← Chapters

ဒိုင်ယာရီ အသစ်တစ်ရွက်

Vol. 10 Ch. 93

ဒိုင်ယာရီ အသစ်တစ်ရွက်

Vol. 10 Ch. 93

မီးခိုးရောင် မြူခိုးထက်က ဧရာမကျောက်တိုင်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ နတ်သဘင်အလား ခမ်းနားထည်ဝါတဲ့ ခန်းမမှာ နီမှောင်ရောင် အစက်နှစ်စက်ကနေ ရှေးဟောင်း ကြေးစားပွဲရှည်ဘေးမှာ ဘေးချင်းယှဉ်လျက် ရပ်နေတဲ့ ခပ်ရေးရေး လူသားရုပ်သွင်နှစ်သွင် ပေါ်လာပါတယ်။

“မင်္ဂလာ နေ့ခင်းပါ မစ္စတာအရူး...” ဝေဝါးနေရာကနေ ပြတ်သားလာတဲ့ အော်ဒရီက ဦးညွှတ်ပြီး အပြုံးနဲ့ နှုတ်ဆက်ပါတယ် “ဒီမှာ ဝိုင်မရှိတာ ဆိုးတယ်... မဟုတ်ရင် ကျွန်မတို့တွေ အစီအရင် စမ်းသပ်မှု အောင်မြင်တာကို ခွက်မြှောက်ပြီး မင်္ဂလာ ယူလို့ရတယ်”

“လူကြီးမင်းက ကျွန်တော်တို့ ထင်ထားတာထက် စွမ်းအားပိုကြီးတာပဲ” အယ်ဂျာဝဲလ်ဆင်ကလည်း ချီးကျူးပါတယ်။

ကလိုင်းဟာ ထုံးစံအတိုင်း ထူထဲတဲ့ မြူခိုးတွေ ဝန်းရံနေပါတယ်။ သူဟာ ညာလက်ကို အောက်ချပြီး သာမန်ကိစ္စ တစ်ခုလိုမျိုး သာမန်လေသံနဲ့ ပြောပါတယ်။

“ကောင်းတယ်... ဒါက ငါတို့တွေ ထူးကဲတဲ့ လမ်းပေါ်ကို ရောက်နေပြီလို့ ပြတာပဲ... အကြောင်းတစ်ခုခုကြောင့် မင်းတို့တွေ လာမဲ့တနင်္လာနေ့တွေမှာ တွေ့ဆုံပွဲ မတတ်နိုင်ဘူးဆိုရင် ဒီအစီရင်လုပ်ပြီး ငါ့ကို သတင်းပေးချည်... မင်းတို့လုပ်ရမှာက ‘အိပ်မက်ကောင်း မက်ဖို့ ဆုတောင်းပါတယ်’ ဆိုတဲ့နေရာမှာ ပြင်ပြောရုံပဲ”

“ဟုတ်ကဲ့ပါ” အော်ဒရီဟာ ချက်ချင်း သဘောတူပါတယ် “မစ္စတာအရူး... ကျွန်မ ဧကရာဇ်ရစ်ဆဲလ် ဒိုင်ယာရီရဲ့ နောက်တစ်ရွက် ရထားတယ်... ကျွန်မ လူကြီးမင်းကို အကြွေးတစ်ရွက် တင်နေတယ်မလား”

“ဒီတစ်ပတ်က ကျွန်တော် ကုန်းမြေနဲ့ ဝေးနေတော့ အသစ်တစ်ရွက်မှ ရှာမတွေ့ဘူး” အယ်ဂျာဟာ ညာလက်ကို ရင်ဘက်နားထားပြီး ဦးညွှတ် တောင်းပန်ပါတယ်။

“ရတယ်... ဒါက အချိန်အကြာကြီး ကြာလိမ့်မယ်ဆိုတာ ငါ သိတယ်” ကလိုင်းဟာ ကုလားထိုင်မှာ နောက်မှီထိုင်ပြီး ကုလားထိုင် လက်ရန်းကို လက်ညှိုးနဲ့ တောက်ပါတယ်။ သူဟာ မစ္စတရားမျှတမှုကို ကြည့်ပြီး... “ဒိုင်ယာရီထဲမှာ ပါတာကို အခု ဖော်ပြလို့ရပြီ”

အော်ဒရီဟာ ဦးအသာညွှတ်ပါတယ် “လူကြီးမင်းရဲ့ အလိုအတိုင်းပါ”

သူမရှေ့မှာ ဖော့ပင်တစ်ချောင်း ရုတ်တရက် ပေါ်လာပါတယ်။ သူမဟာ ခေါင်းထဲမှာ မှတ်ထားတဲ့ သင်္ကေတတွေကို ပြန်တွေးပြီး အတတ်နိုင်ဆုံး ဖော်ပြနိုင်အောင် ကြိုးစားပါတယ်။

စက္ကန့်ပိုင်းအတွင်းမှာပဲ သိုးသားရေ စာရွက်ပေါ်မှာ စာတွေပြည့်သွားတာကို သူမ မြင်လိုက်ရပါတယ်။ ထူးဆန်းတဲ့ သင်္ကေတတွေဟာ စာရွက်တစ်ရွက်လုံးကို သေသေသပ်သပ် နေရာယူထားပါတယ်။

သူမခေါင်းထဲက မှတ်ထားတာနဲ့ မှန်မမှန် တိုက်စစ်ပြီးနောက် သူမဟာ ဖော့ပင်ကို ချလိုက်ပါတယ် “ပြီးပြီ လူကြီးမင်း”

ကလိုင်း လက်မြှောက်လိုက်တဲ့အခါ သိုးသားရေ စာရွက်က သူ့လက်ဖဝါးပေါ်မှာ ပေါ်လာပါတယ်။ အဲဒီနောက် သူဟာ စာရွက်အပေါ် အကြည့်ရွှေ့ပြီး တည်တည်ငြိမ်ငြိမ်နဲ့ စာ,စဖတ်ပါတယ်။

“ဇူလိုင်လ ၉ ရက်... ငါ စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတစ်ခုကို ရုတ်တရက် တွေးမိတယ်... ဆုံမှတ်လမ်းကြောင်းတွေကို ‘နတ်ဘုရားတွေရဲ့ ကောင်းချီး’ ‘ဘုရားသခင်လမ်း’ လို့‌ခေါ်ပြီး အဲဒီ လမ်းကြောင်း ၂၂ သွယ်ကို ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားတဲ့ ကျောက်ပြားကိုကျတော့ ဘာဖြစ်လို့ ဘုရားသခင်စော်ကား ကျောက်ပြားလို့ ခေါ်ရတာလဲ... စော်ကားတယ်ဆိုတာက စိတ်ဝင်စားဖို့ကောင်းတဲ့ အသုံးအနှုန်းပဲ... အစော်ကားခံရတဲ့လူက ဘယ်သူလဲ”

“ဒီဘုရားသခင်စော်ကား ကျောက်ပြားကို ဘယ်သူ ဖန်တီးခဲ့တာလဲ... အဲဒီလူက ဘယ်လိုလုပ်ပြီး ဆုံမှတ် လမ်းကြောင်း အကုန်လုံးကို ပိုင်ဆိုင်နေရတာလဲ... အဲဒီကျောက်ပြားပေါ်မှာ တခြား ဘာသတင်း အချက်အလက်တွေ ပါသေးလဲ... ငါ တကယ်ကို ကြည့်ချင်မိတယ်...”

“ဇူလိုင်လ ၁၂ ရက်... ငါ ဒီနေ့ နောက်ထပ် အချက်တစ်ချက်ကို သဘောပေါက်လိုက်တယ်... ချိပ်ပိတ်လက်နက်တွေက ဘုရားကျောင်းရဲ့ ယေဘုယျအင်အားအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုပဲ... တချို့ ချိပ်ပိတ်လက်နက်တွေက တော်တော်လေးကို အန္တရာယ်များတယ်ဆိုပေမဲ့ ဘုရားကျောင်းတွေရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဆိုတာက ပြောင်းလဲမသွားဘူး...”

“ဘုရားကျောင်း ၇ ကျောင်းထဲမှာ လက်မှုပညာသည် ဘုရားကျောင်းက ချိပ်ပိတ်လက်နက် အနည်းဆုံးနဲ့ အန္တရာယ်အနည်းဆုံးပဲ... ငါ အနာဂတ်မရှိတဲ့ အဖွဲ့ထဲ ဝင်မိလိုက်တာလား... မဟုတ်ဘူး... ငါ ဒီလိုမျိုး မတွေးသင့်ဘူး... ငါ အတွေးအခေါ်ကို ပြင်သင့်တယ်... ဘာမှ ရေးမထားတဲ့ စာရွတ်လွတ်မှာပဲ ပန်းချီကား ကောင်းကောင်းကို ဆွဲနိုင်မှာ... အဲဒီလိုပဲ အားနည်းတဲ့ အဖွဲ့အစည်းမှာပဲ ငါ့အရည်အချင်းကို အကောင်းဆုံး ထုတ်ပြနိုင်မှာ”

“ဇူလိုင်လ ၁၄ ရက်... ငါ လျှို့ဝှက်ဆန်းကြယ်တဲ့ မစ္စတာ ဇာရဒိုကို ထပ်တွေ့တယ်... သူက ရှေးဟောင်းအဖွဲ့အစည်း လျှို့ဝှက်ဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်နေလိမ့်မယ်လို့ ငါ တစ်ခါမှ အိပ်မက်တောင် မမက်ခဲ့ဖူးဘူး”

ဒီအကြောင်းကို ဖတ်မိလိုက်တဲ့ ကလိုင်းဟာ မျက်ဆံကျဉ်းသွားပြီး သာမန်မဟုတ်တဲ့ အမူအရာ ပေါ်လုနီး ဖြစ်သွားပါတယ်။

ထာဝရညနတ်ဘုရားမ ဘုရားကျောင်းရဲ့ မှတ်တမ်းတွေထဲမှာ ဇာရဒိုမိသားစုက လျှို့ဝှက်ဂိုဏ်းနဲ့ အဆက်အသွယ် တချို့ပဲ ရှိတာပါ။ ဒါပေမဲ့ အခု ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီကနေ လျှို့ဝှက်ဆန်းကြယ် မစ္စတာ ဇာရဒိုက လျှို့ဝှက်ဂိုဏ်းရဲ့ ခေါင်းဆောင်ဆိုတာ သူ သိလိုက်ရပါတယ်။

‘ကြည့်ရတာ လျှို့ဝှက်ဂိုဏ်းက အမြင်ဆရာ ဆုံမှတ်လမ်းကြောင်းကို ပိုင်ဆိုင်တယ်ဆိုတာ မေးခွန်းထုတ်စရာ မလိုတော့ဘူး...’

ကလိုင်း ဒိုင်ယာရီ ဖတ်နေစဉ်မှာ အော်ဒရီဟာ သူ့အကျင့်အတိုင်း လှမ်းကြည့်ပြီး အကဲခတ်ပါတယ်။ သို့ပေမဲ့ ထူထပ်တဲ့ မြူခိုးတွေက သူမရဲ့အမြင်အာရုံကို လုံးဝ ကာထားပါတယ်။

တစ်ခဏ ကြောင်သွားပေမဲ့ အော်ဒရီဟာ ချက်ချင်း သတိပြန်ဝင်လာပြီး တခြား ဝေဝါးနေတဲ့ နီမှောင်ရောင်ကြယ်တွေကို ပြောင်းကြည့်ပါတယ်။

‘ငါက မစ္စတာအရူးကို အကဲခတ်ဖို့ ကြိုးစားတာက ထင်ရာစိုင်းလွန်းတာပဲ... စော်ကားလွန်းတာပဲ... မိုက်မဲလွန်းတာပဲ... တော်သေးတယ်... လူကြီးမင်း စိတ်မဆိုးလို့...’ အော်ဒရီဟာ လူမသိအောင် လျှာထုတ်ပြီး ပြန်သိမ်းကာ ရှူခင်းကို ခံစားသလိုမျိုး ဟန်ဆောင်ပါတယ်။ သံစဉ်သာရှိရင် တစ်ခါတည်း စီးမျောမဲ့ပုံ ရှိပါတယ်။

အယ်ဂျာကတော့ တိတ်တဆိတ် ထိုင်နေပါတယ်။ သူ့အကြည့်က ကြေးစားပွဲရှည်ကနေ တစ်ဖဝါးမှ ခွာမသွားပါဘူး။ သူဟာ နတ်ဘုရားစစ်စစ် တစ်ပါးရဲ့ ရှေ့ကို ရောက်နေသလိုမျိုး သူ့နေရာ သူသိပါတယ်။

ကလိုင်းဟာ အတွေးစဖြတ်ပြီး ဒိုင်ယာရီ စာရွက်ရဲ့ ကျန်တဲ့အပိုင်းကို ဆက်ဖတ်ပါတယ်။

“ငါ ပညာရှိ ဖြစ်လာမှန်းလည်း သိရော မစ္စတာ ဇာရဒိုက ပြောတယ်... ငါက ခက်ခဲပေမဲ့ ဘေးကင်းတဲ့လမ်းကို ရွေးလိုက်တာတဲ့... ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ မေးကြည့်တော့ သူက ငါ့ကို ပြုံးပြပြီး ဆုံမှတ်လမ်းကြောင်းတွေထဲမှာ ငါ စိတ်ကူးနိုင်တာထက်လွန်တဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်လို့ ပြောတယ်... အဲဒါနဲ့ ငါလည်း မနေနိုင်ဘဲ သူ့ဆုံမှတ်လမ်းကြောင်းက ဘာလဲလို့ မေးမိလိုက်တယ်... သူက ပြန်ဖြေပါတယ်... ဆုံမှတ် ၉ အမြင်ဆရာတဲ့”

“ငါလည်း သူ့ကို အမြင်ဆရာတိုင်းက အမှန်တစ်ဝက်ပဲ ပြောပြီး ဘယ်တော့မှ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မပြောဘူးလို့ တမင် လှောင်ပြောင်လိုက်တယ်... နောက်ပြီး သူက အဆင့်မြင့် ဆုံမှတ်ကို ရောက်နေတဲ့ သာလွန်သူဆိုတာ ငါ သိတယ်... သူ ဒီလိုမျိုး အမြင်ဆရာတစ်ယောက်လို ဆက်ပြီးတော့ သရုပ်ဆောင်နေစရာမှ မလိုတာ”

“မစ္စတာ ဇာရဒိုက ငါ့ကို ပြောတယ်... အဲဒါက သူ အမြင်ဆရာတုန်းက ရခဲ့တဲ့ အကျင့်တစ်ခုတဲ့... အဲဒီနည်းလမ်းကို သိချင်လို့ပဲ ငါ သူနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ခဲ့တာ... သူက ငါ့ကို လက်မှုပညာသည် ဘုရားကျောင်းဆီက အန်တီဂိုနပ်မိသားစုရဲ့ အမွေအနှစ်တစ်ခုဖြစ်တဲ့ အန္တရာယ်ရှိ ချိပ်ပိတ် ပစ္စည်းတစ်ခုကို ခိုးယူတဲ့နေရမှာ ကူညီပေးစေချင်တယ်”

“အရှင်းကြီးပါ... အဲဒီလိုဖြစ်ဖို့က ငါ လက်မှုပညာသည် ဘုရားကျောင်းရဲ့ အဓိကအဖွဲ့ဝင် ဖြစ်လာမှ ရမှာ... ငါ သရုပ်ဆောင်တဲ့ နည်းလမ်းနဲ့ ဆေးရည်ကို ချေဖျက်မယ်ဆိုရင် ဘယ်လောက်ကြာမလဲ... ဆေးရည်ကို လုံးဝ ချေဖျက်ပြီးပြီဆိုတာ ဘယ်လိုသိနိုင်လဲလို့ သူ့ကို မေးကြည့်တယ်”

“သူဖြေတာတော့ အဆင့်နိမ့် ဆုံမှတ်က သရုပ်ဆောင်နည်းလမ်းကို သေသေချာချာ လိုက်လုပ်မယ်ဆိုရင် နှစ်ဝက်ပဲကြာမယ်တဲ့... အမြန်ဆုံးဆိုရင် တစ်လပဲ ကြာကောင်း ကြာနိုင်တယ်တဲ့... ဆေးရည်ကို လုံးဝ ချေဖျက်ပြီးပြီဆိုတာက သာလွန်သူတိုင်း အဲဒီလိုဖြစ်တာနဲ့ အာရုံခံနိုင်တယ်တဲ့”

“ငါ သူ့ကို အသေးစိတ် ထပ်မေးကြည့်တယ်... ဒါပေမဲ့ သူက ငါ့ကို ပြုံးပဲ ပြုံးပြတယ်’

“သူ့အပြုံးက ဘာလုပ်ရမလဲ... ငါ အဆင့်မြင့် သာလွန်သူ ဖြစ်လာရင် တွေ့တဲ့ အမြင်ဆရာတိုင်းကို စော်ပစ်မယ်”

‘...အေးချမ်းစွာ အနားယူပါတော့... ဧကရာဇ်...’ ကလိုင်းဟာ လေးငါးခါ ဖတ်ပြီးမှ တရားမျှတမှုနဲ့ လူဇောက်ထိုးကို ပြန်ကြည့်ပါတယ်။

“စောင့်နေရတဲ့အတွက် စိတ်မရှိပါနဲ့”

“ကျွန်မတို့က ဂုဏ်ယူရမှာပါ” အော်ဒရီဟာ လန့်နေတုန်းဖြစ်ပြီး သူမက ပွဲကြည့်သမားဆိုတာကို မေ့နေပါတယ်။

သူမဟာ လူဇောက်ထိုးကို ကြည့်ပြီး ပြောရမဲ့စကားလုံးတွေ ခေါင်းထဲမှာ စီလိုက်ပါတယ် “ကျွန်မ စိတ်ပညာ အဂ္ဂိရတ်သမားတွေကို ဘယ်မှာရှာတွေ့နိုင်လဲ”

‘စိတ်ပညာ အဂ္ဂိရတ်သမား...’ ကလိုင်းဟာ ထင်းဂန်မြို့ မြေအောက်ဈေးမှာ ပွဲကြည့်သမား ဆေးရည်ရဲ့ အကူပါဝင်ပစ္စည်းတွေ ဝယ်နေတဲ့ အမျိုးသားကို ရုတ်တရက် တွေးမိလိုက်ပါတယ်။

‘သူက စိတ်ပညာ အဂ္ဂိရတ်သမား ဖြစ်နိုင်တယ်’

အဲဒီလူကို ဘယ်လို ချဉ်းကပ်ရမလဲလို့ ကလိုင်း စဉ်းစားနေတုန်းမှာပဲ လူဇောက်ထိုး အယ်ဂျာက ခေါင်းခါပြီး ပြောပါတယ် “မစ္စတရားမျှတမှု... ပထမဆုံး... ကျွန်တော်မှာ သဲလွန်စ မရှိဘူး... ဒုတိယက ခင်ဗျားအနေနဲ့ စိတ်ပညာ အဂ္ဂိရတ်သမားတွေနဲ့တွေ့ဖို့ အလျင်မလိုသင့်ဘူး... အခုအချိန်မှာ ပွဲကြည့်သမားဆေးရည်ကို လုံးဝ ချေဖျက်နိုင်ဖို့ပဲ အာရုံစိုက်သင့်တယ်”

အော်ဒရီဟာ အရူးကို တစ်ချက်ကြည့်လိုက်တဲ့အခါ ဝင်ပြောမဲ့ အရိပ်အယောင် မတွေ့ရတဲ့အတွက် စိတ်ပျက်လက်ပျက် ခေါင်းညိတ်လိုက်ပါတယ် “ကျွန်မ လိုချင်တာက အချိန်ယူပြင်ဆင်ပြီး သူတို့နားကို သဘာဝကျကျ ချဉ်းကပ်ချင်တာ... ထားပါတော့... ဒါနဲ့ ကျွန်မ ပွဲကြည့်သမားဆေးရည်ကို ဘယ်အချိန်ကျ ချေဖျက်နိုင်ပြီး သရုပ်ဆောင်တာ ရပ်ရမှာလဲ... အဲဒါကို သိနိုင်တဲ့ နည်းလမ်းရှိလား... ကျွန်မ အခု လုံးဝ စိတ်အနှောင့်အယှက် မဖြစ်တဲ့အထိ အဲဒီရေရွတ် ညည်းတွားသံတွေကို မကြားရတဲ့ အခြေအနေထိ ရောက်နေပြီ”

အယ်ဂျာဟာ မြူခိုးထဲက အရူးကို ကြည့်လိုက်တဲ့အခါ စကားပြောမဲ့ အရိပ်အယောင် မတွေ့ရတဲ့အတွက် သူပဲ ဖြေလိုက်ပါတယ် “သရုပ်ဆောင်တဲ့ နည်းလမ်းကို မသုံးရင် ပုံမှန်သုံးနေကျ အကောင်းဆုံး နည်းလမ်းက သုံးနှစ်စောင့်ကြည့်ပြီး ဂနာမငြိမ်မဖြစ်ဘူး အသံတွေ မကြားရဘူး ပုံရိပ်ယောင်တွေ မမြင်ရဘူးဆိုတာ အတည်ပြုဖို့ပဲ... အရိုးရှင်းဆုံး စမ်းသပ်နိုင်တဲ့ နည်းလမ်းတစ်ခုတော့ ရှိတယ်... အဲဒါက မင်းရဲ့ ခန္ဓာကိုယ်ကို အဆုံးစွန်ထိ ပင်ပန်းနွမ်းနယ်အောင် လုပ်တာပဲ... အဲဒါတောင်မှ ရေရွတ် ညည်းတွားသံတွေ မကြားရဘူး... ထူးဆန်းတာတွေ မမြင်ရဘူးဆိုရင် နောက်တစ်ဆင့်တက်ဖို့ အဆင်သင့်ဖြစ်ပြီဆိုတာ သိနိုင်တယ်”

“သရုပ်ဆောင်တဲ့ နည်းလမ်းကတော့ ကျွန်တော်လည်း အခုမှ သိတာ... ဒီနည်းလမ်းက ပိုကောင်းတော့ သုံးနှစ်တော့ကြာမှာ မဟုတ်ဘူး”

‘ရှင့်စကားက အသုံးဝင်တာ မပါဘူး... သုံးနှစ်... အဲဒါ အကြာကြီးပဲ...’ အော်ဒရီဟာ စိတ်ထဲမှာ ဝေဖန်ပါတယ်။

သူမတွေးနေတုန်းမှာပဲ တဒေါက်ဒေါက် အသံကို ကြားလိုက်ရတဲ့အတွက် သူမရဲ့ မျက်နှာဟာ ခဲသွားပါတယ်။ အဲဒီနောက် သူမဟာ ချက်ချင်းပဲ ပျော်ရွှင်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာ လက်တောက်တာ တစ်ယောက်ပဲ ရှိလို့ပါ။

အယ်ဂျာကလည်း မတ်မတ်ထိုင်ပြီး အရူးပြောလာမဲ့ စကားကို နားစွင့်နေပါတယ်။

ကလိုင်းဟာ သာမန်လေသံနဲ့ ပြောပါတယ် “အဆင့်နိမ့် သာလွန်သူဆို သရုပ်ဆောင်တာကို သေချာလုပ်မယ်ဆိုရင် နှစ်ဝက်အတွင်း ဆေးရည်ကို ချေဖျက်နိုင်လိမ့်မယ်... ကံကောင်းရင် တစ်လတည်းနဲ့တင် ချေဖျက်နိုင်လိမ့်မယ်”

အဲဒီနောက် သူဟာ တရားမျှတမှုကို ကြည့်ပြီး ထပ်ပြောပါတယ် “ချေဖျက်ပြီးတာကို ဘယ်လိုသိနိုင်လဲဆိုတော့ အဲဒီအချိန်ရောက်ရင် သိလိမ့်မယ်... သင်စရာ မလိုဘူး”

“တစ်လ... ကောင်းတယ်... ကျေးဇူးပါပဲ မစ္စတာအရူး...” အော်ဒရီဟာ ဝမ်းသားလုံး ဆို့သွားပါတယ်။

‘မစ္စတရားမျှတမှု... နင့်ကိုယ်နင် ရွေးချယ်ခံရသူလို့ ထင်နေတာလား... နှစ်ဝက်ကြာမှာ သေချာတယ်...’ ကလိုင်းဟာ ညာလက်မြှောက်ပြီး နှုတ်ခမ်းနား ထားလိုက်ပါတယ်။

“နှစ်ဝက်...” အယ်ဂျာဟာ အသာ ရေရွတ်လိုက်ပါတယ်။

အော်ဒရီဟာ သူ့လေသံကနေ ပျော်ရွှင်မှု သက်သာရာရမှုနဲ့ သံသယကို ခံစားမိလိုက်ပါတယ်။

‘သူက ဘာကို သံသယဝင်နေတာလဲ...’ အော်ဒရီဟာ ခေါင်းထဲမှာ တွေးရင်း မေးလိုက်ပါတယ် “မစ္စတာအရူး... နောက်ထပ် အဖွဲ့ဝင်အသစ် ထပ်ထည့်ဖို့ စဉ်းစားထားသေးလား မသိဘူး”

ကလိုင်းဟာ နောက်မှီထိုင်လိုက်ပါတယ်။ ဒီမေးခွန်းအတွက် သူဟာ အဖြေကို ပြင်ဆင်ထားတာ ကြာပါပြီ။

“ဒါက စမ်းသပ်မှုအနေနဲ့ စခဲ့တာဆိုတော့ ငါတို့ရဲ့ တွေ့ဆုံမှုကို ငါ အများကြီး မစဉ်းစားခဲ့ဘူး”

“ဒါပေမဲ့ အခု ပုံမှန်တွေ့ဆုံပွဲ ဖြစ်လာပြီဆိုတော့ ငါတို့ရဲ့ အဖွဲ့ဝင်တွေကို သေချာဂရုတစိုက် ရွေးချယ်ရလိုက်မယ်... လျှို့ဝှက်ခြင်းက ငါတို့ရဲ့ ဆောင်ပုဒ်ပဲ”

အော်ဒရီဟာ အသာခေါင်းညိတ်ပါတယ် “အဲဒါဆိုရင် စောင့်ကြည့် အကဲဖြတ် စစ်ဆေးရမှာပေါ့”

“အင်း... မင်းတို့တွေ အဲဒီလို အဓိပ္ပာယ်ဖွင့်လို့ ရတယ်” ကလိုင်းက အတည်ပြုပါတယ်။

သူ့စိတ်ထဲမှာတော့ လျှို့ဝှက်ဂိုဏ်းအကြောင်းကို ဘယ်လို စုံစမ်းရမလဲဆိုတာနဲ့ လူရွှင် ဆေးရည်အကြောင်း တွေးနေပါတယ်။

‘ငါ့အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ မေးခွန်းကို ဘယ်လိုနည်းလမ်းမျိုးနဲ့ မေးရမလဲ...’ ကလိုင်းဟာ တော်တော်ကို အကျပ်ရိုက်သွားပါတယ်။

အဲဒီအချိန်မှာပဲ တရားမျှတမှုက ဘာမှပြောစရာ မရှိတော့တာ တွေ့ရတဲ့အတွက် အယ်ဂျာဟာ စကားစပြောပါတယ် “ကျွန်တော် ကြားထားတာတော့ အော်ရိုရာဂိုဏ်းရဲ့ သောတရှင်တစ်ယောက်က ဖန်တီးရှင်အစစ် နေထိုင်ခဲ့တဲ့ နေရာကို လိုက်ရှာနေတယ်တဲ့”

“ဖန်တီးရှင်အစစ်...” အော်ဒရီက ပဟေဠိနဲ့ မေးပါတယ်။

“အဲဒါက လျှို့ဝှက်အဖွဲ့အစည်းနဲ့ ဘာသာရေး ဂိုဏ်းပေါင်းများစွာ ကိုးကွယ် ယုံကြည်ကြတဲ့ ရှေးဟောင်း တည်ရှိမှုတစ်ခုပဲ... သူတို့တွေက ဖန်တီးရှင် မသေဆုံးသေးဘူးလို့ ယုံကြည်ကြတယ်... သူ ချန်ထားခဲ့တဲ့ အမြုတေက ဖန်တီးရှင်အစစ်လို့ ယူဆကြတယ်”

အယ်ဂျာဟာ အကြမ်းဖျင်း ရှင်းပြပါတယ် “ပဥ္စမယုဂ်ကစလို့ ဖန်တီးရှင်စစ်က ပုံစံအများကြီးနဲ့ ပြန်ပေါ်လာတယ်... ဇောက်ထိုးဆွဲထားတဲ့ ဘီလူးကြီး ဒါမှမဟုတ် အရိပ်ကန့်လန်ကာ နောက်ကွယ်မှာရှိတဲ့ မျက်လုံး စတဲ့ပုံစံတွေပဲ... ဟီးဟီး... ဧကရာဇ်ရစ်ဆဲလ်က ဖန်တီးရှင်စစ်ကို အကိုးအကားပြုပြီး တဲရော့ကဒ်တွေကို ဖန်တီးခဲ့တယ်လို့ လူတော်တော်များများက ယုံကြည်ကြတယ်... တဲရော့ကဒ်တွေထဲမှာ လူဇောက်ထိုး ပါတယ်လေ”

အဲဒီအရောက်မှာ သူဟာ ကလိုင်းကို ကြည့်ပြီး ပြောပါတယ် “မစ္စတာအရူး... ကျွန်တော်ပြောတာ မမှားဘူးမလား”

‘ငါ ဖန်တီးရှင်စစ်ကို ဘယ်လိုမြင်လဲဆိုတာ သိရအောင် ကြိုးစာနေတာပဲ...’ ကလိုင်းဟာ ဟန်းနစ်ဗင်းဆင့်ရဲ့ အိပ်မက်ထဲမှာ ကပ္ပတိန် မြင်ခဲ့တဲ့ လက်ဝါးကပ်တိုင်ပေါ်က သွေးသံရဲရဲလူကို တွေးမိပြီး ချက်ချင်း အကြံတစ်ခု ရသွားပါတယ်။

‘ဇောက်ထိုးဆွဲတာနဲ့ အရိပ်တွေက မကောင်းတဲ့ အဓိပ္ပာယ်တွေပဲ’

အဲဒါကြောင့် သူဟာ ရယ်ပြီး ဖြေလိုက်ပါတယ် “ငါကတော့ သူ့ကို ကြွေလွင့်သွားတဲ့ ဖန်တီးရှင်လို့ ခေါ်ချင်တယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters