ဦးနှောက်မပါကြသည့် ဖန်(fan)များ
Vol. 94 Ch. 1399
လီနင်ရွေ့ ရှက်ကိုးရှက်ကန်း ပြုံးလိုက်၏။
“ ဒါဆိုလည်း အစ်ကိုရီနဲ့ အစ်မကို ဒုက္ခပေးမိပြီ…”
“ အသေးအမွှားလေးပါ… ဒါတွေ အထဲပြန်ထည့်လိုက်… ကျောင်းထဲလိုက်ပို့ပေးမယ်…”
မကြာမီ သုံးယောက်သား ပစ္စည်းများအားလုံးကို ကားထဲသို့ ပြန်ထည့်ပြီးသွားခဲ့ပြီး လီနင်ရွေ့ကတော့ ကားနောက်တွင် လိုက်စီးကာ ကျောင်းထဲသို့ ဝင်ရန် ဟန်ပြင်သည်။
“ နင်ရွေ့… ခုနက ငါ တကယ်ကြီး နင့်ကို စနောက်နေတာ… ငါ နင့်ကို ဒီတိုင်း အချစ်စမ်းနေတာ… နင်နဲ့ တကယ်ကြီး လမ်းခွဲချင်တာ မဟုတ်ဘူး… နင် ဒီလိုမျိုး လုပ်လို့ မရဘူး…”
ကျောင်းဝင်ပေါက်ဝ၌ ရပ်နေရင်း ကျန်းနာ့နာ့ ရှက်ရွံ့ရကောင်းမှန်း မသိတော့ကာ လီနင်ရွေ့ကို အော်လိုက်သည်။
သို့သော် လီနင်ရွေ့ကတော့ မတုန်မလှုပ်သာ ရှိ၏။
လင်းရီ ပြုံးလိုက်လေသည်။
အရည်အချင်းကို လေ့ကျင့်သင်ကြားပေး၍ ရသည်။ လူ့စရိုက်ကိုတော့ ပုံသွင်းပေးဖို့ အလွန်တရာ ခဲယဥ်းလှ၏။ ပရော်ဖက်ရှင်နယ် အရည်အချင်းများကို ဘေးကပ်ထားလျှင်ပင် အနည်းဆုံးတော့ ယခု လီနင်ရွေ့ထံတွင် အားကောင်းသည့် လှုံ့ဆော်မှု တစ်ခု ရှိသွားချေပြီ။
အကယ်လို့ သူသာ နောင်အနာဂတ်တွင် လင်းယွင်အုပ်စုသို့ ရောက်လာခဲ့ပြီး အလုပ်ကြိုးစားမည် ဆိုပါက ကောင်းစွာ တိုးတက်နိုင်ဖို့ ခဲယဉ်းမည် မဟုတ်ချေ။
ထို့နောက် လင်းရီ လီနင်ရွေ့ကို ကျောင်းထဲ လိုက်ပို့ပေးသော် လုံခြုံရေး အစောင့်က ချက်ချင်း တားဆီး၏။
လင်းရီ သူ၏ အိုင်ဒီကို ထုတ်ပြလိုက်သည်။ အစောင့်ဦးလေးကြီးလည်း ခေတ္တမျှ ကြက်သေသေသွားခဲ့ပြီး စစ်တပ်ပုံစံဖြင့် အရိုအသေပေးလိုက်၏။ အနားယူထားသည့် စစ်သား တစ်ဦး ဖြစ်နေသည်မှာ ကျိန်းသေသည်။ လင်းရီလည်း သူ့ကို အရိုအသေ ပြန်ပေးလိုက်လေသည်။
ထို့နောက် ကားကို လီနင်ရွေ့ နေသည့် အဆောင်ရှေ့သို့ မောင်းသွားလိုက်ပြီး ပစ္စည်းများကို အိပ်ခန်းထဲ လိုက်ပို့ပေးလိုက်၏။
အပြန်အလှန်အနေဖြင့် လီနင်ရွေ့က သူတို့ကို အအေးနှစ်ဘူး ဝယ်တိုက်သည်။
အရာအားလုံး စီစဉ်တကျ ဖြစ်ပြီးနောက် လင်းရီနှင့် လီစီကျင်းတို့ ဟိုတယ်ထံ ပြန်လာခဲ့ပြီး တုံးစန်းကောင်တီက လူများကို လေဆိပ်သို့ ခေါ်သွားဖို့ရာ ပြင်ဆင်သည်။
ကလင် ကလင် ကလင်…
ကားထွက်ခွာပြီးနောက် မကြာမီမှာပဲ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့၏။ လီချင်းခိုင်က ဆက်သွယ်လာခဲ့ခြင်းပင်။
“ သောက်ကောင်လေး… မင်း ဘာတွေလုပ်ခဲ့တာ… မင်း ဘာလို့ ပစ္စည်းတွေ အဲ့လောက် အများကြီး ဝယ်ပေးလိုက်တာလဲ… ငါ့ကို ဒေါသထွက်ပြီး သေအောင်လို့လား…”
“ မများပါဘူး… အဲ့ကိစ္စ စိတ်ပူမနေပါနဲ့…” လင်းရီ ရယ်မောလိုက်ပြီး “ ဘာပဲပြောပြော အစ်ကိုလီက ကျွန်တော့်ရဲ့ အထက်လူကြီးပဲလေ… ခေါင်းဆောင်ဆီ စကားကောင်းတွေ ပြောပေးရမယ်နော်…”
“ မင်းငါ့ကို ပစ္စည်းပို့ပေးတာနဲ့တင် ကျေးဇူးတင်လှပြီ… ဘာလို့ အဲ့လိုတွေပါ ဝယ်ပေးလိုက်တာ…”
“ ကျွန်တော် ပြောပြီးပြီပဲမလား… ပိုက်ဆံ အများကြီး မဟုတ်ပါဘူးလို့… စိတ်ထဲ ထားမနေနဲ့..” လင်းရီ ပြောလိုက်ပြီး “ ကျွန်တော်အခု လုပ်စရာ ရှိသေးတယ်.. ဖုန်းချပြီ ဒါပဲ…”
လင်းရီ အပိုစာသား ဆက်ပြောမနေတော့ပဲ ဖုန်းချလိုက်တော့၏။
“ အစ်ကိုရီ… ရှင်က လင်းယွင်အုပ်စုရဲ့ ဥက္ကဌဆိုတာသာ အစ်ကိုလီ သိရင် သူ နှလုံးရှော့ခ်ရသွားမလား မသိဘူးနော်…”
ယမန်နေ့ညက အဖြစ်အပျက်ကြောင့် လီစီကျင်းသည် လင်းရီ မည်သူမည်ဝါဆိုတာ အပြည့်အဝ နားလည်သွားခဲ့ပြီ ဖြစ်၏။
မြောက်များလှသော အတွေးပုံရိပ်များက သူမကို ဒုက္ခလှလှကြီး ပေးနေခဲ့ကာ ညတစ်ဝက်လောက်ရောက်မှ အိပ်ပျော်သွားခဲ့လေသည်။
“ နေမှာပေါ့… ဘယ်သိမှာ… ” လင်းရီ တဟားဟား ရယ်မောလိုက်သည်။
“ ဒါပေမယ့် သူ့ကို သွားတော့ မပြောနဲ့.. တုံးစန်းကောင်တီက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အလုပ်တွေက မကြာခင် ပြီးတော့မှာ… ငါလည်း အကြာကြီး ထပ်မနေတော့ဘူး… ဒါတွေ ပြောစရာ မလိုပါဘူး…”
လင်းရီ တုံးစန်းကောင်တီကနေ မကြာခင် ထွက်သွားတော့မည် ဆိုတဲ့ အကြောင်းကြားတော့ လီစီကျင်း အနည်းငယ် ဝမ်းနည်းသွားခဲ့မိပြီး စကားဝိုင်းကို မည်သို့ ဆက်ရမှန်းမသိ ဖြစ်သွားခဲ့၏။
“ ငါ မရှိတော့ရင် မင်းလည်း အလုပ်ကို ကြိုးစား… ငါ အာမခံသွားပေးမယ်.. မင်း ယွီဟန်ကို ပြောင်းဖို့ ပြဿနာ ရှိမှာ မဟုတ်ဘူး…”
“ ဒါပေမယ့် ကျွန်မ တုံးစန်းကောင်တီမှာ အလုပ်လုပ်တယ်ဆိုတာ ကျွန်မရဲ့ ဇာတိမြေကို ဆင်းရဲတွင်းကနေ လွတ်မြောက်အောင် ကူညီပေးချင်လို့ပဲ… တခြား ဘယ်နေရာကိုမှ မသွားချင်ဘူး…” လီစီကျင်း ခေါင်းမာစွာ ပြော၏။
“ ဒါပေမယ့် မင်းနားလည်ထားရမှာ ငါတို့က စက်ထဲက ခွေးသွားစိပ်လေးတွေ ဆိုတာပဲ… လူတစ်ယောက်ရဲ့ ဖြစ်လိုတဲ့ စိတ်ဆန္ဒက သေးနုပ်လွန်းတယ်… ပင်လယ်ထဲ စီးမျောနေတဲ့ ရေတစ်စက်လောက်ပဲ ရှိမှာ… လိုက်ရှာလို့ ဖြစ်နိုင်မှာ မဟုတ်ဘူး…” လင်းရီ ဆက်လက်၍ “ တကယ်လို့များ ငါကသာ လင်းယွင်အုပ်စုရဲ့ ဥက္ကဌ မဟုတ်ခဲ့ဘူး…. ၊ ငါ့မှာ တခြား အဆက်အသွယ်တွေနဲ့ အရင်းအမြစ်တွေ မရှိခဲ့ဘူးဆိုရင် … ငါတို့ နှစ်ယောက် တစ်ဘဝလုံး ကြိုးစားလို့တောင် တုံးစန်းကောင်တီကို ဆင်းရဲတွင်းကနေ ပင့်တင်နိုင်မှာ မဟုတ်ဘူး…”
လီစီကျင်း ခေါင်းညိမ့်လိုက်ပြီး ဘာမျှ မပြောချေ။ လင်းရီ ဆိုလိုချင်နေသည့် သဘောတရားကို သူမ နားလည်သည်။
“ မင်းသာ ပိုပြီး မြင့်မားတဲ့ နေရာတစ်ခုကို ရောက်လာပြီ ဆိုရင် ကိုယ့်မှာ အရင်းအမြစ်တွေလည်း ရှိလာမယ်… လုပ်နိုင်တာတွေလည်း ပိုပြီး များလာလိမ့်မယ်… ဒါကမှ လူတွေကို အကျိုးရှိစေနိုင်မယ့် နည်းလမ်းအမှန်ပဲ….”
“ နားလည်ပြီ အစ်ကိုရီ…” လီစီကျင်း ခေါင်းငုံ့လျက် ပြောလိုက်ပြီး “ ကျွန်မ တကယ့်ကို အမြင်ကျဉ်းနေခဲ့မိတာပဲ…”
“ အချိန်ယူပေါ့… ရှေ့ဆက်ရမယ့် ခရီးက အဝေးကြီး လိုသေးတယ်…”
“ အိုကေ…”
လင်းရီ ကားကို အရှိန်တင်လိုက်ပြီး မကြာမီ ပန်နီဆူလာ ဟိုတယ်သို့ ရောက်ရှိလာခဲ့သည်။
လေ့လာရေး ပရိုဂရမ်တွင် လိုက်ပါမည့် လူများအားလုံး အဆင်သင့် ဖြစ်နေကြပြီး ဖြစ်၏။ နာရီဝက် အတွင်းမှာပဲ အားလုံး ကားပေါ် ရောက်ရှိလာခဲ့ကာ လေဆိပ်သို့ ထွက်လာခဲ့ကြတော့သည်။
“ ဒါက လေဆိပ်ပေါ့… လှလိုက်တာ…” တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်ပြီး “ ငါတို့ ကောင်တီက ကားကြီးကွင်းထက်ကို ခမ်းနားတာပဲ…”
“ မင်း ဘယ်လောက် တုံးအလိုက်လဲ ကြည့်စမ်း… ဒါက လေဆိပ်ကွ… ဒါပေါ့… ငါတို့ရဲ့ အစုတ်ပလုတ် ဘက်စ်ကား စီးတဲ့ နေရာထက် သာမှာပေါ့…”
“ လူတိုင်းပဲ … စိတ်မလှုပ်ရှားကြနဲ့.. ငါ့ မိန်းမကို ပြဖို့ ဓာတ်ပုံ နည်းနည်းလောက် ယူချင်လို့…”
“ ငါ ပုံ နည်းနည်းလောက် ရိုက်လိုက်ဦးမယ်… ငါ့သားတောင် တစ်ခါမှ လေယာဉ်မစီးဖူးသေးဘူး… အဖေဖြစ်တဲ့ ငါက သားထက် အရင် လေယာဉ်စီးဖူးပြီ… အာဟားဟား…”
“ မင်းတို့တွေ…. အာရုံစိုက်ထားကြစမ်း… ဓာတ်ပုံရိုက်ဖို့လောက်ပဲ အာရုံ ရောက်မနေကြနဲ့… ဒါရိုက်တာလင်း ပြောတာကို နားထောင်… အရေးကြီး ကိစ္စကို မနှောင့်နှေးစေနဲ့…”
“ ရပါတယ်… လုပ်ကြပါ…” လင်းရီ ပြောလိုက်ပြီး “ အမှတ်တရဆိုတာ နှစ်ခါပြန်ရနိုင်တာမှ မဟုတ်တာ… ဓာတ်ပုံရိုက်ထားသင့်တာပေါ့….”
“ ကျေးဇူးပါ ဒါရိုက်တာလင်း…”
လင်းရီ ဤသို့သော ခံစားချက်ကို နားလည်ပေးနိုင်သည်။
အရင်တုန်းက သူ မိဘမဲ့ ဂေဟာမှာ နေစဉ်အခါတုန်းက ပထမ အကြိမ် ရထားစီးဖူးသည်ကိုပင် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ဖူးသည်။ လေယာဉ်ပျံ ဆိုလို့ကတော့ ဆိုဖွယ်ရာ ရှိမည် မဟုတ်တော့ချေ။
ဆယ်မိနစ်လောက် ကြာပြီးနောက် လူတိုင်းက သူတို့တွင် အရေးကြီးကိစ္စ လုပ်စရာ ရှိသည်ကို ပြန်လည် သတိရလာကြကာ ဖုန်းများကို ပြန်သိမ်းထားလိုက်ကြ၏။ သူတို့ လင်းရီကို ဒုက္ခမပေးချင်ပေ။
ဓာတ်ပုံများ ရိုက်ကြပြီးနောက် လင်းရီနှင့် လီစီကျင်းတို့ လူတိုင်းကို လေဆိပ်ထဲသို့ ဦးဆောင်လာခဲ့ကြသည်။
လီစီကျင်းလည်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ ဤသည်က သူမ၏ ပထမဆုံး အကြိမ် လေယာဉ်စီးဖူးခြင်း ဖြစ်ပြီး လုပ်ရိုးလုပ်စဉ်များနှင့် ပတ်သက်၍ ဘာမှ သိရှိမထားချေ။
လေဆိပ်၏ ခမ်းနား ဆန်းသစ်သည့် အပြင်အဆင်များကို မြင်ပြန်တော့ လူတိုင်း ဖုန်းများကို ထုတ်၍ ဓာတ်ပုံရိုက်ကြပြီး နေရာတိုင်းကို ကင်မရာ ချိန်လိုက်ကြတော့သည်။
လင်းရီ သူတို့ကို မလောချေ။ ဤသည်က ဖြစ်တတ်သည့် ဖြစ်စဉ်တစ်ခုမျှသာ။
“ ကောင်းကင်ဘုံ… ကြည့် ကြည့်… ဂျင်ဝူ အိုပါး ထွက်လာပြီ…”
“ ဂျင်ဝူ အိုပါး… အိုပါးက အပြင်မှာ TV ထဲကထက်ကို ပိုကြည့်လို့ ကောင်းနေတာပဲ… အဲ့ဒီ ခြေတံ ရှည်ရှည်လေးတွေ… ငါ မခံစားနိုင်တော့ဘူး… မြန်မြန် ငါ့ကို ထိန်းထားပေးဦး…”
“ ငါ့အဖေရဲ့ ဆေးဖိုးတွေ တိတ်တိတ်လေး ခိုးပြီး ကျိုးဟိုင် လာခဲ့တာ ဂျင်ဝူ အိုပါးကို တကယ်ကြီး မြင်ရလိမ့်မယ်လို့ ထင်မထားဘူး… အူးဝူးဝါး… ငါ နောင်တမရှိဘဲ သေလို့ရပြီ…”
“ ဂျင်ဝူ အိုပါး… ချစ်တယ်နော်… ငါတို့ တစ်ဘဝလုံး အိုပါးရဲ့ ပရိတ်သတ်အဖြစ်နဲ့ပဲ ရှိသွားတော့မှာ…”
“ ဂျင်ဝူး အိုပါး --- “
သူတို့ အနောက်ရှိ ကျယ်လောင်သည့် အော်သံများကို ကြားတော့ လင်းရီနှင့် လီစီကျင်းတို့ နောက်လှည့်ကြည့်မိလိုက်ကြပြီး အရူးအမူး စွဲလမ်းနေသည့် ပရိတ်သတ်များက အချိုနံ့ရသည့် ပုရွက်ဆိတ်များလို ပြေးလာနေကြောင်း မြင်တွေ့လိုက်ရလေသည်။
နှစ်ယောက်လုံး မျက်မှောင်ကြုတ်မိလိုက်ကြ၏။ သူတို့ နိုင်ငံထဲက ယခုလို ပုံမှန်မဟုတ်သည့် စိတ်အခြေအနေနှင့် ဖန်များကို တော်တော်လေး ကြည့်မရချေ။
သူတို့ လုပ်ပုံက ဘာသာ အယူဝါဒ တစ်ခုကို အရူးအမူး ကိုးကွယ်ဝတ်ပြုနေသကဲ့သို့ဖြစ်၏။
တစ်ချိန်တည်းတွင် လင်းရီ အဝေးတစ်နေရာကနေပြီး လူအုပ်ကြီး တစ်ခု ရွေ့လျားလာနေသည်ကို မြင်တွေ့လိုက်ရလေသည်။ သူတို့က ဤလူများ ပြောနေကြသည့် တောင်ကိုးရီးယားက နာမည်ကြီးများ ဖြစ်လောက်၏။
“ ဖယ်စမ်း… နင်တို့ နံစော်နေတဲ့ အပင်စိုက်တဲ့ လူတွေက ဂျင်ဝူ အိုပါးရဲ့ လမ်းကို ပိတ်နေတာပဲ…”
“ ဒီက ထွက်သွားစမ်း…”
“ ယွမ် ၃,၀၀၀ တောင် မတန်တဲ့ ဖုန်းက ဂျင်ဝူအိုပါးရဲ့ ပုံကို ရိုက်ဖို့ မထိုက်တန်ဘူး… ကြည်ရှင်းနေမှာ မဟုတ်ဘူး… မြန်မြန် နင်တို့ ဖုန်းထဲက ပုံတွေ ပြန်ဖျက်လိုက်စမ်း anti-fan တွေ….”
အရူးအမူး စွဲလမ်းနေကြသည့် ဖန်များက အတင်း တိုးဝင်လာပြီး တုံးစန်းကောင်တီ လူအုပ်စုကို ထိုးခွဲလိုက်ကြ၏။ လူတစ်ချို့၏ ဖုန်းများဆိုလျှင် ကြမ်းပြင်သို့ ဒေါသတကြီးဖြင့် လုယူ ဖျက်စီးခြင်း ခံလိုက်ရလေသည်။
တုံးစန်းကောင်တီရှိ သာမန်လူများက ယခုလို မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးကြချေ။
ဤလူငယ်လေးအုပ်စုက ရာဇဝတ်သားများဟုတောင် သူတို့ စိတ်ထဲ ထင်မိသွားကြလေသည်။
“ မင်းတို့ ဘာလုပ်နေတာလဲ.. ငါတို့ဘာ ငါတို့ လေဆိပ်မှာ ဓာတ်ပုံရိုက်နေတာ ဘာလို့ ငါတို့ဖုန်းကို ဖျက်စီးနေတာလဲ…”
“ နင်တို့က လေဆိပ်မှာ ဓာတ်ပုံရိုက်နေတယ် ဟုတ်လား…” ပေါင်နှစ်ရာကျော်မည့် မိန်းကလေး တစ်ယောက်ကနေ ကျယ်လောင်စွာဖြင့် ပြောလိုက်ပြီး “ ငါတော့ နင်တို့ အားလုံးက anti-fan တွေလို့ ထင်တာပဲ… နင်တို့ရဲ့ ဖုန်း အစုတ်အပျက်တွေသုံးပြီး ဂျင်ဝူ အိုပါးကို ဓာတ်ပုံရိုက်တာ ဝါးတားပြီး ရုပ်ဆိုးနေတဲ့ ပုံတွေနဲ့ လိုင်းပေါ်မှာ နာမည်ဖျက်ချင်လို့မလား…”
“ ထွက်သွားစမ်း… နံစော်နေတဲ့ဟာတွေ… ထွက်သွား…”
ဦးနှောက်မပါသည့် ပရိသတ်များက ပြေးတက်လာပြီး လူ ၂၀ ကျော်ကို အဝေးသို့ တွန်းထုတ်ကာ လေဆိပ်ထဲတွင် အတော်လေးကို ရုန့်ရင်းဆန်ခတ် ဖြစ်သွားစေခဲ့၏။
“ နင်တို့ ဘာတွေ လုပ်နေတာလဲ… တရား လွန်မလာနဲ့… ဒါက အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာ…”
လီစီကျင်း ဆက်လက် သည်းမခံနိုင်တော့ပဲ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။