တောင်တန်းအရှင်ဘုံကျောင်းက နေရောင်ခြည်
Vol. 2 Ch. 29
ချန်ရှီသည် ပန်းပုရုပ်နှင့်တူသော မြွေနက်ကြီးအား သူ့စိတ်ထဲက ကြောက်ရွံ့ ထိတ်လန့်မှုများဖြင့် ကြည့်နေလေသည်။ ဤမြွေကြီး၏ နယ်ပယ်သည် လောကထက် အဆပေါင်းများစွာ သာလွန်ကာ မြင့်မြတ်သော ကျင့်ကြံသူများ မရောက်နိုင်သော အမြင့်သို့ပင် ရောက်သွားပေပြီ။
အဘွားရှားက သူ့ကိုခေါ်ပြီး ချန်ယန်တောင်ထဲကို ဆက်ဆင်းသွားသည်။
"အဘွား... ချန်ယန်တောင်မှာလည်း နတ်တွေရှိတယ်လို့ ထင်လား... ချန်ယန်တောင်မှာ ဝိညာဉ်ရှိတယ်ဆိုရင် ဒီတောင်ရဲ့ ဝိညာဉ်ဆို ဘယ်လောက်တောင် ကြီးမလဲ မသိဘူးနော်... ဘယ်လိုပုံစံရှိမလဲ မသိဘူး"
အဘွားရှား ခဏလောက်စဉ်းစားပြီး ခေါင်းယမ်းလိုက်သည်။
"နတ်ရှိနိုင်တယ်... ဒါပေမဲ့ ငါတစ်ခါမှ မမြင်ဖူးဘူး"
တောင်ရဲ့ စမ်းချောင်းဘေးမှ သူတို့ ဖြတ်သွားစဥ် လှပပြီး သွက်လက်ဖျင်းဖျတဲ့ တောင်ချောင်းရဲ့ ဝိညာဉ်တစ်ကောင်ကို တွေ့ရလေသည်။ အဘွားရှားက ကောင်မလေးကို ခေါင်းဖြီးပေးလိုက်တော့ ကောင်မလေးက သူတို့ကို ကျေးဇူးတင်စကား ပြောကာ တောင်ချောင်းရေကလည်း ပိုနှေးသွားလေသည်။
သူတို့ ဆက်လျှောက်လာတော့ နှစ်ပေါင်းများစွာ ကြီးထွားလာခဲ့သည့် တောအုပ်ထဲတွင် တင်ပါးဗလာနှင့် ကလေးများစွာတို့ တောအုပ်အောက်တွင် ပြေးလွှားနေကြတာကို တွေ့ရပြန်သည်။ ၎င်းတို့က အဘွားရှားနဲ့ ချန်ရှီကို မြင်သောအခါ တိတ်တိတ်လေး လှမ်းကြည့်နေ၏။
အဘွားရှားသည် ခြင်းတောင်းပေါ်မှ ပန်းပွင့်အထည်များကို ဖွင့်ကာ သကြားလုံးလက်တစ်ဆုပ်စာကို ထုတ်လိုက်သည်။ ထိုအခါ ၎င်းတို့ဟာ အရုပ်ကလေးများနှယ် အော်ဟစ်ကာ ပြေးထွက်လာကာ ခေါင်းလေးများကို စုစည်း၍ ဖြူဖွေးနူးညံ့သော လက်ဖဝါးများကို ဆန့်ထုတ်ကာ သကြားလုံးများ တောင်းကြတော့သည်။
ဒါဟာ တောင်တန်းကြီးထဲက ဆေးပင်ဝိညာဥ်လေးတွေပါပဲ။
ချန်ရှီသည် ဟွမ်ဖောရွာအနီးရှိ ချန်ယန်တောင်ကို မြင်တွေ့ခဲ့ရပြီးပြီ။ နတ်တစ္ဆေဘုံကအစ တစ်ခုပြီးတစ်ခု ထူးဆန်းကာ မှန်းဆ၍လည်း မရပေ။ သို့သော် ဤနေရာ၌ ချန်ယန်တောင်သည် သူ့အား ခြားနားသော တစ်ဖက်ခြမ်းကို ပြသခဲ့သည်။
ဤနေရာရှိ ခမ်းနားထည်ဝါသော တောင်များနှင့် မြစ်များက သူ့စိတ်ကို ခိုင်ခံ့စေသည်။ ဒီခရီးစဉ်ကသူ့အား ဒီကမ္ဘာကြီးဟာ အရမ်းလှတယ်လို့ ခံစားခဲ့ရစေကာ သူ့စိတ်က ကျယ်ပြောလှတဲ့ ဒီတောင်ကြီးနဲ့ ဒီအရာတွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်ခဲ့သည်။
အချိန်အတော်အတန် ကြာပြီးနောက် နောက်ဆုံးတွင် သူတို့ပန်းတိုင် ရှိရာသို့ ရောက်ရှိလာခဲ့ကြသည်။ ချန်ရှီ၏ မြင်ကွင်းထဲ ရောက်လာတဲ့ အရာကတော့ ရှေးကျပြီး ရှေးခေတ် အငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ ဘုံကျောင်းတစ်ကျောင်းပင်။
နှစ်ယောက်သား တောင်တံခါးသို့ ရောက်သောအခါ အုတ်ကြွပ်ကွဲကျဲကျဲနှင့် တောင်တံခါး၏ တံခါးမကြီးလည်း တစ်ဝက် ကျိုးကျကာ တစ်ဖက်သို့ လဲကျနေတာ တွေ့လိုက်ရသည်။ ချန်ရှီ ရှေ့သို့ တိုးကာ ကျောက်ဆောင်များကို ရွှေ့၊ မြေကြီးများကို ဖယ်ထုတ်လိုက်တော့ "တောင်တန်းအရှင်" ဟူသော စကားလုံးကို တွေ့ရ၏။
"ဒါ... တောင်တန်းအရှင်ဘုံကျောင်း!"
လှည့်ကြည့်လိုက်တော့ တောင်တန်းအရှင်ဘုံကျောင်းထဲရှိ ပင်မခန်းမရဲ့ ဘေးဘက်ခန်းမ နှစ်ခုလုံးက ပြိုကျနေပြီး မရှိတော့ပေမယ့် ပင်မခန်းမကြီးကတော့ ရပ်တည်နေတုန်းပါပဲ။
မြင့်မားသော သစ်ပင်များသည် ပျက်စီးယိုယွင်းနေသော ခြံဝင်းထဲတွင် မြုပ်နေ၏။ ၎င်းတို့ သစ်ပင်ထိပ်ဖူးများက အလွန်ကြီးမားသောကြောင့် ဘုံကျောင်းကို ပိတ်ဆို့ကာ လေဝင်လေထွက်ကောင်းစေသည်။ ဘုံကျောင်းပေါ်သို့ အပေါ်ကနေ နေရောင်ခြည် မထွန်းလင်းစေရန်လည်း တားဆီးထားသည်။
နေရောင်မရှိသော်လည်း ဘုံကျောင်းထဲ အေးပုံမပေါ်သလို အပူချိန်ကလည်း အလွန် သက်တောင့်သက်သာ ရှိသည်။ သစ်ပင်အောက်တွင် ခြေထောက်တစ်ဖက် ပျောက်ဆုံးနေသော နံ့သာအိုးတစ်အိုးလည်း ရှိသည်။ အရှည်တစ်ပေခန့်၊ အမြင့်ငါးပေနှင့် အကျယ်မှာ သုံးပေခန့် ရှိ၏။
ဤနေရာရှိ လေထုသည် ထူးဆန်းသော စွမ်းအားများဖြင့် ပြည့်နေပုံရသည်။ ချန်ရှီ ၎င်းကို ဂရုတစိုက် သတိပြုမိသော်လည်း ခဏအတွင်း ပျောက်ကွယ်သွားပြန်သည်။
"ထူးကဲတဲ့ စွမ်းအား!"
ယခုလိုထူးဆန်းပြီး တွေ့ရခဲသော တန်ခိုးသည် နံ့သာတိုင်များကြောင့် စုစည်းလာသော နတ်စွမ်းအား ဖြစ်သည်။ ဒါဟာ ရွာရှိ ကန့်ညောင်များကို ပေးစွမ်းနိုင်သော ထူးခြားသော တန်ခိုးဖြစ်ကြောင်း သူ ရုတ်တရက် သဘောပေါက်မိသည်။
ထူးဆန်းသည်မှာ ဤရှေးဟောင်း ဘုရားကျောင်းထဲရှိ ထူးကဲသော စွမ်းအားသည် သူခံစားဖူးတဲ့ စွမ်းအားတွေနဲ့ ကွဲလွဲနေသည်။ ချီစွမ်းအင်တွေက ပေါင်းစည်းခြင်း မပြုဘဲ တစ်စွန်းတစ်စစီ ဖြစ်နေခြင်းပင်။
ချန်ရှီ ဒါကို ဂရုတစိုက် သတိပြုမိသည်။ ဤထူးကဲသော စွမ်းအားသည် အမွှေးတိုင်အိုးကနေ လွတ်ထွက်လာသလိုတောင် ခံစားရ၏။
'အရင်တုန်းက ဒီမှာရှိတဲ့ အမွှေးတိုင်တွေက အရမ်းချမ်းသာတဲ့အတွက် နံ့သာပေါင်းမီးဖိုထဲမှာ ထူးထူးခြားခြား စွမ်းအားတွေ အများအပြား စုပုံလာခဲ့ဖူးတယ်... ရှေးဟောင်း ဘုံကျောင်းတော်ကြီး ပြိုကျပြီး နှစ်တွေကြာသွားတာတောင် နံ့သာအိုးထဲက ထူးခြားတဲ့ စွမ်းအားတွေ လုံးဝ မပျောက်ကွယ်သေးဘူး... ထူးဆန်းတယ် ဘာလို့ အဲ့လို ဖြစ်နေတာလဲ'
ချန်ရှီ သူ့ဘာသာ တွေးမိသည်။
အဘွားက ရှေ့သို့ လှမ်းလာပြီး အိုးထဲသို့ နံ့သာချောင်း သုံးချောင်း ထိုးထည့်လိုက်သည်။ သို့သော် ဤနံ့သာချောင်း သုံးချောင်းမှ ဖြစ်ပေါ်လာသော ထူးခြားသော စွမ်းအားများဟာ လေထဲသို့ လျင်မြန်စွာပဲ ပျံ့နှံ့သွားလေသည်။
"ဒီမှာ ထူးကဲတဲ့ စွမ်းအားတွေက ပြင်းထန်လွန်းတယ်!"
အဘွားရှားက ပတ်ဝန်းကျင်ကို ကြည့်ပြီး ပြောလေသည်။ ချန်ရှီ ပင်မခန်းမထဲသို့ ဝင်လာသောအခါ ပင်မခန်းမသည် အပြင်ဘက်ကထက် ပိုပြင်းထန်သော ချီစွမ်းအားများဖြင့် ပြည့်နေတာ ခံစားမိလိုက်သည်။
နောက်ဆုံးအကြိမ် သူ ကြုံတွေ့ခဲ့ရသော မြုံနေတဲ့ တောင်ပေါ်ရှိ ပြိုကျပျက်စီးနေသော ဘုရားကျောင်း၌ပင် ဤမျှ ထူးကဲသော စွမ်းအားများ မရှိပေ။ ခန်းမထဲတွင် အရွယ်မသေးတဲ့ အိုးတွေလည်း စုပုံနေသေးသည်။
ချန်ရှီ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ရာ ခန်းမဆောင်တိုင်များပေါ်တွင် ကျောက်နဂါးများ ရစ်ပတ်နေသဖွယ် ထွင်းထုထားတာ တွေ့လိုက်ရသည်။ တံခါးရွက်များပေါ်၌ တံခါးနတ်ဘုရား အဆောင်လက်ဖွဲ့ ခြေရာများ ရှိနေသော်လည်း မှုန်ဝါးသွားခဲ့ပါပြီ။
တံစက်မြိတ်ထိပ်က ကြွေထည်များပေါ်တွင် ရေးဆွဲထားသော ဒဏ္ဍာရီပုံပြင်လို့ အရာတချို့ရှိသော်လည်း ဘာအကြောင်းကို ပြောချင်နေလဲတော့ ချန်ရှီလည်း မပြောနိုင်ချေ။ အရှေ့ဘက် ခန်းမထိပ်တွင် နှစ်ပေကျော်ရှည်သော နီမြန်းသည့် မျက်နှာကျက်တန်းတစ်ခုရှိပြီး နဂါးရုပ်များဖြင့် ခြယ်သထားသည်။
ခန်းမဆောင်ထဲကို ရောက်တဲ့အခါ ခန်းမရဲ့ ထိပ်မှာ ရွှေရောင်အလင်းတန်းတွေနဲ့ ပြည့်နေတာကို တွေ့လိုက်ရပြန်၏။ တကယ်တော့ ၎င်းသည် ရွှေရောင် မျက်နှာကျက်မျိုး ဖြစ်ကာ ရုပ်ကြွများကို ဆေးခြယ်ထားပြီး အစွန်းတွင်လည်း တိမ်ပုံစံတစ်ခုလည်း ဖြစ်သည်။
ခန်းမ မျက်နှာစာဟာ နှစ်ပေမှ သုံးပေအထိမြင့်သော ဘုံကျောင်းတစ်ခုလို ဖြစ်၏။ အရင်ကဆိုရင် ဤဘုံကျောင်းထဲတွင် ကိန်းဝပ်နေသည့် ရုပ်ပွားတော်များက ဘယ်လောက် ကြီးမားသလဲ တွေ့မြင်နိုင်လောက်သည်။ သို့သော် ယခုအခါ ဘုံကျောင်းက အလွတ် ဖြစ်နေကာ နတ်ဘုရားဆင်းတုတော် မရှိပေ။
ဘုံကျောင်းက လွတ်နေပြီ။
"ဒီမှာ ထူးကဲတဲ့ ချီစွမ်းအားက အရမ်းပြင်းတယ်.... ဒီမှာရှိနေတဲ့ တောင်တန်းအရှင်ကလည်း အရမ်း အစွမ်းထက်မှာပဲ ဘာလို့ ပျောက်သွားတာလဲ"
အဘွားရှား: "ဒီဘုံကျောင်း ဒါမှမဟုတ် ဒီတောင်က အရင်က မရှိခဲ့ဘူး... တစ်ညမှာတော့ မြေပြင်ပေါ်ကနေ ထွက်လာခဲ့တာ... အဲဒီနှစ်တုန်းက ချန်ယန်တောင်မှာ ငလျင်ကြီးလှုပ်ပြီး အိမ်တွေပြိုကျ၊ သစ်ပင်တွေကျိုးကျတော့ လူတွေအများကြီး သေဆုံးခဲ့တယ်... အဲဒီနေ့ပြီး နောက်တစ်နေ့ရောက်တော့ ဒီတောင်မှာ အပိုတောင်တစ်လုံးရှိမှန်း သိလိုက်ပေမယ့် အဲဒီအချိန်တုန်းက အဘွားလည်း လူကယ်နေတာနဲ့ လာကြည့်ဖို့ အချိန်မရှိတော့ဘူး... နောက်နေ့ လာကြည့်တော့ ဘာမှမတွေ့တော့ဘူး"
ချန်ရှီနှလုံးသားက အနည်းငယ် လှုပ်ရှားသွားသည်။ တောင်တန်းအရှင်ဘုံကျောင်းက မြေကြီးထဲကနေ ရုတ်တရက် ပေါက်ထွက်လာတာလား။
သူသည် ခန်းမအပြင်ဘက်သို့ ထွက်လာပြီး ကောင်းကင်ကို မော့ကြည့်လိုက်ရာ ခြံဝင်းအတွင်းရှိ သစ်ကိုင်းကြီးများနှင့် သစ်ရွက်များက နေရောင်ကို ပိတ်ဆို့ထားတာ တွေ့လိုက်ရသည်။ ဘုံကျောင်းထဲမှာ ရပ်သောအခါ နေကို မမြင်ရသလို နေကလည်း ဘုံကျောင်းကို မမြင်နိုင်ချေ။
အရမ်းအံ့သြစရာ ကောင်းပေ၏။
ဤဘုံကျောင်းသည် ကောင်းကင်က နတ်နတ်ဘုရား၏ အကြည့်မှ တမင်တကာ ပုန်းအောင်းနေပုံရသည်။
"ဒီမှာ လေ့ကျင့်လို့ရလား?"
ချန်ရှီသည် သူ အလင်းသုံးပါး ကျင့်စဥ်ကို ကျင့်နေစဥ်အတွင်း ကြယ်အလင်းများ အစုလိုက်အပြုံလိုက် ဝင်ရောက်လာသည့် အပြင် တခြားအချိန်နှင့် တခြားလောကထဲမှ နေရောင်ခြည်တို့ကိုပါ စုပ်ယူ၍ လေ့ကျင့်နိုင်ကြောင်း တွေ့ခဲ့ရသည်။
အဘွားရှားလည်း အရမ်းပျော်သွားပြီး။
"မင်း လေ့ကျင့်နိုင်ရင် အဘွားလည်း စိတ်သက်သာသွားပါပြီ... မနေ့က စွန့်စားခိုင်းခဲ့တာကို ပြန်မဆပ်နိုင်ရင် အဘွား ရှက်မိလိမ့်မယ်... မင်း ဒီမှာ လေ့ကျင့်လိုက်... အဘွားမင်းအတွက် ဒါတွေ သန့်ရှင်းပေးမယ်...."
ချန်ရှီက ခေါင်းခါလိုက်သည်။
"အဘွား ပြန်သွားလိုက်ပါ...ကျွန်တော် လေ့ကျင့်ရင်း သန့်ရှင်းရေး လုပ်လို့ရတယ်"
အလင်းသုံးပါး ကျင့်စဥ်ကို အသက်သွင်းနေစဉ်တွင် ခန်းမကို သန့်ရှင်းရေး လုပ်နေလိုက်သည်။ ဒါကိုမြင်တော့ အဘွားရှားလည်း ပြုံးပြီး။
"ဒါဆို အဘွား အရင်ပြန်သွားပြီး နေ့လည်စာ လာပို့ပေးမယ်"
ချန်ရှီသည် မွန်းတည့်ချိန်တွင် လာရန် မလိုကြောင်း သူမကို ပြောတော့မည် ဖြစ်သော်လည်း အဘွားက ထွက်သွားနေပြီ ဖြစ်သောကြောင့် သူ့ဘာသာ လက်လျှော့လိုက်ရသည်။ တစ်မနက်လုံး အလုပ်လုပ်ပြီးနောက် ချန်ရှီသည် ပင်မခန်းမကို သန့်ရှင်းရေးလုပ်ပြီးသွားပြီ။ နေ့လယ်တွင် အဘွားရှားက ဟင်းသုံးမျိုးနှင့် ဟင်းချိုတစ်ခွက် ယူလာ၏။
ချန်ရှီလည်း နားမလည်နိုင်စွာ ကျေးဇူးတင်နေပြီး အစားအစာကို အားပါးတရ တွယ်ပစ်လိုက်ရာ အဘွားရှားက သူ့သားကို ကြည့်နေသလိုမျိုး ဝမ်းသာအားရ ကြည့်နေလေသည်။
မွန်းလွဲပိုင်းတွင် ချန်ရှီသည် ပင်မခန်းမ၏ ပျက်စီးနေသော နေရာများကို ပြန်လည်ပြုပြင်ခဲ့ပြီး ပင်မခန်းမကလည်း ခြေချလို့ ရသွားပြီ။ သစ်ပင်ကြီးတွေရဲ့ ဖုံးလွှမ်းမှုကြောင့် ပင်မခန်းမခေါင်မိုးက မပျက်စီးတဲ့အတွက် အုတ်လွှာတွေ ပြုပြင်စရာ မလိုပေမယ့် တချို့နေရာတွေကိုတော့ ဆေးသုတ်ဖို့ လိုပါသေးသည်။
"ငါ ဒီည ဒီမှာ မနေတော့ဘူး အရင်ပြန်သွားပြီး နံရံတွေကို ဆေးသုတ်ဖို့ မနက်ဖြန် ပြာဖြူတွေ ယူလာရမယ်"
ချန်ရှီ ပတ်ပတ်လည်ကို လှမ်းကြည့်ရင်း ရေရွတ်နေသည်။
"တံခါးတွေ၊ ပြတင်းပေါက်တွေကိုလည်း စက္ကူထူထူနဲ့ ကပ်ထားဖို့ လိုတယ်... ဘုံကျောင်း ပြတင်းပေါက်ကနေ ဖြတ်ပြီး အဲ့နတ်ဘုရားရဲ့ နေရောင်ခြည်က တောက်ပနေတယ်ဆိုရင် ဒီဘုံးကျောင်းကိုလည်း မကယ်တင်နိုင်တော့မှာ ကြောက်ရတယ်... ပြိုကျနေတဲ့ဘက်ခြမ်းက ဘေးခန်းနှစ်ခုကလည်း ပြင်ဖို့လိုတယ်... ခြံကိုလည်း သန့်ရှင်းရေး လုပ်ရမယ်”
သူသည် တောင်တန်းအရှင်ဘုံကျောင်းမှ ထွက်ခွာပြီး လာရာလမ်းအတိုင်း ပြန်လာခဲ့သည်။
လမ်းမှာ တောထဲ၌ ဆော့ကစားနေတဲ့ ဝဝပုပု ကလေးငယ်တွေကို ပြန်တွေ့ခဲ့ပေမယ့် အချိန်နှောင်းတော့ သူတို့လည်း ကစားရတာပျင်းလာကာ သစ်ပင်အောက်မှာ အမြစ်တွယ်ပြီး ခေါင်းကိုသာ ငုံ့ကာ ချန်ရှီကို စပ်စပ်စုစု ကြည့်နေကြလေသည်။
ချန်ရှီ ကောင်မလေးကို တောင်စမ်းချောင်းမှာ ပြန်တွေ့ရသော်လည်း ကောင်မလေးက အရမ်းရှက်သွားပြီး သူ့ကို တိတ်တိတ်လေးသာ ကြည့်နေ၏။ တောင်ကြီးတစ်ခုပေါ်မှ မြွေနက်ပေါ်သို့တက်လာသော် ၎င်းကသစ်သားဖြင့် ပြုလုပ်ထားသော ရွှံ့ပန်းပုရုပ်ကဲ့သို့ မလှုပ်မယှက်ဖြင့် တောင်ထိပ်ပေါ်တွင် ရှိနေသေးသည်။
ချန်ရှီ သစ်ပင်ကြီးဆီသို့ ရောက်လာတဲ့အခါ အဘွားကျွမ်းကို နှုတ်ဆက်ကာ ဖြတ်သွားခဲ့သည်။ သိပ်မကြာခင်မှာဘဲ အဘိုးအိမ်ပြန်ရောက်တော့ မှောင်စပြုလာပြီ ဆိုတော့ လဟာလည်း မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်ကာ ကမ္ဘာမြေကြီးပေါ်မှာ တောက်ပနေလေ၏။
နောက်တစ်နေ့တွင် ချန်ရှီသည် အမွှေးတိုင်များ နှင့် သရေစာများဝယ်ရန် အပြင်ထွက်လာခဲ့သည်။ ၎င်းတို့ကို စာအုပ်စင်တစ်ခုထဲထည့်ကာ စာအုပ်စင်ကိုလည်း ကျောတွင် လွယ်လျက် ပြန်ထွက်လာခဲ့သည်။
ကန်းကျစ်ရွာသို့ ရောက်သောအခါတွင် အဘွားရှားကို ဦးစွာနှုတ်ဆက်လိုက်သည်။ တောင်ပေါ်သို့တက်ကာ သစ်ပင်ကြီးအောက်တွင် အဘွားကျွမ်းအား နံ့သာပေါင်း အနည်းငယ်ပေးကာ တောင်လမ်းကို ပိတ်ဆို့နေသော မြွေနက်အား နံ့သာပေါင်းအနည်းငယ် ပူဇော်လိုက်သည်။ ကြေးမုံတစ်ချပ်ကိုတော့ တောင်ချောင်းဘေးက ကောင်မလေးကို ပေး၍ စာအုပ်သေတ္တာထဲက စက္ကူ လေရဟတ်နဲ့ စားစရာတချို့ကို ထုတ်ယူပြီး တောထဲက ဖက်တီး ကလေးငယ်များကို ပေးလိုက်သည်။
တလမ်းလုံး လျှောက်သွားရင်း ဤအံ့သြဖွယ်ကောင်းသော ဝိညာဉ်များနှင့် ရင်းနှီးလာပြီးနောက် တောင်တန်းအရှင်ဘုံကျောင်းသို့ ဝင်ရောက်ခဲ့သည်။ ဘုံကျောင်း အတွင်းအပြင်ကို သန့်ရှင်းရန် ငါးရက်လောက် ကြာခဲ့သည်။
သူ သန့်ရှင်းရေးကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေချိန်မှာတော့ အုတ်ကြွပ်လေးတွေ သယ်ဖို့ ဆူဖြိုးတဲ့ ကလေးငယ်လေးတွေ ရောက်လာပြီး တောင်ပေါ်က မိန်းကလေးကလည်း မြေပြင်ပေါ်ရှိ အညစ်အကြေးတွေကို ဖယ်ရှားဖို့ ရေတွေ ယူလာပေးသည်။
ချန်ရှီ အလုပ်ချိန်ကြောင့် အချိန်ကို မေ့သွားပါက ညအချိန်တွင် မြွေကြီးသည် ဘုံကျောင်းကို နတ်ဆိုးများရန်မှ ကာကွယ်ရန် ဘုံကျောင်းရှေ့၌ ရစ်ပတ်နေလိမ့်မည်။ အလွန်လိုက်ဖက်ညီစွာ ပေါင်းသင်းတတ်လာကြသည်။
ခြံထဲတွင် အသက်ကယ် ရေကန်ကိုလည်း သန့်စင်ထားသည်။ ထိုအခိုက် ချန်ရှီသည် ရေထဲမှ လှေငယ်လေးနှင့်တူသော လိပ်ခွံကြီးကို တွေ့သွားခဲ့သည်။
"ဒီလိပ်က ဘယ်နှစ်နှစ်လောက် အသက်ရှင်ခဲ့တာလဲ မသိဘူး... ဒါပေမယ့် နှစ်တွေ အကြာကြီး ထပ်မရှင်သန်နိုင်တော့တာတော့ သနားစရာပဲ"
ချန်ရှီ လိပ်ခွံကို ဆေးကြောရင်း သူ့လက်သီးနှင့် ထိလိုက်သောအခါတွင် အလင်းတန်းတွေက ပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။
"ဒီပစ္စည်းက အရမ်းကောင်းပုံပဲ"
ချန်ရှီ လိပ်ခွံကို ဆွဲမပြီး ပင်မခန်းမထဲမှာ နေရာ ချထားလိုက်သည်။
"ဈေးကောင်းကောင်းနဲ့ ရောင်းလို့ ရလောက်တယ်... ငါ အဲဒါကို အရင် သိမ်းထားပြီး နောက်ကျရင် အဘိုးကို ပံ့ပိုးပေးမှာမယ်... အဲ့ကျရင် အဘိုးလည်း အဆောင်လက်ဖွဲ့တွေရောင်းဖို့ အပြင်ထွက်စရာ မလိုတော့ဘူး"
ဘေးနားက ခန်းမကို သန့်ရှင်းရေး လုပ်တဲ့အခါ အပျက်အစီးတွေကြားက လေးထောင့်ပုံ ကျောက်သေတ္တာတစ်လုံးကို တွေ့ရလေသည်။ သေတ္တာပေါ်မှာ ခွဲထားတဲ့ မျဉ်းကြောင်းတွေကို မြင်နိုင်ပေမယ့် ဖွင့်ဖို့ နည်းလမ်းမရှိပါဘူး။
ဒီကျောက်သေတ္တာက ဘယ်လိုကျောက်တုံးက လုပ်ထားလဲ ဆိုတာ မသိနိုင်ပေ။ ချန်ရှီ အကြိမ်ပေါင်းများစွာ ရိုက်ချိုးခဲ့ပေမယ့် အထိခိုက် သေးသေးလေးတောင် မရှိခဲ့သလို ခြစ်ရာ သဲလွန်စတစ်ခုတောင် မကျန်ခဲ့ပါဘူး။
"ကျောက်သေတ္တာထဲမှာ ဘာဝှက်ထားလဲ စဥ်းစားစရာပဲ.... ရတနာလား ဒါမှမဟုတ် ငတုံးတွေကို လှည့်စားဖို့ သေတ္တာတစ်လုံးလို ဖြစ်အောင် ကျောက်တုံးကို လူတစ်ယောက်က ထွင်းထားတာ ဖြစ်နိုင်တယ်"
ထို့နောက် ကျောက်သေတ္တာကို ဘေးဖယ်ထားကာ စိတ်ထဲမထားနေတော့ချေ။ အခုတော့ အားလုံးကို စည်းစနစ်တကျ ဖြစ်အောင် ပြင်ဆင်ပြီးသွားပြီမလို့ စိတ်အေးချမ်းသာသာနဲ့ လေ့ကျင့်နိုင်ပါပြီ။
ချန်ရှီသည် အမွှေးတိုင်အနည်းငယ်ကို နံ့သာအိုးထဲထည့်လိုက်တဲ့အခါ လေထဲတွင် ထူးဆန်းပြီး ထူးကဲသော စွမ်းအားတစ်ခု လွင့်ပျံလာလေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းကလည်း သူသည် နံ့သာပေါင်းကို မီးရှို့ရန် မမေ့ခဲ့တာကြောင့် နေရာအနှံ့ ပျံ့နှံ့နေသော ထူးကဲသော တန်ခိုးများကလည်း ပို၍ အားကောင်းလာသည်။
သူရောက်လာတာနဲ့အမျှ ဒီမှာ ထူးခြားတဲ့ စွမ်းအားတွေက ပိုအသက်ဝင်လာသလိုတောင် ဖြစ်နေ၏။
ချန်ရှီအတွက် စိတ်အနှောက်အယှက် အဖြစ်ဆုံးအရာမှာ ဘုံကျောင်းအတွင်းရှိ ထူးကဲသော စွမ်းအားများ မပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။ ယုတ္တိနည်းအရ ပြောရလျှင် သခင်မရှိသော ထူးကဲသော ချီစွမ်းအားသည် လျင်မြန်စွာ ပျောက်ကွယ်သွားမှာ သေချာသော်လည်း ဤစွမ်းအားက ပို၍ပို၍ တိုးလာနေသည်။
လေ့ကျင့်နေစဥ်အတွင်း သူသည် နေနဲ့လတို့ရဲ့ ရွေ့လျားမှုကို မေ့ပျောက်ကာ နေ့တွေညတွေကို သတိမပြုမိတော့ဘဲ ထူးဆန်းသော အခြေအနေအထိပါ ရောက်သွားသည်။
အချိန်ဘယ်လောက် ကြာသွားလဲ မသိသော်လည်း ချန်ရှီသည် မြောက်အရပ်ခုနှစ်စင်ကြယ် လေ့ကျင့်မှုအပြီးတွင် သူ၏ အတွင်းအင်္ဂါများက သံမဏိလို မာကျောလာကာ သူ့အသက်ရှုသံသည်လည်း ရှည်လျားလာခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးက ခဲနဲ့ ပြဒါးလိုမျိုး သွေးကြောထဲမှာ စီးဆင်းနေတဲ့ သွေးဟာလည်း အလွန်အစွမ်းထက်လာ၏။
သွေးသည် ခဲနှင့်တူပြီး ပြဒါးက သံနှင့်တူသည်။ ဒါကတော့ အလင်းသုံးပါးကျင့်စဥ်တွင်ဖော်ပြထားသော စစ်မှန်သော ချီသွေး ပြောင်းလဲသွားခြင်း၏ လက္ခဏာပဲ ဖြစ်ပေသည်။
ချီသွေးကို အစားထိုးခြင်းက သူတော်စင်သန္ဓေသား ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ခြင်းရဲ့ ပထမခြေလှမ်း ဖြစ်သည်။ တောင်တန်းအရှင်ဘုံကျောင်းမှာ ရက်အနည်းငယ်လောက်ပဲ လေ့ကျင့်ပြီး ဒီအဆင့်ကို အောင်မြင်နိုင်ခဲ့တာ တကယ်ကို အံ့ဩစရာ ကောင်းလေ၏။
"ဟင်?"
ချန်ရှီ အံ့အားသင့်စွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ဤခန်းမကြီးထဲတွင် နေရောင်ခြည်က နွေဦးလို တောက်ပပြီး နွေးထွေးနေသည်။ ရွှေရောင်ဖြစ်သော်လည်း ပျော့ပျောင်းသော အရောင်မျိုးပင်။ ဒီနေရောင်က ထိုနေ့က ပျက်စီးနေသော ဘုံကျောင်းထဲ၌ သူမြင်ခဲ့ရသော နေရောင်ခြည်နှင့် အတူတူပဲ ဖြစ်သည်။
ချန်ရှီ နေကို လှမ်းကြည့်ကာ အခြားကမ္ဘာတစ်ခုရဲ့ နေကို မြင်သည်။ နေဟာ အရှေ့ဘက်မှာရှိပြီး မိုးကုပ်စက်ဝိုင်း အထက်ကို အခုနလေးတင်ကမှ ခုန်ထွက်လာခဲ့ပုံပါပဲ။ ထိုတက်လာသော နေမင်း၏ အဓိပ္ပာယ်ကို သူ နောက်ဆုံး နားလည်သွားသည်။ နေကို လောဘကြီးစွာ ကြည့်ကာ အလွန်စိတ်လှုပ်ရှားနေ၏။
သူရုတ်တရက် တွေးမိတာကတော့။
"ငါ ဒီအလင်းရောင်ကို ဖြတ်ပြီး တခြားကမ္ဘာကို ရောက်သွားနိုင်မလား မသိဘူး?"