ဖြေရှင်းချက်
Vol. 10 Ch. 91
မြင်ကွင်းဟာ ပုံပန်းပျက်လာပြီး ဝေဝါးကာ စပျောက်ကွယ်လာပါတယ်။
ကလိုင်းဟာ အိပ်မက်လိုမျိုး အခြေအနေကနေ ထွက်သွားပြီး အခန်းထဲက အမှောင်ထုနဲ့ အသားကျသွားပါတယ်။
ဘန်ဆင်ရဲ့ လစာက တစ်ပတ်ကို တစ်ပေါင်နဲ့ ဆယ်ဆိုလီပါ။ ဆိုလီဖွဲ့ရင် ဆိုလီသုံးဆယ်ပါ။ ဘန်ဆင်က ဒီငွေလေးနဲ့ သူတို့ကို သာမန်မိသားစုတစ်စုလိုမျိုး နေနိုင်အောင် ထောက်ပံ့ခဲ့တာ မလွယ်ကူမှန်း သူ သိပါတယ်။
သူဟာ အလုပ်သမားအများစုက တစ်ပတ်ကို ဆိုလီ ၂၀ ရမယ်လို့ ထင်ခဲ့ပါတယ်။
သံကြက်ခြေခတ်ရဲ့ အောက်လမ်းမှာ တစ်ခန်းတည်းကို လူငါးယောက် ခုနစ်ယောက် ဆယ်ယောက်တောင် စုပြုံနေတယ်လို့လည်း သူ့ညီမ မလီဆာက ပြောဖူးပါတယ်။
သူဟာ ဘန်ဆင်ဆီကနေ တောင်ပိုင်းတိုက် အခြေအနေကြောင့် နိုင်ငံရဲ့ စီးပွားအရေးအခြေအနေက ဒီလေးငါးလမှာ ကျဆင်းနေတယ်ဆိုတာလည်း သိထားပါတယ်။
သူဟာ စားစရိတ်ရော နေထိုင်စရိတ်ရော ငြိမ်းတဲ့ အိမ်ဖော်တစ်ယောက်က တစ်ပတ်ကို ၃ ဆိုလီ ၆ ပဲနိကနေ ၆ ဆိုလီထိ ရနိုင်မှန်းလည်း သိပါတယ်။
ကလိုင်းဟာ နဖူးလယ်ကို တောက်ပြီး အတော်ကြာအောင် တိတ်ဆိတ်သွားပါတယ်။ လူကြီးမင်း ဒူဝီဗိုက မေးလာတဲ့အထိပါပဲ။
“ရဲအရာရှိ... ဘာမှမပြောတော့ဘူးလား... ကျွန်တော် သွားတွေ့တဲ့ စိတ်ရောဂါကု ဆရာဝန်တွေက ကျွန်တော်ကို အမြဲတမ်း စကားပြောပြီး မေးခွန်းတွေ မေးကြတယ်”
“ဒါပေမဲ့ ကျွန်တော် အခု အေးချမ်းမှုကို ခံစားရတယ်... အိပ်ပျော်လုနီးနီးပဲ... ညည်းသံတွေရော ငိုသံတွေရော ဘာတစ်ခုမှ မကြားရသေးဘူး”
“ရဲအရာရှိ ဘယ်လိုများ လုပ်လိုက်တာလဲ”
ကလိုင်းဟာ လှုပ်ကုလားထိုင်မှာ နောက်မှီထိုင်ပြီး ဒူဝီဗိုရဲ့ မေးခွန်းကို မဖြေဘဲ လေသံအေးအေးနဲ့ မေးပါတယ် “လူကြီးမင်း... ခဲဆိပ်သင့်တာကို သိလား... ခဲရဲ့ အန္တရာယ်ကို လူကြီးမင်း သိလား”
ဒူဝီဗိုဟာ လေးငါးဆယ်စက္ကန့်လောက် တိတ်ဆိတ်သွားပြီး...။
“အရင်တုန်းက ကျွန်တော် မသိခဲ့ဘူး... ဒါပေမဲ့ အခု ကျွန်တော် သိလာပြီ... ကျွန်တော်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာက ခဲနဲ့ကြွေစက်ရုံက အလုပ်သမတွေ သေသွားလို့ ကျွန်တော်ကိုယ် ကျွန်တော် အပြစ်ရှိတယ်လို့ ခံစားရတဲ့ ကျွန်တော်ရဲ့ လိပ်မပြာမလုံမှုကနေ လာတယ်လို့ ပြောချင်တာလား...”
ကလိုင်းဆီက အဖြေကို မစောင့်ဘဲ လူကြီးမင်း ဒူဝီဗိုဟာ တွေ့ဆုံညှိနှိုင်းပွဲတွေမှာ ပြောသလိုမျိုး အပေါ်စီးကနေ ဆက်ပြီးတော့ ပြောပါတယ်။
“ဟုတ်တယ်... အရင်တုန်းက ကျွန်တော် အပြစ်ရှိတယ်လို့ ခံစားခဲ့ရတယ်... ဒါပေမဲ့ ကျွန်တော် သူတို့ကို လျော်ကြေး ပေးပြီးပြီ... ကျွန်တော်ရဲ့ ခဲနဲ့ကြွေစက်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေက နယ်ပယ်တူရင် တခြားအလုပ်သမားတွေနဲ့ တန်းတူရတယ်... ဘက်ကလင်မှာဆိုရင် ခဲနဲ့ကြွေစက်ရုံ အလုပ်သမားတွေက တစ်ပတ်ကို ၈ ဆိုလီထက် ပိုမရဘူး... ဒါပေမဲ့ ကျွန်တော် သူတို့ကို ၁၀ ဆိုလီပေးတယ်... တစ်ခါတစ်လေကျရင် အဲဒီထက် ပိုပေးတယ်”
“ဟီးဟီး... လူတော်တော်များများက ကျွန်တော် စည်းဖောက်တယ်ဆိုပြီး ပြောကြတယ်... သူတို့တွေ အလုပ်သမား ရှာရခက်သွားလို့လေ... စားနပ်ရိက္ခာ ဥပဒေကြောင့် လယ်သမားတွေ လူမွဲဖြစ်ပြီး မြို့ပေါ် ရောက်လာလို့သာ... မဟုတ်ရင် သူတို့တွေ ကျွန်တော့်လိုမျိုး လစာတိုးပေးရတော့မှာ...”
“နောက်ပြီး... ကျွန်တော် စက်ရုံက ကြီးကြပ်ရေးမှူးတွေကိုလည်း ခေါင်းထပ်တလဲလဲ ကိုက်တဲ့လူတွေနဲ့ အမြင်ဝေဝါးတဲ့လူတွေကို ခဲနဲ့ ထိတွေ့တဲ့နေရာကနေ ရှောင်ခိုင်းဖို့ သေချာ မှာထားတယ်... သူတို့ရဲ့ ရောဂါက ပြင်းထန်ရင် ကျွန်တော်ရဲ့ ပရဟိတ ဖောင်ဒေးရှင်းမှာတောင် အကူအညီ တောင်းလို့ရတယ်”
“ကျွန်တော် လုပ်တာ လုံလောက်တယ်လို့ ကျွန်တော် ထင်တယ်”
ကလိုင်းဟာ အပြောင်းမလဲမရှိတဲ့ လေသံနဲ့...။
“လူကြီးမင်း... တစ်ခါတစ်လေမှာ လစာက လူဆင်းရဲတစ်ယောက်အတွက် ဘယ်လောက် အရေးကြီးလဲဆိုတာ လူကြီးမင်း တွေးနိုင်မှာ မဟုတ်ဘူး... အလုပ်တစ်ပတ် နှစ်ပတ် ပျက်သွားတာက သူတို့မိသားစုအတွက် ကြီးကြီးမားမား ဆုံးရှုံးစေနိုင်တယ်... ဖြေမဆည်နိုင်လောက်အောင် သောကမီး တောက်လောင်စေနိုင်တယ်”
အဲဒီနောက် သူဟာ ခဏရပ်ပြီးမှ ဆက်ပြောပါတယ်။
“လူကြီးမင်း... ကျွန်တော် သိချင်တာ တစ်ခု ရှိတယ်... လူကြီးမင်းလိုမျိုး ပရဟိတသမား တစ်ယောက်က ဖုန်မှုန်နဲ့ ခဲဆိပ်သင့်တာကနေ ကာကွယ်နိုင်တဲ့ ကိရိယာတွေကို လူကြီးမင်းရဲ့ စက်ရုံတွေမှာ ဘာလို့ မတပ်ဆင်တာလဲ”
ဒူဝီဗိုဟာ မျက်နှာကြက်ကို ကြည့်ပြီး မချိတင်ကဲ ရယ်ပါတယ်။
“အဲဒီကိရိယာတွေ တပ်ဆင်လိုက်ရင် ကျသင့်မဲ့ ကုန်ကျစရိတ်က ကျွန်တော် တတ်နိုင်တာထက် များလွန်းတယ်... တခြား ခဲနဲ့ကြွေစက်ရုံတွေကို ကျွန်တော် ယှဉ်နိုင်မှာ မဟုတ်တော့ဘူး... အဲဒီနယ်ပယ်ကရတဲ့ အမြတ်ကို ကျွန်တော် သိပ်ဂရုမစိုက်တော့ဘူး... တကယ်တော့ ကျွန်တော် ပိုက်ဆံတချို့တောင် ထုတ်သုံးတယ်... ဒါပေမဲ့ ကျွန်တော် အဲဒီလိုမျိုး ဆက်လုပ်နေရင် အဲဒီစီးပွားရေးကို ဘာလို့ ဆက်လုပ်နေဦးမှာလဲ... အဲဒါက အလုပ်သမားတစ်စုကိုပဲ ကူညီနိုင်မှာ... အဲဒီလုပ်ငန်းနယ်ပယ်မှာ စံစနစ်တစ်ခု ဖြစ်သွားမှာ မဟုတ်သလို တခြားစက်ရုံတွေကိုလည်း ပြောင်းလဲနိုင်မှာ မဟုတ်ဘူး”
“အဲဒါက ကျွန်တော် ပိုက်ဆံထုတ်ပြီး အလုပ်သမားတွေကို ထောက်ပံ့ပေးနေတာနဲ့ အတူတူပဲ... တချို့စက်ရုံတွေဆိုရင် အကုန်အကျ သက်သာအောင် ကျွန်တွေတောင် တိတ်တိတ်လေး ငှားပြီး သုံးကြတယ်”
ကလိုင်းဟာ လက်ပိုက်ပြီး တစ်ခဏ တိတ်ဆိတ်သွားပါတယ်။ ပြီးတော့မှ...။
“လူကြီးမင်း... လူကြီးမင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာက စိတ်မလုံမှုတွေ ပေါင်းစုပြီး ဖြစ်လာတာ... လူကြီးမင်းက ဒီခံစားချက်တွေ ပျောက်ကွယ်သွားပြီလို့ ထင်နေပေမဲ့ပေါ့... ပုံမှန်ဆိုရင် ဒါက အခုလိုမျိုး သက်ရောက်မှု မဖြစ်နိုင်ဘူး... ဒါပေမဲ့ တစ်စုံတစ်ခုက လူကြီးမင်းရဲ့ ရင်ထဲမှာရှိတဲ့ ပြဿနာအကုန်လုံးကို တစ်ခါတည်း ပေါက်ကွဲစေမဲ့ ခလုတ်ကို ဆွဲလိုက်တယ်...”
“တစ်စုံတစ်ခုက ကျွန်တော်ရင်ထဲက ခလုတ်ကို ဆွဲလိုက်တယ်... ကျွန်တော် အဲဒါကို မသိလိုက်ဘူး” လူကြီးမင်း ဒူဝီဗိုဟာ ပဟေဠိ ဖြစ်သွားပေမဲ့ ကလိုင်းရဲ့ စကားကိုတော့ လက်ခံပါတယ်။
ကလိုင်းဟာ ကုလားထိုင်ကို အသာလှုပ်ပြီး လေသံအေးအေးနဲ့ ရှင်းပြပါတယ် “ခုနက လူကြီးမင်း လေးငါးမိနစ်လောက် အိပ်ပျော်သွားတယ်... အဲဒီမှာ လူကြီးမင်း ကျွန်တော်ကို တစ်ခု ပြောပြတယ်”
“အိပ်မွေ့ချတာလား...” လူကြီးမင်း ဒူဝီဗိုဟာ ထုံးစံအတိုင်း ခန့်မှန်းချက် ထုတ်ပါတယ်။
ကလိုင်းဟာ တိုက်ရိုက် ပြန်မဖြေဘဲ...။
“တစ်ခါတုန်းက မိန်းကလေးတစ်ယောက် အလုပ်သွားတဲ့လမ်းမှာ လဲကျပြီး သေသွားတာကို လူကြီးမင်းက မြင်းလှည်းပေါ်ကနေ မြင်လိုက်ရတယ်... အဲဒီမိန်းကလေးက ခဲဆိပ်သင့်လို့ သေသွားတာ... သူ အသက်ရှင်နေတုန်းက လူကြီးမင်းရဲ့ စက်ရုံမှာ ကြွေရည်သုတ်တဲ့ အလုပ်သမပဲ...”
ဒူဝီဗိုဟာ နားထင်ကိုပွတ်ပြီး ဆွံ့အသွားပါတယ်။ အတန်ကြာမှာ ဝေခွဲမရတဲ့ လေသံနဲ့...။
“အဲဒီလို ဖြစ်ခဲ့တယ် ထင်တာပဲ... ဒါပေမဲ့ ကျွန်တော် ရှင်းရှင်းလင်းလင်း မမှတ်မိဘူး...။
အိပ်ရေးပျက်တာကြာလို့ စိတ်အခြေအနေ မကောင်းတဲ့အတွက် ဒူဝီဗိုဟာ အဲဒီလို မြင်ကွင်းမျိုးကို ခပ်ရေးရေးပဲ ပြန်တွေးနိုင်ပါတယ်။ သူဟာ တစ်ခဏတွေးပြီးနောက် ဦးနှောက်ကို ဖိအား မပေးတော့ဘဲ ကလိုင်းကိုသာ မေးမြန်းပါတယ်။
“အဲဒီအလုပ်သမ နာမည်က ဘယ်လိုခေါ်လဲ”
“အင်း... ကျွန်တော် ပြောချင်တာက ကျွန်တော်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ပျောက်ဖို့ ဘာလုပ်သင့်လဲ”
ကလိုင်းဟာ ချက်ချင်း အဖြေပေးပါတယ် “နှစ်ခုလုပ်ရမယ်”
“ပထမ လုပ်ရမှာက... အဲဒီလမ်းဘေးမှာ သေသွားတဲ့ အလုပ်သမားနာမည်က ဟေးလီဝါကာပဲ... သူက လူကြီးမင်းကို တိုက်ရိုက် လှုံ့ဆော်လိုက်တဲ့လူပဲ... အဲဒါကြောင့် သူ့မိဘတွေကို ရှာပြီး လျော်ကြေး ပိုပိုသာသာလေး ပေးရလိမ့်မယ်...”
“ဒုတိယက... ခဲဆိပ်သင့်တဲ့ အန္တရာယ် အကြောင်းကို သတင်းစာနဲ့ မဂ္ဂဇင်းတွေမှာ ဖြန့်ကြက်ပြီး လူကြီးမင်းရဲ့ ဖောင်ဒေးရှင်းကနေ ခဲဆိပ်သင့်လို့ ထိခိုက်သွားတဲ့ အလုပ်သမားတွေကို ပိုပြီးတော့ ကူညီပါ... လူကြီးမင်း ပါလီမန်အမတ် ဖြစ်လာခဲ့ရင် ဒီနယ်ပယ်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းဖို့ ကြိုးစားပါ...”
ဒူဝီဗိုဟာ ဖြည်းဖြည်းချင်း ထထိုင်ပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်တဲ့ အမူအရာနဲ့ ရယ်ပါတယ်။
“ကျန်တာတွေ အကုန်လုံးက လုပ်လို့ရတယ်... ဥပဒေပြဋ္ဌာန်းတာကတော့... ကျွန်တော့်အထင် မဖြစ်နိုင်ဘူး... ကျွန်တော်တို့ နိုင်ငံအပြင် တခြားနိုင်ငံတွေရဲ့ ယှဉ်ပြိုင်မှုကလည်း ရှိသေးတယ်... အဲဒီလိုမျိုး ဥပဒေ ပြဋ္ဌာန်းလိုက်ရင် နိုင်ငံထဲက ဒီနယ်ပယ်တစ်ခုလုံး ကပ်ဆိုက်သွားလိမ့်မယ်... စက်ရုံတွေ တစ်ရုံပြီးတစ်ရုံ မွဲပြာကျပြီး အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်လိမ့်မယ်... လူဆင်းရဲတွေကို ကူညီတဲ့ အဖွဲ့အစည်းတွေက အဲဒီလောက် လူအများကြီးကို မကူညီနိုင်ဘူး”
သူဟာ အိပ်ရာကနေ ဖြည်းဖြည်းချင်း ထပြီး အင်္ကျီကို သပ်ရပ်အောင် ပြုပြင်ပါတယ်။ အဲဒီနောက် ကလိုင်းကို ကြည့်ပြီး ပြောပါတယ်။
“ဟေးလီဝါကာနော်... ကျွန်တော် အခုပဲ ကော်လန်ကို သူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ကြွေစက်ရုံက ယူခိုင်းပြီး သူ့ရဲ့မိဘတွေကို ရှာခိုင်းလိုက်မယ်... ရဲအရာရှိ... ကျွန်တော်နဲ့ စောင့်ပြီး ကျွန်တော်ရဲ့ စိတ်အခြေအနေကို ဆက်စောင့်ကြည့်ပေးပါ”
“ရပါတယ်” ကလိုင်းဟာ ဖြည်းဖြည်းချင်း မတ်တတ်ရပ်ပြီး ယူနီဖောင်းကို ပြန့်သွားအောင် လက်နဲ့ သပ်လိုက်ပါတယ်။
...
မနက် ၁၁ နာရီ၊ ဒူဝီဗိုအိမ်ရဲ့ ဧည့်ခန်း။
ကလိုင်းဟာ ဆိုဖာပေါ်မှာ တိတ်တဆိတ် ထိုင်ပြီး အိမ်တော်ထိန်း ကော်လန် ဦးဆောင် ခေါ်လာတဲ့ အမျိုးသားနဲ့ အမျိုးသမီးတစ်ယောက်ကို ကြည့်လိုက်ပါတယ်။
ဒီဧည့်သည်နှစ်ယောက်ရဲ့ အသားအရေဟာ အစက်အပြောက်တွေ စွန်းထင်းနေပြီး ပါးရေတွေတောင် တွန့်နေပါတယ်။ အမျိုးသားဟာ မဆိုစလောက် ခါးကုန်းပြီး အမျိုးသမီးကတော့ မျက်ခွံအောက်မှာ မှဲ့ရှိပါတယ်။
သူတို့နှစ်ယောက်ရဲ့ ပုံစံက ကလိုင်း ဟေးလီကနေ တစ်ဆင့် မြင်ခဲ့သလိုမျိုးပါပဲ။ ပိုအိုမင်းပြီး မျက်တွင်း ပိုကျနေတာက လွဲရင်ပေါ့။ သူတို့နှစ်ယောက်က အရိုးပဒေသာလို ပိန်လှီလှပါတယ်။ အဝတ်အစားတွေကလည်း ဟောင်းနွမ်းပြီး စုတ်ပြဲနေပါတယ်။
ကလိုင်းဟာ သူတို့တွေက သံကြက်ခြေခတ် အောက်လမ်းမှာတောင် ဆက်ပြီးမနေနိုင်တော့ဘူးလို့ သိလိုက်ရပါတယ်။
ငိုရှိုက်သံ။
ကလိုင်းဟာ ခရုတ်ပတ်ခွေပုံ လည်လာတဲ့ လေအေးကို စိတ်ဝိညာဉ်နဲ့ အာရုံခံမိလိုက်ပါတယ်။
သူဟာ နဖူးလယ်ကို တောက်ပြီး လူကြီးမင်း ဒူဝီဗိုကို တစ်ချက် ကြည့်လိုက်တဲ့အခါ သူ့ဘေးနားမှာ ပုံပန်းမကျတဲ့ အဖြူရောင် ရေးရေး ရုပ်သွင်တစ်ခု ဘယ်တုန်းကမှ မသိ ပေါ်လာတာကို တွေ့လိုက်ရပါတယ်။
“မင်္ဂ... မင်္ဂလာ မနက်ခင်းပါ... ဂုဏ်သရေရှိ လူကြီးမင်း...” ဟေးလီရဲ့ မိဘတွေဟာ ပုံမှန်နဲ့မတူ ယဉ်ကျေးနေပါတယ်။
ဒူဝီဗိုဟာ နဖူးပွတ်ပြီး မေးပါတယ် “ခင်ဗျားတို့ နှစ်ယောက်က ဟေးလီဝါကာရဲ့ မိဘတွေလား... သူ့မှာ အစ်ကိုတစ်ယောက်နဲ့ နှစ်နှစ်အရွယ် ညီမတစ်ယောက် ရှိတယ်မလား”
ဟေးလီရဲ့ အမေဟာ ကြောက်ကြောက်ရွံ့ရွံ့ ဖြေပါတယ် “သူ့... သူ့အစ်ကိုက ဆိပ်ကမ်းမှာ အလုပ်လုပ်ရင်း ခြေကျိုးသွားလို့ အိမ်မှာ သူ့ညီမကို ထိန်းနေတယ်”
ဒူဝီဗိုဟာ သုံးလေးစက္ကန့် တိတ်ဆိတ်သွားပြီး သက်ပြင်းချလိုက်ပါတယ်။
“ဟေးလီ ဖြစ်ခဲ့တာတွေအတွက် ကျွန်တော် တကယ်ပဲ ဝမ်းနည်းမိပါတယ်”
အဲဒါကို ကြားလိုက်ရတဲ့ ဟေးလီ မိဘနှစ်ပါးရဲ့ မျက်လုံးတွေဟာ ချက်ချင်း နီရဲသွားပါတယ်။ အဲဒီနောက် သူတို့တွေဟာ တစ်ယောက်ပြီး တစ်ယောက်...။
“လူကြီးမင်း - လူကြီးမင်းရဲ့ စိတ်ရင်းအတွက် ကျေးဇူးတင်ပါတယ်”
“ဟေးလီ သေဆုံးရတဲ့ အကြောင်းရင်းက ခဲဆိပ်သင့်တာလို့ ရဲတွေက ပြောတယ်... အဲဒီလိုခေါ်တာ ဟုတ်တယ်မလား... အို သနားစရာ ကလေးလေး... သူက ၁၇ နှစ်ပဲ ရှိသေးတာ... အမြဲတမ်း တိတ်တိတ်လေးနေပြီး ဘယ်တော့မှ အလျှော့မပေးဘူး”
“လူကြီးမင်းက သူ့အသုဘကို လူလွှတ်ပြီး အသုဘစရိတ် လှူခဲ့တယ်လေ... သူ့ကို ရာဖယ်သင်္ချိုင်းမှာ မြှုပ်နှံထားတယ်”
ဒူဝီဗိုဟာ ကလိုင်းကို တစ်ချက်ကြည့်ပြီး ထိုင်နေတဲ့ ပုံစံ ပြောင်းပါတယ်။ သူ့ကိုယ်ကို ရှေ့ကိုင်းပြီး လေးလေးနက်နက် ပြောပါတယ် “အဲဒါက ကျွန်တော်တို့ရဲ့ ပေါ့လျော့မှုကြောင့် ဖြစ်ရတာ... အဲဒီတော့ ကျွန်တော် တောင်းပန်ဖို့ လိုတယ်”
“အဲဒါကြောင့် ကျွန်တော် ခင်ဗျားတို့နဲ့ ဟေးလီကို လျော်ကြေးပေးဖို့ ဆုံးဖြတ်လိုက်တယ်... သူ့ရဲ့ တစ်ပတ်လစာက ၁၀ ဆိုလီ... ဟုတ်တယ်မလား... တစ်နှစ်ကို ဆိုလီ ၅၂၀ ပဲ... ပေါင်နဲ့ဆိုရင် ၂၆ ပေါင်ပေါ့... သူ ကျွန်တော့်ဆီမှာ နောက်ထပ် ၁၀ နှစ် အလုပ်လုပ်ခဲ့တယ်လို့ သတ်မှတ်လိုက်ကြရအောင်...”
“ကော်လန်... ဟေးလီရဲ့ မိဘတွေကို ပေါင် ၃၀၀ ပေးလိုက်ပါ”
“ပေါင် သုံး... သုံးရာ...” ဟေးလီရဲ့ မိဘတွေဟာ ကြက်သေသေသွားပါတယ်။
သူတို့တွေရဲ့ အချမ်းသာဆုံး အချိန်ကတောင် စုငွေ တစ်ပေါင် ရှိခဲ့တာ မဟုတ်ပါဘူး။
သူတို့နှစ်ယောက်တင် မှင်တက်သွားတာ မဟုတ်ပါဘူး။ အခန်းထဲမှာရှိတဲ့ ကိုယ်ရံတော်တွေနဲ့ အိမ်ဖော်တွေပါ မှင်တက်ပြီး မနာလို ဖြစ်ကုန်ကြပါတယ်။ ရဲတပ်ကြပ်ဂိတ်တောင် အသက်အရှည်ကြီး ရှူသွင်းလိုက်ပါတယ်။ သူ့တစ်ပတ်လစာက နှစ်ပေါင်ပါ။ သူ့လက်အောက်က ရဲတပ်သားဆိုရင် တစ်ပတ်မှ တစ်ပေါင်ပဲ ရပါတယ်။
တိတ်ဆိတ်မှုအောက်မှာ အိမ်တော်ထိန်း ကော်လန်ဟာ စာကြည့်ခန်းထဲကနေ ဖောင်းကားနေတဲ့ အိတ်တစ်အိတ် ကိုင်ပြီး ထွက်လာပါတယ်။
သူ အိတ်ကို ဖွင့်လိုက်တဲ့အခါ ပိုက်ဆံအထပ်လိုက် ထွက်လာပါတယ်။ တချို့က တစ်ပေါင်တန်တွေ ဖြစ်ပြီး တချို့က ငါးပေါင်တန်တွေပါ။ ဒါပေမဲ့ အများစုက တစ်ဆိုလီတန်နဲ့ ငါးဆိုလီတန်တွေပါ။
ဒူဝီဗိုက သူ့ငယ်သားတွေကို အစောကြီးကတည်းက ဘဏ်ကနေ အကြွေ လဲခိုင်းထားတယ် ဆိုတာ သိသာလှပါတယ်။
“ဒါက လူကြီးမင်း ဒူဝီဗိုရဲ့ စိတ်ရင်းပါ” ကော်လန်ဟာ သူ့သူဌေး ခေါင်းညိတ်တာနဲ့ ပိုက်ဆံတွေ ထည့်ထားတဲ့အိတ်ကို ဟေးလီ မိဘတွေဆီ ကမ်းပေးပါတယ်။
ဟေးလီရဲ့ မိဘတွေဟာ ပိုက်ဆံတွေ ထည့်ထားတဲ့ အိတ်ကို ယူပြီး သူတို့မျက်စိကို မယုံနိုင်တာကြောင့် မျက်လုံးကို ပွတ်သပ်ကြည့်ပါတယ်။
“ကျွန်တော်တို့တွေ ဒါကို ယူလို့ မဖြစ်ဘူး... ဒါ... ဒါက များလွန်းတယ်... ကျွန်တော်တို့တွေ ဒါကို လက်မခံနိုင်ဘူး” သူတို့တွေက အဲဒီလိုပြောပေမဲ့ ပိုက်ဆံအိတ်ကိုတော့ လက်ထဲမှာ မလွှတ်တမ်း ဆုပ်ကိုင်ထားပါတယ်။
ဒူဝီဗိုက အသံနက်နဲ့ ပြောပါတယ် “ဒါက ဟေးလီ ရသင့်တဲ့အရာပါ”
“လူ... လူကြီးမင်းက တကယ်ကို မြင့်မြတ်ပြီး ရက်ရောတဲ့ သူရဲကောင်းပဲ” ဟေးလီရဲ့ မိဘတွေဟာ စိတ်လှုပ်တရှားနဲ့ ထပ်ခါထပ်ခါ ဦးညွှတ်ပါတယ်။
သူတို့နှစ်ယောက်ဟာ ဖုံးဖိလို့မရတဲ့အထိ ဝမ်းသာနေကြပါတယ်။
သူတို့တွေဟာ သူတို့သိသလောက် တက်သလောက်နဲ့ ထပ်တလဲလဲ ချီးကျူးကြပါတယ်။ သူတို့တွေဟာ ကောင်းကင်မှာရှိတဲ့ ဟေးလီက ဒီအတွက် ကျေးဇူးတင်နေမှာပဲလို့ ပြောကြပါတယ်။
“ကော်လန်... သူတို့ကို အိမ်ပြန်ပို့လိုက်... အင်း... ဘဏ်ကို အရင်ခေါ်သွားလိုက်” ဒူဝီဗိုဟာ သက်ပြင်းရှည်ကြီးချပြီး သူ့အိမ်တော်ထိန်းကို ညွှန်ကြားပါတယ်။
ဟေးလီရဲ့ မိဘတွေဟာ ပိုက်ဆံအိတ်ကို မလွှတ်တမ်း ဖက်ထားရင်းက တံခါးဝကို တစ်ချက်ကလေးတောင် မရပ်ဘဲ လျှောက်သွားပါတယ်။
ကလိုင်းဟာ လူကြီးမင်း ဒူဝီဗိုဘေးက အဖြူရောင်ရေးရေး ရုပ်သွင်ဟာ လက်ဆန့်ပြီး သူ့မိဘတွေနဲ့ ထွက်သွားချင်တာကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ သူ့မိဘတွေရဲ့ အပြုံးက သာမန်မဟုတ်လောက်တဲ့အထိ တောက်ပလွန်းပြီး တစ်ချက်ကလေးတောင် နောက်လှည့်မကြည့်ပါဘူး။
အဖြူရောင်ရေးရေး ရုပ်သွင်ဟာ တဖြည်းဖြည်း ဝေဝါးပြီး နောက်ဆုံး လုံးဝ ပျောက်ကွယ်သွားပါတယ်။
ကလိုင်းဟာ ဧည့်ခန်းထဲမှာရှိတဲ့ အေးစက်တဲ့ ခံစားချက်က ရုတ်ခြည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာကို ခံစားမိလိုက်ပါတယ်။
အစကနေ အဆုံးအထိ သူဟာ တိတ်တဆိတ် ထိုင်နေပြီး ဘာမှ ဝင်မပြောပါဘူး။
“ရဲအရာရှိ... ကျွန်တော် နေလို့ထိုင်လို့ ပိုကောင်းသွားပြီ... အခု ကျွန်တော်ရဲ့ အိမ်တော်ထိန်း အိမ်စေတွေနဲ့ ကိုယ်ရံတော်တွေပါ အဲဒီငိုသံနဲ့ ညည်းသံကို ဘာဖြစ်လို့ ကြားရတာလဲဆိုတာ ရှင်းပြပေးပါဦး... ဒါက ကျွန်တော်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ သက်သက်ချည်း မဟုတ်ဘူးမလား” ဒူဝီဗိုဟာ သူ့ကို စပ်စပ်စုစု ကြည့်ပါတယ်။
အမှန်တရားကို သိတဲ့ ရဲအုပ်ထော်ဟာ ရုတ်ခြည်း ရင်ထိတ်သွားပါတယ်။
ကလိုင်းဟာ မျက်နှာတစ်ချက် မပျက်ဘဲ ဖြေပါတယ် “စိတ်ပညာမှာ ဒီလိုအဖြစ်အပျက်မျိုးကို လူအများ စိတ်ချောက်ချားတဲ့ ဖြစ်စဉ်လို့ ခေါ်တယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။