စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်
Vol. 10 Ch. 92
“လူအများ စိတ်ချောက်ချားတဲ့ ဖြစ်စဉ်...” ဒီရက်ထဲမှာ စိတ်ရောဂါကု ဆရာဝန်တွေ အများကြီးနဲ့ တွေ့ထားတဲ့ လူကြီးမင်း ဒူဝီဗိုဟာ ကလိုင်းပြောတဲ့ အသုံးအနှုန်းကို စဉ်းစားပါတယ်။
တော်တော်လေး သိချင်နေပေမဲ့ သူရဲ့ ခွင့်ပြုချက် မရှိတာကြောင့် သူ့ရဲ့ အိမ်တော်ထိန်း၊ ကိုယ်ရံတော်တွေနဲ့ အိမ်စေတွေဟာ ဘာအသံမှ မထွက်ကြပါဘူး။
ရဲတပ်ကြပ်ဂိတ်ကလည်း ကလိုင်းကို သံသယနဲ့ ကြည့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအသုံးအနှုန်းမျိုးကို သူ တစ်ခါမှ မကြားဖူးဘူးလို့ပါ။
ကလိုင်းဟာ ကုလားထိုင် လက်ရန်းကို လက်နဲ့ မတောက်မိအောင် စိတ်ထိန်းပြီး တည်တည်ငြိမ်ငြိမ် ရှင်းပြပါတယ်။
“လူသားတွေက သူတို့ရဲ့ အာရုံခံအင်္ဂါ အစိတ်အပိုင်း အရူးလုပ်တာကို လွယ်လွယ်လေး ခံရတယ်... လူအများ စိတ်ချောက်ချားတယ် ဆိုတာက စိတ်ဖိစီးမှုများတာနဲ့ တခြားအကြောင်းရင်းတွေကြောင့် ဖြစ်လာတဲ့ စိတ်ရောဂါ တစ်မျိုးပဲ... အုပ်စုတစ်စုထဲမှာရှိတဲ့ လူတွေ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လွှမ်းမိုးပြီး ဖြစ်လာတာ”
သူ ပြောလိုက်တဲ့ စကားက လူကြီးမင်း ဒူဝီဗို၊ ရဲတပ်ကြပ်ဂိတ်နဲ့ ကျန်တဲ့လူတွေကို ခေါင်းရှုပ်သွားစေပြီး သူ့စကားကို အလိုလို ယုံကြည်သွားစေပါတယ်။
“ဥပမာပေးပြီး ပြောပြမယ်... ကျွန်တော် အရင်က ကိုင်ခဲ့တဲ့ အမှုတစ်ခုပဲ... လူတစ်ယောက်က ဧည့်သည် ၃၅ ယောက် ဖိတ်ပြီးတော့ ညနေစာ စားပွဲ ကျင်းပတယ်... ပွဲမပြီးခင်မှာ သူ ရုတ်တရက် အော်ဂလီဆန်လာပြီး စားထားတာတွေ အန်ထွက်တယ်... အဲဒါပြီးတော့ ဝမ်းလျှောတယ်... အဲဒီလို သုံးလေးခါဖြစ်တော့ သူ အစာဆိပ်သင့်တယ်လို့ ယုံသွားရော... အဲဒါနဲ့ ဆေးရုံကိုသွားတဲ့လမ်းမှာ အဲဒီအကြောင်း တခြား ဧည့်သည်တွေကို ပြောပြတယ်”
“နောက် ၂ နာရီအတွင်း ဧည့်သည် ၃၀ ကျော် ဝမ်းသွားပြီး ၂၆ ယောက်က ပျို့အန်ချင်သလိုလို ဖြစ်လာတယ်... တစ်ခါတည်း အရေးပေါ်ခန်း တစ်ခန်းလုံး ပြည့်လျှံထွက်သွားတာပဲ”
“ဆရာဝန်တွေက သေသေချာချာ စစ်ဆေးကြည့်ပြီး ပထမဆုံးလူက အစာအဆိပ်သင့်တာ မဟုတ်ဘူးလို့ ကောက်ချက် ချကြတယ်... တကယ်က ရာသီဥတု အပြောင်းအလဲနဲ့ အရက်အေးကြောင့် အစာအိမ်ရောင်တာ”
“အံဩစရာ အကောင်းဆုံးက ဆေးရုံကို ရောက်လာတဲ့ ဧည့်သည်မှန်သမျှ တစ်ယောက်မှ အစာအဆိပ် မသင့်ဘူး... တကယ်တော့ ဘယ်သူမှ နေမကောင်းဖြစ်တာ မဟုတ်ဘူး... အဲဒါကို လူအများ စိတ်ချောက်ချားတာလို့ ခေါ်တယ်”
ဒူဝီဗိုဟာ မသိမသာ ခေါင်းညိတ်ပါတယ် “ကျွန်တော် နားလည်ပြီ... လူသားတွေက သူတို့ကိုယ်သူတို့ အလွယ်လေး လိမ်ညာနိုင်ကြတယ်... အလိမ်အညာတစ်ခုက အကြိမ်တစ်ရာလုပ်ရင် အမှန်ဖြစ်လာတယ်လို့ ဧကရာဇ်ရစ်ဆဲလ် ပြောခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး”
“ရဲအရာရှိ... ကျွန်တော် ရဲအရာရှိကို ဘယ်လိုခေါ်ရမလဲ... ရဲအရာရှိက ကျွန်တော် တွေ့ဖူးသမျှထဲမှာ ပရော်ဖက်ရှင်နယ် အကျဆုံး စိတ်ရောဂါကု ဆရာဝန်ပဲ”
“ရဲအုပ် မိုရက်တီ...” ကလိုင်းဟာ သူ့ပခုံးဒေါက်ကို ထိုးပြပြီး ဖြေပါတယ်။ အဲဒီနောက်...။
“လူကြီးမင်း... အခု ပြဿနာကို ယာယီ ဖြေရှင်းပြီးပြီဆိုတော့ အိပ်ဖို့ ကြိုးစားကြည့်ပါ... အဲဒါမှ ပြဿနာ တစ်ခုခု ရှိသေးလားဆိုတာ ကျွန်တော် ဆုံးဖြတ်လို့ရမှာ... တကယ်လို့ လူကြီးမင်း ကောင်းကောင်း အိပ်နိုင်တယ်ဆိုရင် ကျွန်တော်တို့တွေ လူကြီးမနိုးခင် ပြန်သွားတော့မယ်... ကြိုပြီးနှုတ်ဆက်ပါတယ်”
“ဟုတ်ကဲ့ပါ” ဒူဝီဗိုဟာ နဖူးကို နှိပ်ပြီး လက်ကိုင်တုတ်ကို ယူကာ အပေါ်ထပ်က သူ့အိပ်ခန်းဆီ တက်သွားပါတယ်။
နာရီဝက်ကြာတဲ့အခါ ရဲမြင်းလှည်းဟာ ဒူဝီဗိုရဲ့အိမ်ကနေ ထွက်လာပါတယ်။
ရဲတပ်ကြပ်ဂိတ် လမ်းမှာ ဆင်းသွားတဲ့အခါ ရဲအုပ်ထောလ်ဟာ ကလိုင်းကို ကြည့်ပြီး စောဒက တက်ပါတယ် “ငါတောင် မင်းက စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဆိုတာကို ယုံသွားတယ်”
ရဲအုပ်ထောလ်ဟာ စကား မဆုံးခင်မှာဘဲ ကလိုင်းရဲ့ မျက်နှာက ခံစားချက် ကင်းမဲ့နေတာကို တွေ့လိုက်ရပါတယ်။ သူ့မျက်လုံးတွေဟာ သမုဒ္ဒရာလို နက်နဲပြီး ကန်ရေပြင်လို ငြိမ်သက် အေးချမ်းနေပါတယ်။ သူဟာ ဟန်လုပ်ပြုံးပြီး...။
“အရင်တုန်းက အတွေ့အကြုံ နည်းနည်းပါးပါး ရှိခဲ့လို့ပါ”
ရဲအုပ်ထောလ်ဟာ တိတ်ဆိတ်သွားပါတယ်။ အမှတ် ၃၆ ဇိုးတလန်လမ်းကို ရောက်မှပဲ စကား ထပ်ပြောပါတယ်။
“ကူညီပေးတဲ့အတွက် ကျေးဇူးပဲ... နောက်ဆုံးတော့ လူကြီးမင်း ဒူဝီဗို စိတ်အေးလက်အေး အိပ်နိုင်ပြီ...” ရဲအုပ်ထောလ်ဟာ လက်ဆန့်ပြီး ကလိုင်းနဲ့ လက်ဆွဲ နှုတ်ဆက်ပါတယ် “ဒန်းကို ငါ့ကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါ”
ကလိုင်းဟာ မသိမသာ ခေါင်းညိတ်လိုက်ပါတယ် “ကျွန်တော် ပြောလိုက်ပါ့မယ်”
အဲဒီနောက် သူဟာ မြင်းလှည်းပေါ်က ဆင်းပြီး လှေကားကနေ အပေါ်တက်ကာ ဆူးနက် လုံခြုံရေးကုမ္ပဏီဆီ ပြန်ရောက်သွားပါတယ်။ အဲဒီနောက် သူဟာ တံခါးခေါက်ပြီး ကပ္ပတိန်ရဲ့ ရုံးခန်းထဲ ဝင်ပါတယ်။
“ပြီးသွားပြီလား” နေ့လယ်စာ စားဖို့ စောင့်နေတဲ့ ဒန်းစမစ်က မေးပါတယ်။
“ပြီးသွားပြီ” ကလိုင်းဟာ နဖူးကို နှိပ်ရင်း လိုရင်းတိုရှင်း ပြောပါတယ် “ပြဿနာရဲ့ ရင်းမြစ်က လူကြီးမင်း ဒူဝီဗို လက်အောက်မှာရှိတဲ့ ခဲနဲ့ကြွေ စက်ရုံတွေက လာတာ... အဲဒီစက်ရုံတွေ တည်ထောင်ကတည်းက ဒီနေ့အချိန်အထိ ခဲဆိပ်သင့်လို့ သေတဲ့လူတွေ အများကြီးပဲ... အဲဒီ မတော်တဆမှုတိုင်းက လူကြီးမင်း ဒူဝီဗိုဆီမှာ မကျေနပ်ချက် စိတ်ဝိညာဉ် စွမ်းအားတွေ ချန်ထားခဲ့တယ်”
“ပုံမှန်ဆိုရင် ဒါက ပြဿနာကြီး မဟုတ်ပါဘူး... အများဆုံး အိပ်မက်ဆိုး မက်ရုံလောက်ပဲ” ဒန်းစမစ်ဟာ ဒီလိုကိစ္စမျိုးတွေ ကြုံဖူးပါတယ်။
ကလိုင်းဟာ မသိမသာ ခေါင်းညိတ်ပါတယ် “ဟုတ်တယ်... ပုံမှန်ဆိုရင် ပြဿနာ မရှိဘူး... ဒါပေမဲ့ ကံဆိုးချင်တော့ လူကြီးမင်း ဒူဝီဗိုက လမ်းမှာ ခဲဆိပ်သင့်ပြီး သေသွားတဲ့ အလုပ်သမ တစ်ယောက်နဲ့ တိုးသွားတယ်... အဲဒီအလုပ်သမားက လမ်းပေါ်မှာ လဲကျသွားတုန်း ဒူဝီဗိုမိသားစု တံဆိပ်ကို ရိပ်ခနဲ မြင်လိုက်တယ်... သူ့မှာ ပြင်းထန်တဲ့ မကျေနပ်ချက်တွေ စိုးရိမ်သောကတွေ အားကောင်းတဲ့ ဆန္ဒတွေ ရှိတယ်... လူကြီးမင်း ဒူဝီဗိုက သူ့မိဘတွေ အစ်ကိုနဲ့ ညီမတွေကို ပေါင် ၃၀၀ လျော်ကြေး ပေးလိုက်မှပဲ သူ့ခံစားချက်တွေ လွင့်ပါး ပျောက်ကွယ်သွားတယ်”
“ဒါက လူမှုအသိုင်းအဝိုင်း ပြဿနာပဲ... ရေနွေးငွေ့နဲ့ စက်ယန္တရားခေတ်မှာ ဒါတွေက မရှားဘူး” ဒန်းစမစ်ဟာ ဆေးတံထုတ်ပြီး ဆေးခြောက်နံ့ခံကာ သက်ပြင်းချပါတယ် “စိုထိုင်းတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရတဲ့ ပိတ်ချောလုပ်ငန်းက အလုပ်သမားတွေလည်း ချောင်းဆိုးရင်ကျပ်နဲ့ အပယိက ဖျားနာမှုတွေ ဖြစ်တယ်...”
“ပေါင်ဒါမှုန်နဲ့ ဖုန်မှုန့်တွေ ထူထပ်တဲ့ စက်ရုံတွေကတော့... အဲဒီဖုန်မှုန့်တွေ အဆိပ်မရှိရင်တောင် အဆုတ်မှာ စုပုံလာတာပဲ... ဟင်း... ငါတို့တွေ ဒီအကြောင်းကို ပြောဖို့ မလိုဘူး... နိုင်ငံ တိုးတက်လာတာနဲ့အမျှ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ... ကလိုင်း... ဒီနေ့ည စားသောက်ဆိုင်တစ်ဆိုင် ရှာပြီး မင်း တရားဝင် အဖွဲ့ဝင် ဖြစ်လာတာကို အောင်ပွဲခံကြရအောင်”
ကလိုင်းဟာ ခဏတွေးပြီး...။
“မနက်ဖြန်ကျမှ လုပ်ပါလား ကပ္ပတိန်... ဒီနေ့ ကျွန်တော် စိတ်ဝိညာဉ်အာရုံ သုံးတာ နည်းနည်း များသွားတယ်... နောက်ပြီး အိပ်မက်ဗေဒင်သုံးပြီး အဲဒီ မကျေနပ်မှုတွေနဲ့ တိုက်ရိုက် ထိတွေ့ခဲ့တော့ အားကုန်သလို ဖြစ်နေတယ်... အခု ကျွန်တော် အိမ်ပြန်ပြီး အနားယူချင်တယ်... အဲဒါ အဆင်ပြေမလား မသိဘူး... ပြီးရင် ကျွန်တော် ဗေဒင်ကလပ်ကို ညနေ ၄ နာရီ ၅ နာရီလောက် သွားပြီး ဟန်းနစ်ဗင်းဆင့် ရုတ်တရက် သေသွားတာကို ကလပ်သားတွေ ဘယ်လို တုံပြန်မလဲဆိုတာ ကြည့်လိုက်မယ်လေ”
“ရတယ်... ဘာမှမဖြစ်ဘူး...” ဒန်းစမစ်ဟာ ရယ်မောပြီး... “အဲဒီတော့ မနက်ဖြန်ညပေါ့... ဝေလ်ကြီး စားသောက်ဆိုင်မှာ သွားစားကြမယ်... ငါ ရိုဇန်းကို စာရင်း ကြိုပေးခိုင်းထားလိုက်မယ်”
ကလိုင်းဟာ ရဲဦးထုပ်ချွတ်ပြီး အလေးပြုပါတယ် “ကျေးဇူးပါပဲ ကပ္ပတိန်... မနက်ဖြန်မှ တွေ့ကျတာပေါ့”
ဒန်းစမစ်ဟာ လက်မြှောက်ပြီး...။
“နေဦး... လူကြီးမင်း ဒူဝီဗိုက အဲဒီအလုပ်သမရဲ့ မိဘတွေကို ပေါင်သုံးရာ လျော်ကြေးပေးလိုက်တယ်လို့ မင်း ပြောလိုက်တယ်နော်”
“ဟုတ်တယ်” ကလိုင်းဟာ ခေါင်းညိတ်ပြီး ကပ္ပတိန်က ဘာလို့ ဒီကိစ္စအကြောင်း မေးလဲဆိုတာ ချက်ချင်း သဘောပေါက်သွားပါတယ် “ကပ္ပတိန်က ဒီပိုက်ဆံကြောင့် သူတို့တွေ ပြဿနာတက်မှာကို စိုးရိမ်တာလား”
ဒန်းစမစ်ဟာ သက်ပြင်းချပါတယ်။
“ဒီလိုကိစ္စမျိုးတွေကို ငါ ကြုံဖူးပေါင်း များလှပြီ... ငါ့ကို သူတို့ရဲ့လိပ်စာပေး... ငါ ကင်လီကို သူတို့တွေ ထင်းဂန်မြို့ကနေ ထွက်ပြီး တခြားမြို့တစ်မြို့မှ ဘဝသစ်စဖို့ စီစဉ်ခိုင်းလိုက်မယ်”
“ဟုတ်ကဲ့” ကလိုင်းဟာ အသံနက်နဲ့ ဖြေပါတယ်။
အကုန်လုံး ပြီးစီးသွားတဲ့အခါ သူဟာ ဒန်းစမစ်ရုံးခန်းထဲက ထွက်ပြီး မျက်နှာချင်းဆိုင် ထောင့်ဖြတ်က နားနေခန်းထဲ ဝင်ပါတယ်။ အဲဒီနောက် အဝတ်အစား ပြန်လဲပြီး ရဲဝတ်စုံကို သူ့ကိုယ်ပိုင် သော့ခတ်အံ့ဆွဲထဲ ထည့်သိမ်းလိုက်ပါတယ်။
ကလိုင်းဟာ အများသုံး မြင်းလှည်းစီးပြီး ဒက်ဖဒိုလမ်းဆီ ပြန်ပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ ကုတ်အင်္ကျီနဲ့ သက္ကလပ်ဦးထုပ် ချွတ်ပြီး မနေ့ညက ကျန်တာတွေ ပြန်နွေးပါတယ်။ အဲဒီနောက် နောက်ဆုံးကျန်တဲ့ ပေါင်မုန့်ဖြူနဲ့ အတူစားပြီး ဗိုက်ဖြည့်ပါတယ်။
ပြီးတဲ့အခါမှာတော့ အပေါ်ထပ်တက် သူ့အခန်းထဲဝင် အင်္ကျီချိတ်ပြီး အိပ်ရာပေါ် ပစ်လှဲလိုက်ပါတယ်။
သူ ပြန်နိုးလာလို့ အိတ်ဆောင်နာရီကို ကြည့်လိုက်တဲ့အခါ နှစ်ချက်ကျော်သွားပါပြီ။ ကောင်းကင်ယံက နေမင်းကြီးရဲ့ အလင်းရောင်ဟာ တိမ်တွေကို ထိုးဖောက်ပြီး ထင်းဂန်မြို့တစ်မြို့လုံးပေါ် ကျဆင်းနေပါတယ်။
ကလိုင်းဟာ စားပွဲဘေး မတ်တတ်ရပ်ပြီး လေသာပြတင်းပေါက်ကနေ အပြင်ဘက်ကို ကြည့်ပါတယ်။ အဝတ်အစား ဟောင်းဟောင်းနွမ်းနွမ်းနဲ့ လမ်းသွားလမ်းလာတွေဟာ သံကြက်ခြေခတ်လမ်းထဲ ဝင်လိုက် ထွက်လိုက်နဲ့ အလုပ်များနေကြပါတယ်။
“ဟူး...” သူဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး နောက်ဆုံးမှာ စိတ်ဓာတ်ကျတာကို အနိုင်ယူနိုင်လိုက်ပါတယ်။
ခရီးစဉ်တိုင်းက ခြေတစ်လှမ်းကနေ စရတာချည်းပါပဲ။ သူ့ဆုံမှတ်လမ်းကြောင်းကလည်း တစ်ဆင့်ချင်းစီ တက်ရပါတယ်။ အရာအားလုံးက ဒီသဘောထား အတိုင်း ဖြစ်ပျက်နေတာပါ။
သူဟာ ခေါင်းခါပြီး ထိုင်ခုံမှာ ထိုင်ပါတယ်။ အဲဒီနောက် ဒီတစ်ပတ်မှာ ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးပြီး အကျဉ်းချုပ်ပါတယ်။ ဒါမှ အရေးကြီးတဲ့ အချက်အလက်တွေ စိတ်ထဲ စွဲနေပြီး မမေ့မှာပါ။
သုံးနာရီမထိုးခင် ငါးမိနစ်အလို။
အတောမသတ်နိုင်အောင် ကျယ်ပြောပြီး ဝေဝါး တိတ်ဆိတ်တဲ့ ဖြူမှိုင်းမှိုင်း မီးခိုးရောင် မြူခိုးထက်မှာ ခမ်းနားကြီးကျယ်တဲ့ နန်းတော်တစ်ဆောင် မားမားမတ်မတ် တည်ရှိနေပါတယ်။ ရှေးကျတဲ့ ကြေးစားပွဲတစ်လုံးကလည်း အဲဒီမှာ ရှိနေပြီး အဲဒီစားပွဲရှည်ရဲ့ ခေါင်းဆောင်နေရာမှာတော့ ထူထဲတဲ့ မီးခိုးရောင်မြူခိုးတွေ ဖုံးအုပ်နေတဲ့ လူတစ်ယောက် ထိုင်နေပါတယ်။
ကလိုင်းဟာ ကုလားထိုင်မှာ နောက်မှီထိုင်ပြီး စဉ်းစားနေပါတယ်။ ရုတ်တရက် သူဟာ လက်ဆန့်ပြီး တရားမျှတမှုနဲ့ လူဇောက်ထိုးကို ကိုယ်စားပြုတဲ့ ကြယ်သွေးရောင်ကြယ်တွေကို တို့လိုက်ပါတယ်။
...
ဘက်ကလင်၊ ဧကရီမြို့နယ်။
အော်ဒရီဟာ အဝတ်အစားကို မပြီး အိပ်ခန်းဆီ ခပ်သွက်သွက် လျှောက်သွားပါတယ်။
ရုတ်တရက် သူမဟာ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် ဘေးဘက်ကို လှမ်းကြည့်လိုက်တဲ့အခါ လသာဆောင်ရဲ့ အရိပ်ထဲမှာ ထိုင်နေတဲ့ အရိပ်တစ်ရိပ်ကို တွေ့လိုက်ရပါတယ်။ သူမ ထင်ထားတဲ့အတိုင်း ဆူဇီ ဖြစ်နေပါတယ်။ ဆူဇီဟာ အရိပ်ထဲမှာ တိတ်တိတ်လေးထိုင်ပြီး ထုံးစံအတိုင်း သူမကို ကြည့်နေပါတယ်။
အော်ဒရီဟာ သက်ပြင်းချပြီး ရင်ဘက်မှာ ကြက်သွေးရောင်လပုံ တို့လိုက်ပါတယ်။ အဲဒီနောက် သူမဟာ ရွှေရောင်အမွေးနဲ့ခွေးဆီ လျှောက်သွားပြီး ဆုံးမစကား ဆိုပါတယ်။
“ဆူဇီ... ဒါ မဟုတ်သေးဘူးနော်... ဒါက ချောင်းကြည့်တာ... ပွဲကြည့်သမားက ချောင်းမကြည့်ဘူး... ပေါ်တင်ကြည့်တာ”
ရွှေရောင်အမွေးနဲ့ခွေးဟာ ခေါင်းမော့ပြီး သူ့သခင်ကို ကြည့်ကာ အမြီးနန့်ပြပါတယ်။
သူ့ခွေးကို ဆုံးမစကား ပြောပြီးနောက် အော်ဒရီဟာ အချိန်ထပ်မဆွဲတော့ဘဲ အိပ်ခန်းဆီ ဆက်လျှောက်ပါတယ်။
တံခါးဖွင့်ပြီး ပြန်ပိတ်တဲ့ သုံးလေးစက္ကန့်အတွင်းမှာပဲ သူမရဲ့ ခေါင်းထဲကို ထူးဆန်းတဲ့ အတွေးတစ်ခု ရုတ်တရက် ဝင်လာပါတယ်။
‘မစ္စတာအရူးက ဆူဇီကို လျှို့ဝှက်ဆန်းကြယ် နေရာထဲ ဝင်ခွင့်ပေးမလား မသိဘူး... အဲဒါဆိုရင် တဲရော့တွေ့ဆုံပွဲက လေးယောက် ဖြစ်သွားလိမ့်မယ်... လေးယောက်စလုံးက သာလွန်သူတွေ...’
‘မဖြစ်နိုင်ဘူး... ဆူဇီက စကားမပြောနိုင်ဘူး... သူဆီက အမြင်တောင်းတာတို့ ဘယ်လိုတွေးလဲ မေးတာတို့ဆိုရင် ဘယ်လိုလုပ်မလဲ... ဝုတ်..ဝုတ်..ဝုတ်... အူ..အူ..အူ... အဲဒီလို အော်မှာလား... ဟင်... ငါက ဒီနေရာမှာ ဘာလို့ ခွေးသံတူ လုပ်နေတာလဲ’
‘အဲဒီလို မြင်ကွင်းမျိုးကို တွေးကြည့်ရုံနဲ့တင် တော်တော် ထူးဆန်းနေပြီ... လျှို့ဝှက်ဆန်းကြယ်ပြီး လေးနက်တည်ကြည်တဲ့ တွေ့ဆုံပွဲမှာ ခွေးဟောင်သံ ရုတ်တရက် ပေါ်လာရင်... မစ္စတာအရူးက သေချာပေါက် ငါတို့ကို တဲရော့တွေ့ဆုံပွဲကနေ တစ်ခါတည်း ထုတ်ပစ်လိမ့်မယ်...’
အော်ဒရီဟာ တံခါးကို သော့ခတ်ပြီး ခုတင်ဘေးမှာ ထိုင်ပါတယ်။ အဲဒီနောက် ခေါင်းအုံးအောက်ကနေ ညိုဝါရောင် စာရွက်ဟောင်း တစ်ရွက်ကို ထုတ်ယူလိုက်ပါတယ်။ သူမဟာ အဲဒီစာရွက်ကို ထပ်တလဲလဲ ဖတ်ပြီး ပွဲကြည့်သမား အခြေအနေထဲ ဝင်ပါတယ်။
...
ဆိုနီယာပင်လယ်ပြင်ရဲ့ တစ်နေရာမှာ ရွက်သင်္ဘောဟောင်း တစ်စင်းဟာ သောတရှင်နောက် လိုက်နေပါတယ်။ ဒီရွက်သင်္ဘောဟာ ရို့စတက်ကျွန်းစုကနေ ထွက်ခွာခဲ့ပါပြီ။
သင်္ဘောသမား အယ်ဂျာဝဲလ်ဆင်ဟာ နံရံမှာချိတ်ထားတဲ့ စက်နာရီက အချိန်မှားမှာစိုးတဲ့အတွက် ကပ္ပတိန်အခန်းထဲကို နာရီဝက် ကြိုရောက်နေပါတယ်။ အချိန်မှားတွက်မိရင် သူ့လက်အောက်ငယ်သားတွေ သူ တဲရော့တွေ့ဆုံပွဲထဲ ဆွဲခေါ်ခံရတာကို မြင်သွားမှာစိုးလို့ပါ။
သူ့ရှေ့မှာ ကြည်လင်တဲ့ အရက်ခွက်တစ်ခွက် ရှိနေပါတယ်။ သင်းပျံ့တဲ့ရနံ့က သူ့နှာခေါင်းထဲကို တိုးဝင်လာပါတယ်။
အယ်ဂျာဟာ မကြာခင် ရောက်လာတော့မဲ့ တွေ့ဆုံပွဲ၊ အဆုံးမရှိတဲ့ မြူခိုးတွေနဲ့ မိုးခိုးရောင် မြူခိုးအလယ်မှာ ထိုင်နေတဲ့ လျှို့ဝှက်ဆန်းကြယ် အရူးကို တွေးမိပြီး ကြက်သီးမွေးညင်း ထသွားပါတယ်။
သူဟာ ဖန်ခွက်ကို မြှောက်ပြီး တစ်ငုံသောက်ကာ လည်ချောင်းတစ်လျှောက် ပူဆင်းသွားတဲ့ ခံစားချက်နဲ့ သူ့ရင်ထဲမှာ ဂယက်ထနေတဲ့ ခံစားချက်တွေကို ငြိမ်သက်စေပါတယ်။
မကြာခင်မှာပဲ သူဟာ ပြန်တည်ငြိမ်သွားပါတယ်။ ဘာကိုမှ ဂရုမစိုက်တဲ့ ဘာလာလာ ရင်ဆိုင်မဲ့ မျက်နှာမျိုး ပြန်ဖြစ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။