တိုက်ခိုက်ရေး နည်းပြ
Vol. 10 Ch. 97
နှစ်ချက်ထိုး။
မြောက်ပိုင်းမြို့နယ် ဆင်ခြေဖုံး။
သာမန် နှစ်ထပ် အဆောက်အဦးတစ်လုံးရဲ့ အပြင်ဘက်။
အစမ်းခန့် ရဲအုပ် ယူနီဖောင်းနဲ့ ကလိုင်းဟာ မြက်ရိုင်းတွေ ပြည့်နေတဲ့ ဥယျာဉ်နဲ့ နွယ်တွေတက်နေတဲ့ နံရံကိုကြည့်ပြီး ခေါင်းလှည့်ကြည့်ကာ တအံ့တဩ မေးပါတယ်။
“ငါ့ရဲ့ တိုက်ခိုက်ရေး နည်းပြက ဒီမှာနေတာလား...”
‘ညသိမ်းငှက်က ရွေးချယ်ပေးတဲ့ တိုက်ခိုက်ရေးသမားက နည်းနည်းတော့ ထူးခြားသင့်တယ်မလား...’
ကလိုင်းကို လာပို့တဲ့ လန်နာ့ဒ်မစ်ချယ်ဟာ တစ်ချက် ရယ်ပါတယ် “မစ္စတာဂဝန်း နေတဲ့နေရာနဲ့ ပတ်ဝန်းကျင်ကို ကြည့်ပြီး သူ့ကို လျှော့မတွက်နဲ့... သူက အထက်တန်းလွှာဘွဲ့ မရခဲ့ပေမဲ့ အရင်တုန်းက တကယ့် စစ်သူရဲစစ်စစ် ဖြစ်ခဲ့တာ”
ဒီအရောက်မှာ အင်္ကျီအဖြူ ဘောင်းဘီအနက်နဲ့ ကြယ်စေ့မပါတဲ့ သားရေဖိနပ် ဝတ်ဆင်ထားတဲ့ ညသိမ်းငှက် ကဗျာဆရာဟာ ရုတ်တရက်ဆိုသလို လွမ်းဆွေးတမ်းတ သွားပါတယ်။
“သူက စစ်သူရဲတွေရဲ့ နောက်ဆုံးခေတ်မှာ လှုပ်ရှားခဲ့တယ်... သံချပ်ကာဝတ်ထားတဲ့ စစ်သည်တော်တွေက သေနတ်ဆံတွေ အမြောက်ဆံတွေကြားမှာ ရန်သူတပ်ထဲ မုန်တိုင်းလို ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးပစ်ပြီး စစ်ပွဲအခြေအနေကို အဆုံးအဖြတ် ပေးကြတယ်... ဒါပေမဲ့ သူတို့တွေကို ရင်ဆိုင် တိုက်ခိုက်ဖို့ ဖိအားပြင်း ရေနွေးငွေ့သေနတ်နဲ့ စက်သေနတ်တွေ ပေါ်လာတယ်... အဲဒီအချိန်ကစပြီး စစ်သူရဲတွေရဲ့ခေတ် နေဝင်သွားခဲ့တာပဲ”
“မစ္စတာဂဝန်းလည်း အဲဒီအဖြစ်ကို ကြုံခဲ့ရတယ်... လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်တုန်းက အာဝါခရိုင် မြင်းတပ်နဲ့ အင်းထစ်သမ္မတနိုင်ငံရဲ့ နည်းပညာမြင့်တပ်တွေ ရင်ဆိုင်တွေ့တယ်... ဟင်း... ငါ အဲဒါကို ပြန်တွေးမိတိုင်း ရင်ထဲ ထိတယ်... ပြောင်းလဲလို့မရတဲ့ ကံကြမ္မာကို တွေးမိတိုင်း ငါ့ကိုယ်ထဲမှာရှိတဲ့ ကဗျာဆရာက နိုးထလာတယ်... ဒါပေမဲ့ ငါ အဲဒါကို ကဗျာ ဘယ်လို စပ်ရမလဲဆိုတာ စဉ်းစားလို့ မရဘူး”
‘... အဲဒါနဲ့များ ဘာလို့ အများကြီး ပြောနေသေးတာလဲ...’ ကလိုင်းဟာ လန်နာ့ဒ်ရဲ့ စကားကို နားထောင်ပြီး အကြံပေးပါတယ် “ငါ့ရဲ့ တက္ကသိုလ် အတန်းဖော်တစ်ယောက်က တစ်ခါ ပြောဖူးတယ်... ကဗျာစပ်တာက အရည်အချင်း လိုတယ်တဲ့... အဲဒီတော့ မင်း လိုအင်နိုင်ငံရဲ့ ဂန္တဝင်ကဗျာ ပေါင်းချုပ်ကို စဖတ်ကြည့်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်”
လန်နာ့ဒ်ရဲ့ စိတ်အခြေအနေဟာ ချက်ချင်း ပြောင်းလဲသွားပြီး ပေါ့ပါးတဲ့လေသံနဲ့ ပြန်ပြောပါတယ် “ငါ အဲဒီစာအုပ်ကို ဝယ်ထားတာ ကြာပြီ... အဲဒီစာအုပ်တွေတင် မကဘူး... ဧကရာဇ်ရစ်ဆဲလ်ရဲ့ ကဗျာကောင်းများလည်း ဝယ်ထားတယ်... တခြား ကဗျာစာအုပ် တော်တော်များများလည်း ရှိတယ်... ကျွန်တော်က သန်းခေါင်ယံ ကဗျာဆရာစစ်စစ်ဖြစ်အောင် ကြိုးစားမှာပါ အမြင်ဆရာကြီး”
‘သူက ငါ့ကို သရုပ်ဆောင်တဲ့ နည်းလမ်းအကြောင်း အရိပ်အမြွက် ပြောနေတာလား...’ ကလိုင်းဟာ သူ ဘာကိုဆိုလိုချင်လဲဆိုတာ နားမလည်ပေမဲ့ အလိုက်သင့် ပြန်ပြောပါတယ် “အဲဒါတွေအပြင် မင်း သဒ္ဒါစာအုပ်လည်း လိုလိမ့်မယ်”
“အင်းပါ... အထဲဝင်ကြရအောင်...” လန်နာ့ဒ်ဟာ လက်ဆန့်ပြီး တစ်ဝက်ပိတ်ထားတဲ့ သတ္တုတံခါးကို တွန်းဖွင့်ပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ လူသွားလမ်းကလေးအတိုင်း နှစ်ထပ်အိမ်ဆီ လျှောက်သွားပါတယ်။
သူတို့နှစ်ယောက် အိမ်ဆီ မရောက်ခင်မှာဘဲ တံခါးမကြီးရဲ့ နောက်ကွယ်ကနေ အရပ်ရှည်ရှည် လူတစ်ယောက် ထွက်လာတာကို ကလိုင်း တွေ့လိုက်ရပါတယ်။ အဲဒီလူဟာ ရွှေရောင်ဆံပင်တိုတွေရှိပြီး မျက်ခုံးမွေးက မဖြူတဖြူ ဖြစ်နေပါတယ်။ သူ့မျက်နှာကလည်း အချိန်ရဲ့ တိုက်စားမှုဒဏ်ကို တော်တော်လေး ခံထားရသလို အရေးအကြောင်းတွေ နက်နက်ရှိုင်းရှိုင်း ရှိနေပါတယ်။
“ဘာလာလုပ်တာလဲ” အဲဒီလူကြီးက အသံနက်နဲ့ မေးပါတယ်။
“မစ္စတာဂဝန်း... လူကြီးမင်း ရဲဌာနနဲ့ စာချုပ် ချုပ်ထားတဲ့အတိုင်း ဒီအစမ်းခန့် ရဲအုပ်က လူကြီးမင်းဆီမှာ တိုက်ခိုက်ရေးပညာ လာသင်ပါလိမ့်မယ်” လန်နာ့ဒ်က အပြုံးနဲ့ ရှင်းပြပါတယ်။
“တိုက်ခိုက်ရေးပညာ... အဲဒါကို ဒီခေတ်မှာ သင်စရာ မလိုတော့ဘူး” ဂဝန်းဟာ နောက်ကျိနေတဲ့ မျက်လုံးတွေနဲ့ ကလိုင်းကို ကြည့်ပြီး အသံသေနဲ့ ပြောပါတယ် “မင်း သေနတ်ပစ်တာကို သင်သင့်တယ်... နည်းပညာမြင့် လက်နက်တွေကို ကျွမ်းကျွင်းကျင်ကျင် ကိုင်တွယ်နိုင်အောင်ပဲ လေ့ကျင့်စမ်းပါကွာ”
‘ဒါက စက်သေနတ်နဲ့ ဖိအားပြင်း ရေနွေးငွေ့ သေနတ်ကြောင့် ရခဲ့တဲ့ စိတ်ဒဏ်ရာလား...’ ကလိုင်းဟာ ဘာမှ ပြန်မပြောဘဲ ပြုံးရုံသာပြုံးပြီး လန်နာ့ဒ်ကို ကြည့်ပါတယ်။
“ရဲတစ်ယောက်က တိုက်ခိုက်ရေးပညာ တတ်ဖို့လိုတယ်... ကျွန်တော်တို့တွေ ရင်ဆိုင်ရတဲ့ လူဆိုးအများစုက နေရာမှာတင် သတ်ပစ်လို့ရတာ မဟုတ်ဘူး... တချို့ဆိုရင် လက်နက်တောင် မရှိဘူး... အဲဒီအချိန်မှာ ကျွန်တော်တို့တွေ တိုက်ခိုက်ရေးပညာကိုပဲ အားကိုးရတယ်” လန်နာ့ဒ်ဟာ ဒီလို အခြေအနေမျိုးကို တွက်ဆထားပြီးသားမလို့ ချက်ချင်း ချက်ကျလက်ကျ ပြန်ပြောပါတယ်။
မျက်နှာမှောင်မည်းသွားတဲ့ ဂဝန်းဟာ ဆယ်စက္ကန့်ကျော်လောက် တိတ်ဆိတ်သွားပြီး...
“ငါ့ကို လက်သီးနဲ့ထိုး”
သူက ကလိုင်းကို ပြောလိုက်တာပါ။
လက်ကိုင်တုတ် မကိုင်ထားတဲ့ ကလိုင်းဟာ အရင်ဘဝက ကြည့်ခဲ့ဖူးတဲ့ လက်ဝှေ့ပွဲတွေကို ပြန်တွေးပြီး လက်မောင်းမြှောက်ကာ ရှေ့ကို လက်သီးတစ်ချက် ထိုးထုတ်လိုက်ပါတယ်။
သူ့ကို ကြည့်ပြီး ဂဝန်းရဲ့ နှုတ်ခမ်းဟာ ဆတ်ခနဲ တွန့်သွားပါတယ်။ သူဟာ တစ်ခဏတွေးပြီး... “ခြေထောက်ကန်...”
ကလိုင်းဟာ ဘေးဘက် အသာစောင်းပြီး ပေါင်ကြွက်သားတွေကို တင်းကာ ညာခြေနဲ့ ရှေ့ကန်လိုက်ပါတယ်။
“အဟွတ်...” ဂဝန်းဟာ ပါးစပ်ကို လက်နဲ့ကာပြီး လည်ချောင်းရှင်းပါတယ်။ အဲဒီနောက် လန်နာ့ဒ်ကို ကြည့်ပြီး...။
“စာချုပ်ကို ငါ မဖောက်ဖျက်ပါဘူး... ဒါပေမဲ့ သူ့အခြေခံနဲ့ ပထမဆုံးလမှာ တစ်ပတ်ကို လေးကြိမ်၊ တစ်ကြိမ်ကို သုံးနာရီ ငါ့ဆီ လာဖို့ လိုတယ်”
“လူကြီးမင်းက တိုက်ခိုက်ရေးပညာရှင်ပဲ... လူကြီးမင်း အဆင်ပြေသလို ဆုံးဖြတ်နိုင်ပါတယ်” လန်နာ့ဒ်ဟာ တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်ပါတယ်။ အဲဒီနောက် အပြုံးနဲ့ ကလိုင်းကို ပြောပါတယ် “ညကျရင် တွေ့မယ်”
လန်နာ့ဒ် သတ္တုဂိတ်တံခါးကနေ ထွက်သွားတဲ့အခါ ကလိုင်းဟာ ဂဝန်းကို သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “နည်းပြ... ကျွန်တော် ဘယ်လို စလေ့ကျင့်ရမှာလဲ... လက်သီးထိုးကျင့်ရမှာလား... ခြေကွက် ကျင့်ရမှာလား”
ကီးဘုတ်သမားအနေနဲ့ ခြေကွက်က တိုက်ခိုက်ရေးမှာ ဘယ်လောက် အရေးကြီးတယ်ဆိုတာကို သူ နားလည်ပါတယ်။
ဂဝန်းဟာ ခေါင်းခါပြီး ပြန်ဖြေပါတယ် “မင်း အခုလိုနေတာက ခွန်အား...”
“ဟိုမှာတွေ့လား... သံမဏိနဲ့လုပ်ထားတဲ့ အလေးတုံးနှစ်တုံး... ဒီနေ့ကစပြီး အဲဒါက မင်းရဲ့ လေ့ကျင့်ဖော်ပဲ”
“ပြီးတော့ ထိုင်ထလုပ်ရမယ်... ပြေးရမယ်... ကြိုးခုန်ရမယ်... တစ်ခုချင်းစီလုပ်မယ်”
ကလိုင်းက ငေးကြောင်ကြောင် ဖြစ်နေတဲ့အတွက် ဂဝန်းဟာ အသံမြှင့်ပြီး ခပ်မာမာ ပြောပါတယ် “ငါပြောတာ နားလည်လား”
“နားလည်ပါတယ်” အဲဒီအချိန်မှာ ကလိုင်းဟာ စစ်ရေး လေ့ကျင့်မှု လုပ်တုန်းက လူမဆန်တဲ့ နည်းပြနဲ့ တွေ့ရသလိုမျိုး ခံစားလိုက်ရပါတယ်။
“အဝတ်အစားလဲ... ဆိုဖာပေါ်မှာ စစ်သူရဲ လေ့ကျင့်ရေးဝတ်စုံ တစ်စုံ ရှိတယ်” ဂဝန်းဟာ ရုတ်တရက် သက်ပြင်းချပြီး တစ်ဖက်လှည့်ကာ အနက်ရောင် သံမဏိ အလေးတုံးတွေဆီ လျှောက်သွားပါတယ်။
...
ညနေ ၆ နာရီ၊ ဝေလ်ကြီး စားသောက်ဆိုင်၊ ချောင်ကျတဲ့နေရာက စားပွဲတစ်လုံး။
ချန်စီဂိတ်ကို စောင့်ကြပ်နေတဲ့ ဖရိုင်းကလွဲရင် ဆူးနက်လုံခြုံရေး ကုမ္ပဏီက အဖွဲ့ဝင်အားလုံး ရှိနေကြပါတယ်။ ညသိမ်းငှက် ခြောက်ယောက်နဲ့ အရပ်ဘက် ဝန်ထမ်း ငါးယောက်ပါ။
စားပွဲရှည်ပေါ်မှာ အဖြူရောင် စားပွဲခင်း ခင်ထားပါတယ်။ စားပွဲထိုးတွေဟာ စားသောက်ဖွယ်ရာတွေကို သယ်ဆောင်လာပြီး တစ်ဦးချင်းစီရဲ့ရှေ့မှာ ချပေးပါတယ်။
ကလိုင်းဟာ ဆော့သုတ်ထားတဲ့ အကင်တွေ၊ ဝက်ဆားနယ်ခြောက်၊ အာလူးပြုတ်ထောင်းနဲ့ တွဲဖက်ထားတဲ့ ဝက်အူချောင်း၊ ကြက်ဥပူတင်း၊ ကညွတ်နဲ့ ဒိန်ခဲတွေကို တွေ့လိုက်ရပါတယ်။ နှင်းဆီရောင် ရှန်ပိန်လည်း ပါပေမဲ့ သူဟာ စားချင်စိတ် လုံးလုံး မရှိပါဘူး။ နေ့ခင်းတုန်းက လေ့ကျင့်မှုဟာ သူ့ကို အန်ထွက်လုနီး ဖြစ်စေခဲ့တာကြောင့်ပါ။
မျက်နှာဖျော့ပြီး မျက်လုံးတွေ မှိုင်တွေနေတဲ့ ညသိမ်းငှက် အဖွဲ့ဝင် အသစ်ကို သတိထားမိသွားတဲ့ ဒန်းစမစ်ဟာ သူ့ရှေ့မှာရှိတဲ့ ဝိုင်နီခွက်ကို မြှောက်ကိုင်ပြီး ရယ်ရယ်မောမော ပြောပါတယ်။
“ငါတို့ရဲ့ ပုံမှန်အဖွဲ့ဝင်အသစ် ကလိုင်းမိုရက်တီကို ကြိုဆိုလိုက်ကြရအောင်... ချီးယာစ်”
အေးစက်ပြီး ဘာသိဘာသာ နေတတ်တဲ့ ရိုင်ရွယ်ရီဒင်၊ အအိပ်မဲ့ ကင်လီဝိုက်၊ ပေါ့ပျက်ပျက် လန်နာ့ဒ်မစ်ချယ်၊ အဖြူရောင် ဆံပင် အနက်ရောင် မျက်လုံးနဲ့ သန်းခေါင်ယံ ကဗျာဆရာ စီကာထရွန်တို့ဟာ ခွက်မြှောက်ကာ သူတို့အဖွဲ့ရဲ့ အဖွဲ့ဝင်အသစ်ကို ဝိုင်းကြည့်ကြပါတယ်။
ကလိုင်းလည်း လေ့ကျင့်မှုကြောင့် မသက်မသာဖြစ်တာကို နှိပ်ကွပ်ပြီး ရှန်ပိန်ခွက်ကို မြှောက်ကိုင်ပါတယ်။ အဲဒီနောက် မတ်တတ်ရပ်ပြီး...။
“ကျေးဇူးပါ”
သူဟာ ညသိမ်းငှက်တိုင်းနဲ့ ခွက်တိုက်ပြီး ခေါင်းအသာမော့ကာ နည်းနည်း သောက်ပါတယ်။
“ငါတို့ရဲ့ ကဗျာဆရာမက ဒီလိုပွဲမျိုးမှာ ဘာတစ်ခုမှ မပြောတော့ဘူးလား” ဒန်းစမစ်ဟာ အပြုံးနဲ့ပြောရင်း စီကာထရွန်ကို ကြည့်ပါတယ်။
စီကာထရွန်ဟာ အသက်သုံးဆယ်အရွယ်ရှိတဲ့ မိန်းမပျိုပါ။ သူမရဲ့ ရုပ်ရည်က သာမန်ပဲဆိုပေမဲ့ ငြိမ်သက်အေးချမ်းတဲ့ ကိုယ်ဟန် ရှိပါတယ်။ ဒါကို မီးခိုးရောင် ဆံနွယ်စတချို့နဲ့ ပေါင်းစပ်လိုက်တဲ့အခါ တစ်မူထူးခြားတဲ့ ဆွဲဆောင်မှုတစ်မျိုး ဖြစ်သွားပါတယ်။
ကလိုင်းဟာ ဒီသန်းခေါင်ယံ ကဗျာဆရာက စာရေးဆရာအလုပ်ကို အချိန်ပိုင်းအလုပ်အနေနဲ့ လုပ်ကိုင်ပြီး သတင်းစာတိုက်တွေနဲ့ မဂ္ဂဇင်းတိုက်တွေဆီ စာမူပေးပို့တယ်လို့ လူအိုကြီးနီးလ်ဆီကနေ ကြားထားပါတယ်။ ဒါပေမဲ့ ကံမကောင်းချင်တော့ သတင်းစာတိုက်လေး တချို့ကပဲ သူမရဲ့ စာမူကို လက်ခံကြပါတယ်။
စီကာဟာ ပြုံးပြီး ဒန်းစမစ်ကို ကြည့်ပါတယ် “ကဗျာဆရာမ စစ်စစ်ဖြစ်ဖို့ ကျွန်မရဲ့ ကဗျာတွေကို ထုတ်ဝေဖို့ လိုတယ်... အဲဒီအတွက် ရန်ပုံငွေ ထုတ်ပေးသင့်တယ်လို့ ကပ္ပတိန် မထင်ဘူးလား”
ဒန်းစမစ်ဟာ ရယ်ပါတယ် “မင်း သင့်တော်တဲ့ အကြောင်းပြချက် ကောင်းကောင်း ဘယ်လို ပေးရမလဲဆိုတာ လူအိုကြီးနီးလ်ဆီကနေ သင်ယူသင့်တယ်”
“ဒီဌာနမှာ ကျွန်မ အထင်ကြီးဆုံးက မစ္စတာနီးလ်ပဲ” ရိုဇန်းဟာ သိုးသားကင် စားရင်းက သံယောင်လိုက်ပါတယ်။
စကားပြောသံနဲ့ ရယ်သံတွေကြားမှာ လန်နာ့ဒ်ဟာ ကလိုင်းကို ကြည့်ပြီး အသံတိတ် ရယ်ပါတယ် “ပင်ပန်းလွန်းလို့ စားချင်စိတ် မရှိတော့ဘူးလား”
“ဟုတ်တယ်” ကလိုင်းဟာ သက်ပြင်းချလိုက်ပါတယ်။
“မင်း မစားရသေးရင် ငါ ကူစားပေးလို့ ရတယ်” လန်နာ့ဒ်ဟာ အစားအသောက်ကို မဖြုန်းတီးချင်တဲ့ အမူအရာနဲ့ ပြောပါတယ်။
ကလိုင်းဟာ စိတ်မရှိပါဘူး။ အဲဒါကြောင့် ခေါင်းညိတ်ပြီး...။
“ရတယ်... ယူစားချည်”
ဒီလိုနဲ့ သူ့ရှေ့က စားသောက်ဖွယ်ရာတွေဟာ လန်နာ့ဒ်နဲ့ ကျန်တဲ့လူတွေရဲ့ ပါးစပ်ထဲ ရောက်သွားပါတယ်။
စားသောက်လို့ ပြီးခါနီးတဲ့အခါ စားပွဲထိုးတွေက အမဲသားပူတင်းနဲ့ ရေခဲမုန့် ချပေးပါတယ်။
ကလိုင်းဟာ ရေခဲမုန့်ကို နည်းနည်း စားကြည့်တဲ့အခါ အေးစိမ်ပြီး ချိုမြနေတာ တွေ့လိုက်ရပါတယ်။ သူ သတိမထားမိခင်မှာပဲ သူ့ရှေ့က ဘလူးဘယ်ရီအရသာ ရေခဲမုန့်ဟာ တက်တက်စင်အောင် ပြောင်သွားပါတယ်။
ဒီလိုစားပြီးတဲ့အခါမှာ သူ ဗိုက်ဆာလာပါတယ်။ အရမ်းပင်ပန်းပြီးတဲ့အခါ အားပြန်ဖြည့်ဖို့ ခန္ဓာကိုယ်က တောင်းဆိုတဲ့ ဆာလောင်မှုမျိုးပါ။
သူဟာ တံတွေးကို မျိုချပြီးနောက် ရှေ့ကို ကြည့်လိုက်တဲ့အခါ ပန်းကန်းအကုန်လုံး တက်တက်စင်အောင် ပြောင်နေတာ တွေ့လိုက်ရပါတယ်။ ဘာဆိုဘာမှကို မကျန်တော့တာပါ။
“ဒီနေ့တော့ ဒီလောက်ပဲ... ကလိုင်းကို နောက်ဆုံးတစ်ကြိမ် ခွက်မြှောက် ဂုဏ်ပြုကြရအောင်” ဒန်းစမစ်က အဆိုပြုပါတယ်။
သူ့စကား မဆုံးခင်မှာပဲ ကလိုင်းက မေးလိုက်ပါတယ် “ကပ္ပတိန်... ကျွန်တော် နောက်ထပ် တစ်ပန်းကန်လောက် မှာလို့ရမလား”
သူ့တောင်းဆိုမှုကြောင့် တစ်ဝိုင်းလုံး တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် ရယ်သံတွေ သောသောညံ သွားပါတယ်။
“ဟားဟား... နောက်ဆုံးတော့ မင်း ပြန်ကောင်းလာပြီပဲ... ရတယ်... ကိစ္စမရှိဘူး... မင်းစားချင်ရင် နောက်နှစ်ပန်းကန် မှာလိုက်...” ဒန်းစမစ်ဟာ ခေါင်းခါရင်း ရယ်ပါတယ်။
ဒီအချိန်မှာ စားပွဲထိုး လာချတာကို စောင့်ရတာ ကလိုင်းအတွက်တော့ တစ်မိနစ် တစ်ကမ္ဘာပါပဲ။ သူ့ဗိုက်က တဂွီဂွီ မြည်လာပါတယ်။ နောက်ဆုံးမှာတော့ ဆော့သုတ်ထားတဲ့ အကင်ပန်းကန်ဟာ သူ့ရှေ့ ရောက်လာပါတယ်။
သူ့ခက်ရင်းနဲ့ ဓားက သိုင်းကစားနေသလိုပါပဲ။ နှစ်မိနစ်မပြည့်ခင်မှာပဲ သူ့ရှေ့က အကင်ဟာ လုံးဝ ပြောင်သွားပါတယ်။ သူဟာ ဒီအကင်ကို စားပြီး မျက်ရည်ကျလုနီး ဖြစ်သွားပါတယ်။ အသားကို ဝါးလို့ ထွက်လာတဲ့ အရည်နဲ့ ဆော့ရဲ့ အရသာက သူ့ပါးစပ်ထဲမှာ စွဲကျန်ရစ် နေခဲ့ပါတယ်။
တစ်ခဏအကြာမှာတော့ ကလိုင်းဟာ သူ့ရှေ့က ဗလာကျင်းနေတဲ့ ပန်းကန်ပြားကို ကြည့်ပြီး ကျေနပ်အားရစွာ သက်ပြင်းချပါတယ်။ အဲဒီနောက် ဓားနဲ့ခက်ရင်းကို ချပြီး ရှန်ပိန် တစ်ငုံ သောက်ပါတယ်။
“ညီလေး... ရှင်းမယ်...” ဒန်းစမစ်ဟာ ခေါင်းလှည့်ပြီး စားပွဲထိုးကို လှမ်းခေါ်ပါတယ်။
စားပွဲထိုးဟာ ကောင်တာဆီ လျှောက်သွားပြီး ဘောင်ချာနဲ့ ပြန်ရောက်လာပါတယ်။ အဲဒီနောက် ကုန်ကျစရိတ်ကို ရှင်းပြပါတယ်။
“ဒေစီရှန်ပိန် ငါးပုလင်း... တစ်ပုလင်းကို ၁၂ ဆိုလီနဲ့ သုံးပဲနိ... တောင်ပိုင်းဗီးလ် ဝိုင်နီ ခွက်လေးတစ်ခွက်က ၁၀ ပဲနိ... အချည်ရည်နဲ့ အမဲသားကင်က ၂ ပဲနိစီ... အမဲသားပူတင်းက တစ်ပန်းကန်ကို ၆ ပဲနိ... ရေခဲမုန့်က တစ်ခွက်ကို ၁ ဆိုလီ... အကုန်လုံး ၅ ပေါင် ၉ ဆိုလီနဲ့ ၆ ပဲနိ ကျပါတယ်”
‘ငါးပေါင် ကိုးဆိုလီနဲ့ ခြောက်ပဲနိတောင်လား... ဒါက ငါ့ရဲ့ တစ်ပတ်လစာလောက် ရှိတယ်... စားသောက်ဆိုင်မှာ စားတာက အိမ်မှာစားတာထက် အများကြီး ဈေးကြီးတာပဲ’ ကလိုင်းဟာ စားပွဲထိုးရဲ့ စကားကို ကြားတဲ့အခါ တွေးလိုက်ပါတယ်။
ကပ္ပတိန်က သူ ပေးစရာမလိုဘူးလို့ ပြောထားတာ ကံကောင်းတယ်လို့ ကလိုင်း ခံစားလိုက်ရပါတယ်။ သူတို့ဆီမှာ အပိုရန်ပုံငွေ ရှိနေလို့ သူ ကံကောင်းသွားတာပါ။
ကလိုင်းဟာ ကုန်ကျငွေကို သေချာတွက်ကြည့်တဲ့အခါ ဈေးအကြီးဆုံးက အရက်ဖြစ်နေတာ တွေ့လိုက်ရပါတယ်။ ရှန်ပိန်ငါးပုလင်းက သုံးပေါင်ကျော် ကျပါတယ်။
‘ဒါက ကမ္ဘာမြေမှာလိုပဲ...’ ကလိုင်းဟာ ဗိုက်ကို အသာပွတ်ပြီး နောက်ဆုံးကျန်တဲ့ ရှန်ပိန်ကို ကုန်အောင် သောက်ပါတယ်။
...
နောက်တစ်နေ့ မနက်ခင်း ရောက်လို့ ကလိုင်း အိပ်ချင်မူတူးနဲ့ အိပ်ရာက ထဖို့ ကြိုးစားလိုက်တယ်ဆိုရင်ပဲ ကိုက်ခဲနေတဲ့ ကြွက်သားတွေက သူ့ကို လုံးဝ နိုးကြားသွားစေပါတယ်။ သူ့တစ်ကိုယ်လုံးက သူထိန်းချုပ်မှုအောက်မှာ မရှိတော့သလိုမျိုး သူ ခံစားလိုက်ရပါတယ်။
‘ဒါ ဖားခုန်ခုန်ဖို့ အပြစ်ပေးခံရပြီး နောက်တစ်နေ့ ခံစားရသလိုပဲ... ဒီနေ့က အားလပ်ရက်ဆိုပေမဲ့ ငါ့ဆရာဆီ သွားပြီး တက္ကသိုလ် စာကြည့်တိုက်ကနေ ဟွန်းနာဆစ် အဓိကတောင်ထိပ်နဲ့ ပတ်သက်တဲ့ စာတမ်းကို ငှားကြည့်ရမယ်...’ ကလိုင်းဟာ နှုတ်ခမ်း တွန့်တက်သွားပြီး နာကျင်ကိုက်ခဲမှုက သည်းခံကာ အပြင်ထွက်ပါတယ်။
ခြေလှမ်းတိုင်းမှာ နာကျင်မှုကြောင့် ကလိုင်းဟာ ဆတ်ခနဲ ဆတ်ခနဲ ဖြစ်သွားပါတယ်။
“အစ်ကို ဘာဖြစ်တာလဲ” ရေချိုခန်းထဲက ထွက်လာတဲ့ မလီဆာဟာ သူ့အစ်ကိုကို ခေါင်းအစ ခြေအဆုံးကြည့်ပြီး မေးပါတယ်။ ပုံမှန်မဟုတ်တဲ့ ကိုယ်အမူအရာနဲ့ နှေးကွေးတဲ့လှုပ်ရှားမှုကြောင့် သံသယဝင်သွားတာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။