မစ္စတာ အက်ဇစ်
Vol. 10 Ch. 98
သူ့ညီမရဲ့ မေးခွန်းကို ကြားလိုက်ရတဲ့ ကလိုင်းဟာ နောင်တအပြုံးနဲ့ပဲ ပြန်ပြောနိုင်ပါတယ် “တစ်ကိုယ်လုံး ကိုက်ခဲနေလို့...”
သူဟာ ဆုံမှတ်ဆေးရည်ကို သောက်လိုက်လို့ သူ့ခန္ဓာကိုယ်က ပိုသန်မာလာပြီလို့ တွေးထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အမှန်တရားက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ပါတယ်။ အမြင်ဆရာ ဆေးရည်က စိတ်နဲ့ စိတ်ဝိညာဉ်ကိုပဲ အားကောင်းစေပြီး ဆဋ္ဌမအာရုံနဲ့ နိမိတ်ဖတ်တဲ့ဖက်မှာပဲ အကျိုးပြုပါတယ်။ တိုက်ခိုက်ရေးအတွက် လေ့ကျင့်တဲ့နေရာမှာ မြန်မြန်တက်အောင် မကူညီပေးနိုင်ပါဘူး။
အရင်ကလိုင်းကလည်း ငယ်ငယ်လေးကတည်းက စာလေ့လာဖို့ပဲ အာရုံစိုက်ခဲ့တာဆိုတော့ အာဟာရချို့တဲ့ပါတယ်။ အဲဒါကြောင့်ပဲ သူ့ခန္ဓာကိုယ်က သာမန်လူတစ်ယောက်လောက်တောင် မကြံ့ခိုင်ပါဘူး။ ဒီအကြောင်းတွေကြောင့်ပဲ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးတဲ့အခါ အခုလိုမျိုး ကိုက်ခဲနေတာပါ။
“တစ်ကိုယ်လုံး ကိုက်ခဲနေတယ်... ညီမ မှတ်မိသလောက်တော့ မနေ့ညက အစ်ကို ညစာစားပြီး ပြန်လာတော့ ဘာမှမလုပ်ဘူးမလား... အရက်သောက်တာက တစ်ကိုယ်လုံး ကိုက်ခဲစေလို့လား” မလီဆာဟာ စုံထောက်မျက်နှာနဲ့ နှိုက်နှိုက်ချွတ်ချွတ် မေးပါတယ်။
‘အရက်သောက်တာက တစ်ကိုယ်လုံး ကိုက်ခဲစေလို့လား... ငါ့ညီမရယ်... နင့်မေးခွန်းက... ငါ့ကို မဟုတ်တဲ့အတွေးတွေ ဝင်စေတယ်...’ ကလိုင်းဟာ ခြောက်ခြောက်ကပ်ကပ် ရယ်ပြီး ဖြေပါတယ် “မဟုတ်ပါဘူး... ဒါက အရက်နဲ့ မဆိုင်ဘူး... မနေ့ နေ့လယ်ခင်းက ကုမ္ပဏီမှာ တိုက်ခိုက်ရေး လေ့ကျင့်မှုဆင်းလို့ ဖြစ်တာ”
“တိုက်ခိုက်ရေး လေ့ကျင့်မှုဆင်းတယ်...” မလီဆာဟာ ပိုပြီးတော့တောင် အံ့အားသင့်သွားပါတယ်။
ကလိုင်းဟာ စဉ်းစားပြီး ပြောပါတယ် “အင်း... ဒီလို... အစ်ကို တွေးတာက လုံခြုံရေးကုမ္ပဏီတစ်ခုမှာ သမိုင်းနဲ့ အမွေအနှစ် အကြံပေးတစ်ဦးအနေနဲ့ အလုပ်လုပ်ရတော့ ရုံးခန်းနဲ့ ဆိပ်ကမ်းက ကုန်လှောင်ရုံမှာပဲ အမြဲတမ်းနေနေဖို့ မဖြစ်နိုင်ဘူးလေ... တစ်နေ့နေ့ကျရင် အမွေအနှစ်တွေရှိတဲ့ ရွာတွေ ရှေးဟောင်းရဲတိုက်တွေဆီ သွားရနိုင်တယ်... အဲဒီအချိန်ကျရင် တောင်တက်ရတာတို့ မြစ်တွေ ဖြတ်ကူးရတာတို့ လမ်းလျှောက်ရတာတို့ လိုကောင်း လိုနိုင်တယ်... အဲဒီလိုအရာတွေကို ကျော်လွှားနိုင်ဖို့ အစ်ကိုရဲ့ ခန္ဓာကိုယ်က ကြံ့ခိုင်ဖို့ လိုတယ်”
“အစ်ကိုက သက်လုံကောင်းချင်လို့ တိုက်ခိုက်ရေး လေ့ကျင့်မှု ဆင်းနေတာလား” မလီဆာဟာ သူ့အစ်ကိုရဲ့ ရည်ရွယ်ချက်ကို နားလည်သလို ရှိသွားပါတယ်။
“ဟုတ်တယ်...”
မလီဆာဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒါပေမဲ့ အဲဒါက လူကြီးလူကောင်း မဆန်ဘူး... အစ်ကိုက အမြဲတမ်း ပရောက်ဖက်ဆာလိုမျိုး နေတာ မဟုတ်ဘူးလား... ပရော်ဖက်ဆာတစ်ယောက်က မှတ်တမ်း မှတ်ရာတွေကို ဖတ်နိုင်ရမယ်... ခက်ခဲတဲ့ အမေးပုစ္ဆာတွေကို အဖြေရှာနိုင်ရမယ်... ပြီးတော့ ယဉ်ယဉ်ကျေးကျေးနဲ့ လူကြီးလူကောင်း တစ်ယောက်လိုမျိုး ပြုမူနေထိုင်သင့်တယ်မလား”
“ညီမက အဲဒါတွေ အကုန်လုံးကို မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး... ယောက်ျားတစ်ယောက်က သူ့ဘာသာ ပြဿနာဖြေရှင်းနိုင်ရင် ထက်မြက်တာပဲ... ကာယအားပဲ သုံးသုံး ဉာဏအားပဲ သုံးသုံး”
မလီဆာဟာ ပြုံးပါတယ်။
ကလိုင်းကလည်း အပြုံးနဲ့ ပြောပါတယ် “မဟုတ်သေးဘူး... မဟုတ်သေးဘူး မလီဆာ... ညီမရဲ့ ပရော်ဖက်ဆာ အဓိပ္ပာယ်ဖွင့်ဆိုချက်က လွဲနေတယ်... တကယ့် ပရော်ဖက်ဆာ တစ်ယောက်က လူတွေကို ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး အကျိုးအကြောင်းနဲ့ ပညာပေးနိုင်သလို အဆင်မပြေရင်လည်း ရူပဗေဒ သဘောတရား လက်ကိုင်ထားပြီး လက်ကိုင်တုတ်နဲ့ ပညာပေးနိုင်တယ်”
“ရူပဗေဒ သဘောတရား လက်ကိုင်ထားတယ်...” မလီဆာဟာ တဒင်္ဂကြောင်သွားပေမဲ့ သူ့အစ်ကို ဆိုလိုချင်တာကို ချက်ချင်း နားလည်သွားပါတယ်။ ရုတ်တရက်ကြီးဆိုတော့ သူမဟာ ဘယ်လို ပြန်ပြောရမှန်း မသိ ဖြစ်သွားပါတယ်။
ကလိုင်းဟာ ဘာမှ ထပ်မပြောတော့ဘဲ မရမက ခြေလှမ်းကျယ်ကျယ် လှမ်းပြီး ရေချိုးခန်းဆီ လျှောက်သွားပါတယ်။
နေရာမှာရပ်နေတဲ့ မလီဆာဟာ သူ့အစ်ကို ထွက်သွားတာကို လေးငါးဆယ်စက္ကန့်လောက် ကြည့်နေပါတယ်။ အဲဒီနောက် သူမဟာ ရုတ်တရက် ခေါင်းခါပြီး ကလိုင်းနောက်ကို အမီလိုက်ပါတယ်။
“ညီမ ကူညီပေးရမလား”
သူမဟာ တစ်ယောက်ယောက်ကို ကူပေးနေသလိုမျိုး ကိုယ်ဟန်ပြပါတယ်။
“မလိုဘူး... မလိုဘူး... ခုနက ငါ အပိုလုပ်နေတာ” ကလိုင်းဟာ စော်ကားခံရသလို ခံစားရတာကြောင့် ကိုယ်ကို ရုတ်တရက် မတ်မတ်ရပ်ပြီး ပုံမှန်အတိုင်း လျှောက်သွားပါတယ်။
သူ့အစ်ကို ပုံမှန်ခြေလှမ်းနဲ့ ရေချိုးခန်းထဲ လျှောက်သွားပြီး တံခါးပိတ်လိုက်တာကို ကြည့်လိုက်ရတဲ့ မလီဆာဟာ နှုတ်ခမ်းကျုံ့သွားပါတယ် “အစ်ကိုက ပိုပိုပြီးတော့ ဟန်ဆောင်တတ်လာတယ်... တစ်ကိုယ်လုံး ကိုက်ခဲနေတယ်ဆိုတာ ငါ တကယ် ယုံမိသွားတယ်...”
ရေချိုးခန်းထဲမှာ ကလိုင်းဟာ နောက်က တံခါးကို လုံအောင် ပိတ်လိုက်ပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလို သူ့မျက်နှာက ရှုံ့တွသွားပါတယ်။ နာကျင် ကိုက်ခဲမှုကြောင့်ပါ။
“အိုး... ကျွတ်... ကျွတ်...” သူဟာ အသက်အောင့်ပြီး ခန္ဓာကိုယ်ကို တောင့်ထားက ခုနစ်စက္ကန့် ရှစ်စက္ကန့်လောက် အဲဒီအတိုင်း ရပ်နေပါတယ်။
နောက်ဆုံး သူဟာ တော်တော်လေး ကြိုးစားပြီးမှ အောက်ထပ် ရောက်ပါတယ်။ အဲဒီမှာ မနက်စာ စားပါတယ်။ မနက်စာ စားပြီးတဲ့အခါမှာတော့ ဘန်ဆင်က အလုပ်သွားပြီး မလီဆာက ကျောင်းသွားပါတယ်။ သူတို့နှစ်ယောက် ထွက်သွားလို့ တစ်အောင့်လောက် ကြာတဲ့အခါမှာတော့ ကလိုင်းရဲ့ ကြွက်သား နာကျင်မှုတွေဟာ နည်းနည်း သက်သာလာပါတယ်။
ဒီထက် သက်သောင့်သက်သာ ပိုရှိအောင် တစ်ခဏ ထပ်နားပြီးတဲ့ အခါမှာတော့ ကလိုင်းဟာ လက်ကိုင်တုတ်ယူ သက္ကလပ်ဦးထုပ်ဆောင်းကာ အိမ်ထဲကနေ ထွက်ပြီး အများသုံးမြင်းလှည်း မှတ်တိုင်ဆီ ဦးတည်ပါတယ်။
...
နွေဥတုမှာ ခွိုင်းတက္ကသိုလ်က အရိပ်ပေးနိုင်တဲ့ သစ်ပင်ကြီးတွေ ရှိတဲ့အတွက် ငှက်တွေ ပန်းမန်တွေနဲ့ ဝေဆာပြီး အေးမြ ငြိမ်သက်နေပါတယ်။
မြစ်တစ်လျှောက် လမ်းလျှောက်ရင်း ကလိုင်းဟာ သမိုင်းဌာနဘက် ကွေ့လိုက်ပါတယ်။ အဲဒီနောက် သူ့ဆရာ ရုံးခန်းတည်ရှိရာ သုံးထပ် အဆောက်အဦးဟောင်းဆီ ရောက်သွားပါတယ်။
သူဟာ တံခါးခေါက်ပြီး အထဲဝင်လိုက်တဲ့အခါ သူ့ဆရာထိုင်ခုံမှာ ထိုင်နေတဲ့ မစ္စတာအက်ဇစ်ကို တွေ့လိုက်ရတဲ့အတွက် အံ့အားသင့် သွားပါတယ်။
“မင်္ဂလာ မနက်ခင်းပါ... မစ္စတာအက်ဇစ်... ဒါနဲ့ ကျွန်တော့်ဆရာ ဘယ်ရောက်သွားလဲ... ကျွန်တော်တို့တွေ ဒီမှာ ၁၀ နာရီတွေ့ဖို့ ချိန်းထားတယ်” ကလိုင်းက ဝေခွဲမရ မေးပါတယ်။
အက်ဇစ်က သူ့ဆရာ ကိုဟင်ကွမ်တင်ရဲ့ မိတ်ဆွေရင်းချာကြီးပါ။ သူတို့နှစ်ယောက်ဟာ ပညာရပ်ပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီး မကြာခဏ စကားနိုင်လုကြပါတယ်။ အက်ဇစ်ဟာ ကလိုင်းရဲ့ မေးခွန်းကို အပြုံးနဲ့ ဖြေပါတယ်။
“ကိုဟင်က တွေ့ဆုံပွဲတစ်ခု ရုတ်တရက် ပေါ်လာလို့ ထင်းဂန်တက္ကသိုလ်ဆီ သွားရတယ်.... သူက မင်းနဲ့တွေ့ဖို့ ငါ့ကို ဒီနေရာမှာ စောင့်နေခိုင်းတာ”
အက်ဇစ်ဟာ ကြေးရောင် အသားအရေ၊ သာမန်အရပ်နဲ့ ခန္ဓာကိုယ်၊ အနက်ရောင် ဆံပင်၊ အညိုရောင်မျက်လုံးတွေနဲ့ ချောမွေ့တဲ့ မျက်နှာအသွင်ပြင် ရှိပါတယ်။ သူ့ရှေ့မှာ နေရတာက စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ခံစားချက်တစ်မျိုး ရစေပါတယ်။ သူ့မျက်လုံးထဲကို စိုက်ကြည့်ရင်လည်း ဘဝရဲ့ ဒုက္ခသုက္ခတွေကို ဖြတ်ကျော်ခဲ့ရတယ်ဆိုတာ သိနိုင်ပါတယ်။ သူ့ညာဘက်နား အောက်မှာတော့ သေသေချာချာ သတိထားကြည့်မှ မြင်နိုင်မဲ့ မှဲ့သေးသေးလေး တစ်လုံး ရှိနေပါတယ်။
သူ ဒီကို ရောက်နေရတဲ့ အကြောင်းအရင်းကို ပြောပြီးနောက် အက်ဇစ်ဟာ ရုတ်တရက် မျက်မှောင်ကြုတ်သွားကာ ကလိုင်းကို သေသေချာချာ အကဲခတ်ပါတယ်။
ရုတ်တရက်ကြီး စေ့စေ့စပ်စပ် အကြည့်ခံလိုက်ရတော့ ကလိုင်းဟာ ဝေခွဲမရ ဖြစ်သွားပြီး သူ့အဝတ်အစားကို ပြန်ကြည့်ပါတယ် “ကျွန်တော် ဝတ်စားတာ တစ်ခုခုမှားနေလို့လား...”
‘ထက်စီဒို... အနက်ရောင် စွပ်ကျယ်... အဖြူရောင် ရှပ်အင်္ကျီ... အနက်ရောင် လည်စည်း... ဘောင်းဘီနက်... ကြယ်စေ့မပါတဲ့ သားရေဖိနပ်... အကုန်လုံး ပုံမှန်ပါပဲ...’
အက်ဇစ်ဟာ မျက်မှောင် ပြေလျော့သွားပြီး တစ်ချက် ရယ်ပါတယ်။
“စိတ်ထဲမထားနဲ့... မင်းက အရင်ကထက် တက်ကြွနေတာကို ရုတ်တရက် သတိထားမိလိုက်လို့ပါ... မင်းက အခုမှ လူကြီးလူကောင်း တစ်ယောက်နဲ့ ပိုတူသွားတာ”
“ချီးကျူးတာ ကျေးဇူးပါပဲ” ကလိုင်းဟာ တည်တည်ငြိမ်ငြိမ် ပြန်ပြောပြီး သူသိချင်တာကို မေးပါတယ် “မစ္စတာအက်ဇစ်... ကျွန်တော်ဆရာက ကျောင်းစာကြည့်တိုက်ကနေ ‘ဟွန်းနာဆစ် အဓိက တောင်ထိပ်ရဲ့ အမွေအနှစ်များကို လေ့လာခြင်း’ ဆိုတဲ့ စာအုပ်ကို ရှာတွေ့လား...”
“တွေ့တယ်... ငါ့အကူအညီနဲ့...” အက်ဇစ်ဟာ အပြုံးနဲ့ ဖြေပါတယ်။ အဲဒီနောက် သူဟာ အံ့ဆွဲတစ်ခု ဆွဲဖွင့်ပြီး မီးခိုးရောင် မျက်နှာဖုံးနဲ့ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ပါတယ် “မင်းက ခွိုင်းတက္ကသိုလ် ကျောင်းသား မဟုတ်တော့ဘူး... အဲဒီတော့ ဒီမှာ ဖတ်လို့တော့ ရတယ်... အိမ်ယူသွားလို့တော့ မရဘူး”
“ရပါတယ်” ကလိုင်းဟာ သုတေသနစာတမ်းကို ဝမ်းမြောက်ဝမ်းသာ ယူလိုက်ပါတယ်။ ဒါပေမဲ့ သူ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုတချို့လည်း ယှက်သမ်းသွားပါတယ်။
စာအုပ်ဒီဇိုင်းက လက်ရှိခေတ်စားနေတဲ့ ဒီဇိုင်းပါ။ စက္ကူအထူသားကို ကတ်ထူအဖုံးလုပ်ပြီး ဟွန်းနာဆစ် တောင်တန်းရဲ့ အဓိကတောင်ထိပ်ပုံကို ရိုက်နှိပ်ထားပါတယ်။
ကလိုင်းဟာ တစ်ချက်ကြည့်ပြီး တစ်နေရာမှာ ဝင်ထိုင်ပါတယ်။ အဲဒီနောက် စာအုပ်အဖုံးဖွင့်ပြီး တစ်ကြောင်းချင်း သေသေချာချာ ဂရုတစိုက် စဖတ်ပါတယ်။
သူ စာအုပ်ထဲ နစ်မြောသွားချိန်မှာ ကော်ဖီ ရနံ့သင်းသင်းလေး ရလို့ ကြည့်လိုက်တဲ့အခါ သူ့ဘေးမှာ ကော်ဖီတစ်ခွက် ရောက်နေတာ တွေ့လိုက်ရပါတယ်။
“နို့နဲ့သကြားကတော့ မင်းလိုသလောက်ထည့်...” အက်ဇစ်ဟာ အောက်ခံ ငွေပန်းကန်ပြားကို အောက်ချပြီး နိုဘူးနဲ့ သကြားဘူးကို ထိုးပြပါတယ်။
“ကျေးဇူးပါ” ကလိုင်းဟာ ကျေးဇူးတင်တဲ့အကြည့်နဲ့ ခေါင်းညိတ်ပါတယ်။
သူဟာ သကြားတုံး သုံးတုံးနဲ့ နို့ လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ပြီး စာဆက်ဖတ်ပါတယ်။
ဟွန်းနာဆစ် အဓိကတောင်ထိပ်ရဲ့ အမွေအနှစ်အများကို လေ့လာခြင်းက သိပ်ထူတဲ့စာအုပ် မဟုတ်ပါဘူး။ အဲဒါကြောင့် ကလိုင်းဟာ မွန်းတည့်ခါနီးမှာပဲ ဖတ်လို့ပြီးသွားပါတယ်။ မှတ်သင့်တဲ့ အရာတချို့ကိုလည်း စာအုပ်ထဲမှာ ချမှတ်ပါတယ်။
‘နံပါတ်တစ်... ဟွန်းနားဆစ်ရဲ့ အဓိကတောင်ထိပ်နဲ့ အဲဒီပတ်ဝန်းကျင်မှာ အခြေကျ နေထိုင်ခဲ့တဲ့လူတွေက ရှေးဟောင်းနိုင်ငံ တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီးတော့ ယဉ်ကျေးမှုမြင့်တဲ့ လူအဖွဲ့အစည်းတစ်ခုပဲ...’
‘နံပါတ်နှစ်... သူတို့ရဲ့ နံရံဆေးရေးပန်းချီတွေကနေ သူတို့တွေ ဘဝအပေါ် ရှုမြင်ပုံက လူသားတွေနဲ့ တူတယ်... အဲဒါတော့ ငါသူတို့တွေကို လူသားတွေလို့ ယူဆလို့ရတယ်’
‘နံပါတ်သုံး... သူတို့တွေက ညအမှောင်ထုကို လေးစားသလို ကြောက်လည်း ကြောက်တယ်... သူတို့က သူတို့ရဲ့ ဘုရားသခင်ကို ထာဝရညရဲ့ အရှင်သခင်... ကောင်းကင်မယ်တော်လို့ ခေါ်ကြတယ်’
‘နံပါတ်လေး... အထူးဆန်းဆုံးက အဲဒီမှာ သုတေသနသမားတွေ ဘာအုတ်ဂူမှ ရှာမတွေ့တာပဲ... ဒီတော့ သူတို့တွေကို မြှုပ်နှံစရာ မလိုဘူး မသေဘူးလို့ ညွှန်ပြနေတယ်... ဒါပေမဲ့ အဲဒါက နံရံဆေးရေးပန်းချီတွေမှာ ဖော်ပြထားတာနဲ့ ဆန့်ကျင်နေတယ်... နံရံဆေးရေးပန်းချီတွေမှာ သေဆုံးခြင်းက အဆုံးသတ် မဟုတ်ဘူးလို့ ဖော်ပြထားတယ်... သူတို့ရဲ့ ဆုံးပါးသွားတဲ့ မိသားစုဝင်တွေက သူတို့ကို ညမှာ ကာကွယ်ပေးလိမ့်မယ်လို့ ယုံကြည်ကြတယ်... အဲဒါကြောင့် သူတို့တွေက သူတို့ရဲ့ ဆုံးပါးသွားတဲ့ မိသားစုဝင်တွေကို အိမ်မှာ ခုတင်ပေါ်မှာ သူတို့ဘေးမှာ သုံးရက်ကြာအောင် ထားတယ်’
‘နံရံဆေးရေးပန်းချီတွေမှာ အဲဒါကလွဲရင် မြှုပ်နှံသင်္ဂြိုဟ်တဲ့အပိုင်းတွေ မပါဘူး’
ကလိုင်းဟာ ကော်ဖီ နောက်တစ်ငုံသောက်ပြီး သူ့အတွေးတွေကို မှတ်စုစာအုပ်ထဲမှာ ဆက်ပြီးတော့ ချရေးပါတယ်။
‘ကောင်းကင်မယ်တော်... ဒီနာမည်က တော်တော် ကြီးကျယ်တယ်... ထာဝရညရဲ့ အရှင်သခင်ဆိုတာက ထာဝရညနတ်ဘုရားမနဲ့ ထပ်နေတယ်... ဒါက ရင်းမြစ်ကနေစပြီး ဝိရောဓိဖြစ်တာပဲ’
‘ဟွန်းနာဆစ် တောင်တန်းရဲ့ အဓိကတောင်ထိပ်နဲ့ အဲဒီပတ်ဝန်းကျင်မှာ ရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေမှာ စီစဉ်မှုတိုင်း ပြင်ဆင်မှုတိုင်းက အခုအချိန်အထိ ဆက်ရှိနေတယ်... နံရံဆေးရေးပန်းချီတွေကလည်း ပျက်စီးမှု တစ်စုံတစ်ရာ မရှိဘူး... ရှာမတွေ့ခင်အချိန်အထိ လုံးဝ နှောင့်ယှက်မခံရတဲ့ပုံပဲ... ခက်ရင်းနဲ့ဓားတွေ ပြင်ထားတဲ့ စားပွဲပေါ်က ပန်းကန်းပြားပေါ်မှာလည်း တစ်စုံတစ်ခု ပုပ်သိုးပြီး ကျန်ခဲ့တဲ့ အစွန်းအထင်းတွေ တွေ့ရတယ်... တချို့အခန်းတွေမှာဆိုရင် တစ်ဝက်ပဲရှိတဲ့ အရက်ပုလင်းတွေ တွေ့ရတယ်... အထဲက အရက်တွေကတော့ ရေနဲ့သိပ်မကွာတော့ဘူး...’
‘အဲဒီနိုင်ငံကလူတွေ ဘာဖြစ်သွားတာလဲ... ဘာမှယူဖို့ အချိန်မရှိဘဲ သူတို့ရဲ့အိမ်ကနေ အလျင်စလို ထွက်သွားရတဲ့ပုံပဲ... ပြီးတော့ သူတို့တွေ ဘယ်တော့မှ ပြန်မလာဘူး’
‘သင်္ချိုင်းမရှိတာက ထူးဆန်းတာကို ပိုပြီးတော့ ထူးဆန်းစေတယ်’
‘စာရေးဆရာ မစ္စတာဂျိုးဇက်ကလည်း ပြောထားတယ်... သူ ပထမဆုံး ဒီအမွေအနှစ်တွေကို ရှာတွေ့တော့ ဒီမှာနေတဲ့လူတွေ ရုတ်တရက်ကြီး ပျောက်သွားရုံပဲ ရှိသေးတယ်လို့တောင် ထင်ခဲ့တယ်တဲ့’
ကလိုင်းဟာ ရေးတာရပ်ပြီး ပုံတွေကို ကြည့်ပါတယ်။
ဂျွန်ဂျိုးဇက်ဟာ ဟွန်းနာဆစ်တောင်တန်းရဲ့ အဓိကတောင်ထိပ်ကို တတိယ အကြိမ်မြောက်ရောက်တော့ ကင်မရာအသစ်နဲ့ ဖြူမည်းဓာတ်ပုံတွေ ရိုက်ခဲ့ပါတယ်။
ဓာတ်ပုံထဲမှာ မြင့်မားတဲ့ နန်းတော်ကြီးက ပြိုလဲနေတဲ့ နံရံနဲ့ မြက်ရိုင်းရှည်တွေ ရှိနေပါတယ်။ ဒီဇိုင်းက ခမ်းနားကြီးကျယ်မှုနောက်ကို လိုက်ထားပါတယ်။
ဓာတ်ပုံတွေကို လှန်ကြည့်ရင်း ကလိုင်း ခေါင်းထဲမှာ ပထမဆုံး ပေါ်လာတာက သူ အိပ်မက်ထဲမှာ မြင်ခဲ့ရတဲ့ နန်းတော်ပါ။
ဒီဇိုင်းနှစ်ခုစလုံးက တစ်ထပ်တည်း ကျပါတယ်။ ကွာခြားတာဆိုလို့ သူအိပ်မက်ထဲမှာ မြင်ခဲ့ရတဲ့ တောင်ထိပ်ပေါ်က နန်းတော်ဟာ ပိုပြီးတော့ ခမ်းနားကြီးကျယ်တာပါ။ ဧရာမပလ္လင်ကြီးရှိပြီး လူသားတစ်ယောက် ထိုင်ဖို့ လုပ်ထားတဲ့ ထိုင်ခုံနဲ့ မတူပါဘူး။ မရေမတွက်နိုင်တဲ့ အလင်းဖောက်နိုင်တဲ့ လောက်ကောင် တစ်ပြုံကြီးဟာလည်း ဒီထိုင်ခုံအောက်နားမှာ ဖြည်းဖြည်းချင်း တွန့်လိမ်သွားနေပါတယ်။
‘ငါရဲ့ အိပ်မက်က ဟွန်းနာဆစ် တောင်တန်းရဲ့ အဓိကတောင်ထိပ်ပေါ်မှာရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေနဲ့ ပတ်သက်နေတယ်ဆိုတာ အတည်ပြုနိုင်ပြီ... ဒါက အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ထဲမှာ ပြောထားတဲ့ ထာဝရညနိုင်ငံတော် ဖြစ်မယ်...’ ကလိုင်းဟာ မသိမသာ ခေါင်းညိတ်ပြီး စာအုပ်ကို ပိတ်လိုက်ပါတယ်။
အဲဒီအချိန် သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အက်ဇစ်က သူ့ရဲ့ မထင်မရှား ညာဘက်နားက မှဲ့ကိုထိရင်း မေးပါတယ် “ဘယ်လိုလဲ... တစ်ခုခုတွေ့လား...”
“အများကြီးပဲ... မှတ်စုတောင် တော်တော် များသွားတယ်...” ကလိုင်း စားပွဲပေါ်က မှတ်စုစာအုပ်ကို ထိုးပြပြီး ပြုံးလိုက်ပါတယ်။
“ငါ နားမလည်ဘူး... မင်း ဘာဖြစ်လို့ ဒီကိစ္စကို ရုတ်တရက်ကြီး စိတ်ဝင်စားလာရတာလဲ...” အက်ဇစ်ဟာ သက်ပြင်းချပါတယ် “ကလိုင်း... ငါ ဘက်ကလင် တက္ကသိုလ်မှာ ပညာသင်နေတုန်းက ဗေဒင်တချို့ကို မတောက်တခေါက် လိုက်စားပြီး အဲဒီဘက်မှာ သုတေသန တော်တော်လေး လုပ်ခဲ့တယ်... အင်း... မင်းရဲ့ ကံကြမ္မာက... ဟန်ချက်မမျှဘူး...”
‘ဟင်... ဗေဒင်... ငါ့ကို ဗေဒင်အကြောင်း လာပြောနေတာလား...’ အမြင်ဆရာ တစ်ယောက်ကို ဗေဒင်အကြောင်း လာပြောနေတဲ့ အက်ဇစ်ကိုကြည့်ပြီး ကလိုင်းဟာ ရယ်ချင်သွားပါတယ်။ ဒါပေမဲ့ စိတ်ထိန်းလိုက်ပါတယ်။
“ဘယ်လို ဟန်ချက်မမျှတာလဲ”
အက်ဇစ်ဟာ တစ်ခဏ တွေးပါတယ် “ပြီးခဲ့တဲ့ နှစ်လမှာ မင်း တိုက်ဆိုင်တာတွေ အများကြီး ကြုံခဲ့ရလား”
“တိုက်ဆိုင်တာတွေ...” သူက မစ္စတာအက်ဇစ်အပေါ် ကျေးဇူးကြွေးတင်နေတာမလို့ ကလိုင်းဟာ သူ့မေးခွန်းကို မထီမဲ့မြင်မပြုဘဲ သေချာ စဉ်းစားပါတယ်။
‘တိုက်ဆိုင်တာတွေ ပြောရရင် အထူးဆန်းဆုံးက ပြန်ပေးဆွဲသမားတွေပဲ... အန်တီဂိုနပ်မိသားစု ဒိုင်ယာရီနဲ့ ပတ်သက်တဲ့ သဲလွန်စကို ပြန်ပေးဆွဲသမားတွေရဲ့ မျက်နှာချင်းဆိုင် အခန်းမှာ ရှာတွေ့ခဲ့တယ်...’
‘နောက်ပြီး ရေးဘီဘာကလည်း ထင်းဂန်မြို့ကနေ ထွက်မပြေးဘဲ မှတ်စုစာအုပ်က ပေးတဲ့ စွမ်းအားကို နေရာရှာပြီး ချေဖျက်တယ်... အဲဒါကြောင့် ချိပ်ပိတ်လက်နက် ၂-၀၄၉ က သူ့ကို လွယ်လွယ်ကူကူ ရှာတွေ့သွားတယ်... ဒါတွေက သာမန်ဖြစ်နေကျ မဟုတ်ဘူး... အားရို့ဟာဆင်ရဲ့ ရှင်းပြချက်က ကျိုးကြောင်းဆီလျော်ပေမဲ့ ဒီအဖြစ်အပျက်တွေက တိုက်ဆိုင်လွန်းတယ်လို့ ငါ့စိတ်ထဲမှာ ထင်နေမိတယ်’
‘အင်း... ဆယ်လီနာကလည်း ဟန်းနစ်ဗင်းဆင့်ရဲ့ လျှို့ဝှက်မန္တန်ကို ခိုးကြည့်ခဲ့တယ်... ဒါပေမဲ့ သူက မွေးနေ့ပွဲကျင်းပတဲ့ ညကျမှ ထုတ်သုံးတယ်... အဲဒါကို ငါက ရှာတွေ့သွားတယ်... ဒါကလည်း တိုက်ဆိုင်တာပဲ... မဟုတ်ရင် ဟန်းနစ်ဗင်းဆင့်က ရုတ်တရက်ကြီး သေသွားမှာ မဟုတ်ဘူး’
ကလိုင်းဟာ သုံးလေးမိနစ်လောက် သေချာတွေးပြီး ဖြေပါတယ် “သုံးခုရှိတယ်... သိပ်တော့မများဘူး... ခဏခဏဖြစ်တာလည်း မဟုတ်ဘူး... နောက်ပြီး ဒီတိုက်ဆိုင်မှုတွေမှာ တစ်ယောက်ယောက်က ကြိုးကိုင်နေတာလို့ ညွှန်ပြတာ မရှိဘူး”
အက်ဇစ်ဟာ ခေါင်းအသာ ညိတ်ပါတယ်။
“ဧကရာဇ်ရစ်ဆဲလ်က ပြောဖူးတယ်... တစ်ခါတစ်လေ တိုက်ဆိုင်တာကို လူတိုင်း ကြုံဖူးတယ်... နှစ်ခါ တိုက်ဆိုင်တာဆိုရင်လည်း သာမန်ပဲ... ဒါပေမဲ့ သုံးခါဆိုရင်တော့ ဘယ်ဟာက အဲဒီတိုက်ဆိုင်မှုတွေကို လွှမ်းမိုးနေလဲဆိုတော့ စစဉ်းစားသင့်ပြီတဲ့”
“ကျွန်တော်ကို ကျန်တာ မပြောနိုင်ဘူးလား” ကလိုင်းက မေးပါတယ်။
အက်ဇစ်ဟာ ရယ်ပြီး ခေါင်းခါပါတယ်။
“ငါ မင်းရဲ့ ကံကြမ္မာ ဟန်ချက်မမျှတာပဲ သိတယ်... ကျန်တာ ဘာမှ မသိဘူး... ငါက တကယ့် အမြင်ဆရာမှ မဟုတ်တာ”
‘အဲဒါက ဘာမှမပြောတာနဲ့ အတူတူပဲ မဟုတ်ဘူးလား... ဒီမစ္စတာအက်ဇစ်က တစ်ခုခုတော့ တစ်ခုခုပဲ... ငါ့လိုမျိုး ဆရာယောင်ရှေ့မှာ သမားယောင် လာလုပ်နေတယ်...’ ကလိုင်းဟာ အသက်တစ်ချက် ရှူထုတ်ပြီး အက်ဇစ် မတ်တတ်ရပ်တာကို အခွင့်အရေးယူကာ စိတ်ဝိညာဉ်အာရုံ ဖွင့်ပါတယ်။
သူ ကြည့်လိုက်တဲ့အခါ သူ့မျက်လုံးထဲမှာ ပေါ်လာတဲ့ အက်ဇစ်ရဲ့ ရောင်ဝါက အကုန်လုံး ပုံမှန်ပါပဲ။ ဘာမှ ထူးခြားတာ မရှိပါဘူး။
‘ကံမကောင်းချင်တော့ ငါ မီးခိုးရောင်မြူခိုးထက်မှာပဲ လူတစ်ယောက် အီသာခန္ဓာကိုယ်နဲ့ လိပ်ပြာကို မြင်နိုင်တယ်...’ ကလိုင်းဟာ မတ်တတ်ရပ်ပြီး မျက်ခုံးလယ်ကို နှစ်ချက် တောက်ရင်း တွေးလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။