← Chapters

ရှော့ခ်ရဖွယ် အထောက်အထား

Vol. 94 Ch. 1398

ရှော့ခ်ရဖွယ် အထောက်အထား

Vol. 94 Ch. 1398

ကျောင်းဂိတ်ပေါက်ဝတွင် Rolls Royce ကားတစ်စင်း ထိုးရပ်လာသည်ကို မြင်တော့ ဖြတ်သွားဖြတ်လာ ကျောင်းသားများအားလုံး ခေါင်းလှည့်ပြီး ကြည့်မိလိုက်ကြသည်။

ဤသည်က ယွမ် ၁၀ သန်းနီးပါး ပေးရသည့် ဇိမ်ခံကား တစ်စင်းပင်။ ကျောင်းတွင် မြင်ရခဲလှ၏။

“ လှလိုက်တဲ့ကားပဲနော်…” ကျန်းနာ့နာ့ အားကျနေသည့် လေသံဖြင့် ပြောလိုက်ပြီး “ ငါသာ တစ်နေ့ ဒီလိုကားထဲ ဝင်ထိုင်နိုင်လို့ကတော့ ကျေနပ်ပါပြီ…”

ကားရပ်တန့်ပြီးနောက် လီစီကျင်းနှင့် လင်းရီတို့ ကားထဲမှ ထွက်လာခဲ့ကြသည်။ လီစီကျင်း ဖုန်းကို တစ်ချက်ကြည့်ရင်း ဂိတ်ပေါက်ဝ၌ ရပ်နေသည့် လီနင်ရွေ့ကို မေးကြည့်လိုက်၏။

“ မောင်လေး .. နင်က လီနင်ရွေ့လား…”

လီနင်ရွေ့ အတန်ငယ်ကြာမျှ ကြက်သေသေသွားခဲ့လေသည်။

“ ဟုတ် ... ကျွန်တော့်ကို ရှာနေတာလား‌ဗျ…”

ကျန်းနာ့နာ့နှင့် လျိုရာ့ယွဲ့သည်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့ကြ၏။ ဇိမ်ခံကားထဲကနေ ထွက်လာသည့် လူနှစ်ယောက်က ထိုအရူး လီနင်ရွေ့ကို လာတွေ့သူများ ဖြစ်လိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

“ ငါတို့က နင့်အဖေရဲ့ လုပ်ဖော်ကိုင်ဖက်တွေလေ… အစ်ကိုလီက နင့်ကို ပစ္စည်းကြုံ ထည့်ပေးလိုက်လို့…”

ဘယ်လို……

လီစီကျင်း၏ စကားလုံးတို့က သူမအနီးနားရှိ လူတိုင်းကို ကြက်သေသေသွားစေခဲ့သည်။

လီနင်ရွေ့ရဲ့ အဖေမှာ ဒီလိုမျိုး ချမ်းသာတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိနေတယ်ပေါ့…

သူ့ အဖေက ဘာအလုပ်လုပ်တာပါလိမ့်…

“ ဒါပေမယ့် ကျွန်တော့်အဖေက …..”

လီနင်ရွေ့ စိတ်ထဲတွင်လည်း မေးခွန်း သင်္ကေတ အကြီးကြီး ဖြစ်နေမိ၏။

သူ့အဖေဆိုသည်မှာ ဆင်းရဲနွမ်းပါးလွန်းသည်ဟု နာမည်ကြီးသည့် တုံးစန်းကောင်တီ၌ အလုပ်လုပ်နေသည့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးဌာန၏ ဒါရိုက်တာ တစ်ယောက်မျှသာ ဖြစ်သည်။ ယခုလို ကြွယ်ဝချမ်းသာလှသည့် လုပ်ဖော်ကိုင်ဖက်များ ရှိဖို့ဆိုသည်မှာ မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။ သူတို့ စီးလာသည့် ကားက Rolls Royce ဖြစ်၏။ ဤသည်က Rolls Royce Phantom ပင်။

လင်းရီနှင့် လီစီကျင်းတို့ များများ ရှင်းပြမနေတော့ပဲ လိုရင်း တန်းသွားလိုက်၏။

“ ဒီမှာ ပစ္စည်းတွေ အများကြီးပဲ.. ကားထဲဝင်… နင့်အဆောင် လိုက်ပို့ပေးမယ်…”

“ ရတယ် ရတယ်… လိုက်ပို့ပေးဖို့ မလိုပါဘူး..”လီနင်ရွေ့ ပြောလိုက်ပြီး “ ကျွန်တော်တို့ ကျောင်းက စည်းကမ်းတင်းကြပ်တယ်.. အပြင်က ကားတွေ အထဲ ပေးမဝင်ဘူး… ကျွန်တော့်ကို ပစ္စည်းတွေပဲ ပေးလိုက်… ကိုယ့်ဘာကိုယ် သယ်သွားလိုက်မယ်…”

“ အဲ့တာဆိုလည်း ကောင်းပြီလေ…”

လင်းရီ တုံ့ပြန်လိုက်ပြီး လီစီကျင်းနှင့်အတူ ကားထဲကနေ ပစ္စည်းများ ထုတ်လိုက်သည်။ လီနင်ရွေ့လည်း ကူပေးရန် ဟန်ပြင်သည်။

သို့သော်လည်း ကားထဲရှိနေသည့် အရာများကို မြင်တော့ သူ ကြက်သေသေသွားခဲ့၏။

သူ့ အမေ ထည့်ပေးလိုက်သည့် ခရီးဆောင်အိတ်သာမက အရွယ်အစား အမျိုးမျိုးနှင့် အိတ်ဆယ်လုံးကျော် ရှိနေသည်။

Kanzo, Vans, Armani …

Iphone , laptop….

နာမည်ကြီး ဘရန်းများကို မြင်တော့ လီနင်ရွေ့ ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်မိ၏။

“ ဒါ… ဒါတွေကတော့ ကျွန်တော့်ပစ္စည်း မဟုတ်ဘူးမလား… ကျွန်တော့် အဖေ ဒါမျိုးဝယ်ပေးမှာ မဟုတ်ဘူးဆိုတာ သေချာတယ်…”

“ နင့်ရဲ့ အဖေက ငါတို့နှစ်ယောက်ကို ဂရုစိုက်ပေးတယ်လေ… ဒီရဲ့ ခရီးဆောင်အိတ်ကလွဲရင် ကျန်တဲ့ ပစ္စည်းတွေက အစ်ကိုရီ ဝယ်ပေးတဲ့ ဥစ္စာတွေ… နင် လိုအပ်မယ့် နေ့စဉ်သုံး ပစ္စည်းတွေပေါ့…” လီစီကျင်းကနေ ပြောပြလိုက်၏။

“ မလုပ်နဲ့ မလုပ်နဲ့… ဒီပစ္စည်းတွေက သိပ် တန်ဖိုးကြီးလွန်းတယ်… ကျွန်‌တော် လက်မခံနိုင်ဘူး…”

“ ရတယ်… ငါ မင်းအဖေကို ပြောပြီးပြီ.. မင်း လက်မခံနိုင်စရာ အကြောင်း မရှိဘူး…” လင်းရီ ပြောလိုက်၏။

‌“ ကျေးဇူး… ကျေးဇူးပါ အစ်ကိုရီ…” လီနင်ရွေ့ လက်တို့ ကတုန်ကယင် ဖြစ်နေခဲ့သည်။ သူ နေထိုင်လာသည်မှာ နှစ်ပေါင်း မနည်းတော့သော်လည်း ယခုလို ပစ္စည်းမျိုးကို တစ်ခါမျှ အနီးကပ် မမြင်ဖူးသေးချေ။

“ ငါ ကြားတာ မင်း ဘွဲ့ရတော့မှာဆို… အဲ့တာဟုတ်လား..” လင်းရီ ဆက်လက်၍ “ ဘာမေဂျာနဲ့လဲ…”

“ အင်း.. ကျွန်တော် အခု စတုတ္ထနှစ်မှာ ဘွဲ့ယူဖို့ စာတမ်းပြုစုနေတာ… ဆက်သွယ်ရေး အင်ဂျင်နီယာ ဘာသာရပ်နဲ့….”

“ အလုပ်ရော ရပြီလား…”

“ မရသေးဘူး..” လီနင်ရွေ့ ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်ပြီး “ ကျွန်တော်တို့ကျောင်းက အဲ့လောက်ထိ နာမည်ကြီးနေတာ မဟုတ်တော့ ကျွန်တော် သင်ယူနေတဲ့ ဘာသာရပ် နယ်ပယ်မှာ အလုပ်ရှာနိုင် မရှာနိုင် မသေချာသေးဘူး… ဘွဲ့ယူပြီးရင် တခြား အလုပ် ပြောင်းလုပ်ရင် လုပ်ရမှာပဲ…”

“ ဒီလိုဆိုရင်ကော… မင်း ဘွဲ့ယူပြီးရင် လင်းယွင် အုပ်စုဆီ လာခဲ့လိုက်… HR ဌာနကို အလုပ်တစ်ခု စီစဉ်ပေးထားဖို့ ငါပြောလိုက်မယ်…”

“ ဗျာ.. ဗျာ… လင်းယွင်အုပ်စုမှာ အလုပ်လုပ်ဖို့ ဟုတ်လား…”

လီနင်ရွေ့ကို မဆိုထားနှင့်။ အနီးနားဝန်းကျင်ရှိ လူများပင် အံ့အားသင့်ကုန်ကြ၏။

လင်းယွင်အုပ်စုဆိုသည်မှာ ယခု အာလီဘာဘာ ၊ ဟွာဝေးတို့နှင့် တန်းချင်းယှဉ်နိုင်နေပြီး ဖြစ်သည့် ကုမ္ပဏီကြီး တစ်ခု ဖြစ်သည်။ ထိုနေရာ၌ အလုပ်လုပ်နိုင်ဖို့ ဆိုသည်မှာ လူတိုင်းနီးပါး၏ အိပ်မက် တစ်ခု ဖြစ်၏။

သို့သော်လည်း သူတို့ လက်ရှိ တက်နေသည့် တက္ကသိုလ်က မထင်မရှား တတိယ တန်းစား တက္ကသိုလ်တစ်ခု မျှသာ ဖြစ်လေသည်။ လင်းယွင်အုပ်စုကဲ့သို့ နာမည်ကြီး ကုမ္ပဏီက အလုပ်လုပ်ရန် မဆိုထားနှင့်။ အင်တာဗျူး ဖောင်တင်ခွင့်ပင် ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

ယခုတော့ သူက ထိုနေရာတွင် အလုပ်လုပ်ဖို့ ကမ်းလှမ်းခံနေရပြီလော….။

ဒီ လီနင်ရွေ့မှာ ဘယ်လို ခွေးချေးကံမျိုး ရှိနေတာပါလိမ့်…

သူ့ အဖေက ဘယ်လောက်ထိတောင် အံ့အားဖို့ ကောင်းနေတာလဲတဲ့…

ကျန်းနာ့နာ့နှင့် လျိုရာ့ယွဲ့တို့ မျက်လုံးကြီးများ ပြူးကျယ်သွားခဲ့ကြပြီး ပါးစပ်များလည်း အဟောင်းသား ဖြစ်နေကြလေသည်။ သူတို့ အလွန်အမင်း ထိတ်လန့်နေမိကြ၏။

အသံနားထောင်ကြည့်ရသည်မှာ ကောင်းသလို ရှိသော်လည်းပဲ လီနင်ရွေ့ အဖေကို မျက်နှာသာပေးနေကြောင်း သိသာလှသည်။

ထို့ပြင် အဆိုပါ ဘရန်းဒတ် အိတ်များ စုပေါင်းလိုက်ပါက အနည်းဆုံး ယွမ် ငါးသောင်းကနေ ခြောက်သောင်း - တစ်သိန်း တန်ကြေးရှိလေသည်။

“ နာ့နာ့… နင် ပြောတော့ သူ့အဖေက ကောင်တီမှာ ဒီတိုင်း ဌာန ဒါရိုက်တာလေးပဲဆို… ဘယ်လိုလုပ်ပြီး ဒီလောက် ကျိကျိတက် ချမ်းသာတဲ့ လုပ်ဖော်ကိုင်ဖက် ရှိနေနိုင်မှာလဲ…”

“ ငါ… ငါလည်း မသိဘူး..”

“ ဒါဆိုလည်း နင် ဘာတွေ စောင့်နေတာလဲ… နင်က သူ့ ရည်စားလေ… မြန်မြန် ဒီ အခွင့်အရေးကို အရယူပြီး သူ့ကို နှုတ်ဆက်လိုက်… အဲ့ လူချောလေးက နင့်ကိုပါ အလုပ်ပေးရင် ပေးမှာပေါ့…” လျိုရာ့ယွဲ့ပြောလိုက်သည်။

“ အလုပ်ဖြစ်ပါ့မလား…”

“ ဘာလို့ မဖြစ်ရမှာ… အဲ့တာက လင်းယွင်အုပ်စုလေ…” လျိုရာ့ယွဲ့ ပြောလိုက်ပြီး “ တကယ်လို့ အဲ့လူချောက သဘောမတူဘူးဆိုရင် နင် လီနင်ရွေ့ကိုလည်း အဲ့မှာ မလုပ်ဖို့ ဖြောင်းဖြလိုက်… သူ ဘယ်လို ကိုင်တွယ်မလဲ ကြည့်ကြတာပေါ့…”

“ အွန်း…”

စိတ်ပိုင်းဖြတ်ပြီးသည့်နောက် ကျန်းနာ့နာ့ အမူအရာကို တည်တင်းလိုက်ကာ အင်္ကျီ အဝတ်အစားတို့ သပ်ရပ်အောင် ပြုလုပ်လိုက်ပြီး လီနင်ရွေ့အနားသို့ လျှောက်လာသည်။

“ နင်ရွေ့… ဒီ နှစ်ယောက်က နင့် အဖေရဲ့ လုပ်ဖော်ကိုင်ဖက်တွေလားဟင်…” ကျန်းနာ့နာ့ လျှောက်လာပြီး အပြုံးလေးဖြင့် မေးလေသည်။

လီနင်ရွေ့ မသိစိတ်အလျောက် ဘေးသို့ ခပ်ခွာခွာ နေလိုက်ပြီး ပြောလိုက်၏။

“ မင်း ဘာလို့ ပြန်လာတာလဲ…”

“ ငါတို့ နေ့လည်စာ အတူစားဖို့ သဘောတူထားတယ်လေ…..”

“ မင်းပြောတော့ မင်းပဲ သူများနဲ့ အတူ စားချင်တယ်ဆို… ငါတို့ နှစ်ယောက်က လမ်းခွဲပြီးနေပြီ … ငါ့ကို ထပ်လာမရှာနဲ့တော့…”

ကျန်းနာ့နာ့၏ အမူအရာ မည်းမှောင်သွားခဲ့ပြီး အနည်းငယ်လည်း အရှက်ရနေမိသည်။

“ ငါက ဒီတိုင်း နင့်ကို နောက်လိုက်တာပါဟ… ဘာလို့ အတည်ကြီးတွေ ယူနေတာလဲ…” ကျန်းနာ့နာ့ ပြောလိုက်ပြီး “ ပြီးတော့ ငါ စဉ်းစားကြည့်ပြီးသွားပြီ… ငါတို့ နှစ်ယောက် တွဲလာတာ ဒီလောက် နှစ်တွေ ကြာနေပြီကို ပစ္စည်းဥစ္စာဆိုတာ အရေးမကြီးပါဘူး… နင် ပေးမယ့် ဓာတ်ပုံအယ်လ်ဘန်လေးကလည်း မဆိုးဘူးလို့ ထင်တယ်…”

နောင်တရလွန်းသဖြင့် ကျန်းနာ့နာ့၏ အူတို့ စိမ်းပုပ်နေချေပြီ။

ဟမ့်... တကယ်လို့ သူမသာ လီနင်ရွေ့ အဖေက အကောင်ကြီးကြီးမှန်းသိရင် ဘယ်တော့မှ သူနဲ့ လမ်းခွဲခဲ့မိမှာ မဟုတ်ဘူး… ၊

အဲ့လိုသာဆို ဒီလိုမျိုး နိမ့်ချနေစရာလည်း မလိုတော့ဘူး…. ၊

“ ငါဆုံးဖြတ်ပြီးသွားပြီ… မင်း ဘာမှ ထပ်မပြောနဲ့တော့…” လီနင်ရွေ့ ပြောလိုက်ပြီး “ မင်းတို့တွေ အတူသွားကြ… ငါတို့က ထပ်ပြီး မဖြစ်နိုင်တော့ဘူး…”

လင်းရီနှင့် လီစီကျင်းတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိလိုက်ကြ၏။ သူတို့က ဤအတိုင်း ပစ္စည်း လာပို့ရုံသပ်သပ် ဖြစ်သော်လည်း ယခုလို မြင်ကွင်းမျိုး မြင်ရလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

သို့သော် လီနင်ရွေ့၏ ဆုံးဖြတ်ချက်ကိုတော့ လင်းရီ တော်တော်လေး ကျေနပ်အားရမိ၏။

ကောင်းတယ်… ဒီလို လူစားမျိုးနဲ့ လီနင်ရွေ့လို ရိုးသားတဲ့ ကောင်လေးက မသင့်တော်တာ အမှန်ပဲ… တစ်ခါတည်း ပွင့်ပွင့်လင်းလင်း၊ ပြတ်ပြတ်သားသား ငြင်းလိုက်တာ မှန်တယ်… အနည်းဆုံးတော့ အချိန်လွန်မှ နောင်တမရ ရတော့ဘူးပေါ့….

“ အစ်ကိုရီတို့ နှစ်ယောက်ကော စားပြီးကြပြီလား… ကျောင်းနားမှာ စားကောင်းတဲ့ ဆိုင်တစ်ဆိုင် ရှိတယ်… ကျွန်တော် အဲ့ဒီကို ခေါ်သွားပေးမယ်လေ…” လီနင်ရွေ့ ယဉ်ကျေးစွာ ပြောဆိုလိုက်၏။

“ ငါတို့ လုပ်စရာတွေ အများကြီး ရှိသေးတယ်… မင်းနဲ့ လိုက်မစားတော့ဘူး..” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ပစ္စည်းတွေ ဒီလောက်များတာ မင်း တစ်ယောက်တည်း သယ်သွားလို့ ဖြစ်မှာ သေချာရဲ့လား…”

မြေပြင်ပေါ်ရှိ ဒါဇင်ကျော်သော ပစ္စည်းအထုပ်အပိုးများကို ကြည့်ရင်း လီနင်ရွေ့ ခေတ္တမျှကြာအောင် တုံ့ဆိုင်းသွားခဲ့၏။

“ ကျွန်တော့် အတန်းဖော် သူငယ်ချင်းတွေကို ခေါ်ပြီး ကူသယ်ပေးဖို့ ပြောလိုက်မယ်…”

“ အဲ့လောက်ထိ အလုပ်ရှုပ်ခံမနေနဲ့… ငါမင်းကို တစ်ခါတည်း လိုက်ပို့ပေးမယ်…”

“ ဒါပေမယ့် ကျောင်းက အပြင်ကားတွေ ----- “

“ အဆင်ပြေတယ်.. ငါ့မှာ ကျောင်းထဲဝင်ခွင့် ပါမစ် ရှိတယ်… မင်းတို့ ကျောင်းက လုံခြုံရေးတွေ ငါ့ကို မတားရဲဘူး…”

ဟစ်…….

ထိုစကားကြားတော့ အနီးနားရှိ လူတိုင်း ပင့်သက်ရှိုက်လိုက်မိကြ၏။

ဒီလူက ဘယ်ကနေ လာခဲ့တာလဲ…

သူက Rolls Royce မောင်းနိုင်ရုံတင် မကသေးဘူး… အထူးပါမစ်လည်း ရှိနေတယ်…

ဒီလို ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီးကတောင် လီနင်ရွေ့ရဲ့ အဖေကို မျက်နှာသာပေးချင်နေတယ်ပေါ့…

ငါတို့ ကျောင်းမှာ သိုသိုသိပ်သိပ်နေတဲ့ နတ်ဘုရား တစ်ပါး ရှိနေတာပဲ….

All Chapters