နတ်ဘုရားက စောင့်ကြည့်နေတယ်
Vol. 2 Ch. 16
"ချီသွေးတွေက အရမ်းမှော်ဆန်တာပဲ!"
ချန်ရှီ သဘောကျစွာ ရယ်မောလာသည်။ သူ့လက်ဖဝါးပေါ်ကို စူးစိုက်ကြည့်ရင်း အတွေးတစ်ချက်ဖြင့် သူ့ညာလက်သီးသည် လေပြင်းလို အသံနဲ့ အဆုံးမရှိ ခွန်အားကို ပြသနေသည်။ ထိုးချလိုက်သော ကျောက်တုံးကို ကောက်ယူ၍ ညှစ်ကြည့်လိုက်ရာ ကျောက်ခဲသည် အကြိမ်အနည်းငယ် ပွတ်တိုက်ပြီးနောက် ဖုန်မှုန့်တွေလို ကွဲအက်သွားလေသည်။
သူသည် အခြားကျောက်တုံးတစ်တုံးကို ဖမ်းကိုင်လိုက်ပြီး ထပ်စမ်းကြည့်ရာ သူ့လက်ပေါ်၌ နာကျင်မှုကို မခံစားရတော့ဘဲ သူ့ကိုယ်ထဲ စွမ်းအင်သွေးများ ပြည့်နေသလိုတောင် ခံစားလာရသည်။
"ချီသွေးတွေ လုံလောက်သရွေ့ နာကျင်တာမရှိဘဲ ခွန်အားပိုကြီးပြီး အရေပြားလည်း ပိုထူလာနိုင်တာကိုး!"
ဒါကို တွေးလိုက်တဲ့အခါ သူဟာ ချီသွေးတွေကို တစ်နေရာစီမှာ ပေါများနေတဲ့ ချီသွေးတွေရဲ့ သက်ရောက်မှုတွေကို စမ်းသပ်ဖို့ သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အသီးသီးကို ချက်ချင်း ပြောင်းကြည့်လိုက်သည်။
လက်မောင်း၏ အဆစ်အဆစ်များပေါ်တွင် အာရုံစိုက်ထားလျှင် လက်မောင်းသည် တခဏအတွင်း လေးလက်မ သို့မဟုတ် ငါးလက်မအထိ ပိုသန်မာလာနိုင်ကြောင်း တွေ့လာခဲ့သည်။
ချီသွေးများကို သူ့ကျောရိုးမှာ ဖြည့်ထားလျှင် သူ့ကျောရိုးတွေ ခိုင်ခံ့လာကာ အရိုးများ ရောယှက်နေသည့် အသံကို သူ့ခန္ဓာကိုယ်ထဲကနေပါ ကြားနိုင်ပြီး အရိုးက ချက်ချင်း ပေဝက်ခန့် ပိုထူလာနိုင်သည်။
ချန်ရှီသည် ဆီးသွားရန် အလျင်လိုနေတာကြောင့် စိတ်အားထက်သန်စွာဖြင့် သူ့စွမ်းအင်နှင့် သွေးများကို အလုပ်ပေးလိုက်ရာ လျင်မြန်စွာ ဖောင်းကားလာတာကို တွေ့လိုက်ရသည်နှင့် စိတ်လှုပ်ရှားကာ မထိန်းနိုင်ဘဲ ဟစ်အော်လိုက်တော့သည်။
“ငါဒီလိုလည်း ဆီးသွားနိုင်တယ်ဟ! တစ်ရွာလုံးမှာ လယ်ကွင်းတွေ အများကြီး ရှိတယ်... ငါ ဆီးသွားဖို့တောင် လောက်မှာမဟုတ်ဘူး!"
ချီသွေးတွေကို သူ့လည်ပင်းဆီ ပြန်ရွှေ့လိုက်တော့ သူ့လည်ပင်းက ပိုထူလာပြန်၏။
"နောက်ပိုင်း တစ်ယောက်ယောက်က ငါ့ကို လည်ပင်းညှစ်သတ်ချင်ရင် အများကြီး ဒုက္ခပေးမိသွားမှာတောင် ကြောက်ရတယ်"
သူ့ခေါင်းဆီသို့ စွမ်းအင်နှင့် သွေးများကို လှုံ့ဆော်ပေးလိုက်တဲ့အခါ ရုတ်တရက် သူ့အမြင်အာရုံ မှောင်သွားကာ ချက်ချင်း လဲကျသွားလေသည်။ ချန်ရှီ မနိုးခင် အချိန်ဘယ်လောက် ကြာသွားမှန်းမသိ။ ပြန်သတိရလာတော့ သူ့မျက်လုံးတွေ ပြူးကျယ်လာပြီး သူ့စိတ်တွေ လွတ်ထွက်သွားမလို ဖြစ်သွားသည်။
အချိန်အတော်ကြာ ပြီးနောက် သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး ချီစွမ်းအင်များကို စုဆောင်း သန့်စင်ခြင်းနှင့် ပတ်သက်တာကစလို့ သူလုပ်ခဲ့သည့် အရာများကို တဖြည်းဖြည်း ပြန်သတိရလာသည်။
သူ့စွမ်းအင်များကို သူ့ခေါင်းပေါ်သို့ မရွှေ့ဝံ့တော့ပေ။
ဦးခေါင်းသည် ယန်ခြောက်ပါးရဲ့ ပထမဆုံး အချက်အချာ ဖြစ်သည်။ ချီသွေးများကို သယ်ဆောင်ထားပါက သတိမထားမိရင် မေ့မြောသွားနိုင်သည် သို့မဟုတ် အလွန်အန္တရာယ်များသော ဦးနှောက်တွင်း သွေးယိုစီးမှု ဖြစ်လာနိုင်သည်။
ချန်ရှီ တစ်ယောက်တည်း လေ့ကျင့်ရင်း စူးစမ်းနေသည်။ သူလေ့ကျင့်သည့် နည်းစနစ်များက မပြည့်စုံသောကြောင့် ဤအန္တရာယ်ကို မလွဲမသွေ ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်သည်။
"အလင်းသုံးပါးကျင့်စဥ်ရဲ့ မှန်ကန်တဲ့လမ်းစဥ် မပါဘဲနဲ့ မလုံလောက်သေးဘူး...ကျင့်ကြံတဲ့ တားမြစ်ချက်တွေကို လုံး၀ မသိတော့ သတိမထားမိရင် ရူးသွားလိမ့်မယ်... ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့သ မလုပ်နိုင်သေးဘူး။ ဘုရင်ကျန်းရဲ့ အုတ်ဂူရှေ့က ကျောက်ပြားကို ဆက်ဖတ်မှရမယ်...."
ထို့နောက် ဆက်လက် လေ့ကျင့်တော့မလို့ ပြင်လိုက်သည်။ အပြင်ဘက်က ကောင်းကင်ကြီးသည် နီညိုရောင် ဖြစ်နေပြီ။ နက်မှောင်နေသော ကောင်းကင်က မိုင်ပေါင်းထောင်ချီသော ကောင်းကင်မီးများ ပြည့်လျှံကာ ကြီးကျယ်ခမ်းနားသော နေဝင်ချိန်ကို ပုံဖော်လိုက်သည်။
ချန်ရှီ နှလုံးသားထဲတွင် ရုတ်ချည်း အတွေးတစ်ခု ဖြစ်ပေါ်လာသည်။ ဤအရာသည် ကောင်းကင်ပြင်မှ နတ်ဘုရား အစစ်အမှန်၏ မျက်လုံးများကို မှိတ်တော့မှာမလို့ သူ့မျက်ခွံအောက်မှ မီးတောက်များ ထွက်ပေါ်လာပြီး မြေကြီးအထက် မိုင်ရှစ်ဆယ်အကွာ အတွင်းက ကောင်းကင်ကို လောင်ကျွမ်းစေတော့မှာပဲ ဖြစ်သည်။
ဒီအသွင်အပြင်က မကြာမီ မှောင်တော့မယ် ဆိုတာကို ညွှန်ပြနေခြင်းပင်။ မှောင်ပြီးနောက် တောင်များနှင့် လယ်ကွင်းများထဲတွင် ရှဲ့တွေ ပေါ်လာမည်။
"ငါ အကြာကြီး ထပ်မေ့သွားမှာ ကြောက်ရတယ်.... အိမ်စောစော ပြန်မှရမယ်..."
ချန်ရှီ ချက်ချင်း ထပြေးပေမယ့် ဘုရားကျောင်းအပြင်ဘက်ကို ရောက်တာနဲ့ ကောင်းကင်က ပိုပိုမှောင်လာတာကို မြင်လိုက်ရလေသည်။ ကောင်းကင်က မီးဟာ ချက်ချင်း ငြိမ်းတော့မလိုပါပဲ။
သူ့လက်ရှိ ခြေဖဝါးခွန်အားဖြင့် မမှောင်မီ အိမ်ပြန်ရောက်ရန် မဖြစ်နိုင်သလို ချက်ချင်း မှောင်လာမည်ကို ကြောက်သောကြောင့် တောင်ခြေရင်းသို့ပင် လမ်းမလျှောက်နိုင်တော့ပေ။
"အခု အကောင်းဆုံး ရွေးချယ်စရာက ဒီဘုရားကျောင်းမှာ ညအိပ်ဖို့ပဲ ရှိတော့တယ်..."
ချန်ရှီ တခဏမျှ တုံ့ဆိုင်းနေပြီးမှ ကိုယ့်ကိုကိုယ် ပြန်ပြောလိုက်သည်။
"မင်း ဘုရားကျောင်းထဲမှာ နေရင် အသက်ရှင်ဖို့ အလားအလာ ရှိတယ် ဒါပေမဲ့ မင်း တောင်ပေါ်က ဆင်းရင် သေမှာ သေချာတယ်"
လရောင်အောက်က တောင်တန်းများကြားတွင် ဘယ်လို အန္တရာယ်တွေ စောင့်ကြိုနေမလဲ သူကောင်းကောင်း သိသည်။
ချန်ရှီ ဘုရားကျောင်းထဲက တံခါးများနှင့် ပြတင်းပေါက်များ အားလုံးကို အလုံပိတ်ပြီး တံခါးကို ပိတ်ဆို့ထားဖို့လည်း ကျောက်တုံးကြီးများစွာကို ရွှေ့လိုက်သည်။ ဒီတစ်ခါတော့ စာအုပ်သေတ္တာတစ်ခုနဲ့ ထွက်လာခဲ့တာမလို့ စာအုပ်ပုံးထဲမှာ အဆောင်စာရွက်လေးတွေ ပါလာသည်။
——- မြုံတောင်ပေါ်ရှိ ပျက်စီးနေသော ဘုရားကျောင်းထဲတွင် လေ့ကျင့်မယ်ဆိုတာ အဘိုးက သိထားသောကြောင့် အဆောင်စာရွက်များကို သူနဲ့အတူ ယူဆောင်သွားဖို့ သေချာမှာခဲ့သည်။
ချန်ရှီသည် တံခါးနှင့် ပြတင်းပေါက်များနောက်တွင် အဆောင်စာရွက်များကို ချိတ်ဆွဲထားလိုက်သည်။ ဘုရားကျောင်း ထိပ်ပေါ်သို့ တက်ကာ ပျက်စီးနေသော နေရာများကိုလည်း အဆောင်စာရွက်ဖြင့် ကာထားလိုက်သည်။ ခေါင်မိုးမှ အပေါက်ကြီးများစွာကို သစ်သားပျဉ်ပြားများဖြင့် ပြုပြင်ထားသော်လည်း နေရာတိုင်းတွင် လေထွက်ပေါက်များ ရှိနေသည်။
ချန်ရှီ ပြန်ခုန်ဆင်းပြီး ထင်းရှာသည်။ အစာခြောက်ကို အပူပေးဖို့ မီးလုပ်ပြီး အကုန်စားပစ်လိုက်သည်။ စားလို့မကုန်ခင်မှာ ကောင်းကင်က မိုးခြိမ်းသံနဲ့အတူ မိုးရွာချလာတာကြောင့် မီးက ငြိမ်းသွား၏။ ချန်ရှီသည် မိုးကိုရှောင်ရန် အမြန်ရွှေ့လိုက်ရသည်။
မထင်မှတ်ပဲ မိုးက ပိုပိုသည်းလာပြီး မကြာခင်မှာပဲ ပျက်စီးနေတဲ့ ဘုရားကျောင်းကြီးဟာ ရေတွေ ပြည့်သွားတာကြောင့် တည်းခိုစရာ နေရာ အနည်းငယ်သာ ကျန်တော့၏။
အိပ်ဖို့ မဖြစ်နိုင်တော့ဘူး။
"မနက်ဖြန် မိုးတိတ်တဲ့အခါ ဒီပျက်စီးနေတဲ့ ဘုရားကျောင်းကို ပြင်ဖို့ အုတ်ဖုတ်သမားကို ရှာရမယ်... အဲဒါမှ နောက်ပိုင်း ဒီမှာ လေ့ကျင့်ရတာ ပိုအဆင်ပြေသွားမှာ"
ချန်ရှီက ရိုးသားစွာပဲ ပြောလိုက်သည်။ အပြင်ဘက်တွင် တောက်ပနေသော လမင်းကို တိမ်မည်းများက ပိတ်ဆို့ထားပြီး အပြင်ဘက် ကောင်းကင်က ပိုပို၍ မှောင်လာသည်။ လမရှိသောကြောင့် နတ်ဆိုးများပင် ထွက်မလာတော့ပေ။
အိပ်မပျော်တာကြောင့် ချန်ရှီဟာ ရိုးရိုးလေးပဲ ဆက်လေ့ကျင့်နေလိုက်သည်။
အလင်းသုံးပါးကျင့်စဥ်ကို အသက်သွင်းပြီးတာနဲ့ ကြယ်ရောင်၊ နေရောင်၊ လရောင်တို့ သည် တစ်ခုပြီးတစ်ခု လှည့်ပတ်လာသည်။ ထို့နောက် အလင်းစက်များက တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်ကာ ကြယ်ခုနစ်လုံး အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းဆီက စွမ်းအင်များက သူ့ခန္ဓာကိုယ်ကို ပျော့ပျောင်းလာစေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ချန်ရှီသည် ပြိုကျပျက်စီးနေသော ဘုရားကျောင်းကြီးက တဖြည်းဖြည်း တောက်ပလာတာကို ရုတ်တရက် သတိပြုလာမိသည်။ ဒီလိုမှောင်မိုက်တဲ့ညမှာ အပြင်မှာလည်း မိုးတွေ ရွာနေ၏။ လျှပ်စီးလက်သလို မိုးခြိမ်းသံတွေ ရံဖန်ရံခါ မြင်တွေ့ခဲ့ရပေမယ့် ပျက်စီးနေတဲ့ ဘုရားကျောင်းထိပ်ကနေတော့ နေရောင်ခြည်တွေ ဖြာကျနေလေသည်။
ချန်ရှီ သူ့မျက်လုံးတွေကို ပွတ်သပ်ပြီး မော့ကြည့်လိုက်တော့ တကယ်ပဲ နေရောင်ခြည်က တောက်ပနေတာ တွေ့နေရသည်။ သူ ဘုရားကျောင်း အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ဘုရားကျောင်း အပြင်ဘက်မှာတော့ မှောင်မဲနေပြီး မိုးတွေက တဖွဲဖွဲ ကျနေဆဲပါပဲ။ လက်ချောင်းတွေကို ဆန့်ထုတ်လိုက်ရင် ကိုယ့်လက်ချောင်းကို မမြင်ရတော့လောက်အောင် မိုးရေတွေက တဟုန်ထိုး ကျနေပြီး အဝေးက မိုးခြိမ်းသံကလည်း နည်းနည်းတော့ မှိုင်းနေသလိုပဲ။ ဘုရားကျောင်း အပြင်ဘက်ကို ခြေတစ်လှမ်း သို့မဟုတ် နှစ်လှမ်းသာ မြင်နိုင်သည်။
ချန်ရှီ နောက်ပြန်လှည့်ပြီး ဘုရားကျောင်းထဲကို ကြည့်လိုက်တယ်။ ဘုရားကျောင်း အတွင်းက နေရောင်သည် နေ့ခင်းဘက်ကဲ့သို့ တောက်ပနေသော်လည်း အိမ်ခေါင်မိုးမှာတော့ ယိုစိမ့်နေသေးသည်။
မိုးသည် နေရောင်ခြည်ကို ဖြတ်၍ မြေပြင်ပေါ်သို့ ရွာကျနေသည်။
တကယ့်သရဲနဲ့ ထပ်တွေ့ပြီ။
မဟုတ်ဘူး။ သူ့အတွက်ကတော့ တစ္ဆေနဲ့ နတ်တွေက သာမာန်သာ ဖြစ်ပြီး နေရာတိုင်းမှာ မြင်နေရပြီးသား အရာတွေပါပဲ။ ဒါပေမဲ့ ဒီမြင်ကွင်းကို သူ တစ်ခါမှ မမြင်ဖူးချေ။
"ဒီဘုရားကျောင်း အတွင်းနဲ့ အပြင်ဘက်မှာ တကယ်ခြားနားတဲ့ အချိန်တွေ နေရာတွေ ရှိတယ်!"
ချန်ရှီ သူ့စိတ်လှုပ်ရှားမှုကို ထိန်းထားသည်။ ယခုတော့ ဒီနေရောင်ခြည်ရဲ့ အသွင်အပြင်က သူ့သံသယကို အတည်ပြုလိုက်ပါပြီ။ နေရောင်ခြည်ရဲ့ လာရာအရပ်ကို လှမ်းကြည့်လိုက်တော့ အပြာရောင် ကောင်းကင်ပြင်ကို မြင်လိုက်ရ၏။
ထိုကောင်းကင်နဲ့ အနောက်နွားရှင်းကျိုးရဲ့ ကောင်းကင်က တူညီတဲ့ ကောင်းကင်မဟုတ်မှန်း သိသာသည်။ ထိုကောင်းကင်ရဲ့ အခြားတစ်ဖက်က နေကိုလည်း သူ မြင်ရသည်။
ကြီးကြီးမားမား မဟုတ်သော ရွှေဝါရောင်သည် ရွှေပန်းကန်ပြားနှင့် တူသည်။ သို့သော် ထိုနေမှထုတ်လွှတ်သော နေရောင်ခြည်က သူကျင့်ကြံဖို့အတွက် အသုံးပြုနိုင်သည်။ အဲဒီနေရောင်ခြည်နဲ့အတူ သူ့ရဲ့ အလင်းသုံးပါး ကျင့်စဥ်သည် ပိုမိုချောမွေ့စွာ လည်ပတ်နိုင်ပြီး မြောက်အရပ်ခုနှစ်စင်ကြယ်ကိုလည်း ပိုမိုထိရောက်လာစေနိုင်သည်။
မြောက်အရပ်ခုနှစ်စင်ကြယ်ရဲ့ အပူချိန်က ၃၀ မှ ၄၀ % အထိ တိုးလာသည်ဟု သူ ခံစားနိုင်သည်။
အံ့သြစရာ ကောင်းလိုက်တာ။
"ဒီနေက နေအစစ်လား... အလင်းသုံးပါးကျင့်စဥ်က ရေးဆွဲထားတဲ့ လရောင်ကလည်း အဲဒီ အာကာသနဲ့ အချိန်ကနေ ဆင်းသက်လာတာ ဆိုရင် အဲဒီအာကာသနဲ့ အချိန်မှာရှိတဲ့ လက လအစစ်လို့ ပြောရမှာပေါ့"
အလင်းသုံးပါး ကျင့်စဥ်ထဲက နေနဲ့လသည် ဒီဘုရားကျောင်းထဲက အချိန်နှင့် အာကာသကို ရည်ညွှန်းတယ်ဆိုရင် ဆိုတဲ့ အတွေးကို တွေးမိလိုက်တဲ့အခါ သူ့စိတ်ထဲ ကြောက်ရွံ့မှုတချို့ကို ခံစားလိုက်ရသည်။
အနောက်နွားရှင်းကျိုးက ဘိုးဘေးတွေ ကြုံတွေ့ရသော နေနဲ့လဟာ ဤအချိန်နှင့် အာကာသရဲ့ နေနှင့်လဖြစ်မလား။ ထို့ကြောင့်သာ နေထွက်ချိန်နှင့် နေဝင်ချိန်စသည့် စွမ်းအင်များကို ဖန်တီးနိုင်ခဲ့ကြတာပင်။
ဒါဆို နေနဲ့လ ပျောက်ကွယ်သွားအောင် ဘာတွေဖြစ်ခဲ့တာလဲ။
ကောင်းကင်ပြင်က နတ်ဘုရားက နေနဲ့လကို အစားထိုးသွားတာ ဘာဖြစ်သွားလို့လဲ။
နေနဲ့လ ဘယ်ရောက်သွားတာလဲ။
ဒီပျက်စီးနေသော ဘုရားကျောင်းသည် နေနဲ့လကို ဘယ်လိုကြောင့် ချိတ်ဆက်ထားနိုင်တာလဲ။ အဘယ်ကြောင့် နေရောင်ခြည်ကို ထွန်းလင်းစေတာလဲ။
အတိတ်က ဒီအပျက်အစီးတွေကို လှူခဲ့တဲ့ ဒီဘုရားကျောင်း ပိုင်ရှင်က ဘယ်သူလဲ။ ဘာလို့ ဒီအချိန်ကျမှ မြေပြင်ကနေ ဘာကြောင့် တက်လာတာလဲ။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က တစ်နာရီ လေးပုံတစ်ပုံစောကာ မှောင်သွားရသည့် အချက်နဲ့ ဆက်စပ်မှုရှိနိုင်လား။
"အဘိုးဒီမှာ မရှိတာ နှမြောစရာပဲ.... အဘိုးသာဆိုရင် သေချာပေါက်.... သေချာပေါက် မသိလောက်ဘူး! ညဘက် ဆေးနှစ်ဆတိုးမယ်လို့ပဲ ပြောလိမ့်မယ်"
ချန်ရှီ ဆက်လက် လေ့ကျင့်နေခဲ့သည်။ ဤထူးဆန်းသော မေးခွန်းများကို မတွေးတော့ပေ။ လောလောဆယ် သူ့မှာလည်း အဖြေမရှိပါ။
တဖြည်းဖြည်းနှင့် သူသည် အိပ်ပျော်နေပုံရသော်လည်း အိပ်မပျော်ပေ။ ထူးဆန်းသော အခြေအနေထဲသို့ ဝင်ရောက်ကာ နိုးနေသယောင် ရှိသော်လည်း တစ်ဖန် မနိုးနေချေ။ သူ့အသက်ရှုသံက ရှည်လျားလာကာ အလင်းသုံးပါး ကျင့်စဥ်က စည်းစနစ်တကျ လည်ပတ်နေဆဲ ဖြစ်ပြီး မြောက်အရပ် ခုနှစ်စင်ကြယ်သည်လည်း ဆက်လက် တည်ရှိနေသည်။ ကြယ်ခုနစ်လုံးသည် သူ့အား ဖြည်းညှင်းစွာ လှည့်ပတ်နေ၏။
ထိုညက မိုးသည်းထန်စွာ ရွာနေခဲ့သည်။ ချန်ရှီသည် တစ်ညလုံး ပင်ပန်းနေမည့်အစား ကျင့်ကြံနေခဲ့တာကြောင့် ဒီညဟာ ယခင်က သူ့လေ့ကျင့်မှုထက် ဆယ်ဆပိုကောင်းလာတယ်လို့ ခံစားနေမိလေသည်။
"တစ်ညလုံး အိမ်မပြန်ဘူးဆိုတော့ အဘိုးက အသေ စိုးရိမ်နေလောက်ပြီ!"
ချန်ရှီသည် သူ့အလုပ် ပြီးမြောက်ပြီမလို့ တံခါးပိတ်ကျောက်တုံးကို ဖယ်လိုက်ပြီး ပျက်စီးနေသော ဘုရားကျောင်းမှ ထွက်လာခဲ့သည်။ အပြင်မှာက မှိုတက်နေပြီး လေထုကလည်း ရေငွေ့တွေနဲ့ ပြည့်နေ၏။
"ဝုတ် ဝုတ်!"
ခွေးနက်ကြီးတစ်ကောင်က ဘုရားကျောင်း အပြင်ဘက်တွင် ရပ်နေတာကို တွေ့တော့ ချန်ရှီ ကမန်းကတန်း ရှေ့ကို လှမ်းပြီး အပြုံးနဲ့ မေးလိုက်သည်။
"ဟေးကော် အဘိုးက ငါ့ဆီ လာခိုင်းလိုက်တာလား... အဘိုးငါ့ကို စိတ်ပူနေမှာ သေချာတယ် မင်း ဒီကို ရောက်တာ ဘယ်လောက်ကြာပြီလဲ "
ဟေးကော့သည် ၎င်း၏အမြီးကို လှုပ်ခါကာ ရှက်ပြုံးလေးဖြင့် သူ့ထံ ရောက်ရှိလာပြီး နှစ်ကြိမ် လှည့်ပတ်လိုက်သည်။
လူတစ်ယောက်နှင့် ခွေးတစ်ကောင်သည် တောင်ပေါ်မှ အမြန်လမ်းလျှောက်လာကြရာ မိုးရွာထားသောကြောင့် တောင်လမ်းက ချော်နေသော်လည်း ချန်ရှီသည် သူ့ခန္ဓာကိုယ်က ပေါ့ပါးပြီး ကျန်းမာနေကြောင်း ခံစားနေရကာ နေရာတိုင်းက မြေပြန့်ပေါ်တွင် လမ်းလျှောက်နေသလိုပင်။
"အိမ်ပြန်ရောက်ရင် အဘိုးဆီက ပိုက်ဆံနည်းနည်း တောင်းရမယ်....ငါ ပျက်စီးသွားတဲ့ ဘုရားကျောင်းကို ပြန်ပြုပြင်ဖို့ ပန်းရံဆရာတွေကို ငှားဖို့ စိတ်ကူးထားတယ်... ခဏခဏ ဘုရားကျောင်းသွား လေ့ကျင့်ချင်တယ်"
ချန်ရှီ လမ်းလျှောက်သွားရင်း တစ်ဖက်က ဟေးကော်ကိုလည်း မေးနေသည်။
"အဘိုးက ပိုက်ဆံ အများကြီးနဲ့ ချမ်းသာသွားပြီ... ငါတောင်းရင် အဘိုးက ပေးပါ့မလား"
ဟေးကော်အမြီးသည် လေရဟတ်ကဲ့သို့ တွန့်လိမ်နေပြီး အသံပြန်ပေး၏။
"ဝုတ်!"
ချန်ရှီ ပြုံးပြီး ပြောသည်။
"မင်းပြောတာ မှားတယ်....ငါ ခုနကပြောသလိုပဲ အဘိုးက ငါ့အတွက် မိန်းမယူဖို့ ပိုက်ဆံစုထားပေးတာ... ငါသွားတောင်းရင် အဘိုးက သေချာပေါက် ပေးလိမ့်မယ်"
"ဝူး ဝူး ဝူး!"
"အဘိုးက ပိုက်ဆံတွေ အကုန်ကုန်သွားပြီလို့ ဆိုလိုတာလား... မဖြစ်နိုင်ဘူး!"
"ဝုတ် ဝုတ်!"
"ပေါက်ကရတွေ မပြောနဲ့ အဘိုးက ကလေးပိုက်ဆံတွေကို လိမ်ယူမှာ မဟုတ်ဘူး!"
……
လူတစ်ယောက်နဲ့ ခွေးတစ်ကောင်ဟာ မြုံနေတဲ့တောင်တန်းတွေကနေ ထွက်ခွာပြီး ဟွမ်ဖောရွာဆီသို့ လျှောက်လာရင်း စကားပြောနေကြသည်။
ထိုအချိန်တွင် ကောင်းကင်သည် ရုတ်တရက် အလွန်တောက်ပလာ၏။ ချန်ရှီနဲ့ ဟေးကော် မော့ကြည့်လိုက်ရင်း ခြေလှမ်းတွေ နှေးကွေးသွားလေသည်။
ကောင်းကင်ကို ဖောက်ထွင်း ဝင်ရောက်လာတဲ့ အလွန်တောက်ပတဲ့ အလင်းရောင်ကို မြင်လိုက်ရချိန် တောက်လောင်နေတဲ့ ကျောက်တုံးတစ်တုံးဟာ ကောင်းကင်ကို ဖြတ်ကျော်ပြီး ဒီဘက်တည့်တည့်ကို ဦးတည်လာနေသည်။
ပြင်ပကြယ်သည် ၎င်းတို့ကို ဖြတ်ကျော်သွားကာ မိုင်ပေါင်းများစွာ ထူထပ်သော မီးခိုးငွေ့များကို ဆွဲယူသွားသည်။ နောက်အခိုက်အတန့်တွင် မိုင်ပေါင်းများစွာဝေးသော မြုံနေသည့် တောင်တန်းပေါ်က ပြိုကျပျက်စီးနေသော ဘုရားကျောင်း၏ အပေါ်ဘက်ကို ထိမှန်သွားခဲ့သည်။
မီးတောက်ကြီး ကောင်းကင်သို့ ထိုးတက်လာပြီး ကျောက်တုံးကြီးများကလည်း အရပ်ရပ်သို့ လွင့်ကျသွားသည်။ ချန်ရှီ၏ အမြင်အာရုံထဲတွင် မြေပြင်မှ ပေါက်ထွက်နေခဲ့သော တောင်ထွတ်သည် ပေဒါဇင်နှင့်ချီ၍ ရုတ်တရက် ကျိုးပဲ့ကျသွားခဲ့သည်။
ဟေးကော် ချန်ရှီအပေါ် အလျင်စလို ခုန်အုပ်လိုက်တဲ့အခါ ချန်ရှီ လဲကျသွားပြီး လူတစ်ယောက်နှင့် ခွေးတစ်ကောင် လမ်းဘေးရှိ မြောင်းနက်ကြီးထဲသို့ လှိမ့်ဝင်သွားသည်။
"ဟူး--"
လေပြင်းက လျှပ်တစ်ပြက်အတွင်း တိုက်ခတ်လာပြန်သည်။ လျှပ်စီးလှိုင်းကြီးက ခပ်နက်နက် မြောင်းကို ဓားနှင့် ခုတ်ပိုင်းပစ်သကဲ့သို့ ပစ်ခတ်လိုက်တဲ့အခါ မြောင်းနှစ်ဘက်ရှိ သစ်ပင်များသည် ကြီးမားသော မီးရှူးတိုင်ကြီးကဲ့သို့ ချက်ချင်း မီးလောင်သွားသည်။
ကံကောင်းထောက်မစွာ တစ်ညလုံး မိုးရွာပြီး မြောင်းနက်ထဲမှ လူတစ်ဦးနဲ့ ခွေးတစ်ကောင် ရေထဲ ခုန်ဆင်းနေနိုင်ခဲ့တာမို့ လေပြင်းကြောင့် မီးလောင်ပြာကျမသွားချေ။
"ဗုန်း!"
ပြင်းထန်သော ပေါက်ကွဲသံက မြေပြင်ကို လှုပ်ယမ်းကာ မြစ်ထဲသို့ပါ ပျံ့နှံ့သွားသောကြောင့် ချန်ရှီနဲ့ ဟေးကော်တို့ သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။ ထို့နောက် ကျောက်စရစ်ခဲများဟာ ကောင်းကင်မှ အက်ကွဲသံများနှင့်အတူ မိုးရွာချသလို ကြွေကျလာတော့သည်။
ကံကောင်းထောက်မစွာ ကျောက်တုံးများက ရေထဲ ဝင်သွားသည်နှင့် အရှိန်လျော့သွားခဲ့သည်။ ကျောက်မိုးရွာပြီးနောက် တုန်လှုပ်နေဆဲဖြစ်သော ချန်ရှီနဲ့ ဟေးကော်တို့ ရေထဲမှ ထွက်လာကြ၏။ အချိန်အတော်ကြာအောင် စောင့်ပြီးနောက်တွင် အခြားလှုပ်ရှားမှုတွေ မရှိတော့တာ သေချာတော့မှ လမ်းပေါ်သို့ တက်လာခဲ့ကြသည်။
ချန်ရှီ မတ်တပ်ရပ်လိုက်ပြီး သူ့တစ်ကိုယ်လုံး စိုစွတ်နေ၏။ သူ့ဘေးနားက အိုးမည်းကြီးကလည်း တစ်ကိုယ်လုံးကို ပြင်းပြင်းထန်ထန် လှုပ်ခါနေပြီး နေရာတိုင်းက ရေတွေကို လှုပ်ခါပစ်သည်။
ချန်ရှီ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တော့ သစ်ပင်တွေ ဟိုဘက်ဒီဘက် ယိမ်းထိုးနေပြီး တချို့သစ်ပင်တွေက မီးတောက်နေသေးသည်။ တချို့သစ်ပင်တွေက လေပြင်းကြောင့် လောင်ကျွမ်းသွားပြီးသား ဖြစ်ကာ အနက်ရောင် သစ်သားတိုင်တွေ ဖြစ်ကုန်ပြီ။
လယ်ကွင်းထဲက ကောက်ပဲသီးနှံတွေဟာ အရှေ့ဘက်နဲ့ အနောက်ဘက်မှာ ပြိုကျပျက်စီးနေပြီ ဖြစ်သည်။ ကျောက်တုံးကြီးတွေက လယ်ကွင်းထဲကို ရိုက်ချိုးပြီး မရပ်ခင် ခပ်ဝေးဝေးအထိ လိမ့်သွားခဲ့သေး၏။
ကျောက်တုံးကြီးများ လျှောကျလာရာ နေရာတိုင်းဟာ ကောက်ပဲသီးနှံများကို အပြားလိုက် ထွန်ယက်ပစ်လိုက်သလိုမျိုး ပျက်စီးသွားသည်။
ချန်ရှီသည် သူ့အကွာအဝေးမှ မြုံသော တောင်ကြီးကို လှမ်းကြည့်လိုက်တဲ့အခါ တစ်ချိန်တည်းတွင် ပေ ၁၀၀ ရှည်လျားသော မြုံသော တောင်ကြီးဟာ တစ်ဝက်လောက်သာ ကျန်တော့တာကို တွေ့လိုက်ရသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော ဘုရားကျောင်းငယ်ကလည်း အပိုင်းပိုင်း ပြိုကျသွားခဲ့ပါပြီ။ မြေပြင်မှ ထွက်ပေါ်လာသော မြုံသောတောင်တန်းများသည် ပြိုကျလုနီးပါး ဖြစ်သွားခဲ့သည်။
"ဘာ ဘာလို့လဲ?"
ချန်ရှီ ညည်းညူလိုက်သည်။
ကောင်းကင်ကို မော့ကြည့်လိုက်တော့ နေရောင်က တောက်ပနေသေးသည်။
ဤနေနှစ်စင်းသည် ကောင်းကင်ပြင်ရှိ နတ်ဘုရား၏ ကြီးမားသော မျက်လုံးနှစ်လုံး ဖြစ်သည်။ ၎င်းက ကမ္ဘာမြေကြီးထဲရှိ အရာအားလုံး ကွက်ကွက်ကွင်းကွင်း မြင်နေရသလိုမျိုး စိုက်ကြည့်လျက် ရှိသည်။