အလောင်းမွေးမြူသည့်နေရာ၊ ကြေးမုံအိုင်ကုန်းမြင့်
Vol. 2 Ch. 23
"ကျေးဇူးတင်ပါတယ် အဘွားရှား...."
ချန်ရှီ နိုးလာတာ မြင်သောအခါမှသာ အဘိုးလည်း စိတ်သက်သာရာ ရသွားခဲ့သည်။ အဘွားကြီးက လက်ထဲမှာ ထူးဆန်းတဲ့ တူရိယာကို ချလိုက်ပြီး ပြုံးပြသည်။
"လောင်ချန်... ကျွန်မတို့အားလုံးက ကိုယ့်လူချင်းတွေလေ ဘာလို့ ယဉ်ကျေးနေတာလဲ... ရှင့်ရဲ့ ရေနဲ့မီး ကျွမ်းကျင်မှုကြောင့်သာ မဟုတ်ရင် ကျွန်မရဲ့ ဝိညာဉ်ခေါ်အစီအရင် တစ်ခုတည်းနဲ့ ရှီလေးကို မြေအောက်ကမ္ဘာကနေ ပြန်မခေါ်နိုင်လောက်ဘူး.... ပြီးတော့ ခန္ဓာကိုယ်ကလည်း ပုပ်သွားနိုင်တယ်"
အဘိုးကလည်း သူ့ခေါင်းထက်က ရေနဲ့မီးတွေကို ဖြန့်ခွဲလိုက်ပြီး ချန်ရှီကို လှည့်ကြည့်သည်။
"ရှီလေး... ဘယ်လိုခံစားရလဲ ရင်ဘတ်က နာကျင်နေသေးလား"
ချန်ရှီ စကားပြောချင်သော်လည်း သူ့လည်ချောင်းက ကွဲနေသလို အသံမထွက်နိုင်ပေ။
အဘွားရှား: "သူသေတာ ခုနစ်ရက်ရှိပြီလေ... သူ့ခန္ဓာကိုယ်က လုံးဝ အေးနေတာ... ပထမ ခုနှစ်ရက်အတွင်း သူ့ကို ပြန်ခေါ်လာနိုင်တာကတင် တော်တော်လေး ကံကောင်းနေပြီ!"
အဘွားရှားက ချန်ရှီအနီးသို့ ချဉ်းကပ်လာပြီး ချန်ရှီပါးစပ်ကို ဖွင့်ကာ အတွင်းဘက်သို့ ကြည့်လိုက်သည်။
"သူ့လည်ချောင်းက ကြွက်သားတွေ ပြေလျော့သွားတဲ့အထိ စောင့်ရအောင် အခုတော့ စကားမပြောနိုင်သေးဘူး... တဖြည်းဖြည်း ပူနွေးလာပြီး သူ့အလောင်းကို ထိန်းချုပ်လာနိုင်မှ စကားပြောနိုင်လိမ့်မယ်..."
အဘိုး: "အဲဒါ ခန္ဓာကိုယ်... အလောင်းမဟုတ်ဘူး"
"မကွာပါဘူး မကွာပါဘူး"
အဘွားရှားက မျက်လုံးများ မှေးမှိန်သွားတဲ့အထိ ရယ်မောရင်း ဆက်ပြောလေ၏။
"လောင်ချန်ရဲ့ အတတ်ပညာက မဆိုးပါဘူး ရေနဲ့ မီးရဲ့ စွမ်းရည်ကလည်း အံမခန်းပဲ... ရှီလေးကိုယ်ပေါ်မှာ အလောင်းသန့်စင်တဲ့ အရာတွေကို သုံးခဲ့တာပဲ....ဟားဟား.... ဒီတစ်ခါလည်း ကျွန်မရှင့်မြေးကို ကယ်လိုက်ပြီ... အဲဒီရေနဲ့ မီးကို ပေးဖို့ ဆန္ဒမရှိသေးဘူးလား"
အဘိုးက သတိရှိရှိနဲ့ ခေါင်းခါပြီး "ကျေးဇူးပြုပြီး တိုက်ကွက်ထုတ်လိုက်ပါတော့.... ကျုပ်ခင်ဗျားကို ပိုက်ဆံပေးခဲ့ပြီးပြီ အခုကျုပ်က ကျန်နေတဲ့ နေ့ရက်တွေကို ရေတွက်နေရတာ... အဘွားရှားသာ ရှီလေးရဲ့ ကန့်ညောင် ဖြစ်လာဖို့ သဘောတူရင် ရေနဲ့မီး အဂ္ဂိရတ်ပညာကို ကျုပ် သင်ပေးပါ့မယ်"
"ရှီလေးရဲ့ ကန့်ညောင်လား?"
အဘွားရှား မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားကာ ကုတင်ပေါ်တွင် လဲလျောင်းနေသော ချန်ရှီကို ငုံ့ကြည့်လိုက်သည်။
"သူ့ကန့်ညောင် ဖြစ်ရမှာလား? ငါ့ဘဝက သိပ်မကြမ်းတမ်းမှာကိုတောင် ကြောက်လာတယ်... ရှင်နဲ့ အလောင်းအစားလုပ်ဖို့ မဝံ့ရဲပါဘူး!"
သူမ ငိုပြီး ဆက်ပြောလေသည်။
"အဘိုးကြီးချန် ရှင်ကမသေခင် ဒီအာလူးပူပူကို ပေးခဲ့ချင်တာလား... ရှင်လည်း ကြောက်နေတယ် မဟုတ်လား ဒီစည်းစိမ်ကို ကျွန်မ လက်မခံဝံ့ပါဘူး ! လက်မခံနိုင်မှာလည်း ကြောက်တယ်... အပြစ်သား မဖြစ်ချင်ဘူးလေ……”
ထိုအချိန်တွင် သူမသည် သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်မှု မရှိတော့ဘဲ ငိုချရင်း ဆိုနေတော့သည်။
ကုတင်ပေါ်တွင် လဲလျောင်းနေသော ချန်ရှီမှာတော့ အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ "အဘွားက ဘာလို့ငိုနေတာလဲ... သူမ ဘာလို့ အပြစ်သား ဖြစ်လာမယ်လို့ ပြောတာလဲ" ဟု တွေးနေလေသည်။
အချိန်အတော် ကြာပြီးနောက် ချန်ရှီသည် စကားပြောနိုင်လာတာမို့ ရေတောင်းလာသည်။ အဘွားရှားက သူ့ကို ရေတိုက်သည်။ မလှုပ်နိုင်သေးတဲ့အတွက် သူ့အဖိုးကပဲ သစ်သားတွန်းလှည်းဆီ သယ်သွားရလေသည်။ ဒါကို အဘွားရှားက ကြည့်ပြီးတော့ ဘယ်ကြိုးနဲ့ သွားထိမိမှန်းမသိပေမယ့် ငိုပါတော့သည်။
"အဘိုးကြီးချန်တု... ရှင် သေရင်တောင် ရေမီးအဂ္ဂိရတ်ကို ရှင့်အခေါင်းထဲအထိ ယူသွားလို့ မရဘူးနော်!"
သူမက ငိုပြီး "ရှင်ကျွန်မလက်ထဲ အပ်ခဲ့ရမယ်... သူ့အတွက် သမီးလေးတွေ ပေးဆိုလည်း ရတယ်... "
အဘိုးက ခေါင်းတောင်မထောင်ဘဲ "ခင်ဗျား ရှီလေးရဲ့ ကန့်ညောင် လာလုပ်!"
"မလုပ်ဘူး!"
အဘွားရှားက ရိုးရိုးရှင်းရှင်း ငြင်းဆိုခဲ့ပြီး ပြက်ပြက်သားသား ဆက်ပြော၏။
"ရေမီးအဂ္ဂိရတ်ကို သင်္ချိုင်းအထိ ယူသွားလို့ကတော့ ရှင့်ရဲ့ အုတ်ဂူကို ကျွန်မ လာတူးပစ်မယ်!"
ချပ်ဝတ်တန်ဆာနှင့် မြင်းရုပ် အဆောင်လက်ဖွဲ့များက တဖြည်းဖြည်း ပျံ့နှံ့လာတဲ့အခါ သစ်သားလှည်းကလည်း တဖြည်းဖြည်း စတင် လှုပ်ရှားလာတော့သည်။
ဟေးကော်သည် လျင်မြန်သော ခြေလှမ်းများဖြင့် လှည်းရှေ့မှ ပြေးထွက်သွားသည်။ ချန်ရှီက လှည့်ပေါ်မှ လဲလျောင်းနေသဖြင့် သူ့ခန္ဓာကိုယ်က လှုပ်ယမ်းနေသည်။ လှည်းကလေးက အဘွားရှားအိမ်ရှေ့မှ တဖြည်းဖြည်း ထွက်ခွာလာလဲ့၏။
ချန်ရှီ ရွာအပြင်ဘက်သို့ တုံ့ဆိုင်းစွာ လှမ်းကြည့်နေသည်။ လပွဲတော်အတွင်း သူ ဒီဘက်ကို မရောက်လာဖူးပေ။
"အဘိုးက အဘွားရှားနဲ့ အရမ်းရင်းနှီးတယ်... အဘွားရှားကလည်း ငါနာမည်ပြောင်လည်း သိတယ်"
ချန်ရှီ မျက်တောင်ခတ်လိုက်သည်။ သူအရင်က ဒီကိုရောက်ဖူးသလို ခံစားရပေမယ့် မမှတ်မိချေ။
"ခရက်! ခရက်! ခရက်!"
အဘိုးက လှည်းပေါ်ကနေ ခွေးကို လှမ်းခေါ်လိုက်သည်။ ခွေးက လှည့်ကြည့်လိုက်တော့ သခင့်လှည်းက တခြားလမ်းဘက်သို့ ကွေ့သွားတာကြောင့် ဟေးကော်လည်း ခပ်သုတ်သုတ် လှည့်ပြေးလာခဲ့သည်။
"ငါတို့ ဟွမ်ဖောရွာကို မသွားဘူး တခြားနေရာကို သွားမယ်..."
အဘိုးက "ရှောင်ရှီရဲ့ ခန္ဓာကိုယ်က အေးလွန်းနေတော့ သူ့သွေးတွေ လည်ပတ်ဖို့ ခက်တယ်... သူ့ရဲ့ ယင်အလောင်းကို နှစ်ရက်လောက် သွားသန့်စင်ရမယ်"
ဟေးကော် လေးလေးနက်နက် ခေါင်းညိတ်ပြပြီး လမ်းလျှောက်ရန် သစ်သားလှည်းရှေ့သို့ ပြေးသွားခဲ့သည်။ ချန်ရှီရဲ့ အသံက အားနည်းဖျော့တော့စွာ ထွက်ပေါ်လာခဲ့၏။
"ဟေးကော် ကျေးဇူးပါပဲ"
ခွေးက အနည်းငယ် လန့်သွားပြီး သူ့အမြီးကို အားရပါးရ ဝေ့ယမ်းလိုက်သည်။
"ဒါက တောင်ရဲ့ မြောက်ဘက်မှာရှိတဲ့ ကန်းကျစ်ရွာပဲ.... အဘွားရှားက လူကောင်းတစ်ယောက်ပါ မင်း မွေးပြီးတော့ သူမက မင်းကို ပွေ့ဖက်ဖို့လာပြီး မင်းရဲ့အရိုးတွေကို တို့ထိပြီး မင်းရဲ့အရိုးတွေက အံ့ဩစရာကောင်းတယ်လို့ ချီးကျူးခဲ့သေးတယ်... နောက်တော့ မင်း ခရိုင်စာမေးပွဲ အောင်တယ် ပြည်နယ်ငါးဆယ်အတွင်း ပထမဆုရတော့ မင်းကို ဂုဏ်ပြုဖို့ လာခဲ့သေးတယ်…မင်းသေ.....”
အဘိုးက သူ့ကိုယ်သူ စကားပြောနေသလိုဖြင့် ချန်ရှီနဲ့ စကားပြောနေလေသည်။
"မင်းဒဏ်ရာရသွားတော့ သူမအရမ်း ဒေါသထွက်သွားတယ်... မင်းဆီ ပြေးလာပြီး မင်းရဲ့ဝိညာဉ်ကိုခေါ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တယ်.... ငါသေရင် သူ့ကို ကျေးဇူးဆပ်ဖို့ "ရေမီးအဂ္ဂိရတ် သန့်စင်နည်း"ကို ထားပေးခဲ့ရမှာ..."
သူခေတ္တရပ်လိုက်ပြီး “သူမက မေတ္တာနဲ့ ဖြောင့်မတ်ခြင်းကို တန်ဖိုးထားသူတစ်ယောက်...တကယ်လို့ သူမကို ရေမီးအဂ္ဂိရတ် သန့်စင်နည်းကို ပေးလိုက်မယ်ဆိုရင် သူမက အဲ့ကြင်နာမှုကို သတိရပြီး ကျေးဇူးပြန်ဆပ်ဖို့ နည်းလမ်းတွေကို ရှာဖွေလိမ့်မယ်... မင်းရဲ့ကန့်ညောင် မလုပ်ရဲပေမယ့် မင်းကိုကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားလိမ့်မယ်"
ချန်ရှီသည် လှည်းထဲတွင် အိပ်နေပြီး ဘီးသံကို နားထောင်ကာ တိုးတိုးလေး ပြောလိုက်သည်။
"အဘိုး မသေပါဘူး"
"ဟေး....."
အဘိုးအိုက ကျယ်လောင်စွာ ရယ်မောပြီး ချန်ရှီခေါင်းလေးကို ပွတ်သပ်လိုက်သည်။
"ငတုံးလေး... ဘယ်လိုလုပ် မသေနိုင်တဲ့လူ ရှိမှာလဲ... လရောင် တက်လာရင် ငါ မကူညီနိုင်တော့ဘဲ ဗိုက်ဆာလာမှာ ကြောက်ရတယ်...."
ထို့နောက် တိတ်ဆိတ်သွားသည်။
ချန်ရှီ အကြောင်းအရာကို အမြန်ပြောင်းလိုက်ပြီး "အဘိုး ဟေးကော်က သာမန်ခွေးတစ်ကောင်လား ကျွန်တော့်ကို ကယ်တင်ဖို့ ဘယ်လိုလုပ် မြေအောက်ကမ္ဘာထဲကို ဝင်လာနိုင်ရတာလဲ"
"မင်းရော သံသယရှိလား"
အဘိုးရဲ့ မျက်လုံးများသည်လည်း ဟေးကော်ဆီ ရွှေ့သွားသည်။ သူ့မျက်နှာမှာ အုံ့မှိုင်းနေက
"ငါလည်း ဒါကို သံသယဝင်နေတာ ကြာပြီ... ဒါပေမယ့် အဲဒါကို ကိုင်တွယ်လို့ မရဘူး"
ဟေးကော်မှာ မြေးအဘိုးနှစ်ယောက်ရဲ့ အကြည့်များကို သတိပြုမိတာကြောင့် မထိန်းနိုင်ဘဲ တုန်လှုပ်ချောက်ချားသွားသည်။
ချန်မိသားစုမှာ ထမင်းစားရဖို့ တကယ်ကို ခက်ခဲပါလား။
ခွေးဘဝက ဘာလို့ အတက်အကျတွေနဲ့ ပြည့်နေတာလဲ။
သူလည်း သာမာန်ခွေးလေး ဖြစ်ချင်ခဲ့တာပါပဲ။
ဟေးကော် လမ်းကို ဦးဆောင်သွားသည်နှင့် သစ်သားလှည်းသည်လည်း ခွေးနောက်သို့ လိုက်ကာ ကြမ်းတမ်းသော တောင်လမ်းတစ်လျှောက် အဝေးသို့ ထွက်ခွာသွားခဲ့သည်။
အချို့ တောင်လမ်းများသည် ယိုယွင်းနေပြီး မတ်စောက်သောကြောင့် လူတက်ရန်ပင် ခက်ခဲသော်လည်း သစ်သားလှည်းသည် မြေပြန့်ပေါ်တွင် မောင်းနှင်နေသလိုမျိုး ချောမွေ့စွာပဲ တက်သွားသည်။
အချိန်အတော် ကြာပြီးနောက် လှပသော တောင်တန်းများနှင့် ကြည်လင်သော ရေများ ရှိသော နေရာသို့ ရောက်သွားသည်။ အလယ်တွင် ချိုင့်ဝှမ်းတစ်ခုရှိကာ အမြင့်ကနေ လှမ်းကြည့်ရင် ချိုင့်ဝှမ်းထဲကနေ ရေကန်ကို လှမ်းမြင်ရလေ၏။ အပြင်ဘက်ခြမ်းက ကြည်လင်သော်လည်း အတွင်းဘက်ကတော့ မျက်လုံးတစ်လုံးလို မည်းမှောင်နေသည်။
ရေကူးကန်ဘေးတွင် အလွန်ရှေးကျသော အိမ်တော်တစ်ခု ရှိသည်။ သစ်ပင်များက မြင့်မားပြီး ထင်းရှူးပင်များက နေရောင်ခြည်ကို ပိတ်ဆို့ထားသောကြောင့် အနက်ရောင်ချည်းသာ မြင်ရကာ ပတ်ဝန်းကျင်ကို ကြည်လင်ပြတ်သားစွာ မမြင်နိုင်မီ အချိန်အနည်းငယ် စောင့်ရသည်။
ဟေးကော်မှာ အကြိမ်ပေါင်းများစွာ နှာချေနေ၏။ ဤနေရာက အလွန်အေးလွန်းသဖြင့် ခွေးခန္ဓာကိုယ်က တုန်လှုပ်သွားခဲ့သည်။ ၎င်းဟာ တံခါးအပြင်ဘက်မှာသာ ရပ်ပြီး ခြံဝန်းထဲကို မဝင်ချေ။
အိမ်တော်တံခါးတွင် "ကြေးမုံအိုင်" ဟူသော စာလုံးကို ရေးထားသည်။
ကြေးမုံအိုင်အိမ်တော်
ချန်ရှီသည် ဤအိမ်တော်ထဲ၌ ခြင်သံများ မရှိတာ ထူးဆန်းစွာ တွေ့မြင်ခဲ့ရသည်။ ခြင်တွေမရှိရုံမက ငှက်သံတွေလည်း မကြားရဘဲ အားလုံးက တိတ်ဆိတ်နေတာကြောင့် လူကိုပင် ထိတ်လန့်သွားစေသည်။ ချန်ရှီ မျက်လုံးထဲ ဝင်လာသော သစ်ပင်ကြီးတစ်ပင်က အလွန်ထူထပ်သည်။ အခေါက်က နဂါးအကြေးခွံများအလား။ ထိုသစ်ပင်၏ ခန္ဓာကိုယ်ကလည်း ဖြောင့်ဖြောင့်တန်းတန်းကြီး ဖြစ်နေသည်။
သစ်ပင်အောက်မှာ မတ်တပ်ရပ်နေလျက်သား မှောင်မဲနေတဲ့ ခေါင်းတလားတစ်ခု ရှိလေသည်။ ချန်ရှီ မျက်တောင်တွေ ခတ်ကာ အနီးကပ်ကြည့်ချင်သော်လည်း ဒုတိယမြောက် သစ်ပင်နှင့် ဒေါင်လိုက် ခေါင်းတလားက သူ့မြင်ကွင်းထဲသို့ ရောက်လာခဲ့ပြီ။
ထို့နောက် တတိယအပင်ကြီးနှင့် တတိယအနက်ရောင် ခေါင်းတလား သူ့မျက်စိရှေ့ ရောက်လာသည်။
သစ်သားတွန်းလှည်းက ခြံဝန်း အလယ်ဗဟိုရှိ နဂါးရုပ်ကြီးတစ်ပင် အောက်တွင် ရပ်ထား၏။ သစ်ပင်အောက်တွင် အနက်ရောင် အခေါင်းတစ်ခုလည်း ထားရှိထားပေမယ့် ခေါင်းတလားက ကြီးကြီးမားမား မဟုတ်ပေ။
အဘိုးက ခေါင်းတလားကို ဖွင့်ပြီး ချန်ရှီကို အထဲထည့်ကာ ခေါင်းတလားအဖုံးကို ပိတ်ချလိုက်သည်။ ထူးဆန်းသည်မှာ ဤနေရာသည် အလွန်အေးလွန်းသော်လည်း ခေါင်းတလားထဲတွင် အိပ်နေစဉ် သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပူနွေးလာတာ ခံစားလိုက်ရ၏။
သူ့နှလုံးသားက တဖြည်းဖြည်း ပိုပိုပြီး ပြင်းထန်လာသည်။ သူ့ကို ပိုလို့တောင် အံ့သြစေခဲ့တာကတော့ သူအခေါင်းထဲမှာ အိပ်လိုက်တဲ့အခါ ဒီနေရာကို သူအရမ်းရင်းနှီးသလို ငြိမ်သက်သွားစေကာ အလွန်အေးချမ်းတယ်လို့လည်း ခံစားရလေသည်။
အဘိုးဖြစ်သူက အခေါင်းကိုဖွင့်ပြီးသည့်တိုင်အောင် ချန်ရှီ ငြိမ်သက်စွာ အိပ်ပျော်သွားခဲ့သည်။ အဘိုးက သူ့လက်ဖဝါးကို ကိုင်လိုက်တဲ့အခါ သူ့လက်ဖဝါးက နွေးထွေးနေပြီ။
ချန်ရှီသည် ဒေါင်လိုက်အခေါင်းထဲမှ ထွက်လာကာ လက်ခြေများကို ရွှေ့ကြည့်သည်။ သူ့ခန္ဓာကိုယ်သည် ယခင်အခြေအနေသို့ ပြန်ရောက်သွားသလို ခံစားမိသော်လည်း ခေါင်းထဲမှာတော့ မေးခွန်းများသာ ပြည့်နှက်နေသည်။
"အဘိုး... ကျွန်တော်အရင်က ဒီကိုရောက်ဖူးလား"
"အင်း"
"ဒီအခေါင်းသေးသေးလေးမှာ ကျွန်တော် အိပ်ခဲ့ဖူးလား"
"အင်း"
"ကျွန်တော် ဒီကို နောက်ဆုံး တစ်ခေါက် လာတုန်းက ဒီလိုပုံစံနဲ့ပဲလား"
"ဒီအကြိမ်ထက် ပိုပြင်းထန်တယ်... နောက်ဆုံးအကြိမ် မင်း... ဒဏ်ရာ ပြင်းထန်သွားတာ"
ချန်ရှီက ခဏလောက်စဉ်းစားပြီး အစမ်းသဘောနဲ့ မေးလိုက်သည်။
"စာမေးပွဲဖြေပြီး ပြည်နယ်ငါးဆယ်မှာ ပထမ ကလေးစာသင်သား ဖြစ်ခဲ့တုန်းကလား... ကျွန်တော်ဒီမှာ အိပ်နေတာ ဘယ်လောက် ကြာသွားလဲ"
"ဟုတ်တယ် တော်တော်ကြာသွားတယ်"
အဘိုးအိုက တိုးတိုးတိတ်တိတ်လေး ပြောလေသည်။ သူသည် သစ်သားလှည်းကို ထုပ်ပိုးပြီး အပေါ်ကို ကြည့်လိုက်သည်။ ချန်ရှီ အခေါင်းတလားအဖုံးကို လေးနက်စွာ ပိတ်နေရ၏။ သူ့ရဲ့အခြား "အိမ်ကလေး" ပျက်စီးသွားမှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။
အဖိုးနှင့်မြေးသည် သစ်သားတွန်းလှည်းပေါ် ပြန်တက်ကြသည်။ ချန်ရှီ အခြားဒေါင်လိုက် ခေါင်းတလားများကို ကြည့်လိုက်ရာ ဤနေရာတွင် ဒေါင်လိုက်အခေါင်းတလား ရှစ်ခုရှိပြီး အခြားအနက်ရောင် ဒေါင်လိုက် ခေါင်းတလား ခုနစ်ခုဟာ ရှေးဟောင်း သစ်ပင်များ အောက်တွင် ချထား၏။ ဒီခေါင်းတလားတွေထဲမှာ တစ်ယောက်ယောက် အိပ်နေလား မသိ။
သို့သော် ဒေါင်လိုက် ခေါင်းတလားများစွာမှ ထွက်ပေါ်လာသော အလွန်ပြင်းထန်သော ဖိနှိပ်ချင်နေတဲ့ ခံစားချက်ကို သူ ယောင်ဝါးဝါး သတိပြုမိသည်။ ခေါင်းတလားထဲမှာ တစ်ခုခုရှိနေတာ သိသာပါ၏။
"ဒီအလောင်းမွေးမြူတဲ့ နေရာကို ငါနဲ့ သူငယ်ချင်းတချို့ ရှာတွေ့ခဲ့တာ"
အဘိုးက သံလိုက်အိမ်မြှောင်ကို ထိန်းချုပ်ပြီး သစ်သားလှည်းကို အပြင်ဘက်သို့ မောင်းထုတ်လာခဲ့သည်။
“ငါတို့ သူငယ်ချင်းလို့လည်း မဆိုနိုင်ဘူး ငါတို့က တစ်ယောက်နဲ့တစ်ယောက် သိပြီး စကားနည်းနည်း ပြောကြရုံပဲ... သေရမှာကို အရမ်းကြောက်ကြလို့ ငါတို့အားလုံး အတူတူ နေကြရုံပဲ....ဒီအိမ်တော် ဆောက်ပြီးရင် မင်းခန္ဓာကိုယ် ပြိုကျပျက်စီးမှာကို စိတ်ပူစရာ မလိုပါတော့ဘူး.... အိမ်ပြောင်းဖို့ မစောင့်နိုင်တဲ့ သက်ကြီးရွယ်အိုတွေက ဝင်သွားကြပြီလေ... ဒါပေမဲ့ ဒီထဲကိုဝင်လာရင် မရေးထားတဲ့ စည်းကမ်းတွေကို လိုက်နာရမယ်..."
သူက ခေတ္တရပ်ပြီး “အခြားသူတွေရဲ့ ဇစ်မြစ်အကြောင်း မေးခွင့် မရှိဘူး ဒီနေရာမှာ နေထိုင်တဲ့ သူတွေအကြောင်း မေးခွင့် မရှိဘူး... ဒီနေရာကို ပြင်ပလူတွေကို ထုတ်ဖော်ခွင့် မပေးဘူး နှစ်ယောက်ထက် ပိုနေခွင့် မပေးဘူး... တစ်ချိန်တည်း လာတဲ့လူတွေက ဖောက်ဖျက်ရင် သူတို့ကို အုပ်စုလိုက် တိုက်ခိုက်မယ် ဟားဟား သူတို့ ခေါင်းတလားထဲကနေ ထလာရင် ကြောက်စရာကောင်းလိမ့်မယ်..."
ချန်ရှီ ပြုံးပြီး "ခွေး ကျွန်တော်တို့နောက် မလိုက်ခဲ့တာ အံ့သြစရာ မရှိတော့ပါဘူး"
သစ်သားလှည်း ခြံဝန်းထဲမှ မောင်းထွက်လာစဉ် ဟေးကော်က သူတို့ဆီ ပြေးလာ၏။ တစ်ဆက်တည်း ဟေးကော်နဲ့ မနီးမဝေးတွင် ရပ်ထားသည့် ရထားလုံးတစ်စီးကလည်း သူတို့ဆီကို ရောက်ရှိလာသည်။
အဘိုးရဲ့ လှည်းသည် ကျေးလက်ဒေသပုံစံ သစ်သားဖြင့် ပြုလုပ်ထားသည်။ တစ်ဖက်က ရထားလုံးဟာ ကြေးနီဖြင့် ပြုလုပ်ထားပြီး ရွှေဖြင့် အလှဆင်ထားခြင်း၊ ပုတီးစေ့များဖြင့် အလှဆင်ခြင်း၊ ခေါင်မိုးကို ဖုံးအုပ်ထားပြီး ရထားလုံးရှေ့တွင်လည်း မြင်းလေးကောင် ရှိသည်။ မြင်းများပင်လျှင် ရွှေငွေ ချပ်ဝတ်တန်ဆာနှင့် ဖုံးအုပ်ထား၏။
ကြာပွတ်ကို ကိုင်ဆောင်ကာ ရထားလုံးပေါ်တွင် ထိုင်နေသည့် ရထားထိန်းတစ်ဦးလည်း ရှိသေးသည်။ အထဲတွင် ထိုင်နေသည့် မင်းသားကြီးသည် အဖြူရောင်၀တ်စုံ၊ ဓားရှည်ပုံစံ မျက်ခုံးမွှေး နှင့် ကြယ်ရောင် မျက်လုံးများ ရှိပြီး အလွန် ချောမောသည်။
အဘိုးနဲ့မြေး ထွက်လာတာကို မြင်တော့ အဖြူထည်ဝတ် လူကထပြီး ရထားလုံးပေါ်က ဆင်းလာ၏။ သူ့ခါး၌ ဓားရှည်တစ်လက် ချိတ်ထားသည်။ ဓားရှည်သည် စိန်ပုံသဏ္ဍာန်ရှိသော ယွန်းဓားရှည်ဖြစ်ပြီး အမျိုးသမီးတစ်ဦးရဲ့ ခါးသွယ်လေးလို အလယ်တွင် ကျဉ်းမြောင်းသွားကာ အလွန်လှပပြီး ဆွဲဆောင်မှုရှိသည်။
အဖြူရောင်ဝတ်ထားသော အမျိုးသားသည် အရပ်မြင့်မြင့်နှင့် အေးဆေးတည်ငြိမ်စွာ လျှောက်လှမ်းနေကာ ဓားသွားကို အောက်သို့ ထောက်ထားသည်။
ရထားပေါ်မှ ဆင်းပြီးနောက် မြင်းရထားရှေ့ရှိ မြင်းလေးကောင်သည် လျင်မြန်စွာ အဆိပ်သင့်ကာ ကျောက်မြင်းလေးကောင်အဖြစ် ပြောင်းလဲသွားတာ ချန်ရှီ မြင်လိုက်ရသည်။ ရထားမောင်းသူသည်လည်း မြင်းကို ထိန်းထားသည့်အတိုင်း သူ့လက်ထဲတွင် ဇက်ကြိုးကို မြှောက်ကာ မြေအိုးရုပ်အဖြစ် ပြောင်းလဲသွားသည်။
အဖြူရောင် ၀တ်စုံက သူတို့မြေးအဘိုးထံ လာပြီး ဦးညွှတ်လာတာကို မြင်သောအခါ ချန်ရှီ အံ့သြသွားသည်။ အဘိုးကို ဒီလူလည်း စေတနာ အကြွေးတင်နေလို့လား။
"မတွေ့ရတာကြာပြီနော်... ဆရာကြီးချန်ရဲ့ပုံစံက အရင်အတိုင်းပါပဲလား"
"မဝံ့ရဲပါဘူး.... မင်းသားငယ်လေးရှောင်းက အရမ်းကြော့ရှင်းပြီး ကျက်သရေရှိလို့ ကျွန်တော်မျိုးတို့နဲ့ မလိုက်ဖက်ပါဘူး"
နှစ်ယောက်သား ယဉ်ကျေးစွာ စကားတွေ ဖလှယ်ကြသည်။
ရှောင်ဝမ်စွင်း (မင်းသားငယ်) ၏ မျက်လုံးများသည် ချန်ရှီမျက်နှာပေါ်သို့ စိုက်ကြည့်လာ၏။ သူက သူ့ကို လေးလေးနက်နက် စိုက်ကြည့်ကာ ချီးမွမ်းစကား ဆိုလိုက်သည်။
"ရေမီးအဂ္ဂိရတ် သန့်စင်နည်းရဲ့ ရလဒ်တွေက ထူးခြားတာပဲ"
အဘိုး၏ နဖူးကြောများ တင်းမာသွားသည်။
ချန်ရှီသည် ဒဏ်ရာရှိသော ကျားသစ်တစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံခဲ့ရသကဲ့သို့ အမွေးအမှင်များ ထောင်လာကာ စိတ်ထဲတွင်လည်း "အဘိုးက ဘာလို့ ထပ်ပြီး လူသတ်ချင်လာတာလဲ" ဟု တွေးမိသည်။
ရှောင်းဝမ်စွင်းကလည်း လူသတ်ချင်လာတဲ့ ရည်ရွယ်ချက်ကို သတိပြုမိပြီး “တောင်းပန်ပါတယ်” လို့ ပြောပြီး ခြံထဲကို တိုက်ရိုက် လျှောက်ဝင်သွားလေ၏။
ချန်ရှီး နောက်ပြန် လှည့်ကြည့်လိုက်တော့ ရှောင်းဝမ်စွင်းဟာ ထောင်ထားတဲ့ ခေါင်းတလားတစ်လုံးဆီ လျှောက်သွားတာ တွေ့လိုက်ရသည်။ ခေါင်းတလားသည် အမြင့်တစ်ပေ နှစ်ပေနှင့် အရှည် ရှစ်ပေရှည်သော အိမ်ငယ်လေးနှင့်တူ၏။ မျက်နှာပြင်သည် အလွန်အမင်း တင့်တယ်သော ရတနာများဖြင့် ဖုံးအုပ်ထားကာ အမျိုးမျိုးသော မှင်စာများကလည်း တောက်ပနေသည်။
ခေါင်းတလားအဖုံးက အလိုအလျောက် ပွင့်လာပြီး ပျံထွက်သွားသည်။ အဝါရောင်အခေါင်းတလားက ပျံထွက်သွားပြီးနောက် အထဲမှ ငွေရောင်အခေါင်းတလား အဖုံးက ပျံထွက်လာသည်။ ထို့နောက် ရွှေခေါင်းတလား အဖုံးက လွင့်ထွက်သွားပြန်ပြီး နောက်ဆုံးတော့ အရွယ်အစားတူတဲ့ ကျောက်စိမ်း အဖုံးတစ်ချပ် ပြီးနောက် သာမန်အခေါင်း ပေါ်လာသည်။
ရှောင်းဝမ်စွင်း ခေါင်းတလားထဲသို့ လှမ်းဝင်လိုက်သည်နှင့် အခေါင်းထဲတွင် ပျဉ်ပြားအလွှာများ တစ်ခုပြီးတစ်ခု ပျံတက်သွားပြီး အတွင်းဘက်၌ တံဆိပ်ခတ်ထားလိုက်တော့သည်။