး‌သင့်ဘူးမလား။

"ဘာတွေ လာပြောနေတာလဲ။ ငါတို့ကို မောင်းထုတ်ပစ်မယ်ပေါ့။ ငါတို့လည်း ဒီမှာအိမ်လာဝယ်တဲ့သူတွေပါပဲ။ ကိုယ့်ကာစတန်မာကို ဒီလိုပဲဆက်ဆံတာလား။ ငါမင်းတို့ကို မန်နေဂျာနဲ့တက်တိုင်ပစ်မယ်"

စီလုအမေတော်တော်လေး ဒေါသထွက်သွားသည်။

"ကြိုက်သလောက် တိုင်လို့ရတယ်။ ဂိတ်ပေါက်က ဟိုဘက်မှာ ထွက်သွားလို့ရတယ်။ ခင်ဗျားတို့ကို ဒီကနေ မကြိုဆိုဘူး"

ယန်ဟူတံခါးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"နင်...နင်!!!"

စီလုအမေလည်း တအားစိတ်တိုလာပြီးတော့ ဘာမှကိုပြန်မပြောနိုင်လောက်တဲ့ထိ ဖြစ်လာသည်။

"အဲ့တော့ ငါတို့လိုလူမျိုးကို မောင်းထုတ်ပြီး ဒီလိုကောင်မျိုးကိုကြ ကြိုဆိုတယ်ပေါ့။ ရူးသွားတဲ့ပုံပဲ။ ဒီလိုဆိုရင်တော့ မန်နေဂျာလီကိုပဲ တိုက်ရိုက်ပြောလိုက်ရတော့မှာပေါ့"

ဖန်ယွမ်ရွဲ့လိုက်သည်။ တကယ်တမ်း ဖန်ယွမ် မန်နေဂျာလီကိုသိတာ ကလပ်တက်ရင်းနဲ့ သူငယ်ချင်းတစ်ယောက်ကြောင့်မို့။ ခုလည်း သူနာမည်နဲ့ဆို လျော့ဈေးရမလားဆိုပြီး ဒီကိုလာခဲ့တာ။

"ဖန်ယွမ်မှာ ဖြေရှင်းစရာရှိတာပဲ။ အဲ့တာဆို မစ္စတာလီနဲ့ပဲ တိုက်ရိုက်ဖြေရှင်းလိုက်ကြတာပေါ့။ ခေါ်လိုက်လေ ဖန်ယွမ်"

"မင်းရှေ့က လူက သွားစလို့ ကောင်း‌တဲ့ လူမျိုးမဟုတ်ဘူးနော်"

"ယောက်ဖရေ မြန်မြန်သာခေါ်လိုက်တော့"

"ခင်ဗျားတို့ ခေါ်ချင်တဲ့လူကိုသာခေါ်။ ကျုပ်ကတော့ စောနက ပြောသလိုပဲ။ အဲ့တော့ မြန်မြန် ပြန်ကြပါတော့"

ယန်ဟူ တစ်စက်မှ အကြောက်အလန့်မရှိဘဲ ပြန်ပြောလိုက်သည်။

"ရတယ်လေ။ အဲ့လိုဆိုမှတော့ ငါ့အဆိုးမဆိုနဲ့တော့ပေါ့"

ဖန်ယွမ်စိတ်တိုသွားပြီး ဖုန်းထုတ်လိုက်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။ တစ်ဖက်ကဖုန်းကိုင်လာတော့ ဖန်ယွမ် အရောင်းမန်နေဂျာလုပ်တဲ့ ကိစ္စအကုန် ပြန်ပြောလိုက်သည်။

"မန်နေဂျာယန်က အခုခင်ဗျားနဲ့တူတူ ရှိနေတယ်လို့ ပြောချင်တာလား"

တစ်ဖက်ကတော့ လူက မေးလာတော့ ဖန်ယွမ် မြန်မြန်ပဲ ‌ပြန်ဖြေလိုက်သည်။ သူ‌ပြန်ဖြေတာ နားထောင်ပြီး တစ်ဖက်ကနေ

"ဟုတ်ပြီ။ အဲ့တာဆို ငါလည်းခုအဲ့ကိုလာနေတာ။ ခဏနေရင် ရောက်မယ်"

တစ်ဖက်လူက ဖုန်းချသွားတော့

"တိုက်ဆိုင်တာပဲ။ မစ္စတာလီလည်း ဒီကိုလာနေတာတဲ့။ ခဏနေရင် ရောက်လာတော့မှာတဲ့။ မန်နေဂျာယန် ခင်ဗျားတော့ အလုပ်ပြုတ်တော့မှာပဲ"

ချင်းယွီ ဖန်ယွမ်တို့အားလုံးကို ရွံရှာတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး

"မန်နေဂျာယန် ဒီကနေ မြန်မြန်သွားကြရအောင်။ ဒီလူရွှင်တော်တွေကို ဆက်ကြည့်နေရရင် ဒေါသထွက်မိတော့မယ်"

"ဟုတ်ကဲ့ပါ မစ္စတာချင်း ကျွန်တော့်နောက်ကနေ လိုက်ခဲ့ပေးပါ"

ချင်းယွီ ပြောတာကြားတော့ ယန်ဟူလည်း မြန်မြန်ပဲ လက်ပြပြီး လမ်းပြပေးလိုက်သည်။

ချင်းယွီ ဂေါင်ရာဖန်ကို ကြည့်လိုက်ပြီးတော့

"အချိန်ရှိရင်စကားပြောကြရအောင်။ ငါဟိုဘက်မှာ ထိုင်နေမယ်"

"အင်းပါ။ ငါလည်း အလုပ်ဆက်လုပ်လိုက်ဦးမယ်"

ချင်းယွီပြောပြီး လှည့်ထွက်တော့မယ့်အချိန်မှာပဲ

"ဒီလိုထွက်သွားလို့ရမလား။ မစ္စတာလီရောက်လာတော့မယ်လည်း ဆိုရင်ရော ကြောက်နေရောလား"

"ဘေးဖယ်စမ်းပါ"

ချင်းယွီစီကွမ်ကို အေးစက်စက်ပဲကြည့်ပြီး‌ ပြောလိုက်သည်။ စီကွမ်ကို သူကြည့်မရနေတာ တော်တော်ကြာပြီ။ သူ့ဆီကစကား တစ်ခွန်းသာထပ်ထွက်လာရင် သူပါးကွဲအောင် ထိုးမိတော့မှာ အမှန်ပဲ။

"စီကွမ် နင်ဘေးဖယ်ပြီး တိတ်တိတ်နေစမ်း"

ထင်မထားတာက အဲ့အချိန်မှာ စီလုက စီကွမ်ကို ထအော်လိုက်တာပဲ။ သူ့စိတ်ထဲ ဘာပြန်ပြောရမလဲ မသိလို့သာငြိမ်နေတာ။ ချင်းယွီဆီကို ဖြေးဖြေးလျှောက်သွားလိုက်ပြီးတော့

"ချင်းယွီ ငါတောင်းပန်ပါတယ်။ ငါတကယ်တောင်းပန်ပါတယ်။ အားလုံးငါ့အမှားတွေပါ"

ဒီလိုစကားတွေ စီလုဆီကထွက်လာတာ ကြားလိုက်ရတော့ သူတကယ်ကြောင်သွားမိသည်။ တစ်ဆက်တည်း ဒီမိန်းမဘာလုပ်ဖို့ ကြံနေတာလည်း မသိဘူးလို့လည်း တွေးလိုက်မိသည်။

သူပြောလိုက်တဲ့အသံက တိုးတိုးလေးဆိုပေမယ့် ဘေးကလူတွေကြားဖို့တော့ လုံလောက်တာမို့ ထွက်သွားဖို့ပြင်နေတဲ့ ဂေါင်ရာဖန်လည်း လှည့်ကြည့်လိုက်မိသည်။ ဟေလုတုန်ကလည်း စီလုကို ထူးဆန်းသလိုမျိုး ကြည့်နေသည်။ မနေ့ကချင်းယွီအတင်းတွေ ဂရုထဲ ပြောခဲ့ပြီးတော့ ဒီနေ့ကြတော့ ချင်းယွီကို တောင်းပန်နေတယ်တဲ့လား။

"လုတုန် ငါခုမှသိတော့တယ်"

"ဟင် ဘာကိုလဲ"

ဟေလုတုန် ခေါင်းလှည့်လိုက်ပြီး သူ့ဘေးက လူကို သေချာကြည့်နေမိသည်။

"ငါတို့လာတုန်းက တွေ့ခဲ့တဲ့စပေါ့ကားကို သိတယ်မလား"

"အင်း သိတယ်လေ အဲ့ကားနဲ့ဘာဆိုင်လို့လဲ"

"ဂရုထဲမှာပို့ထားတဲ့ ဓာတ်ပုံက ချင်းယွီဆိုတဲ့ တစ်ယောက် ကားကို စီးထားတဲ့ပုံနဲ့တူသလားလို့လေ"

လုချောင် သတိပေးတော့ ဟေလုတုန်လည်း အဲ့အကြောင်းကို ပြန်သတိရသွားမိသည်။ ညနက်လေပြေကို စီးနေတဲ့လူပုံနဲ့ ချင်းယွီနဲ့က တစ်ပုံစံတည်းပဲ။

"ချင်းယွီအဲ့ညနက်လေပြေက နင့်ကားလား။ အဲ့လောက်ဈေးကြီးတဲ့ကားကို စီးနိုင်တယ်ပေါ့"

လုတုန်လုံးဝကို အံ့အားသင့်သွားမိပြီးတော့ ချင်းယွီကားမောင်းနေတဲ့ ဓာတ်ပုံကို ဂရုထဲကိုပြန်ပို့လိုက်သည်။

ပုံပို့လိုက်ပြီး ရေးလိုက်တဲ့စာကတော့...

(ဒီနေ့ပို့ပြီးသားပုံကို ဘာလို့ပြန်ပို့လဲ ခန့်မှန်းကြည့်ကြစမ်း)

(လုတုန် နင်ခုနကလည်း အဲ့ပုံပို့ပြီးသားမလား။ လာအရူးထမနေနဲ့)

ဟေလုတုန်တစ်ယောက် ဂရုထဲက စာပြန်တာကို ကြည့်ပြီး ရှင်းပြဖို့ပြင်လိုက်သည်။ သူရှင်းပြလိုက်ပြီးတော့ ဘယ်သူတွေ ဘာပြောပြောစာမပြန်တော့ဘဲ နေလိုက်တော့သည်။ ဒါပေမယ့်ဂရုထဲက လူတွေကတော့ ဘယ်လိုမှ နေလို့မရတော့ဘူးပေါ့။

(ဒီနေ့က အေပရယ်ဖူးလ်ဒေး(April Fool Day) မဟုတ်ပါဘူး။ ဒါပေမယ့် ဘာလို့ချင်းယွီက အထက်တန်းစားကားကို စီးနေပြီး စီလုက သူ့ကိုတောင်းပန်နေရတာလဲ)

(ကြည့်ကြဦး။ ချင်းယွီမောင်းနေတဲ့ ကားက ယွမ်သန်းချီတန်တာတဲ့)

(ဝါးးးး ငါတို့အကုန်အရူးလုပ်ခံလိုက်ရတာလဲ။ စီလုတောင် သူ သူဌေးဆိုတာ မသိခဲ့ရဘူးလေ။ သူခုမှသိပြီး နောင်တရလို့ တောင်းပန်‌တာနေမှာပေါ့)

(အဲ့ကားက သူပိုင်တယ်ဆိုတာ သေချာလို့လား။ သူများကားကြီးလားမှ မသိတာ)

ဂေါင်ဇန်ရီ ဝင်ပြောလိုက်သည်။

(ဂေါင်ဇန်ရီ နင်ရူးသွားတာလား။ သန်းချီတန်တဲ့ကားကို ဘယ်သူကငှားပေးမှာလဲ)

(ဒီကားက တကယ်ကြီး ချင်းယွီပိုင်တာဆိုရင် သူကတကယ့်ကို သူဌေးအကြီးစားပေါ့)

(ဒါပေါ့ဟ)

"စီလုနင်ရူးနေတာလား။ ဘာလို့အဲ့လိုကောင်ကို တောင်းပန်နေတာလဲ"

စီလုအမေလည်း သူ့သမီးကို မကျေမနပ်ကြည့်လိုက်သည်။

"မမ နင်ဆေးမှားသောက်မိထားတာလား"

ဖန်ယွမ်တစ်ယောက်လည်း ရေ‌တစ်ငုံသောက်လိုက်သည်။ သူလည်းတော်တော် ဒေါသထွက်နေ၏။

စီလု ချင်းယွီကို ကြည့်ပြီးတော့ ဘာသံမှမထွက်ပဲ နေနေသည်။

"စီလုမင်းဘာတွေ ကြံနေလဲတော့ ငါမသိဘူး။ အေး ဒါပေမယ့် မင်းနဲ့တော့ သေချာပေါက်ငါပြန်တွဲမှာမဟုတ်ဘူးဆိုတာတော့ သိထားပေး"

ချင်းယွီဆီက အဲ့လိုပြောတာလည်း ကြားရော စီလုတစ်ယောက် တုန်လှုပ်ပြီး နောက်ကိုပါလှန်ကျမလို ဖြစ်သွားသသည်။ အဲ့အချိန်မှာပဲ ဗိုက်ပူပူ အသက်လတ်ပိုင်းရှိတဲ့ လူတစ်ယောက် သူတို့ဆီကို လျှောက်လာသည်။

ဖန်ယွမ်အဲ့လူကို မြင်တော့ တအားပျော်သွားတဲ့ပုံနဲ့ နှုတ်ဆက်လိုက်သည်။

"မစ္စတာလီရောက်လာပြီပဲ"

လီဒယ်ဂန် ဖန်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီးတော့ လျစ်လျူရှုလိုက်သည်။ ပြီးတော့ ယန်ဟူဘက်ကို ကြည့်လိုက်ပြီး

"မန်နေဂျာယန် မစ္စတာချင်း ဘယ်မှာလဲ"

"မစ္စတာချင်း ဒီဘက်က မစ္စတာလီပါ"

"အာ ဟုတ်ကဲ့။ မဂ်လာပါ မစ္စတာချင်း။ ကျွန်တော့်နာမည်က လီဒယ်ဂန်ပါ။ ဒီပရောဂျက်ရဲ့ တာဝန်ခံပါ။ မစ္စတာချင်း ဒီကိုအိမ်လာကြည့်တယ်လို့ ပြောတယ်။ တစ်ယောက်တည်းဆို အဆင်မပြေတာတွေ ရှိမှာစိုးလို့။ ကိုယ်တိုင်သေချာ လိုက်ပြပေးဖို့ လာခဲ့တာပါ"

ယန်ဟူမိတ်ဆက်ပေးပြီးတော့ လီဒယ်ဂန်လည်း ချင်းယွီကို မြန်မြန်ပဲ နှုတ်ဆက်လိုက်သည်။

ဖန်ယွမ် မစ္စတာလီကိုပြုံးပြီးနှုတ်ဆက်နေရင်း ရုတ်တရက်တန့်သွားသည်။ မတင်မကျခံစားချက်ကြီးနဲ့ သူ့တစ်ကိုယ်တည်းရေရွတ်နေမိသည်။

"မစ္စတာချင်းတဲ့လား။ ထျန်ဟူပရောဂျက်ရဲ့ အထွေထွေမန်နေဂျာလိုလူက ချင်းယွီကို တလေးတစားနဲ့ ဆက်ဆံတယ်ပေါ့"

ဂေါင်ရာဖန်နဲ့ယန်ဟူကတော့ ချင်းယွီဘယ်သူမှန်းသိကြပေမယ့် ကျန်တဲ့လူတွေအကုန်လုံးကတော့ ရှော့ရကုန်ကြသည်။

ဟေလုတုန်နဲ့ လုချောင်လည်း ချင်းယွီက သန်းချီတန်တဲ့ကားကို မောင်းနိုင်တာကို တကယ်မယုံနိုင်ဘူး။

"မစ္စတာလီက နောက်နေပြန်ပါပြီ။ ကျွန်တော်က ဒီကိုအဆောက်အဦးနည်းနည်းလောက်ဝယ်ဖို့လာရုံပါ။ မစ္စတာလီကိုယ်တိုင် လာကြိုဖို့ထိမလိုပါဘူး"

"မစ္စတာချင်းက နှိမ့်ချနေပြန်ပါပြီ။ ခင်ဗျားလို ထျန်ဟူပရောဂျက်ရဲ့အထူးဧည့်သည်က ဒီကိုလာပေးတာနဲ့တင် ကံကောင်းမှုကြီးရလိုက်သလိုပါပဲ။ ကျုပ်မစ္စတာလီလည်း မျက်နှာရရတာပေါ့။ မဟုတ်ဘူးလား"

ချင်းယွီပြောတာကို သူကြားပြီး ချက်ချင်းပဲ ပြန်ပြောလိုက်သည်။ ဒီလူက ဘယ်လိုလူမျိုးပါလိမ့်။ အိမ်ဝယ်တာကို ဟင်းချက်ကန်စွန်းရွက်ဝယ်သလို လာလုပ်နေတာပဲ။ ဒါပေမယ့် သူ့ဆီက အရှိန်အဝါတစ်ခုခုကိုတော့ ခံစား‌မိနေသည်။

ချင်းယွီတစ်ယောက် လီဂျွန်ချောင်ပြောတာတွေက မှားတာတော့မမှားပေမယ့် တစ်ခုခုကတော့ မူမမှန်ဘူးလို့ တွေးလိုက်မိသည်။

All Chapters