လမ်းခွဲစို့
Vol. 94 Ch. 1397
ကောင်မလေးရဲ့ နာမည်က ကျန်းနာ့နာ့ ဖြစ်၏။ ထိုအခိုက် သူမ၏ အမူအရာက အေးတိအေးစက် ဖြစ်နေပြီး နည်းနည်းလေးလည်း စိတ်မရှည် ဖြစ်နေသည့်ပုံ ပေါက်နေသည်။
လီနင်ရွေ့ သူမ ဘေးတွင် ရပ်၍ သူမကို နှစ်သိမ့်ပေးလိုက်သည်။
“ ခဏလောက်လေးပဲ နာ့နာ့… ငါ့ အဖေရဲ့ လုပ်ဖော်ကိုင်ဖက်က ခုလေးတင် ဖုန်းခေါ်ထားတာ.. သူတို့ ခဏဆို ရောက်လာတော့မှာတဲ့.. ငါတို့ ပစ္စည်းတွေ ယူပြီးရင် ထမင်းသွားစားကြမယ်… ဟုတ်ပြီလား..”
လီနင်ရွေ့ရဲ့ အရပ်အမောင်းက လင်းရီနီးပါး ရှိသည်။ သို့သော် လင်းရီထက်တော့ အနည်းငယ် ပိုပိန်သည်။ လူကြည့်လိုက်လျှင် အကြမ်းမခံသည့်ပုံ ပေါက်၏။
“ နင့် မိသားစုက ဘာလဲ ပေးလိုက်မှာ..” ကျန်းနာ့နာ့ကနေပြီး မေး၏။
“ ရာသီ အကူးအပြောင်း ရောက်တော့မှာဆိုတော့ ငါ့အမေက ငါ့ကို အဝတ်အစား တစ်ချို့ ထည့်ပေးလိုက်တာ… မအားလို့ ငါ့အဖေရဲ့ လုပ်ဖော်ကိုင်ဖက်ကနေပြီး လာပို့ပေးမှာ…”
“ ရာသီ အဝတ်အစားတွေပဲလား…”
“ အင်းလေ…” လီနင်ရွေ့ နည်းနည်းလေးတော့ ရှုပ်ထွေးမိသွားသည်။ သူ့ ကောင်မလေးက အဘယ်ကြောင့် ထိုသို့သော မေးခွန်းမျိုး မေးလာခဲ့မှန်း သူ စဉ်းစားမရ ဖြစ်နေသည်။
“ အသုံးစရိတ်ကော မပါဘူးပေါ့..”
“ လကုန်ပြီးကတည်းက ပိုက်ဆံ ပို့ပေးထားတာလေ… ခုက လ အလယ်တောင် မကျိုးသေးဘူး… ဒီတော့ အသုံးစရိတ် ရဦးမှာ မဟုတ်ဘူး..”
“ ဆိုတော့ … နင့်မှာ ဒီလ အသုံးစရိတ် အတွက်ကို ယွမ် ၃၀၀ တည်း ကျန်တော့တယ်ပေါ့… ငါ့ မွေးနေ့က နောက်အပတ်ထဲမှာ နင်ငါ့ကို ဘာ လက်ဆောင်ပေးဖို့ ရည်ရွယ်ထားလဲ…”
“ ဟားဟား…. အဲ့တာလား.... ” လီနင်ရွေ့ ရယ်မောလိုက်ပြီး “ စိတ်ချထားစမ်းပါ… ငါ မင်းအတွက် အားလုံး ပြင်ဆင်ထားပြီးပြီ… မင်း စိတ်ကျေနပ်စေရမယ်လို့ အာမခံတယ်…”
“ ဟင်…” ကျန်းနာ့နာ့၏ မျက်လုံး အရောင် လက်ခနဲ ဖြစ်လာခဲ့ပြီး သူမ အစောတလျင်နှင့် မေးကြည့်လိုက်၏။
“ ဒါဆို နင်ငါ့ကို ဘာပေးမှာလဲ…”
“ မွေးနေ့လက်ဆောင်ပါဆို ကြိုပြောလို့ ဘာအဓိပ္ပာယ် ရှိမှာ… မွေးနေ့ကျတော့မှ ပေးမယ်… စပရိုက်လေ သိတယ်မလား… စပရိုက်……”
“ ငါ အရမ်းသိချင်ပြီဆို မရတော့တာကို နင်သိရဲ့သားနဲ့…. ငါ နောက်အပတ်ထိ စောင့်နိုင်မယ်လို့ ထင်လား… မြန်မြန် ပြောပြ…”
“ ဟားဟား.. ဟုတ်ပါပြီဗျာ… ငါ မင်းအတွက် ပြင်ဆင်ထားပေးတာ ဓာတ်ပုံ အယ်လ်ဘန်လေး…. ငါတို့ နှစ်ယောက် အတူရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ ငါတို့ ပို့ထားတဲ့ စာတွေကို print ထုတ်ပြီး ထည့်ထားတာ… အကုန်လုံးက အဲ့ဒီ အယ်လ်ဘန်လေးထဲမှာပဲ… ပြီးတော့ အဲ့တာကို မင်းရဲ့ မွေးနေ့လက်ဆောင် အဖြစ် ပေးဖို့ စီစဉ်ထားတယ်…”
“ အာ… ဒီတော့ နင့်ရဲ့ မွေးနေ့လက်ဆောင် ဆိုတာကြီးက ဓာတ်ပုံ အယ်လ်ဘန်ပေါ့…”
“ ဟုတ်တယ်လေ… နောင်တစ်ချိန် ငါတို့တွေ အိုမင်းသွားတဲ့အခါကျရင် နေရောင်အောက်မှာ အတူထိုင်ရင်း ဓာတ်ပုံ အယ်လ်ဘန်လေး ဖွင့်ပြီး အတိတ်က ချိုမြိန်မှုတွေဆီ ဖြည်းဖြည်းချင်း ပြန်စီးမျှောကြည့်လို့ရတာပေါ့… ငါတော့ ဒီလို လက်ဆောင်မျိုးက တန်ဖိုးမဖြတ်နိုင်ဘူးလို့ ထင်တယ်…”
ကျန်းနာ့နာ့၏ အမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့၏။
“ လီနင်ရွေ့.. နင်ငါ့ကို အရူးလာလုပ်နေတာလား…”
သူ့ကောင်မလေး မေးသည့် မေးခွန်းနှင့် ရင်ဆိုင်ရတော့ လီနင်ရွေ့၏ အမူအရာသည် အဖြူထည်လေး ဖြစ်နေလျက်ပင်။
“ ငါ ဘာများ လုပ်မိလို့လဲ…”
“ ငါ့ အခန်းဖော် သူငယ်ချင်း မွေးနေ့တုန်းက သူ့ကောင်လေး ပေးတဲ့ မွေးနေ့ လက်ဆောင်ဆိုတာ ဘရန်းဒတ် အိတ်တွေ၊ အလှကုန် ပစ္စည်းတွေ …. ဈေး အပေါဆုံးကတောင် ယွမ် ၂,၀၀၀ ကျော်တယ်… ဒါပေမယ့်နင်… နင်က ငါ့ကို အဲ့ သုံးစားမရတဲ့ ဓာတ်ပုံ အယ်လ်ဘန်ကြီး ပေးမယ်ပေါ့ ဟုတ်လား… ငါ့ သူငယ်ချင်းသာ သိလို့ကတော့ ငါ့ကို လှောင်လိမ့်မယ့် ဖြစ်ချင်း… နင်က ငါ့ကို အခန်းထဲမှာ အရှက်ကွဲပြီး ခေါင်းမဖော်ရဲအောင် ဖြစ်စေချင်နေတာလား ဟုတ်လား လီနင်ရွေ့….”
“ ငါ… ငါ မလုပ်ပါဘူး…” လီနင်ရွေ့ သူ့ကောင်မလေး နားလည်လာအောင် ရှင်းပြရန် ပြင်သည်။
“ ငါ ထင်တာ အဲ့လို ပစ္စည်းတွေ ပေးတာက ဖန်တရာထေနေပြီ… ရိုးလည်း ရိုးရှင်းလွန်းတယ်.. ဓာတ်ပုံ အယ်လ်ဘန်ကကျတော့ အထဲမှာ ရှိတာက ငါတို့နှစ်ယောက်ရဲ့ ဓာတ်ပုံတွေ ၊ လှပတဲ့ အမှတ်တရတွေနဲ့ ဖြည့်ထားတာ… အဲ့တာက အဓိက ကျတယ်လို့ ထင်တယ်…”
“ ထားလိုက်တော့… ငါတော့ နင် ငါ့ကို မချစ်ဘူးလို့ပဲ ထင်တယ်… ဒီတိုင်း ကြုံရာ ဓာတ်ပုံ အယ်လ်ဘန်ကြီး ဝယ်ပြီး ငါ့ကို အရူးလုပ်ချင်နေတာပဲ…” ကျန်းနာ့နာ့ ပြောလိုက်ပြီး “ ကြည့်ရတာ ငါတို့ နှစ်ယောက်ရဲ့ ပတ်သက်မှုကို ပြန်စဉ်းစားရတော့မယ်နဲ့ တူတယ်.. ငါတော့ ငါ့ကို မချစ် မနှစ်သက်တဲ့ လူစားမျိုးနဲ့ လက်မထပ်ချင်ဘူး… ငါ့အတွက် ပိုက်ဆံမသုံးပေးနိုင်တဲ့ ယောက်ျားမျိုးကို ငါ မလိုချင်ဘူး..”
“ ဒါပေမယ့်…၊ ဒါပေမယ့် ငါ့မှာ အဲ့လောက် ပိုက်ဆံအများကြီး မရှိဘူးဆိုတာ မင်း သိရဲ့သားနဲ့….”
“ နင့်မှာ ပိုက်ဆံ မရှိဘူးဆိုလည်း နင့် အိမ်ကနေ လှမ်းတောင်းလေ… ဘာဖြစ်တယ် ညာဖြစ်တယ် အကြောင်းပြချက်တွေပေးပေါ့…. နင်က ကောင်းကင်ကနေ ပိုင်မုန့်ကြီး ကျလာဖို့ကို ထိုင်မျှော်နေတာလား ဟုတ်လား…”
“ ရို… နာ့နာ့… မင်းတို့ ထမင်းသွားမစားကြသေးဘူးလား… ဒီမှာ ဘာလုပ်နေကြတာလဲ…”
နှစ်ယောက်သား ငြင်းခုန်နေတုန်းမှာပဲ ရုတ်တရက်ဆိုသလို ကျောင်းဂိတ်ပေါက်ဝသို့ လူသုံးယောက် လျှောက်လာနေသည်ကို မြင်တွေ့လိုက်ရသည်။
သူတို့ထဲ အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်က လက်ချင်း ဆုပ်ကိုင်ထားကြ၏။ ထိုနှစ်ယောက်က သမီးရည်းစားများ ဖြစ်ကြသည်ကိုတော့ ပြောရန် မခက်ခဲချေ။
ထိုသို့ လှမ်းမေးလိုက်သည့်လူက ကျန်းနာ့နာ့၏ အခန်းဖော် သူငယ်ချင်း၊ လျိုရာ့ယွဲ့ ဖြစ်လေသည်။
“ ငါတို့ ခဏကျရင် သွားမှာ…”
“ နင့်ကြည့်ရတာ မျက်နှာလည်း မသာမယာနဲ့… နင်တို့ ရန်ဖြစ်ကြပြန်ပြီလား…” လျို့ရာ့ယွဲ့ ရောက်လာပြီး တိုးတိုးမေး၏။
“ မပြောစမ်းနဲ့ဟာ….”
“ သူက ငါ့ကို နောက်လာမယ့် ငါ့မွေးနေ့ကျရင် သုံးစားမရတဲ့ ဓာတ်ပုံအယ်လ်ဘန်ကြီး ပေးမှာတဲ့… အဲ့ဒီအတွက် စိတ်တိုမိတာ ငါမှားလား…”
“ မဟုတ်သေးပါဘူး… နင့်မွေးနေ့က ဒီလောက်အရေးကြီးတာတောင် သူက နင့်ကို ဓာတ်ပုံ အယ်လ်ဘန်ပဲ ပေးမယ်ပေါ့…” လျိုရာ့ယွဲ့ အထင်သေးစွာဖြင့် နှုတ်ခမ်းထော်သွားခဲ့သည်။
ပိုက်ဆံ မရှိလို့ လူတစ်ယောက်က ဈေးပေါသည့် လက်ဆောင်များ ပေးသည်ကို နားလည်ပေး၍ ရသည်။ သို့သော် အကုန်လုံးက အရွယ်ရောက်ပြီးသူများ ဖြစ်ကြလေသည်။ တခြား တစ်ယောက်ကို ကလေး ကစားစရာ အရုပ်များ ပေးသည်က သိပ်ကို ကလေးဆန်လွန်း၏။
“ ငါတော့ နင်တို့ နှစ်ယောက်က ဒီတိုင်း မလိုက်ဖက်ဘူးလို့ပဲ မြင်တယ်… ကောင်တီထဲ လူ ဘယ်လောက်ကများ အားကိုးလို့ရတဲ့ ကျောထောက် နောက်ခံ ရှိကြလို့လဲ… နင် သူနဲ့ အချိန် ဆက်မဖြုန်းတော့ရင် ကောင်းမယ်လို့ ထင်တယ်နော်… ငါတို့ မိန်းကလေးတွေရဲ့ ငယ်ရွယ်မှုက အကန့်အသတ်နဲ့… မြန်မြန် သူနဲ့ လမ်းခွဲပြီး နောက်တစ်ယောက် ပြောင်းလိုက်တော့…. “ လျိုရာ့ယွဲ့ တီးတိုး အကြံပေးလိုက်သည်။
“ ငါသိတယ်.. ငါလည်း ဒီတိုင်း ငါ့ရဲ့ ဘွဲ့ယူ စာတမ်း ပြုစုတာ မပြီးသေးလို့… အဲ့သောက်ရူးက မကူညီပေးဘူးဆိုရင် ငါ့အတွက် ဘွဲ့ရဖို့ ခက်မှာ… “ ကျန်းနာ့နာ့လည်း တီးတိုး ပြန်ပြောလိုက်ပြီး “ မဟုတ်ရင် သူနဲ့ လမ်းခွဲပြီးတာ ကြာပေါ့…”
“ လွယ်ပါတယ်.. သူနဲ့ အပေါ်ယံလောက်ပဲ တွဲပြီး သူမသိအောင် တခြားအရံတစ်ယောက်လည်း တိတ်တိတ်လေး ရှာထားလိုက်… အဲ့လိုဆို နင် အရှုံးမရှိတော့ဘူး..” လျိုရာ့ယွဲ့ ပြောလိုက်သည်။
“ နင်နဲ့တော့… အရည်အသွေးကောင်းတဲ့ ကောင်လေးတွေဆိုတာ ကြုံသလို ကောက်ရှာလိုက်လို့ ရတယ်များ ထင်နေလား… အဲ့သလောက် မလွယ်ဘူး..”
“ ငါ့ကောင်လေးရဲ့ သူငယ်ချင်းဆိုရင်ကော… သူက မနှစ်တုန်းကပဲ ဘွဲ့ယူပြီးတာ… ခု တစ်လကို ယွမ်တစ်သောင်း ရနေပြီ… ပြီးတော့ ရုပ်ရည်လည်း မဆိုးဘူးနော်… ငါတို့နဲ့ ထမင်း အတူလိုက်စားရင် သူနဲ့ မရင်းနှီးချင်ဘူးလား…”
“ တကယ်ကြီး… သူက အဲ့လောက် အရည်အချင်းရှိတာတောင် ခုထိ စင်ဂယ် ဖြစ်နေတုန်းပေါ့…”
“ ဒါပေါ့…. ကိုယ့်ညီအစ်မကို ညာပါ့မလား…”
“ အဆင်ပြေပြီ… ငါ့ကို ခဏစောင့်..”
လျိုရာ့ယွဲ့နှင့် တိုးတိုးတွတ်တွတ် စကားများ ပြောပြီးနောက် ကျန်းနာ့နာ့သည် တခြား တစ်ယောက်နှင့် စကားပြောနေသည့် လီနင်ရွေ့ကို ကြည့်၍ “ ဒီမှာ နင့်ဘာနင်ပဲ စောင့်နေလိုက်တော့… ငါတို့ သွားစားတော့မယ်…”
“ စားမယ်… ငါတို့ အတူစားဖို့ သဘောတူထားတယ် မဟုတ်ဘူးလား…” လီနင်ရွေ့ ပြောလိုက်ပြီး “ ပြီးတော့ ကိုယ်နဲ့ မရင်းနှီးတဲ့ တခြား သူစိမ်းတွေရော ပါမှာလေ နာ့နာ့… မင်း သွားလို့ မသင့် ------”
“ ငါတို့နဲ့ မရင်းနှီးဘူးဆိုတာ နင် ဘာစကားပြောတာလဲ… တစ်ခါလောက် ထမင်းအတူစားလိုက်ရင် ငါတို့ချင်း ရင်းနှီးသွားမှာပဲ…” ကျန်းနာ့နာ့ ပြောလိုက်ပြီး “ ငါ့ရဲ့ သူငယ်ချင်း ထားပိုင်ခွင့်ကိုပါ နင် ချုပ်ချယ်ချင်နေတယ်လို့ လာမပြောနဲ့… ငါတို့က ဒီတိုင်း လက်ကိုင်ရုံလောက် ရှိတဲ့ စုံတွဲပဲ… ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ ဝင်စွက်ဖက်ပိုင်ခွင့် နင့်မှာ မရှိဘူး…”
ကျောင်းဂိတ်ပေါက်ဝရှိ ငြင်းခုန်သံများကို ကြားတော့ နေ့လည်စာ စားဖို့ ထွက်လာကြသည့် ဖြတ်သွားဖြတ်လာ လူများကနေပြီး မသိစိတ်အလျောက် လှည့်ကြည့်၍ လက်ညိုးထိုးပြီး အချင်းချင်း ဝေဖန်သွားကြတော့၏။
ထိုစဉ် နှစ်ဦးနှစ်ဖက်လုံးကလည်း ထိုအချက်ကို ခံစားမိကာ ရှက်စိတ်တို့က ဒေါသနှင့်အတူ လောင်ကျွမ်းလာလေတော့သည်။
“ ငါ မင်းကို ဈေးကြီးတဲ့ လက်ဆောင်တွေ မပေးနိုင်တိုင်းနဲ့ မင်းငါ့ကို ဒီလိုမျိုး လုပ်ဖို့ လိုလား…”
“ ငါ ဒီတိုင်း ကိုယ့်အခန်းဖော် သူငယ်ချင်းနဲ့ ထမင်းအတူ သွားစာမှာကို နင်ကလည်း ဘာလို့ အရာအားလုံး လိုက်ဝင်ပါနေရတာလဲ…” ကျန်းနာ့နာ့ ပြောလိုက်လေသည်။
“ ကောင်းပြီလေ… မင်းအဲ့လောက်တောင် ဖြစ်နေရင်လည်း လမ်းခွဲကြတာပေါ့…”
ထိုစကားကြားတော့ ကျန်းနာ့နာ့နှင့် လျိုရာ့ယွဲ့တို့ နှစ်ဦးသားလုံး ကြက်သေသေသွားခဲ့ကြသည်။ ထိုအရူးက ယခုလို လမ်းခွဲစကား စပြီး ပြောလာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
“ လီ-နင်-ရွေ့… နင် ဘာစကားပြောတာလဲ… နင် ငါ့ကို ခြိမ်းခြောက်နေတာလား…” ကျန်းနာ့နာ့ မျက်မှောင် တင်းတင်းကြုတ်ထားရင်း မေးခွန်းထုတ်လိုက်သည်။
“ ငါ ဒီတိုင်း မင်းကို သူတို့နဲ့ ထမင်းအတူ မစားစေချင်ရုံပဲ…”
“ ဒီနေ့ ငါသွားဖို့ ဆုံးဖြတ်ပြီးပြီ…” ကျန်းနာ့နာ့ လီနင်ရွေ့ကို လက်ညိုးထိုး၍ ပြောလိုက်ပြီး “ ခုကစပြီး ငါတို့နှစ်ယောက် ဇာတ်လမ်းပြတ်ပြီ…. လမ်းဘေးက ကြုံရာလူနဲ့ ကောက်တွဲရင်တောင် နင့်ထက်ပိုပြီး ချမ်းသာဦးမယ် သောက်ငမွဲကောင်….”
လီနင်ရွေ့ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် မျက်လုံးတို့ နီရဲနေသည်။
“ မင်း တစ်နေ့ နောင်တရနေလိမ့်ယ်…”
“ ဟီးဟီး… ငါက ဘွဲ့တောင် ရတော့မှာ… နင့်ကို ဘယ်သူကများ အလုပ်လာပြီး ကမ်းလှမ်းတာရှိလို့… နင် တစ်ခုလေးတောင်မှ မရဘူးမလား… ဒါတောင် ငါ့ကို နောင်တရအောင် လုပ်မယ်ပေါ့…”
ကျန်းနာ့နာ့ အေးတိအေးစက် နှာခေါင်းရှုံ့၍ အထင်မြင်သေးစွာ ပြောလိုက်ပြီး “ ငါ နောင်တ မရအောင်လို့ နင်နဲ့အတူ အိမ်လိုက်ပြီး ရွံ့ဗွက်ထဲ လိုက်ဆင်းပေးရမှာလား ဟုတ်လား…”
“ ကဲပါ နာ့နာ့.. နင်တို့ နှစ်ယောက်က လမ်းခွဲပြီးပြီဆိုတော့ သူ့ကို ဂရုစိုက်မနေနဲ့တော့.. နင် ဒီကောင့်လက်က လွတ်မြောက်တဲ့ အထိမ်းအမှတ်အနေနဲ့ ကောင်းတာ တစ်ခုခု သွားစားကြစို့…”
“ သွားစို့… ငါ သူ့ကို သည်းခံပြီး ပေါင်းလာခဲ့ပေါင်း များပြီ…”
ကျန်းနာ့နာ့နှင့် ကျန်သူများ ထွက်ခွာတော့မည့် အချိန်မှာပဲ ရုတ်တရက်ဆိုသလို အံ့အားတကြီး အော်ဟစ်သံများအား အမှတ်မထင် ကြားလိုက်ကြရလေသည်။
“ ကြည့်လိုက်… အဲ့တာ Rolls Royce မလား…”