← Chapters

ဆုတောင်းသူ

Vol. 10 Ch. 95

ဆုတောင်းသူ

Vol. 10 Ch. 95

‘ဆုတောင်းသံလား...’

ကလိုင်းဟာ ရင်ထဲမှာ ဂယက်ထသွားပြီး လူဇောက်ထိုးတို့ရဲ့ ဆုတောင်းသံကို ကြည့်ခဲ့တဲ့ နည်းလမ်းအတိုင်း သူ့စိတ်ဝိညာဉ်စွမ်းအားကို အပြင်ဘက် ဖြန့်ကြက်ကာ ကြက်သွေးရောင်ကြယ်နဲ့ ထိတွေ့စေပါတယ်။

သူ့မြင်ကွင်းထဲမှာ ရှုံ့တွပြီး ရှင်းရှင်းလင်းလင်းမရှိတဲ့ ပုံရိပ်တစ်ခု ပေါ်လာပါတယ်။ သူ ခပ်ရေးရေး မြင်ရသလောက် ရွှေရောင်ဆံပင်နဲ့ လူငယ်လေးတစ်ယောက်က သလင်းလုံးတစ်လုံးကို မျက်နှာချင်းဆိုင်ပြီး ဒူးထောက်နေပါတယ်။

ဒီဆယ်ကျော်သက် လူငယ်လေးဟာ အနက်ရောင် ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားပါတယ်။ ဒီဝတ်စားဆင်ယင်ပုံက လိုအင်နိုင်ငံရဲ့ ဝတ်ပုံစားပုံနဲ့ တော်တော် ကွဲပြားခြားနားပါတယ်။ ကလိုင်း ဖတ်ဖူးတဲ့ မဂ္ဂဇင်းတွေထဲက ဖေးဆက်အင်ပါယာနဲ့ အင်ထစ်သမ္မတနိုင်ငံရဲ့ ရိုးရာ အဝတ်အစားတွေနဲ့ ပိုတူပါတယ်။

ဆယ်ကျော်သက် လူငယ်လေးရဲ့ ပတ်ဝန်းကျင်က မှောင်မည်းပြီး ပရိဘောဂဟောင်းတွေ ရှိနေပါတယ်။ မကြာမကြာဆိုသလိုလည်း လင်းလက်သွားပါတယ်။ ဒါပေမဲ့ ကလိုင်းဟာ မိုးခြိမ်းသံတွေနဲ့ မိုးရွာသံတွေကို မကြားနိုင်ပါဘူး။

ပုံရိပ်ထဲမှာ ဆယ်ကျော်သက် လူငယ်လေးဟာ လက်တွေကို နဖူးပေါ်တင်ထားပါတယ်။ လက်ချောင်းတွေကိုတော့ ယှက်ချိုးထားပါတယ်။ သူ့ဟာ ရှေ့ကို ဦးချပြီး တစ်စုံတစ်ရာအတွက် ဆက်တိုက် ဆုတောင်းနေပါတယ်။ သူ့လေယူလေသိမ်းက ကလိုင်းနားထဲမှာ တကျည်ကျည် မြည်သွားပါတယ်။

ကလိုင်းဟာ အာရုံစိုက်ပြီး နားထောင်ပေမဲ့ မကြာခင်မှာပဲ ကသိကအောက် ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်လူ ပြောနေတာကို သူနားမလည်နိုင်လို့ပါပဲ။ ဒီဘာသာစကားက သူ့ဘဝမှာ တစ်ခါမှ မတွေ့ဖူး မကြုံဖူးတဲ့ ဘာသာစကားပါ။

‘... ငါက ဒီမီးခိုးရောင် မြူခိုးထက်မှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ်ကမ္ဘာရဲ့ အရှင်သခင် ဖြစ်နေတာတောင် ဘာသာခြားစကားတစ်မျိုးကို နားမလည်နိုင်ဘူး...’ ကလိုင်းဟာ သူ့ကိုယ်သူ သရော်လိုက်ပါတယ်။ အဲဒီနောက် သူဟာ ၂၁ ရာစုတုန်းက အင်္ဂလိပ်စာ နားထောင်စွမ်းရည် စာမေးပွဲကို ဖြေရသလိုမျိုး သေချာအာရုံစိုက်ပြီး ကြိုးစားနားထောင်ပါတယ်။

ဆုတောင်းသံကို နားထောင်ရင်း သူဟာ တစ်စုံတစ်ခုကို ဖြည်းဖြည်းချင်း ရှာတွေ့သွားပါတယ်။ အဲဒါက ဒီဆယ်ကျော်သက် လူငယ်လေး ပြောနေတဲ့ ဘာသာစကားကို သူ တစ်ခါမှ မသင်ဖူးပေမဲ့ ရှေးဟောင်းဖေးဆက်နဲ့ ဆင်တူမှုတွေ ရှိနေတာကို ရှာတွေ့သွားတာပါ။

‘အဖေ... အမေ... ဒါက အဲဒီစာလုံးနှစ်လုံးရဲ့ အဓိပ္ပာယ်ဖြစ်နိုင်တယ်... ရှေးဟောင်း ဖေးဆက်နဲ့ ဆင်တယ်... ဒါပေမဲ့ ကွဲပြားမှုတွေလည်း ရှိတယ်...’ ကလိုင်းဟာ မျက်မှောင်ကြုတ်ပြီး အတွေးနက်သွားပါတယ်။

ရှေးဟောင်းဖေးဆက် ဘာသာစကားက စတုတ္ထယုဂ်မှာ လူတိုင်းသုံးတဲ့ ဘာသာစကားတစ်ခုပါ။ လက်ရှိခေတ်မှာ အသုံးပြုနေတဲ့ ဘာသာစကားအားလုံးရဲ့ ရင်းမြစ်ဆိုရင်လည်း မမှားပါဘူး။ နောက်ပြီး အခုထက်ထိ ဆင့်ကဲ တိုးတက်ပြောင်းလဲနေတုန်းဆိုတော့ ကလိုင်းဟာ ဘယ်လိုမှ အတည်မပြုနိုင်ပါဘူး။

သူဟာ ဆုတောင်းသံကို ထပ်ခါထပ်ခါ နားထောင်ပြီး ဒီဘာသာစကားက လိုအင် ဖေးဆက်နဲ့ အင်ထစ်လိုမျိုး ခေတ်ပေါ်ဘာသာစကား မဟုတ်နိုင်ဘူးလို့ ‌ကောက်ချက်ချပါတယ်။

‘အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်မှာ သုံးထားတဲ့ ဘာသာစကားလိုမျိုး ရှေးဟောင်းဖေးဆက်ရဲ့ ဒေသိယ စကားတစ်မျိုးလား...’ ကလိုင်းဟာ ကြေးစားပွဲရှည်ရဲ့ အစွန်းကို လက်ချောင်းနဲ့တောက်ရင်း မသိမသာ ခေါင်းညိတ်မိလိုက်ပါတယ်။

နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုလည်း ရှိပါသေးတယ်။ ရှေးဟောင်းဖေးဆက် ဘာသာစကားက ဒီအတိုင်း လေထဲကနေ ပေါ်လာတာ မဟုတ်ပါဘူး။ ဘီလူးတွေရဲ့ ဘာသာစကား ဂျိုဒင်ကနေ ဆင့်ကဲ တိုးတက်လာခဲ့တာပါ။ မြောက်ပိုင်း ဖေးဆက်အင်ပါယာဟာ သူ့တိုင်းသူပြည်သားတွေက ဘီလူးတွေရဲ့ သွေးစည်းကို ပိုင်ဆိုင်တယ်လို့ အမြဲတမ်း ကြွေးကြော်ပါတယ်။ အဲဒါကြောင့် ဒီဘာသာစကားဟာ ရှေးဟောင်း ဂျိုဒင်လည်း ဖြစ်နိုင်ပါတယ်။

ဒီအရောက်မှာ ကလိုင်းဟာ အသိပညာ လုံလုံလောက်လောက် မရှိတဲ့အတွက် ရပ်လိုက်ပါတယ်။ သူဟာ အဲဒီမြင်ကွင်းကို ကြည့်လည်း မကြည့်တော့သလို နားလည်း မထောင်တော့ဘဲ သူ့စိတ်ဝိညာဉ်စွမ်းအားကို ပြန်ရုပ်သိမ်းပါတယ်။

သူဟာ ဆုတောင်းနေတဲ့ ဆယ်ကျော်သက် လူငယ်လေးကို မီးခိုးရောင်မြူခိုးထက် ချက်ချင်း ဆွဲသွင်းဖို့ စိတ်ကူး မရှိပါဘူး။ ဒီလူငယ်လေး ဘာပြောနေတာလဲဆိုတာကို အရင်ဆုံး သိအောင် လုပ်မှာပါ။

အဲဒီမတိုင်ခင်တော့ သူ့ကို မကြာခဏ လေ့လာပြီး စမ်းသပ်မှုတချို့ လုပ်ရပါမယ်။

“ဟူး...”

ကလိုင်းဟာ လေပူတစ်ချက် မှုတ်ထုတ်ပြီး ကုလားထိုင်ကို မှီလိုက်ပါတယ်။ သူဟာ သူ့ကိုယ်သူ စိတ်ဝိညာဉ်စွမ်းအားနဲ့ လွှမ်းမိုးပြီး ပြုတ်ကျသွားတဲ့ ခံစားချက်ကို တွေးယူပါတယ်။

...

ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီကို ပြန်နွှေးပြီးနောက် ကလိုင်းဟာ ရုံးတက်ဝတ်စုံ ဝတ်ဆင်ကာ ဗေဒင်ကလပ်ဆီသွားဖို့ အိမ်ထဲကနေ ထွက်ပါတယ်။

သူဟာ လစာတိုးသွားပေမဲ့ အများသုံး မြင်းလှည်းပဲ စီးပါသေးတယ်။ ဒါပေမဲ့ မစ္စဝင်ဒီရဲ့ စီးပွားရေးကိုတော့ ရက်ရက်ရောရာ အားပေးပါတယ်။ လက်ဖက်ရည် ချိုချိုအေးအေးလေးကို တစ်ခွက်ကို ၁ ပဲနိခွဲပေးပြီး ဝယ်ခဲ့ပါတယ်။ ဒီလက်ဖက်ရည်နဲ့ဆို နေ့လယ်ခင်း အပူရှိန်ကို နည်းနည်း ခံနိုင်ရည် ရှိပါပြီ။

ဟောက်စ်လမ်းကို ရောက်တော့ ကလိုင်းဟာ လက်ဖက်ရည် ကုန်သွားတဲ့ ခွက်အလွတ်ကို အမှိုက်ပုံးထဲ လွှင့်ပစ်ပြီး ဒုတိယထပ်ဆီ တက်သွားပါတယ်။

အဆောက်အဦးထဲ မဝင်ခင်မှာ သူဟာ မျက်ခုံးလယ်ကို တောက်ပြီး စိတ်ဝိညာဉ်အာရုံ ဖွင့်ပါတယ်။

ကလိုင်းဟာ ခန်းမထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ ဝမ်းနည်းပူဆွေးမှုကို ခံစားမိလိုက်ပါတယ်။ မိန်းမလှလေး အန်ဂျလီကာဟာ ဧည့်ကြိုကောင်တာမှာ ထိုင်နေပေမဲ့ သူ့မျက်လုံးတွေက မသိမသာ နီနေပြီး စိတ်နဲ့လူ ကပ်ပုံ မရပါဘူး။

“ဝမ်းနည်းပူဆွေးမှုတွေက အချိန်ကြာရင် ပျောက်သွားမှာပါ” ကလိုင်းဟာ အန်ဂျလီကာဆီ လျှောက်သွားရင်း သိမ်မွေ့ပေမဲ့ ပြတ်သားတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။

အန်ဂျလီကာဟာ ဆတ်ခနဲ မော့ကြည့်ပြီး ဇဝေဇဝါနဲ့ ရေရွတ်လိုက်ပါတယ် “မစ္စတာ မိုရက်တီ...”

သူမဟာ ချက်ချင်းပဲ သတိပြန်ဝင်လာပြီး... “ရှင်... ရှင် မစ္စတာ ဗင်းဆင့်အကြောင်းကို သိသွားပြီလား”

“ဟုတ်သားပဲ... ရှင်က ထူးခြားတဲ့ ဗေဒင်ဆရာဆိုတာ ကျွန်မ မေ့သွားတယ်”

ကလိုင်းဟာ အလိုက်သင့် သက်ပြင်းချပါတယ် “ဟင်း... ငါက တကယ်ဖြစ်ခဲ့တာရဲ့ အကြမ်းဖျင်းလောက်ကိုပဲ တွက်ချက်နိုင်တာ... တကယ်ပဲ မစ္စတာဗင်းဆင့်က ဘာဖြစ်သွားတာလဲ”

“သူဌေးပြောတာတော့ မစ္စတာဗင်းဆင့်က အိပ်နေတုန်း နှလုံးဖောက်ပြီး ဒီလောကနဲ့ ထာဝရ နှုတ်ဆက်သွားတယ်လို့ ပြောတာပဲ...” အန်ဂျလီကာဟာ ပြောရင်း ငိုပါတယ် “သူက တော်တော် ဖော်ရွေတယ်... ယဉ်လည်း ယဉ်ကျေးတယ်... တကယ့် လူကြီးလူကောင်း တစ်ယောက်... သူက ကျွန်မတို့ အဖွဲ့ဝင်တော်တော်များများရဲ့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ လမ်းပြဆရာပဲ... ပြီးတော့ သူက ငယ်ငယ်လေး ရှိသေးတာ...”

“ဒီဝမ်းနည်းတဲ့အကြောင်းတွေ ပြောမိလို့ တောင်းပန်ပါတယ်” ကလိုင်းဟာ သူမကို ဆက်ပြီးတော့ နှစ်သိမ့်မပေးတော့ဘဲ အစည်းအဝေးခန်းဆီ တစ်လှမ်းချင်း လျှောက်သွားပါတယ်။

အန်ဂျလီကာဟာ လက်ကိုင်ပဝါထုတ်ပြီး မျက်ရည်နဲ့ နှာရည်တွေကို သုတ်ပါတယ်။ အဲဒီနောက် ကလိုင်းရဲ့ ကျောပြင်ကို ကြည့်ပြီး ခပ်ကျယ်ကျယ် မေးပါတယ် “မစ္စတာမိုရက်တီ... ဒီတစ်ခါ ဘာသောက်မှာလဲ”

“ဘလက် သောက်မယ်” ကလိုင်းဟာ ဘလက် လက်ဖက်ရည်က သာမန်ပဲဆိုပေမဲ့ ကော်ဖီထက် လက်ဖက်ရည်ကို ပိုကြိုက်ပါတယ်။ ဒီထက်ပိုကောင်းတာကတော့ ဂျင်းဘီယာနဲ့ လက်ဖက်ရည် ချိုချိုအေးအေးလေးပါ။ ဒါပေမဲ့ လူကြီးလူကောင်း တစ်ယောက်အနေနဲ့ ကလေးတစ်ယောက်လိုမျိုး ပူဆာလို့ မရပါဘူး။

တနင်္လာနေ့ဖြစ်တာကြောင့် အစည်းအဝေးခန်းထဲမှာ အဖွဲ့ဝင် ငါးယောက် ခြောက်ယောက်ပဲ ရှိပါတယ်။ စိတ်ဝိညာဉ်အာရုံကနေ ကလိုင်းဟာ ခံစားချက် အရောင်မျိုးစုံကို တွေ့မြင်လိုက်ရပါတယ်။ တချို့က ဝမ်းနည်းပူဆွေးနေပြီး တချို့က မွဲခြောက်နေပါတယ်။ တချို့ကတော့ ဘာမှမဖြစ်သလိုပါပဲ။

သူတို့အကုန်လုံး သာမန်လို့ ပြောလို့ရပါတယ်။ ကလိုင်းဟာ မသိမသာ ခေါင်းညိတ်လိုက်ပြီး နေရာတစ်နေရာရှာကာ ဝင်ထိုင်ပါတယ်။ သူ စိတ်ဝိညာဉ်အာရုံကို ပိတ်ခါနီးမှာပဲ အန်ဂျလီကာ သူ့ဆီ လျှောက်လာတာကို တွေ့လိုက်ရပါတယ်။

“မစ္စတာ မိုရက်တီ... ဖောက်သည်တစ်ယောက်က ရှင့်ကို ရှာနေတယ်... ပြီးခဲ့တစ်ခေါက်က ဖောက်သည်ပဲ” မိန်းမလှ အန်ဂျလီကာဟာ တိုးတိုးညင်းညင်း ပြောပါတယ်။

“မင်းက သူ့ကို မှတ်မိသေးတာလား” ကလိုင်းဟာ အပြုံးနဲ့ မေးလိုက်ပါတယ်။

‘အင်း... ငါ ပြောတဲ့ မှော်ဆေးကို သူ သွားဝယ်လား မသိဘူး... ခွဲစိတ်ရာ မလိုဘဲ ပျောက်သွားရင်တော့ ကောင်းတာပေါ့’

အန်ဂျလီကာ ပါးစပ်ကို လက်နဲ့ကာပြီး... “ကျွန်မတို့ ကလပ်မှာ သူတစ်ယောက်ပဲ ဗေဒင်တွက်ရဖို့ တစ်နေ့လည်ခင်းလုံး ထိုင်စောင့်တာ”

ကလိုင်းဟာ လက်ကိုင်တုတ်ယူပြီး မတ်တတ်ရပ်ကာ ဘာမှမပြောတော့ဘဲ အစည်းအဝေးခန်း အပြင်ဘက် ထွက်လိုက်ပါတယ်။

ဧည့်ကြိုနေရာမှာ အဲဒီနေ့က သူ့ဆီမှာ ဗေဒင်တွက်ခဲ့တဲ့လူကို သူ ထပ်တွေ့လိုက်ရပါတယ်။ သူ့အသည်းရဲ့ ရောင်ဝါက ပုံမှန်ဖြစ်သွားတာကိုလည်း သတိထားမိလိုက်ပါတယ်။ သူ့ရဲ့ အလုံးစုံ ကျန်းမာရေးကလည်း တိုးတက်သွားပါတယ်။

“ဝမ်းသာပါတယ်... ကျန်းမာတဲ့ ခံစားချက်က တကယ်ကို ခံစားလို့ကောင်းတယ်” ကလိုင်းဟာ ပြုံးရင်း လက်ဆန့်လိုက်ပါတယ်။

ဘာ့ဂ်ဒါဟာ ပထမတော့ အံ့ဩသွားပြီး အဲဒီနောက် ချက်ချင်းဆိုသလို လက်နှစ်ဖက်လုံး ထုတ်ကာ ကလိုင်းရဲ့ ညာလက်ဖဝါးကို တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ပါတယ်။

“မစ္စတာ မိုရက်တီ... ဆရာက ကျွန်တော်ရဲ့ အခြေအနေကို တကယ် မြင်နိုင်တာပဲ”

“ဟုတ်တယ်... ကျွန်တော် လုံးဝ ပြန်ကောင်းသွားပြီ... ဆရာဝန်တွေက ကျွန်တော်ကို မေးခွန်းတွေ ထပ်ခါထပ်ခါ မေးပြီး ထပ်ခါထပ်ခါ ဆေးစစ်ကြတယ်... သူတို့တွေ ကျွန်တော် ဒီလိုမျိုး ပြန်ကောင်းလာတာကို မယုံနိုင်ကြဘူး”

ဘာ့ဂ်ဒါရဲ့ စိတ်လှုပ်ရှားတဲ့ အမူအရာကို ကြည့်ပြီး ကလိုင်းဟာ အချက်တစ်ချက်ကို အတည်ပြုလိုက်ပါတယ်။ အဲဒါက လောဆင်‌ဆေးမြီတိုဆိုင်ရဲ့ ဆေးဆရာက သေချာပေါက် သာလွန်သူဆိုတာကိုပါ။

ဘာ့ဂ်ဒါရဲ့ အသည်းရောဂါက ဘယ်လောက် ဆိုးရွားတယ်ဆိုတာကို သူ မြင်ပြီးပါပြီ။ ဒါကို လေးငါးရက်အတွင်း အကောင်းပကတိ ဖြစ်အောင် ကုသနိုင်တာက ဆေးပင်တွေနဲ့ ဆေးပညာရဲ့ အလွန်မှာပဲ ရှိပါတယ်။ တစ်ခုတည်းသော ဖြစ်နိုင်ချေက အဲဒီဆေးဆရာ သာလွန်သူ ဖြစ်နေလို့ပါ။

ဂလက်ဆစ် ရောဂါ ပျောက်သွားတာကိုပါ ထပ်ပေါင်းလိုက်ရင် ဒီအဖြေက ပိုပြီးတော့ ခိုင်မာသွားပါတယ်။

“ကျွန်တော် ဘုရားသခင်ဆီမှာ ဝန်ချတောင်းပန်ရမယ်... ဆရာလို အမြင်ဆရာမျိုးနဲ့ အဲဒီအံ့ဖွယ် ဆေးဆရာကို သံသယဝင်ခဲ့မိလို့လေ...” ဘာ့ဂ်ဒါဟာ ကလိုင်းရဲ့ လက်ကို မလွှတ်ဘဲ သူ့အကြောင်းတွေ ဆက်ပြောပါတယ် “... အဲဒီ ၁၀ ပေါင်က တကယ်ကို တန်တယ်... ကျွန်တော့်ရဲ့ အသက်ကို သေမင်း နှုတ်ခမ်းဝကနေ ပြန်ဆွဲတင်လိုက်တာပဲ”

‘ဘာ... ၁၀ ပေါင်... မင်းက အဲဒီဆေးဝယ်ဖို့ ၁၀ ပေါင်တောင် သုံးတယ်... ငါ့ကျတော့ ၈ ပဲနိပဲ ပေးတယ်... ၈ ပဲနိတည်း... ၈ ပဲနိတည်း... ၈ ပဲနိ...’ ကလိုင်းဟာ ဘာ့ဂ်ဒါစကားကို ကြားပြီး မှင်တက်သွားပါတယ်။

အဲဒီအချိန်မှာ ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်နေတဲ့ ဘာ့ဂ်ဒါဟာ သူ့လက်ကို လွှတ်ပြီး ခြေတစ်လှမ်းဆုတ်ကာ တလေးတစား ဦးညွှတ်ပါတယ် “ကျွန်တော် ဒီနေ့လာတာ ကျေးဇူးတင်စကား ပြောချင်လို့ပါ... ဆရာမိုရက်တီ ကျေးဇူးတင်ပါတယ်... ဆရာက ကျွန်တော်ကို လမ်းသစ်ပြပြီး ကျွန်တော်ရဲ့အသက်ကို ကယ်တင်လိုက်တာပဲ”

“ဒါက ခင်ဗျား တန်ရာတန်ကြေးပေးပြီး တွက်ခိုင်းလို့ ရလာတဲ့အရာပဲ... ဘယ်သူ့ကိုမှ ကျေးဇူးတင်စရာ မလိုဘူး” ကလိုင်းဟာ ခေါင်းကို အသာမပြီး နံရံနဲ့ မျက်နှာကျက်ကြားကို ကြည့်လိုက်ပါတယ်။ သူ့အဖြေက တကယ်ကို ဆရာယောင်ယောင် သမားယောင်ယောင်တွေ ဖြေနေကျ အဖြေပါ။

“ဆရာက အမြင်ဆရာစစ်စစ်ပဲ” ဘာ့ဂ်ဒါဟာ ချီးကျူးပါတယ် “ဒီကပြန်ရင် ကျွန်တော် ဗလက်လမ်းဆီသွားပြီး အဲဒီဆေးဆရာ ထောက်ခံချက်ပေးတဲ့ ဆေးကို ဝယ်မလို့”

“ခင်ဗျား ပြန်ကောင်းသွားပြီ မဟုတ်ဘူးလား” ကလိုင်းဟာ သူ့လေသံထဲမှာ အံ့အားသင့်မှုကို အထာကျကျ ဖုံးကွယ်ထားပါတယ်။

ဘာ့ဂ်ဒါဟာ ဘေးဘီဝန်းကျင်ကိုကြည့်ပြီး သူတို့ကို ဘယ်သူမှ ဂရုစိုက်မနေဘူးဆိုတာ အတည်ပြုပြီးမှ ရယ်ကာမောကာ ဖြေပါတယ် “အဲဒီဆေးဆရာက မံမီမှုန့်အကြောင်း ပြောတယ်... ယောက်ျားရော မိန်းမရော ကျေနပ်စေမဲ့ ဆေးတစ်မျိုးတဲ့... အဲဒီတုန်းက ကျွန်တော် အဲဒီဆေးဆရာကို မယုံလို့ မဝယ်မိခဲ့ဘူး... အခုတော့ ကျွန်တော် အဲဒီဆေးဆရာကို သံသယ မရှိတော့ဘူး”

‘ဒီလိုဆေးမျိုးလည်း ရှိသေးတာလား...’ ကလိုင်းဟာ အဲဒီဆေးဆရာကို ရုတ်တရက်ဆိုသလို သံသယဝင်သွားပြီး သူ့ရှေ့ကလူကိုလည်း မီးတွင်းထဲ တွန်းချလိုက်တယ်လို့ ခံစားလိုက်ရပါတယ်။ သူဟာ ဘာ့ဂ်ဒါဟာ သေချာအကဲခတ်ပြီး သူ့ရောင်ဝါမှာ ဘာပြဿနာမှ မရှိဘူးဆိုတာကို အတည်ပြုပါတယ်။

“မံမီမှုန့်... ဟုတ်လား...” ကလိုင်းဟာ သတိတထား မေးပါတယ်။

“ဟုတ်တယ်... မံမီမှုန့်ပဲ... ကျွန်တော် သူငယ်ချင်းတစ်ယောက်ကို မေးကြည့်တော့... ဘက်ကလင်က အထက်တန်းလွှာတွေတောင် ဒီလိုပစ္စည်းမျိုးကို အသည်းအသန် ရှာနေကြတယ်လို့ ကြားတယ်... မံမီတွေကို ကြိတ်ပြီး ရလာတဲ့အမှုန့်ပဲ... အိပ်ရာထဲမှာ အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်ကို ထိပ်ဆုံးရောက်စေတယ်... နာမည်ကြီးက မနှစ်မြို့စရာကောင်းပေမဲ့ တကယ်ကို အထက်တန်းလွှာတွေ သုံးကြတာ...” ဘာ့ဂ်ဒါဟာ အသေးစိတ် ရှင်းပြပါတယ်။ သူ့မျက်လုံးထဲက လိုချင်တဲ့ ဆန္ဒဟာ ဖုံးမရဖိမရပါပဲ။

‘မံမီ... အ‌လောင်းတွေကနေ လုပ်ထားတဲ့ မံမီလား... အဲဒါကို ကြိတ်ပြီး အမှုန့်လုပ်တယ်...’ ကလိုင်း ကြက်သေသေသွားပါတယ်။ ဘာ့ဂ်ဒါရှေ့မှာ ပျို့အန်လုနီးနီးပါပဲ။ သူ့ကိုယ်သူ မနည်း ထိန်းလိုက်ရပါတယ်။

‘ဒီအထက်တန်းလွှာတွေက တကယ်ကို...’ သူ ဘာ့ဂ်ဒါကို အဲဒီလိုမလုပ်ဖို့ အကြံပေးတော့မဲ့ဆဲဆဲမှာ အရင်တုန်းက အဆုတ်ရောဂါ ဖြစ်ခဲ့ဖူးတဲ့ အခုမှ ကလပ်ကို ရောက်လာတဲ့ ဂလက်ဆစ်ဟာ ဘာ့ဂ်ဒါရဲ့ စကားကို ကြားသွားပါတယ်။

“ဟုတ်တယ်... အဲဒါက တော်တော် အစွမ်းထက်တယ်... ဗလက်လမ်းက လောဆင် ဆေးမြီတိုဆိုင်မှာ သွားဝယ်ချည်.. မစ္စတာလောဆင်ရဲ့ လျှို့ဝှက်ဆေးနည်းက တကယ်ကို အစွမ်းထက်တယ်”

ဂလက်ဆစ်ဟာ သူတို့နားကို စိတ်ဝင်တစား လျှောက်လာပြီး ခပ်တိုးတိုး ထောက်ခံချက် ပေးပါတယ် “ငါ့အတွေ့အကြုံအရ လုံးဝ လုံးဝကို ကောင်းတယ်”

“ခင်ဗျားလည်း သိတာပဲလား... ကျွန်တော်လည်း မစ္စတာလောဆင်ရဲ့ ဆေးမြီးတိုဆိုင်ကို အခုပဲ သွားတော့မလို့” ဘာ့ဂ်ဒါရဲ့ မရှိမဲ့ရှိမဲ့ စိုးရိမ်စိတ်လေးဟာ နေလာနှင်းပျောက် ပျောက်သွားပါတယ်။

စကားနည်းနည်းပါးပါး ပြောပြီးတဲ့အခါမှာတော့ သူဟာ ဗေဒင်ကလပ်ကနေ ခပ်သုတ်သုတ် ထွက်သွားပါတယ်။ အဲဒီအချိန်အထိ ကလိုင်းဟာ ကြက်သေသေနေတုန်းပါ။

သူဟာ ငါးနာရီ မိနစ်နှစ်ဆယ်ထိ စောင့်ပြီးမှ ဦးထုပ်ဆောင်း လက်ကိုင်တုတ် ကိုင်ပြီး ဗေဒင်ကလပ်က ထွက်ခွာပါတယ်။ သူဟာ အများသုံး မြင်းလှည်းနဲ့ ဗလမ်လမ်းဆီ သွားပါတယ်။ ‌ဆေးဆရာ လောဆင်ဒါ့ဝေဒ်ကို အကဲခတ်ပြီး ကပ္ပတိန်ကို သတင်ပေးသင့် မပေးသင့် ဆုံးဖြတ်ဖို့ပါ။

...

အမှတ် (၁၈) ဗလက်လမ်း။

ဆေးဆိုင်ရဲ့ အပြင်မှာရပ်နေတဲ့ ကလိုင်းဟာ ပိတ်ထားတဲ့ တံခါးနဲ့ ထပ်ဆင့်အငှားချတဲ့ ကြော်ငြာစာကို တွေ့လိုက်ရပါတယ်။

‘တော်တော် သတိကြီးတာပဲ...’ သူဟာ စိတ်ထဲမှာ ရေရွတ်လိုက်ပါတယ်။

ဒီလိုဖြစ်မှတော့ သူ အလုပ်ရှုပ်ခံပြီး အကဲခတ်နေစရာ မလိုတော့ပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters