မင်း ထွက်သွားလို့ မရသေးဘူး
Vol. 94 Ch. 1400
လီစီကျင်း ဒေါသထွက်နေသည်ကို မြင်တော့ ဦးနှောက်မပါသည့် ဖန်အများအပြားက သူတို့ လုပ်နေသည်များကို ရပ်တန့်လိုက်ကြပြီး သူမကို ရန်လိုစွာ ကြည့်လိုက်ကြ၏။
လင်းရီလည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ လီစီကျင်းတွင်လည်း ယခုလို ဒေါသထွက်တတ်သည့် ဘက်ခြမ်း ရှိနေလိမ့်မည်လို့ ထင်မထားခဲ့ချေ။ သူမက ပုံမှန်ဆို နူးညံ့ပြီး အေးအေးဆေးဆေး နေတတ်သည့် ကောင်မလေး တစ်ယောက်သာ ဖြစ်၏။
“ ဒါက အများပြည်သူ သွားလာတဲ့နေရာ.. နင်တို့ အပြောအဆို အပြုအမူတွေ ဆင်ခြင်…”
လီစီကျင်း တကယ်ကို ဒေါသထွက်နေခဲ့၏။ သူမ လူတိုင်းကို ပြန်စုစည်းပြီး လေယာဉ်ပေါ်သို့ တက်ရန် ဟန်ပြင်လိုက်လေသည်။
“ မင်း ဘာတွေ လာအော်နေတာလဲ… မင်း အသံ ပိုကျယ်တိုင်းနဲ့ ငါတို့က ကြောက်မယ်များ ထင်နေလား…”
ကောင်လေး တစ်ချို့ ရှေ့တက်လာခဲ့ပြီး လီစီကျင်းနှင့် ထိပ်တိုက်တွေ့သည်။ သူတို့၏ သဘောထားက မြဲမြံပြီး အမှားဝန်ခံမည့် ရည်ရွယ်ချက် လုံးဝ မရှိချေ။
“ နင်တို့ သူများဖုန်းကို ဖျက်ဆီးပစ်တယ်… ဘယ်လိုဖြစ်လို့ အဲ့လောက်တောင် ရမ်းကား ကြမ်းတမ်းနိုင်ရတာလဲ…”
လီစီကျင်း ပြောလိုက်ပြီး “ နင်တို့ မိဘတွေက အများပြည်သူနဲ့ ဆိုင်တဲ့ နေရာ(public place)တွေမှာ ဒီလိုတွေ မလုပ်ရဘူးလို့ မဆုံးမထားဘူးလား… သူများ ပစ္စည်းကို ဖျက်ဆီးတဲ့ အတွက် နင်တို့ ပြန်လျော်ပေးရမယ်….”
အကယ်လို့ သူမဖုန်း ဖျက်ဆီးခံလိုက်ရမည် ဆိုပါက လီစီကျင်း ဤမျှ ဒေါသထွက်မိလိမ့်မည် မဟုတ်ချေ။ သို့သော် သူမနှင့် လိုက်ပါလာသူတို့က တုံးစန်းကောင်တီရှိ သာမန်မြို့သူ မြို့သားများ ဖြစ်လေသည်။ ဖုန်းတစ်လုံးက သူတို့အတွက် အလွန်အမင်း တန်ဖိုးထားရ၊ အဖိုးထိုက်သည့် ပစ္စည်း တစ်ခု ဖြစ်၏။
သူတို့ လျော်ကြေးပြန်ရအောင် လုပ်ပေးရမည်။
“ သူတို့ရဲ့ ဖုန်း အစုတ်တွေနဲ့ ဓာတ်ပုံတွေ လျှောက်ရိုက်ဖို့ ဘယ်သူက ပြောလို့… ငါတို့ ဖန်ကလပ်ရဲ့ စည်းမျဉ်းတွေအတိုင်းဆိုရင် ယွမ် ၃,၀၀၀ ကျော်ပြီး ဂျင်ဝူ အိုပါး ကြော်ငြာတဲ့ ဖုန်းနဲ့ပဲ ဓာတ်ပုံရိုက်ရမယ်…”
လင်းရီ အတော်လေးကို ဆွံ့အနေမိ၏။
အမျိုးသမီး ဖန်များက ရူးရူးမူးမူး စွဲလမ်းကြသည်ကိုတော့ သူနားလည်ပေး၍ရသည်။ သို့သော် အဘယ်ကြောင့် ဤ ယောက်ျားလေးများကလည်း အပျော် ဝင်ပါနေကြရသနည်း။
“ ငါတို့က ဒီတိုင်း လေဆိပ်ကိုပဲ ဓာတ်ပုံရိုက်နေကြတာ.. နင်တို့ ပြောတဲ့ ဆယ်လီကို ဓာတ်ပုံ မရိုက်ဘူး.. သိလည်း မသိဘူး… ဖုန်း ဖျက်ဆီးတဲ့ အထိ လုပ်တာကတော့ နင်တို့ မလွန်လွန်းဘူးလား….”
“ ဘယ်သူပြောနိုင်မှာ… မင်းတို့ တိတ်တိတ်လေး မသိအောင် ဓာတ်ပုံခိုးရိုက်ထားတာလည်း ဖြစ်နိုင်တာပဲလေ…” ဖန်ကလပ်ထဲရှိ တစ်စုံတစ်ယောက်က ပြောလိုက်ပြီး “ ပြီးတော့ မင်းတို့ ဝတ်တဲ့ အဝတ်အစားတွေ ကြည့်ရသလောက်ဆို ကျေးလက်က လာတဲ့လူတွေမှန်း သိသာတယ်… မင်းတို့ ကိုယ့် အနေအထားကိုယ် နားမလည်ကြဘူးလား…”
“ အဲ့တာ ဘာအကြောင်းပြချက်လဲ… သူများရဲ့ ပိုင်ဆိုင်မှုကို ဖျက်ဆီးတာက တရားမဝင်ဘူး…” လီစီကျင်း အော်ပြောလိုက်၏။
“ ဂရုမစိုက်ဘူးကွာ…” အမျိုးသား ပရိသတ်ကနေ လီစီကျင်းရှေ့သို့ ရောက်လာပြီး မျက်နှာကြီး ရှေ့တိုးပေးကာ “ ရိုက်လေ… မင်း ရိုက်ရဲရင် ရိုက်လိုက်လေ… ဘယ်သူမှ မလိုချင်တဲ့ အဘွားကြီးကများ…”
“ ထွက်သွားစမ်း… မင်းရဲ့ ငကြောင်ရောဂါက ငါတို့ဆီ ကူးစက်ကုန်ဦးမယ်…”
လင်းရီ ထိုကောင်လေး၏ ဆံပင်ကို ဆွဲပြီး ဘေးသို့ လွင့်ပစ်လိုက်၏။
“ မင်း… မင်း တကယ်ကြီး ငါ့ကိုတိုက်ခိုက်ရဲတယ်… မင်း အရမ်း တရားလွန်သွားပြီ…”
ကောင်လေးမှာ လင်းရီကို ကြောက်လန့်နေပြီး ပြန်မလုပ်ဝံ့ချေ။ ခပ်လှမ်းလှမ်းကနေပြီးပဲ ဝေဖန် အာချောင်ရဲသည်။
“ ဒါက အသေးစား အပြစ်ပေးတာပဲ ရှိသေးတယ်… ပိုက်ဆံ လျော်ပေးပြီး ဒီကနေ ထွက်သွားတော့… ပြဿနာ မရှာကြနဲ့… မင်းတို့ရဲ့ လုပ်ရပ်က သူများကို စိတ်အနှောက်အယှက် ဖြစ်စေတယ်…”
“ ဒီမှာ.... မင်း ငါ့ လူတွေကို ဘယ်လို စကားမျိုးတွေ ပြောနေတာလဲ…”
ပြဿနာက အဆုံးသတ်တော့မည်ဟု သူတို့ တွေးထင်ထားသော်လည်းပဲ ရုတ်တရက်ဆိုသလို အသံတစ်သံက ရှေ့ထွက်လာကာ နှစ်ဖက်လုံးရှိ လေထုက တစ်ဖက် ဟုန်းခနဲ ထကြွလာခဲ့တော့၏။
“ ဂျင်ဝူအိုပါးပဲ….. !! “
လင်းရီ ခေါင်းလှည့်ကြည့်လိုက်တော့ သူတို့ရှိသည့် နေရာဆီ လူ ဆယ်ယောက်ကျော်ခန့် လျှောက်လှမ်းလာနေသည်ကို မြင်တွေ့လိုက်ရလေသည်။
ရှေ့ကနေ ဦးဆောင်လာသည့်လူက အနက်ရောင်ဘောင်းဘီနှင့် ဂျင်းဂျက်ကတ်ကို ဝတ်ဆင်ထားပြီး မာ့စ်နှင့် နေကာ မျက်မှန် တပ်ထားကာ သူ၏ မျက်နှာကို တင်းကြပ်စွာ ဖုံးကွယ်ထား၏။
သူ့ဘေးတွင် အမျိုးသား နှစ်ယောက်က သူ့ ပစ္စည်းများ လိုက်သယ်ပေးနေပြီး ဘေးတွင် ဘော်ဒီဂတ်များက ဒိုင်းသဖွယ် ရှိနေသည်။ သူတို့က အနားကပ်လာသည့် လူများအား ကြားကနေ ကာဆီးပိတ်ပင်ပေးထား၏။ ထိုပုံစံကို မြင်တော့ ဤငနဲက တော်တော်လေး နာမည်ကြီးသည့်လူ တစ်ယောက် ဖြစ်ရမည်ဟု လင်းရီ ခန့်မှန်းလိုက်မိလိုက်သည်။
သူ့တွင် နာမည်ကြီး အနုပညာရှင်များ၏ သတင်းကို နားစွင့်လေ့ စွင့်ထ မရှိသဖြင့် ထိုသူ ဘယ်သူမှန်းလဲ သူမသိချေ။
တကယ်တော့ တာမင်နယ်ထဲကနေ ထွက်လာသည့် လူက ဘက်ဂျင်ဝူဆိုသည့် ကိုးရီးယား နာမည်ကြီး အနုပညာရှင် တစ်ဦးပင်။ သူက “ The CEO above “ တွင် ပါဝင် သရုပ်ဆောင်ပြီး ဖျော်ဖြေရေး နယ်ပယ်ထဲ၌ နာမည်ကြီးလာခဲ့သူ တစ်ဦး ဖြစ်၏။ ဟွာရှတွင် ဖန်တော်တော်များလည်း ရရှိထားသေးသည်။
သူ၏ ယခုတစ်ခေါက် ဟွာရှသို့ လာရင်း ရည်ရွယ်ချက်က ဖန်မီတင်(fan meeting )တစ်ခု တက်ရောက်ရန် ဖြစ်ပြီး ဟွာရှဖန်များ ကြားထဲ၌ သူ၏ အဆင့်အတန်း တစ်ခုကို ခိုင်မာစွာ တည်ဆောက်ထားနိုင်ရန် ဖြစ်သည်။
“ ဂျင်ဝူ အိုပါး ရောက်လာပြီ…”
“ သူက အရမ်း ချောတာပဲ… ငါ မရတော့ဘူး ငါ မရတော့ဘူး… ငါသတိလစ်တော့မယ်…”
“ ဂျင်ဝူ အိုပါး… ဆာဒါးငယ်…”
သူ့ကို ရူးရူးမူးမူး စွဲလမ်းနေသည့် ဖန်များကို မြင်တော့ ဘက်ဂျင်းဝူ စိတ်ထဲ ကျေနပ်နှစ်သက်သွားခဲ့၏။
ယခင် သူကြားခဲ့ဖူးသည်မှာ ဟွာရှ ပရိသတ်များက နှစ်သက်ပြီဆိုလျှင် ရူးရူးမူးမူး ဖြစ်ကြပြီး သူတို့ အိုင်ဒေါအတွက် ဘာမဆို လုပ်ဝံ့သည်ဟု ကြားသိခဲ့ရဖူးသည်။
ယခု ကိုယ်တိုင် မြင်တွေ့ရတော့မှ ထိုစကားက အတည်ဖြစ်မှန်း လက်ခံလိုက်ရတော့၏။
ဤလူများက ဂိတ်အဝင်လမ်းကိုပင် လုံးဝ ပြည့်လျှံသွားစေခဲ့ပြီး ယခုလို ပုံစံက တောင်ကိုးရီးယား၌ မြင်ရ အင်မတန် ခဲယဉ်း၏။ အနည်းဆုံးတော့ သူ၏ အဆင့်အတန်းက ထိုသို့ ဖြစ်ပွားစေဖို့ရန် မလောက်ငှချေ။
ဝင်ငွေတိုးဖို့အတွက် ဟွာရှသို့ ခရီးထွက်လာရသည်က လုပ်ကိုလုပ်သင့်သည့် ကိစ္စရပ်ပင် ဖြစ်လေသည်။
“ အိုပါး … ဂျင်ဝူ အိုပါး… ဒီ ဂျောင်ဂလောင်က လူတွေက အိုပါးကို ဓာတ်ပုံရိုက်ပြီး လမ်းလည်း ပိတ်ထားသေးတယ်… သူတို့ ရှိလို့ လေထုတောင် ညစ်ညမ်းကုန်ပြီ…. လမ်းဖယ်ခိုင်းတော့ လူကို ရိုက်တယ်….”
“ ကောင်းပြီ ဒါက --- “
ကြမ်းပြင်တွင် မှန်များ အက်ကွဲ၍ ဟိုတစ်စ ဒီတစ်စ ဖြစ်နေသည့် ဖုန်းများကို မြင်တော့ ဘက်ဂျင်ဝူ ဆုံးဖြတ်ရ ကြပ်သွားခဲ့သည်။
ဒါက အများပြည်သူနဲ့ ဆိုင်တဲ့ နေရာလေ… သူ ဒီကိစ္စမှာ ဝင်ပါသင့်လား…
“ မင်း ဒီ ကိစ္စမှာ ဒီလူတွေ ဘက်ကနေ ကျိန်းသေပေါက် ရပ်တည်ပေးရမယ်…” ဘက်ဂျင်းဝူနောက်ရှိ မန်နေဂျာ ၊ ကျန်းရှန်းကျွင်းကနေပြီး ပြောလိုက်သည်။
“ ဒါပေမယ့် ဒါက အများပြည်သူနဲ့ ဆိုင်တဲ့ နေရာမှာလေ….”
“ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာမှာမို့လို့ပဲ မင်း ဒီလို လုပ်ဖို့ လိုအပ်တာ…” ကျန်းရှန်းကျွင်း ပြောလိုက်ပြီး “ ဟွာရှက တောင်ကိုးရီးယားနဲ့ မတူဘူး… အများပြည်သူနဲ့ ဆိုင်တဲ့ နေရာမှာ ပြဿနာ တက်ရင်တောင် အလွယ်လေး ဖြေရှင်းလိုက်လို့ ရတယ်… တကယ်လို့ မင်း အခုချိန် သူတို့ ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးလိုက်မယ်ဆိုရင် သူတို့က မင်းကို ပိုပြီး ကိုးကွယ်လာကြမယ်… ပြီးရင် မင်း ကြေညာတဲ့ ပစ္စည်းတွေ အရူးအမူး အားပေးလာကြမယ်… အဲ့ဒီ အခါကျရင် မင်းရဲ့ ဂုဏ်သတင်းလည်း နောက် လယ်ဗယ်တစ်ခုလောက်အထိ မြင့်တက်သွားလိမ့်မယ်…”
“ တကယ်လား…”
“ ဒါပေါ့… အမှန်ပဲ… ပြီးကျရင် မင်းရဲ့ ဖန်တွေကို ကာကွယ်ပေးချင်လို့ လုပ်ခဲ့တာပါ ဆိုပြီးတောင် ပြောလို့ ရဦးမယ်… ဒါက လုံးဝကို အနေအထား နောက်တစ်ခု ရောက်သွားစေနိုင်မယ့် အခွင့်ကောင်းပဲ… မင်း သူတို့ဘက်ကနေ လုံးဝ ရပ်တည်ပေးရမယ်…”
“ ငါနားလည်ပြီ…”
သူ၏ မန်နေဂျာနှင့် စကား တီးတိုး ပြောပြီးနောက် ဘက်ဂျင်ဝူသည် လေဆိပ်ရှိ သူ၏ ဖန်များ ရှေ့သို့ ရပ်၍ “ မကြောက်ကြနဲ့… လူတိုင်းပဲ… မင်းတို့အားလုံးက ငါ့ရဲ့ ဖန်တွေ… ငါတို့က မိသားစုတွေ… ငါ မင်းတို့ကို ကာကွယ်ပေးမယ်…”
“ ကောင်းကင်ဘုံ… ငါတို့က မိသားစုတွေလို့ ဂျင်ဝူ အိုပါး ပြောလိုက်တယ်.. ပီတိဖြစ်ဖို့ ကောင်းလိုက်တာ…”
“ ဒါမှ အိုင်ဒေါ စစ်စစ်… အူးဝူးဟူး…. ဒီဘဝမှာ ဂျင်ဝူအိုပါးရဲ့ ဖန်စစ်စစ် တစ်ယောက်ဖြစ်ရတာ တို့ရဲ့ ဂုဏ်ယူစရာပဲ…”
“ ငါ ကျောင်းလည်း မသွားချင်တော့ဘူး… ဂျင်ဝူအိုပါးကို အားပေးရင်းပဲ အချိန် ကုန်ဆုံးတော့မယ်… အိုပါး…..”
လင်းရီ “ …. “
လီစီကျင်း “ …. “
သူ၏ အရူးအမူး ဖြစ်နေသည့် ဖန်များကို မြင်တော့ ဘက်ဂျင်ဝူ အားရ နှစ်သက်စွာဖြင့် ပြုံးလိုက်၏။
“ လူတိုင်းပဲ မကြောက်ကြနဲ့…. ငါ မင်းတို့ဘက်မှာ အမြဲတမ်း ရှိနေမယ်… ဘယ်သူမှ မင်းတို့ကို အနိုင်ကျင့်လို့ မရဘူး…”
“ ဝူးဝူးဝူး…. ချစ်တယ် ဂျင်ဝူ အိုပါး… “
“ We Love You … We Love You… ဂျင်ဝူ အိုပါး…”
ဘက်ဂျင်ဝူ လက်ဝှေ့ရမ်း၍ သူ၏ ဖန်များအား ငြိမ်သက်ရန် အချက်ပြလိုက်သည်။ ထို့နောက် လင်းရီနှင့် ကျန်သူများကို ကြည့်၍ “ လူကြီးမင်း… မင်းက အရွယ်ရောက်ပြီးတဲ့ လူကြီးတစ်ယောက်ပဲ… မင်းက တကယ်ကြီး ငါ့ရဲ့ ဖန်တွေကို ရိုက်ပြီးတော့ သူတို့ကို မကောင်းတဲ့ စကားတွေ ပြောတယ်ပေါ့… အဲ့တာ နည်းနည်းလေး မလွန်လွန်းဘူးလား…”
“ ဘာလဲ…. မင်း အဖေ၊ မင်းအမေက ဒီ လေဆိပ်ကို ပိုင်လို့လား… သူများတွေကရော ဒီလမ်းကနေ သွားလို့ မရတော့ဘူးလား… “ လင်းရီ ပြန်မေးလိုက်ပြီး “ မင်း ဒီလောက်ဆိုးအောင် ဘယ်သူတွေက အလိုလိုက်ထားတာလဲ…”
“ မင်း….”
ဘက်ဂျင်ဝူ ဒေါသထွက်သွားခဲ့ပြီး သူ၏ အမူအရာပင် အကျည်းတန်သွားခဲ့တော့သည်။ “ ဒါက ငါ့ဖန်တွေရဲ့ အမှားပဲ… ဒီတိုင်း ဖုန်း သုံးလေးလုံးလောက်ပဲ မလား… ငါ သူတို့ကိုယ်စား လျော်ပေးလိုက်မယ်…”
ဘက်ဂျင်ဝူ အိတ်ထဲကနေ ကြိုတင် လဲလှယ်ထားသည့် ယွမ် နှစ်သောင်းကို မန်နေဂျာနားတောင်းပြီး “ ဒီလောက်ဆို လုံလောက်ပြီလား…”
လင်းရီ လီစီကျင်းကို ကြည့်လိုက်တော့ သူမ ခေါင်းညိမ့်ပြသည်ကို မြင်တွေ့လိုက်ရ၏။
ရွာသားများ၏ ဖုန်းက ဈေး ဘယ်လောက်မျှ မရှိချေ။ ထို့ကြောင့် ဤပမာဏက လျော်ကြေးပေးရန် လောက်ငှလေသည်။
“ မင်းမှာ အသိစိတ်တော့ ရှိသားပဲ…” လင်းရီ ပြောလိုက်ပြီး “ လမ်းဖယ် … ငါတို့ လေယာဉ်ပေါ် တက်တော့မှာ…”
“ မင်းက ထွက်သွားချင်တယ်ပေါ့… ငါတို့ ဒီကိစ္စ မပြီးသေးဘူး… မင်း ဒီအတိုင်း ထွက်သွားလို့ မရမှာကိုတော့ စိုးရိမ်မိတယ်….”
လင်းရီ မျက်ခုံး တစ်ချက်ပင့်၍ ဘက်ဂျင်ဝူကို ကြည့်လိုက်လေသည်။
“ ဘာလဲ… မင်းက ငါနဲ့ စကားပြောချင်သေးတာလား…”
“ ငါ မင်းကို လျော်ပေးပြီးပြီ… ဒါပေမယ့် မင်း ငါ့ဖန်တွေကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်… မင်းဘက်ကလည်း တာဝန်ယူပေးသင့်တယ် မဟုတ်ဘူးလား….”