ဒေလီရဲ့ ခန့်မှန်းချက်
Vol. 10 Ch. 96
နောက်တစ်နေ့မှာ ကလိုင်းဟာ ပင်ပန်းနွမ်းနယ်မှု တစ်စုံတစ်ရာ မရှိတဲ့အထိ အကောင်းပကတိ ပြန်ဖြစ်သွားပါတယ်။ သူဟာ ပုံမှန်ခြေလှမ်းတွေနဲ့ ဆူးနက်လုံခြုံရေး ကုမ္ပဏီထဲ ဝင်သွားပါတယ်။
“မင်္ဂလာ မနက်ခင်းပါ ကလိုင်း... ဒီနေ့ရာသီဥတုက အေးမြ သာယာတယ်နော်... ဒီည စားသောက်ပွဲကို ကျွန်မ မျှော်နေတာ” အစိမ်းရောင်ဖျော့ဖျော့ ဝတ်ဆင်ထားတဲ့ ရိုဇန်းက ဧည့်ကြိုစားပွဲနောက်ကနေ သူ့ကို အပြုံးနဲ့ ဆီးကြို နှုတ်ဆက်ပါတယ်။
ကလိုင်းဟာ ဗိုက်ကို တမင်ကိုင်ပြီး... “မစ္စရိုဇန်း... ဒီလိုစားသောက်စရာကိစ္စကို မနက်အစောကြီး မပြောသင့်ဘူး... ကျွန်တော် ဒီနေ့လုပ်ရမှာတွေကို မလုပ်ချင်တော့ဘူး... ညပဲ မြန်မြန် ရောက်စေချင်တော့တယ်”
“ကျွန်မရောပဲ...” ရိုဇန်းဟာ တခစ်ခစ် ရယ်ပါတယ်။
သူမဟာ ဘေးဘီကို ကြည့်ပြီး ကလိုင်းကို အနားတိုးလာဖို့ အချက်ပြပါတယ်။ အဲဒီနောက် အသံတိုးတိုးနဲ့... “ကျွန်မ ခုနက မဒမ်ဒေလီနဲ့ တွေ့တယ်”
“ဟုတ်လား... နတ်ဝင်သည် မဒမ်ဒေလီလေ...” ကလိုင်းက တအံ့တဩ မေးပါတယ်။
အာဝါခရိုင်ရဲ့ နာမည်အကြီးဆုံး မစ္စဒေလီက အင်းမတ်ဆိပ်ကမ်းမှာ တစ်ချိန်လုံး နေတာပါ။ အင်းမတ်ဆိပ်ကမ်းနဲ့ ထင်းဂန်မြို့က ခရီးတိုတိုလေး မဟုတ်ပါဘူး။
“ဟုတ်တယ်...” ရိုဇန်းဟာ ခေါင်းညိတ်ပြီး ဆက်ပြောပါတယ် “ဒါပေမဲ့ သူ ထွက်သွားပြီ... အင်း... သူက ကျွန်မဖြစ်ချင်တဲ့ သာလွန်သူမျိုးပဲ... ကျွန်မသာ နတ်ဝင်သည် ဖြစ်ရင် ထင်းဂန်မြို့ကထွက်ပြီး လောကအနှံ့ ခြေဆန့်တယ်... အင်းထစ်၊ ဖေးဆက်၊ ဖေးနာပေါ်တာနဲ့ တောင်ပိုင်းတိုက်ကနေ မြက်ခင်းပြင်တွေ သဘာဝတောအုပ်တွေ နှင်းလွင်ပြင်တွေအထိ လျှောက်သွားမယ်”
‘ရိုဇန်းရေ... ညသိမ်းငှက် စည်းမျဉ်းတွေကို သတိရဦး...’ ကလိုင်းဟာ ပြုံးပြီး ခေါင်းခါမိလိုက်ပါတယ်။
“မဒမ်ဒေလီတောင် အင်းမတ်ဆိပ်ကမ်းကနေ ထွက်ခွာဖို့ ခွင့်ပြုချက် တောင်းရတယ်”
“ကျွန်မ သိပါတယ်... ဒါပေမဲ့ ရှင်မပြောဘဲ အသာလေးနေပြီး ကျွန်မရဲ့ စိတ်ကူးယဉ်အိပ်မက်ကို မဖျက်ဆီးပစ်လို့ မရဘူးလား” ရိုဇန်းဟာ ကျွဲမြီးတိုသွားပါတယ် “တကယ်တော့ ကျွန်မက ဘယ်တော့မှ သာလွန်သူ ဖြစ်လာမှာ မဟုတ်ဘူး... အဲဒါက အန္တရာယ်များလွန်းတယ်... ဘယ်ကပစ်လိုက်မှန်း မသိတဲ့ သေနတ်တစ်ချက်ကြောင့် အသက်ဆုံးသွားနိုင်တယ်... ကျွန်မ မြင်ရသလောက်တော့ သာလွန်သူတွေက မွန်းစတားတွေကို တိုက်ဖို့ သူတို့ကိုယ်သူတို့ မွန်းစတား ပြောင်းလိုက်တာပဲ”
“ဂိုဏ်းချုပ် ချန်စီက ပြောခဲ့တယ်လေ... ငါတို့တွေက အစောင့်အရှောက်တွေ ဖြစ်သလို ခြိမ်းခြောက်မှုနဲ့ ရူးသွပ်မှုကို တရစပ်တိုက်ခိုက်နေရတဲ့ သနားစရာကောင်းတဲ့လူတွေတဲ့” ကလိုင်းဟာ ပြန်ဖြေပြီး သက်ပြင်းချလိုက်ပါတယ်။ ဒီစကားက သူ့စိတ်ထဲမှာ စွဲကျန်ရစ်နေပါတယ်။
‘အသူရာချောက်ကို တိုက်ခိုက်ဖို့ ငါတို့တွေ အသူရာချောက်ရဲ့ တိုက်စားမှုကို ကြံ့ကြံ့ခံရလိမ့်မယ်’
နှစ်ယောက်စလုံး မတိုင်ပင်ထားဘဲ တိတ်ဆိတ်သွားပါတယ်။ အဲဒီနောက် ရိုဇန်းဟာ အခန်းခွဲထားတဲ့ အပိုင်းဆီ မေးငေါ့ပြပြီး ပထမဆုံး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပါတယ် “ရှင်ရောက်လာရင် ကပ္ပတိန်က သူ့ကို လာတွေ့ဦးလို့ ပြောခိုင်းထားတယ်”
“အင်း...” သူဟာ ဦးထုပ်နဲ့ လက်ကိုင်တုတ်ကို လက်မှာကိုင်ပြီး အခန်းခွဲထားတဲ့ အပိုင်းကို ဖြတ်လျှောက်ကာ တံခါးခေါက်ပြီးမှ ဒန်းစမစ်ရဲ့ ရုံးခန်းထဲ ဝင်ပါတယ်။
လူလတ်ပိုင်းအရွယ် မီးခိုးရောင်မျက်လုံးတွေနဲ့ လူတစ်ယောက်ဟာ ကော်ဖီခွက်ကို အောက်ချပြီး အပြုံးနဲ့ ပြောပါတယ် “ဒေလီ ရောက်လာပြီ”
“ရိုဇန်းက ပြောပြထားလို့ ကျွန်တော် အံ့ဩလို့ မရတော့ဘူး” ကလိုင်းဟာ အပြုံးနဲ့ ပြောပါတယ်။
ဒန်းစမစ်ဟာ သူ့ရဲ့ နောက်တောက်တောက် စကားကို စိတ်မရှိဘဲ သက်ပြင်းသာ ချလိုက်ပါတယ်။
“ဒေလီက ဘက်ကလင်ဆီ ပြောင်းသွားရုံပဲ ရှိသေးတယ်... ဘက်ကလင်က အလုပ်အများဆုံးနဲ့ လူအများဆုံး မြို့ပဲ... သူတို့ဆီမှာက သာလွန်သူ အများဆုံးလည်း ဟုတ်သလို အခွင့်အရေးလည်း အများဆုံးပဲ... သူက ဂိုဏ်းချုပ် ဒါမှမဟုတ် အကြီးတန်း ဂိုဏ်းထောက် ဘုန်းတော်ကြီး ဖြစ်လာဖို့ ငါ့ထက် အခွင့်အရေး ပိုရှိတယ်”
“ဘာဖြစ်လို့လဲ” ကလိုင်းဟာ ထိုင်ခုံမှာ ဝင်ထိုင်ရင်း စပ်စုပါတယ်။
ဒန်းစမစ်ဟာ စက္ကန့်နှစ်ဆယ်လောက် တွေးပြီးမှ ဖြေပါတယ် “သူက ဆုံမှတ်ဆေးရည်တွေကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်နိုင်ပြီး အပြည့်အဝ အသုံးချတဲ့နေရာမှာ သူမတူတဲ့ အရည်အချင်း ရှိတယ်... အရင်က ငါ မင်းကို ညသိမ်းငှက်ရဲ့ စည်းကမ်းတွေအကြောင်း ပြောပြီးပြီ... မင်း နောက်ထပ် အဆင့်တက်ဆေးရည် သောက်ချင်တယ်ဆိုရင် စိတ်လွတ်တဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် သုံးနှစ်စောင့်ပြီး တင်းကျပ်တဲ့ စစ်ဆေးမှုတွေကို ဖြတ်ကျော်ရတယ်”
“ဒါပေမဲ့ အကုန်လုံး ပျှမ်းမျှတွက်ကြည့်ရင် သုံးနှစ်က လုံလောက်တဲ့ အချိန်ပမာဏ မဟုတ်ဘူး... ငါ အအိပ်မဲ့ကနေ သန်းခေါင်ယံ ကဗျာဆရာ ဖြစ်လာဖို့ သုံးနှစ်ကြာခဲ့တယ်... သန်းခေါင်ယံ ကဗျာဆရာကနေ အိပ်မက်ဆိုး ဖြစ်လာဖို့တော့ ကိုးနှစ်တောင် အချိန်ယူခဲ့ရတယ်... အိပ်မက်ဆိုးကနေ ဆုံမှတ် ၆ ကို တက်ဖို့ သုံးနှစ် ကြာသွားပြီ... နောက်ထပ် ဘယ်နှနှစ် လိုဦးမလဲဆိုတာ ငါ မသိဘူး”
“ငါတို့ရဲ့ ခန္ဓာကိုယ်က အသက်ကြီးလာရင် ငါတို့ရဲ့ စွမ်းအားကလည်း လျော့ကျလာတယ်... ငါတို့တွေ အန္တရာယ်တွေကို ကျော်ဖြတ်နိုင်ရင်တောင် အဆင့်ဆက်တက်ဖို့ မကြိုးစားသင့်တော့ဘူး... ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ စိတ်လွတ်နိုင်တဲ့ရာခိုင်နှုန်းက မြင့်လွန်းလို့ပဲ... ဘယ်သူမှ မစွန့်စားချင်ကြဘူး”
“ဒေလီနဲ့ငါက သာလွန်သူအများစုနဲ့ မတူဘူး... သူ အလောင်းကောက်သမား ဖြစ်လာတော့ တစ်နှစ်တည်းနဲ့ အထူးခွင့်ပြုချက် တောင်းခံတယ်... နောက်ဆေးရည်ကို ချက်ချင်း သောက်သုံးဖို့... အကုန်လုံးကို အံ့အားသင့်သွားစေတာက တင်းကျပ်တဲ့ စစ်ဆေးမှုတွေကို သူ ဖြတ်ကျော်ပြီး ဒွန်းစဏ္ဍားဆေးရည်ကို ရသွားတာပဲ”
“ဒွန်းစဏ္ဍားကနေ နတ်ဝင်သည် ဖြစ်လာဖို့လည်း နောက်ထပ် တစ်နှစ်ပဲ ပိုကြာတယ်... ဟီးဟီး... ဒီနှစ်က သူ သာလွန်သူဖြစ်လာတဲ့ ငါးနှစ်မြောက်ပဲ... သူက ၂၄ နှစ်ပဲ ရှိသေးတာ... ငယ်သေးတော့ သူ့ရှေ့မှာ အခွင့်အရေး အများကြီး ရှိတယ်”
‘အပေါ်ယံမှာ သူက အာဝါခရိုင်ရဲ့ နာမည်အကြီးဆုံး နတ်ဝင်သည်ပဲ... ဒါပေမဲ့ သူက တကယ့် နတ်ဝင်သည်စစ်စစ်... ဒါ သရုပ်ဆောင်တာပဲ မဟုတ်ဘူးလား... လူအိုကြီးနီးလ်ကလည်း ငါ့ကို ဒီအကြောင်း ပြောဖူးတယ်’ ကလိုင်းဟာ မဒမ်ဒေလီရဲ့ အဆင့်မြန်မြန်တက်တဲ့ အဓိကသော့ချက်ကို ဒေါက်ခနဲ သိသွားပါတယ်။
“ကပ္ပတိန်... ကပ္ပတိန်လည်း ငယ်ပါသေးတယ်... အခုမှ သုံးဆယ်ကျော်ပဲ ရှိသေးတာ” ကလိုင်းဟာ ဒန်းစမစ်ကို နှစ်သိမ့်ပေးပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ဆက်ပြောပါတယ် ‘ကပ္ပတိန်ရဲ့ မှတ်ဉာဏ်ပဲ အဲဒီလောက် မကောင်းတော့တာ’
ဒန်းစမစ်ဟာ ကော်ဖီတစ်ငုံ သောက်ပြီး ခေါင်းခါကာ မချိပြုံး ပြုံးပါတယ်။
“ကပ္ပတိန် မဒမ်ဒေလီဆီမှာ နည်းလမ်းလေး ဘာလေးများ တောင်းမကြည့်ဘူးလား” ကလိုင်းဟာ ရည်ရွယ်ချက်ရှိရှိ မေးပါတယ်။
ဒန်းစမစ်ဟာ ကော်ဖီခွက် အောက်ချပြီး နားထင်ကို နှိပ်ရင်း ဖြေပါတယ် “သူက ငါ့ကို တကယ့် အိပ်မက်ဆိုး ဖြစ်လာဖို့ ပြောတယ်... သူ ဘာပြောချင်လဲဆိုတာကို ငါ နားမလည်ဘူး”
‘အိပ်မက်ဆိုးလိုမျိုး လုပ်ခိုင်းတာလေ... အင်း... အိပ်မက်ဆိုး... နာမည်ကြားရုံနဲ့တင် ကျောချမ်းစရာကြီး...’ ကလိုင်းဟာ မျက်မှောင်ကြုတ်သွားပြီး ယာယီ တိတ်ဆိတ်သွားပါတယ်။
ဒန်းစမစ်ဟာ သူ့ရဲ့ ဆေးတံကို ထုတ်ပြီး တစ်ဖွာ ရှိုက်ပါတယ်။
“ဒေလီနဲ့ငါ အမြင်ဆရာရဲ့ အဆင့်တက် ဆေးရည်က လူရွှင် ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်တယ်... သူက အဲဒီအမြင်ဆရာ မင်းကို မညာဘူးလို့ ယူဆပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အယူအဆ တစ်ခုကို တင်ပြတယ်”
“ဘယ်လို အယူအဆကို တင်ပြတာလဲ” ကလိုင်းဟာ ကောက်ကာငင်ကာ မေးလိုက်ပါတယ်။ သူ့မျက်လုံးတွေကလည်း တောက်ပသွားပါတယ်။
သူဟာ လူရွှင်က အမြင်ဆရာရဲ့ အဆင့်တက် ဆေးရည် ဟုတ်မဟုတ်ကို တွက်ချက် ကြည့်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ရလာခဲ့တဲ့ အဖြေဟာ ဝေဝါးပေမဲ့ ဟုတ်တယ်လို့ မပြောရုံတမယ်ပါပဲ။
ဒန်းစမစ်ရဲ့ အေးချမ်းနက်နဲတဲ့ မီးခိုးရောင် မျက်လုံးတွေဟာ သူ့ကို တစ်ချက်လှမ်းကြည့်ပြီး တွေးရင်းနဲ့ ပြောပါတယ် “သာမန် ဆုံမှတ်လမ်းကြောင်းက တစ်လှမ်းချင်းစီ သွားတာ... သူတို့တွေက တူညီမှုတစ်ခုအပေါ် မူတည်ပြီး ရှေ့ဆက်တာ... ဥပမာ အအိပ်မဲ့၊ သန်းခေါင်ယံ ကဗျာဆရာနဲ့ အိပ်မက်ဆိုး အကုန်လုံးက ညအမှောင်ထုနဲ့ ပတ်သက်တာတွေချည်းပဲ... အေးချမ်းတဲ့ အိပ်စက်မှုနဲ့ အဲဒီကနေ ဖြစ်ပေါ်လာတဲ့ ငြိမ်သက်အေးချမ်းမှုပဲ... နောက်လာမဲ့ ဆုံမှတ်ဆေးရည်တွေကလည်း ဒီလိုမျိုး တူညီတာတွေ ရှိနေမယ်ဆိုတာကို ခန့်မှန်းချက် ထုတ်နိုင်တယ်... စွမ်းအားပိုကြီးပြီး နယ်ပယ် ပိုကျယ်သွားတာ တစ်ခုပဲ... သူတို့တွေက လျှို့ဝှက်ချက်၊ ကပ်ဘေး၊ ချောက်ချားမှု၊ ကြက်သွေးရောင်လ စတာတွေနဲ့ ပတ်သက်ကောင်း ပတ်သက်နေနိုင်တယ်...”
“တချို့ ဆုံမှတ် လမ်းကြောင်းတွေကျတော့ တစ်ခုနဲ့တစ်ခု မဆိုင်ဘူးလို့ ထင်ရပေမဲ့ ငါတို့တွေ သူတို့ကို အသေးစိတ် ပိုင်းခြားစိတ်ဖြာလိုက်ရင် တူညီတာတွေ ထွက်လာတယ်... ဥပမာ လုပ်ကြံသတ်ဖြတ်သူနဲ့ လှုံ့ဆော်သူပေါ့... သူတို့နှစ်ယောက်စလုံးမှာ တူညီတာက လူတွေဆီကို ကပ်ဘေးတွေ နာကျင်မှုတွေ ဝမ်းနည်းမှုတွေ မျှော်လင့်ချက် ကင်းမဲ့မှုတွေ ဆောင်ယူလာတာပဲ... အဲဒါကြောင့် နောက်လာမဲ့ ဆုံမှတ်တွေကလည်း ဒီပုံစံအတိုင်းပဲ သွားလိမ့်မယ်”
ကလိုင်းဟာ အာရုံတစိုက် နားထောင်ပြီး... “ဒါပေမဲ့ အမြင်ဆရာနဲ့ လူရွှင်က အဲဒီလိုမျိုး တူညီတာ တစ်ခုမှ မရှိဘူးလေ”
“ဟုတ်တယ်...” ဒန်းစမစ်ဟာ ခေါင်းညိတ်ပါတယ် “ဒါပေမဲ့ ဒေလီက တခြား ဆက်သွယ်မှုမျိုးရှိတဲ့ ဆုံမှတ်လမ်းကြောင်းတွေ ရှိနိုင်တယ်လို့ ယူဆတယ်... ငါတို့ မသိတာတွေက အများကြီးပဲလေ...”
သူဟာ ခဏရပ်ပြီးမှ ဆက်ပြောပါတယ် “ဒေလီပြောတာတော့ ဒီလိုမျိုး ဆုံမှတ်လမ်းကြောင်းက သာလွန်သူကို အဆင့်နိမ့်ကနေ အလယ်အဆင့်အထိ တစ်ခုနဲ့တစ်ခု အဆက်အစပ်မရှိတဲ့ အစွမ်းအစ အသစ်တွေ ပေးတယ်တဲ့... သာလွန်သူ အဆင့်တစ်ခုကို ရောက်မှ ဒီအစွမ်းအစတွေ အကုန်လုံးက သူတို့အကုန်လုံးပါဝင်တဲ့ စွမ်းအားကြီးအရာတစ်ခုအဖြစ် အလုံးစုံ ပြောင်းလဲသွားလိမ့်မယ်တဲ့”
“နားလည်လွယ်အောင် ပြောရရင်ကွာ... ဒီလမ်းကြောင်းက တစ်လှမ်းချင်း မသွားဘူး... တစ်လှမ်းချင်း သွားမဲ့အစား သီးခြား အစိတ်အပိုင်းတွေ ပေါင်းစပ်ပြီး ကြီးမားတဲ့အရာတစ်ခု ဖြစ်သွားတဲ့ ပုံစံမျိုးပဲ”
ကလိုင်းဟာ စိတ်ရှိလက်ရှိ နားထောင်ပြီး ခေါင်းရှုပ်သွားပါတယ်။ ဒန်းစမစ်ဟာ ညာလက်မြှောက်ပြီး ပြောပါတယ် “သာမန် ဆုံမှတ်လမ်းကြောင်း တစ်ခုက တစ်ကြိမ်ကို တစ်လှမ်းပဲ လှမ်းတယ်... ဥပမာပေးရရင် ကလေးတစ်ယောက် ကြီးထွားသလိုမျိုးပဲ... ကလေးလေးက ဖြည်းဖြည်းချင်း အရပ်ရှည်လာမယ်... ခွန်အားကြီးလာမယ်... ကိုယ်အလေးချိန် တက်လာမယ်...”
“ထူခြား ဆုံမှတ် လမ်းကြောင်းတွေ ကျတော့...”
ဒီအရောက်မှာ ဒန်းစမစ်ဟာ လက်မ ထောင်ပါတယ်။
“ဒါက ဆုံမှတ် ၉...”
အဲဒီနောက် သူဟာ လက်ညှိုး ထောင်ပါတယ်။
“ဒါက ဆုံမှတ် ၈...”
အဲဒီနောက် သူဟာ ကျန်တဲ့လက်ချောင်းတွေကို ဖြည်းဖြည်းချင်း ထောင်ပြပါတယ်။
“လက်ချောင်းတိုင်းက သီးခြားပဲ... တစ်ချောင်းနဲ့ တစ်ချောင်း ဆက်စပ်မှု ရှိတယ်လို့ မထင်ရဘူး... ဒါပေမဲ့ နောက်ဆုံးမှာ...”
ဒီစကားအရောက်မှာ ဒန်းစမစ်ဟာ လက်ချောင်းတွေကို လက်သီးဖြစ်အောင် ဆုပ်လိုက်ပါတယ်။
“ကျွန်တော် နားလည်ပြီ” ကလိုင်းဟာ ရုတ်တရက်ဆိုသလို သဘောပေါက်သွားပါတယ်။ သူဟာ ဒေလီရဲ့ ခန့်မှန်းချက်နဲ့ ကပ္ပတိန်ရဲ့ ဥပမာကို သဘောတူ လက်ခံပါတယ်။
‘ဒီလိုမျိုးပဲ ဖြစ်ရမယ်’ သူဟာ ခေါင်းညိတ်ပြီး အတွေးနက်သွားပါတယ်။
‘ဆုံမှတ် ၈ လူရွှင်နဲ့ ဆုံမှတ် ၉ အမြင်ဆရာက လုံးဝ မတူပါဘူး... အစွမ်းအစ တစ်မျိုးစီပါ... နောက်ပြီး ညသိမ်းငှက်ရဲ့ မှတ်တမ်းတွေအရ ဆုံမှတ် ၇ နဲ့ ဆုံမှတ် ၈ ကလည်း ဒီလိုပါပဲ...’
ကလိုင်းဟာ တစ်ခဏ တိတ်ဆိတ်သွားပြီး သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဘယ်အဆင့်ရောက်ရင် ဒီသီးခြားအစွမ်းအစတွေက အတူတူ ပေါင်းစည်းပြီး အရည်အသွေး ပြောင်းသွားမှာလဲ”
ဒန်းစမစ်ဟာ ကော်ဖီတစ်ငုံသောက်ပြီး ရယ်ပါတယ်။
“ငါနဲ့ ဒေလီရဲ့ ခန့်မှန်းချက်ကတော့ ဆုံမှတ် ၄ ပဲ”
“ဘာဖြစ်လို့လဲ” ကလိုင်းဟာ လွှတ်ခနဲ မေးမိလိုက်ပါတယ်။
“ဘာဖြစ်လို့လဲဆိုတော့ ဆုံမှတ်တွေကို ဘုရားကျောင်းတွေရဲ့ အုပ်စုခွဲပုံအရ ဆုံမှတ် ၄ က အဆင့်မြင့် ဆုံမှတ်တွေရဲ့ အစမလို့ပဲ... ဒီအဆင့်ကို ရောက်ရုံနဲ့တင် အသက်ဓာတ်နဲ့ စွမ်းအားက ပြောင်းလဲသွားလိမ့်မယ်လို့ ပြောကြတယ်... ရှေးခေတ်က စတုတ္ထယုဂ်မှာဆိုရင် ဆုံမှတ် ၄ သာလွန်သူကို နတ်တစ်ပိုင်း လူတစ်ပိုင်းလို့ ခေါ်ကြတယ်... ဒီနေ့ခေတ်မှာ အဲဒီလို သာလွန်သူမျိုးက တော်တော် ရှားသွားပြီ” ဒန်းစမစ်ဟာ တမ်းတမ်းတတနဲ့ ပြောပါတယ်။
“ဆုံမှတ် ၄ ကနေ ဆုံမှတ် ၁ ထိက အဆင့်မြင့်ဆုံမှတ် သာလွန်သူဆိုရင် အဆင့်နိမ့် ဆုံမှတ် သာလွန်သူဆိုတာက ဘယ်သူတွေကို ပြောတာလဲ” ကလိုင်းဟာ စိတ်ဝင်တစား မေးပါတယ်။
“လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က ဆုံမှတ် ၉ ကနေ ၇ ထိကို အဆင့်နိမ့် သာလွန်သူလို့ ယူဆခဲ့ကြတယ်... ဒါပေမဲ့ ဒီနှစ်ရာစုတွေမှာ သာလွန်သူတွေက တဖြည်းဖြည်း နည်းလာတော့ ဘုရားကျောင်းတွေက ဆုံမှတ် ၇ ကို အလယ်ဆုံမှတ်ထဲ ထည့်လိုက်ကြတယ်” ဒန်းစမစ်ဟာ ကိုယ့်ကိုယ်ကိုယ် သရော်တဲ့အမူအရာနဲ့ ရယ်ပါတယ်။
‘ဆုံမှတ် ၉ နဲ့ ၈ က အဆင့်နိမ့် သာလွန်သူ... အဲဒါပြီးရင် ဆုံမှတ် ၇ ကနေ ၅ ထိက အလတ်တန်းစား သာလွန်သူ... နောက်ဆုံး ဆုံမှတ် ၄ နဲ့အထက်က အဆင့်မြင့် သာလွန်သူ...’ ကလိုင်းဟာ ခေါင်းထဲမှာ ထပ်ခါထပ်ခါ ပြောရင်း အဲဒီအဆင့်တွေကို တောင့်တမိသွားပါတယ်။
‘ဧကရာဇ်ရစ်ဆဲလ်က အဆင့်မြင့် သာလွန်သူ ဖြစ်ရမယ်... ဒါပေမဲ့ အဆင့်မြင့်လေလေ စိတ်လွတ်နိုင်တဲ့ ရာခိုင်နှုန်း များလေလေပဲ...’ ကလိုင်းဟာ ဒါကို တွေးမိပြီး ကျောချမ်းသွားပါတယ်။
သူဟာ သာမန်ကာလျှံကာ အမူအရာနဲ့ ဒီအတိုင်း မေးလိုက်ပါတယ် “ဒါနဲ့ ကျွန်တော်တို့ ဘုရားကျောင်းရဲ့ ဆုံမှတ် ၄ ဆေးရည်က ဘယ်လိုခေါ်လဲ”
“အမှန်တိုင်း ပြောရရင် ငါလည်း သေချာမသိဘူး... ငါရဲ့ လုံခြုံရေး အခွင့်အာဏာက အဲဒါကို သိရဖို့ မလုံလောက်ဘူး... ငါ ဂိုဏ်းအုပ် ဘုန်းကြီး ဒါမှမဟုတ် ညသိမ်းငှက်ရဲ့ ဂိုဏ်းထောက် ဖြစ်လာမှ အဲဒီအကြောင်းတွေကို ဖတ်လို့ရမှာ”
ဒန်းစမစ်ဟာ ခေါင်းခါပြီး ပြုံးပါတယ် “တကယ်တမ်း ပြောရရင် ဘုရားကျောင်းရဲ့ ထိပ်တန်းလူကြီးတွေ... ဂိုဏ်းအုပ်ဘုန်းကြီး ၁၃ ပါးနဲ့ အကြီးတန်း ဂိုဏ်းထောက် ၉ ပါးမှာ အနည်းဆုံး တစ်ဝက်က ဆုံမှတ် ၄ မရောက်သေးဘူး... အင်း... ဒါက ငါ အကောင်းဘက်ကနေ ကြည့်ပြီး ပြောတာ... အခု ဝရမ်းပြေး ဖြစ်နေတဲ့ ဂိုဏ်းအုပ်ဘုန်းကြီး အင့်ဇင်ဂွယ်က ဆုံမှတ် ၄ တက်ဖို့ ကြိုးစားတာ စိတ်လွတ်သွားတယ်”
‘ချိပ်ပိတ်လက်နက် ၀-၀၈ ကို ခိုသွားတဲ့လူလား.. . သူ့ဆေးရည်က တံခါးမှူးလို့ ခေါ်တာမလား...’ ကလိုင်းဟာ သတင်းနှိုက်ပါတယ် “အအိပ်မဲ့ရဲ့ ဆုံမှတ် ၅ က တံခါးမှူးလား”
“မဟုတ်ဘူး... အဲဒါက နတ်ဝင်သည် လမ်းကြောင်း... မင်း ဆုံမှတ် ၇ ကို ရောက်ပြီး ဂိုဏ်းအုပ် ဒါမှမဟုတ် ညသိမ်းငှက် ကပ္ပတိန် ဖြစ်လာရင် ဒီအကြောင်းတွေ သိရလိမ့်မယ်”
‘တံခါးမှူးက နတ်ဝင်သည် လမ်းကြောင်းရဲ့ ဆုံမှတ် ၅ လား... အဲဒါဆို သူက ငရဲသွားတဲ့ တံခါးကို စောင့်ကြပ်တာလား... ဒါမှမဟုတ် စိတ်ဝိညာဉ်လောကဆီသွားတဲ့ တံခါးကို စောင့်ကြပ်တာလား...’ ကလိုင်းဟာ စိတ်ထဲမှာ မှန်းချက် ထုတ်လိုက်ပါတယ်။
“တော်ပြီ... လူအိုကြီးနီးလ်ဆီ သွားပြီး လေ့လာစရာရှိတာ ဆက်လေ့လာ...” ဒန်းစမစ်က အပြုံးနဲ့ ပြောပါတယ် “ဝေလ်ကြီး စားသောက်ဆိုင်က ညစာ စားပွဲကိုလည်း မမေ့နဲ့ဦး... စာရင်း ကြိုပေးထားပြီးပြီ... ငါ မင်းကို ကျန်တဲ့ ညသိမ်းငှက်တွေနဲ့ တရားဝင် မိတ်ဆက်ပေးမယ်”
“ဟုတ်ကဲ့ပါ... ကျွန်တော် ပိုက်ဆံယူလာပါတယ်” ကလိုင်းဟာ အားယူပြုံးပါတယ်။
“မလိုဘူး... မင်း ပိုက်ဆံရှင်းဖို့ မလိုဘူး... ငါတို့မှာ အပိုရန်ပုံငွေ ရှိတာကို မေ့သွားပြီလား... မင်း လာအပ်တဲ့ တာဝန်ကို ထူးထူးချွန်ချွန် ထမ်းဆောင်နိုင်ခဲ့လို့လေ...” ဒန်းစမစ်ဟာ လက်ဝှေ့ယမ်းပြီး ပြောပါတယ်။
ကလိုင်းဟာ တဒင်္ဂ အံ့အားသင့်သွားပြီး ချက်ချင်းဆိုသလို မှိုရတဲ့မျက်နှာ ဖြစ်သွားပါတယ် “ဟုတ်ကဲ့ပါ ကပ္ပတိန်”
သူဟာ တစ်ဖက်လှည့်ပြီး တံခါးဆီ လျှောက်သွားပါတယ်။ စိတ်ထဲမှာတော့ သုံး နှစ် တစ် ရေပါတယ် ‘အင်း... ဒီတစ်ခါ ကပ္ပတိန် ငါ့ကို ဘာလို့ မခေါ်တာပါလိမ့်...’
ကလိုင်းဟာ တစ်ကို အချိန်အကြာကြီး အကြာကြီးဆွဲပြီးမှ ရေပါတယ်။ ဒါပေမဲ့ ကပ္ပတိန်ဒန်းစမစ် ဘာမှ မမေ့တာက သူ့ကို အံ့အားသင့်သွားစေပါတယ်။
‘တကယ့် အံ့ဖွယ်ပဲ’
...
လက်နက်တိုက်ထဲမှာ လူအိုကြီးနီးလ်ဟာ စိတ်ကောင်းဝင်နေတဲ့ ကလိုင်းကို တစ်ချက်ကြည့်ပါတယ်။
“ညစာ စားပွဲအကြောင်းချည်း တွေးမနေနဲ့... မင်း သင်ယူ လေ့လာစရာတွေ အများကြီး ရှိသေးတယ်... အစီအရင် မှော်ပညာတွေ ရှေးဟောင်း ဟာမီးတွေ နဂါးဘာသာစကား နတ်သူငယ်ဘာသာစကားနဲ့ တခြားဟာတွေ အများကြီး ရှိသေးတယ်”
“အင်း... မင်းရဲ့ အားလပ်ရက်ကလွဲလို့ ကျန်တဲ့ နေ့လည်ခင်းတွေမှာ တိုက်ခိုက်ရေး လေ့ကျင့်တာကို နည်းပြနဲ့ အနည်းဆုံး ၂ နာရီ လေ့ကျင့်ရမယ်”
“တိုက်ခိုက်ရေး လေ့ကျင့်ရမယ်... ကပ္ပတိန်က ကျွန်တော်ကို ဘာမှ မပြောလိုက်ပါဘူး...” ကလိုင်းဟာ တအံ့တဩ ဖြစ်သွားပါတယ်။
လူကြီးနီးလ်ဟာ ခေါင်းညိတ်ပြီး တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ အဖြေပြန်ပေးပါတယ် “သူ မေ့သွားလို့ နေမှာပေါ့”
မြန်မာပြည် ငြိမ်းချမ်းပါစေ။