အစ်ကိုကြီးလင်းရဲ့ ဟိတ်တာ အကြီးစား
Vol. 94 Ch. 1404
“ ငါ့အထင်တော့ ငါတို့တွေ ဒီကိစ္စထဲမှာ ဝင်စွက်ဖက်သင့်တယ်လို့ မထင်ဘူး… သူ့ဘာသူပဲ ကိုင်တွယ်ပါလေ့စေ…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ငါတို့ဆီမှာက အွန်လိုင်းက မကောင်းတဲ့ ကွန်းမန့်တွေ အကုန်လုံးက တားမြစ်နိုင်တဲ့ အစွမ်းအစလည်း မရှိဘူး… ငါတို့ဘက်က တုံ့ပြန်တယ်ဆိုရင်တောင် ရေပုံးထဲက ရေတစ်စက်လောက်ပဲ ရှိမှာ… ထူးပြီး အကျိုးသက်ရောက်မှု ရှိသွားမှာ မဟုတ်ဘူး…”
“ ယွမ်ယွမ် ပြောတာ အဓိပ္ပာယ် ရှိတယ်…” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ အစ်ကိုကြီးလင်းရဲ့ အစွမ်းအစတွေနဲ့ဆို ဒီလို အသေးအမွှား ကိစ္စလေးက ပြဿနာ တစ်ခု ဟုတ်မှာ မဟုတ်ဘူး…”
“ ဒါပေမယ့် ငါတို့ ဘာမှ မလုပ်ဘဲ ထိုင်ကြည့်နေလို့လည်း မဖြစ်သေးဘူးလေ… ဟုတ်တယ်မလား…” လျန်ကျင်းမင် နှုတ်ခမ်းကို ကိုက်ထားလျက် ပြောလိုက်သည်။
“ ငါ လင်းရီကို ဖုန်းဆက်ပြီး ဘယ်လိုတွေ ကိုင်တွယ်ဖို့စီစဉ်ထားလဲ မေးကြည့်လိုက်ဦးမယ်…”
ကျီချင်းရန် ဖုန်းထုတ်၍ လင်းရီ၏ နံပါတ်ကို နှိပ်လိုက်သည်။
မိနစ် အနည်းငယ် ကြာပြီးနောက် ကျီချင်းရန် ဖုန်းကို ပြန်ချလိုက်ပြီး ရုံးခန်းထဲရှိ လူတိုင်းကို ကြည့်လျက် “ လင်းရီက ငါတို့ကို စိတ်မပူဖို့ ပြောတယ်…”
“ မြင်လား… ငါ ဘာပြောခဲ့လဲ… အစ်ကိုကြီးလင်းက အားကိုးလို့ ရပါတယ်ဆိုနေ… ဒီလို အသေးမွှား ကိစ္စလောက်လေးကို ဖြေရှင်းဖို့ ထွေထူး အားစိုက်စရာတောင် လိုမှာ မဟုတ်ဘူး…” ကောင်းကျုံးယွမ် ပြောလိုက်၏။
ကျီချင်းရန်လည်း စက္ကန့်အနည်းငယ်ကြာအောင် တွေးတောကြည့်ပြီးနောက် ဤကိစ္စကို ဆက်လက် စိတ်မပူဖို့ စိတ် ပိုင်းဖြတ်လိုက်တော့သည်။
လင်းရီနှင့် အချိန်ကြာအောင် အတူ ရှိလာခဲ့ပြီးနောက် သူမ ထိုအမျိုးသားလေးအပေါ်တွင် နားလည်မှု တစ်ချို့ ရှိထားပြီး ဖြစ်၏။
ယခုလို ကိစ္စမျိုးကို ထွေထူး စိတ်ပူနေဖို့ မလိုသည်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ လင်းရီတွင် အန္တရာယ်ကို ပြောင်းပြန်လှန်ပစ်နိုင်သည့် အစွမ်းအစမျိုး ရှိ၏။
“ ဖက်ခ်ပဲ… ဒီဖန်တွေက ဘာလို့အဲ့လောက် ကြမ်းနေရတာ… သူတို့ တကယ်ကြီး အစ်ကိုကြီးလင်းရဲ့ နောက်ခံကို တူးဆွနိုင်ကြတာပဲ… ဘယ်လိုတောင် အထင်ကြီးဖို့ ကောင်းထားလဲ…” လျန်ကျင်းမင် ပြောလိုက်သည်။
“ ငါတော့ ဒီ အုပ်စုက လုံခြုံရေး ဗျူရိုထဲထိတောင် ဝင်နိုင်တယ်လို့ ဘာလို့ ခံစားနေရလဲ မသိဘူး…”
“ အမှန်ပဲ…” ကောင်းကျုံးယွမ် ထောက်ခံလိုက်သည်။
“ ဒါပေမယ့် စိတ်ဝင်စားဖို့ ကောင်းတယ်လို့ရော မထင်ဘူးလား… ဟားဟား… “ ဟော်ယွမ်ယွမ် ပေါင်ကို တဖြန်းဖြန်းရိုက်လျက် တသိမ့်သိမ့်တုန်အောင် ရယ်မောနေပြီး “ သူ kg တုန်းက သူများ အိပ်နေတဲ့အချိန် သေးနဲ့ပန်းတယ်တဲ့ … သူဌေးက လူဆိုးလေးပဲ… ကြည့်စမ်း .. သွားပြီး ဖြတ်ရိုက်ချင်လိုက်တာ.... ”
ဟော်ယွမ်ယွမ် ထိုအကြောင်းအရာများကို ပြောလေလေ သူမ ပိုပြီး စိတ်လှုပ်ရှားလာလေလေ ဖြစ်နေတော့သည်။
“ ငါ ပို့စ် တစ်ခုမှာ တွေ့တာ သူဌေးအကြောင်း ပြောထားတာ မြင်လိုက်တယ်... သူက သူဌေးရဲ့ အလယ်တန်း အတန်းဖော်သူငယ်ချင်းဆိုပဲ… သူပြောတာ သူဌေးက သူ့ကို ရည်းစားစာ ရေးပြီး ပေးခဲ့ဖူးတယ်တဲ့.. ပြီးတော့ ဆရာမ တွေ့သွားတော့ အတန်းရှေ့မှာ အပြောခံရတယ်ဆိုပဲ… ဒါတောင် သူဌေးက အတန်းရှေ့မှာ ကောင်မလေးကို ချစ်ရေးဆိုလိုက်သေးတယ်တဲ့နော်… ဟမ့်… ဘယ်လိုတောင် ပမာမခန့် ရှိလိုက်တဲ့ ကောင်ဆိုးလေးလဲ…”
“ ဒါ fake အရမ်း ဖြစ်လွန်းတယ်… ငါတော့ လင်းရီ အဲ့လိုမျိုး လုပ်မယ်လို့ မထင်ပါဘူး…” ကျီချင်းရန် ပြောလိုက်၏။
“ သူက ဟိတ်တာဆိုတာ အသိသာကြီးရယ်…” ကောင်းကျုံးယွမ်ကနေ ပြောလိုက်သည်။
“ ဒါပေမယ့် သူတို့ ဘွဲ့ယူတုန်းက ဓာတ်ပုံတောင် လိုင်းပေါ် တင်ထားသေးတာနော်… အတု မဟုတ်လောက်ဘူး…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ငါ သူ့ကို လက်မပေးပြီး တခြား ပိုဆိုးတဲ့ဟာတွေ တူးဆွလို့ ရဦးမလား ကြည့်ကြည့်ပါဦးမယ်…”
လျန်ကျင်းမင်၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးတက်သွားခဲ့သည်။ အွန်လိုင်းပေါ်ရှိ ဦးနှောက်မပါကြသည့် ဖန်များက ဟော်ယွမ်ယွမ်နှင့် နှိုင်းစာလျှင် ဘာမျှ မဟုတ်သေးဟု သူ့စိတ်ထဲက ခံစားနေရလေသည်။
အစ်ကိုကြီးလင်း၏ အကြီးဆုံး ဟိတ်တာက ဤနေရာမှာပင်။
……
တစ်ချိန်တည်းတွင် ဘက်ဂျင်ဝူ၏ များမြောင်လှသော ဖန်ကလပ်များကလည်း လင်းရီ၏ မကောင်းသတင်းများ တူးဆွရင်းဖြင့် အလုပ်များနေကြ၏။
သူတို့အထဲတွင် ဂျင်းဝူရဲ့ ဟွာရှ ဖန်ကလပ်က အကြီးမားဆုံး ဖြစ်ပြီး ပံ့ပိုးပေးမှုလည်း အများဆုံးဖြစ်၏။ ဖန်တစ်ယောက်ချင်းစီတိုင်းတွင် စိတ်ပိုင်းဖြတ်ထားမှုများကို ပြတ်သားစွာ မြင်တွေ့နေရသည်။
နေ့လည်ခင်းတွင် အွန်လိုင်းပေါ် ပျံ့နှံ့နေသည့် သတင်း အချက်အလက်များက ဤဖန်ကလပ်၏ လှုံ့ဆော်ကြိုးပမ်းမှုကြောင့် ဖြစ်လေသည်။
ထို့ပြင် မကောင်းသတင်း အများဆုံးကိုလည်း ဤဖန်ကလပ်ကပဲ ဖော်ထုတ်ထားခြင်းဖြစ်၏။ ဤသည်က ဘာကြောင့်လဲဆိုတော့ ယခု ဖန်ကလပ် အတွင်းတွင် သာမန်လူများသာ မကဘဲ ချမ်းသာသည့် ဒုတိယမျိုးဆက် ကလေးများလည်း ပါဝင်နေသောကြောင့်ပင်။ ၎င်းတို့၏ ကြွယ်ဝမှု တန်ဖိုးက ယွမ် ၁၀၀ မီလီယမ်လောက် ရှိကြ၏။ သူတို့ကလည်း ဦးနှောက်မပါကြသူများနှင့် ပူးပေါင်းကာ ဘက်ဂျင်ဝူ၏ ဦးနှောက်မပါသည့် ဖန်အဖွဲ့ဝင်များထဲက လူနည်းစု ဖြစ်လာခဲ့ကြသည်။
သူတို့အားလုံးက ချီတုံချတုံ ဖြစ်နေခြင်း အလျဥ်းမရှိပါဘဲ ပိုက်ဆံကို ဖြုန်းပစ်ရန် ဆန္ဒရှိကြလေသည်။
ဖန်ကလပ် အခြေစိုက်စခန်းတစ်ခုကိုပင် ပြုလုပ်ထားသေး၏။ ၎င်းက ဇိမ်ခံ အဆင့်မြင့် အင်တာနက် ကဖေးကြီး တတိယထပ် တစ်ခုလုံးကို လပြတ် စာချုပ်ဖြင့် ငှားထားကာ အဆင့်မြင့် ကွန်ပျူတာ အလုံး ၁၀၀ ကျော်က အလွှာ သုံးတွင် အစီအရီ တည်ရှိနေပြီး မန်ဘာ တစ်ယောက်ချင်းစီက ကွန်ပျူတာ တစ်လုံးစီဖြင့် အလုပ်များနေကြလေသည်။
သူတို့၏ ယခုလောလောဆယ် ရည်မှန်းချက်က လင်းရီ၏ မကောင်းကြောင်းများကို တူးဆွနိုင်သလောက် တူးဆွရန် ဖြစ်ပြီး လင်းရီကို ဆိုရှယ်ပေါ်၌ သေဆုံးသွားသည်အထိ ပြုလုပ်ရန်ပင်။
“ အားလုံးပဲ အလုပ်ကြိုးစားထားမယ်… မကောင်းတဲ့ ကိစ္စတွေ ပိုရှာပြီး သူ့ကို အခွင့်အရေး တစ်ခုလေးတောင် လုံးဝ မပေးကြနဲ့…”
ထိုစကား ပြောလိုက်သည့် သူက အသက် ၁၇၊ ၁၈ မျှသာ ရှိဦးမည့် ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်မျှသာ ဖြစ်သည်။ သူမက အမွှေးနု ဂါဝန်ကို ဝတ်ဆင်ထားပြီး ကွန်ပျူတာရှေ့တွင် အလုပ်များနေသည့် လူတိုင်းကို ကြည့်၍ အော်ဟစ်လိုက်လေသည်။
သူမ၏ နာမည်က ကျန်းရိရိ ဖြစ်၏။ လက်ရှိ ဘက်ဂျင်ဝူရဲ့ ဟွာရှ ထောက်ပံ့ရေး ဖန်ကလပ်၏ ဥက္ကဌဖြစ်လေသည်။ သူမ မိသားစုက အိမ်ခြံမြေ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု တည်ထောင်ထားပြီး ပိုင်ဆိုင်မှု တန်ဖိုး ယွမ် တစ်ဘီလီယမ်ကျော်မျှ ကြွယ်ဝချမ်းသာကာ နယ်ပယ်ထဲ၌ တော်တော်လေးကို ဂုဏ်သတင်းမွှေးသည်။
ထို့ကြောင့်ပဲ လက်ရှိ ဇိမ်ခံ အဆင့်မြင့် အင်တာနက် ကဖေးကြီး၏ အကြီးစား ထောက်ပံ့သူ တစ်ယောက် ဖြစ်လာခဲ့တော့သည်။
“ ထူးဆန်းတယ်နော် အစ်မရိရိ… ဒီလူရဲ့ တခြား သတင်းအချက်အလက်တွေကို ညီမတို့ ရှာလို့ကို မတွေ့တာ … တွေ့တဲ့ဟာဆိုရင်လည်း မပြောပလောက်တဲ့ အရာတွေချည်းပဲ…”
“ မဖြစ်နိုင်တာ… တူးဆွလို့ ရဦးမယ့် တခြား ဥစ္စာတွေ အများကြီး ရှိရဦးမှာပါ…” ကျန်းရိရိ ပြောလိုက်ပြီး “ အနည်းဆုံးတော့ ငါတို့ သူ့ ဖုန်းနံပါတ်ကို ရအောင် ရှာရမယ်… မဟုတ်ရင် သူ့ကို ခြိမ်းခြောက်ဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်ဘူး…”
“ ငါတို့ အင်တာနက်ပေါ်မှာ ဆုကြေးပို့စ် တင်ထားပြီးပြီ… သူ့ရဲ့ အိမ်လိပ်စာနဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ် ပေးနိုင်တဲ့ လူတိုင်း ငွေသား ယွမ် ၁၀၀,၀၀၀ ရမှာ… ဒါပေမယ့် ခုထက်ထိ ဘာ သတင်းမှ မရသေးဘူး…”
“ နည်းနည်းတော့ ထူးဆန်းတယ်… အချိန် ဒီလောက်ကြာနေပြီကို ပြောကြေးဆို သတင်း တစ်ချို့တဲ့ ရှိသင့်တာပေါ့… သူ့ ဆွေမျိုးတွေက ပိုက်ဆံ မချစ်ကြဘူးလားတဲ့…”
“ ငါတို့ ဆုကြေးကို မြင့်လိုက်ရင်ကော… အကျိုးသက်ရောက်မှု ရှိရင် ရှိမှာပေါ့….”
“ ဒါပေမယ့် ငါ့အဖေက ဒီလ ယွမ် ၂၀,၀၀၀ တည်းပဲ ပေးထားတာ… ဆုကြေးကို ဒီထက်ပိုပြီး မြင့်ပေးလို့ မရတော့ဘူး…”
“ ရတယ်… စုပေါင်းညီညာ အောင်ကြောင်းဖြာလေ… “ ပြောပြီးသည်နှင့် ဆံပင်အတိုနှင့် ကောင်မလေးက မတ်တပ်ထရပ်လိုက်ပြီး တတိယ ထပ်ရှိ လူတိုင်းကို ပြောလိုက်သည်။
“ အစ်မရိရိမှာ ပိုက်ဆံ မလောက်တော့ဘူး… လူတိုင်းပဲ ငါတို့ ပိုက်ဆံတွေ စုပြီး ဆုကြေးကို မြင့်ဖို့လိုတယ်… အဲ့တာဆို အဲ့လူရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေ ရရင် ရလာနိုင်တယ်….”
“ ငါ သုံးထောင်ပေးမယ်…” ထောင့်တွင် ထိုင်နေသည့် မိန်းကလေးက လက်ထောင်ပြီး ပြောလိုက်သည်။
“ ဂျင်ဝူ အိုပါးက ငါတို့ကို သူ့ရဲ့ မိသားစုဝင်လိုမျိုး သဘောထားတာ ငါတို့ သူ့ကို စိတ်ပျက်စေလို့ မဖြစ်ဘူး… ငါတို့ သူ့ကိုယ်စား ကလဲ့စားချေပေးရမယ်…”
“ ငါ့အဖေရဲ့ ဝီချက်အကောင့်ထဲမှာ ယွမ် ၅၀၀ ရှိသေးတာကို မနေ့က မြင်လိုက်တယ်… ဒီညနေ အိမ်ပြန်ရင် တိတ်တိတ်လေး ခိုးလွှဲလိုက်မယ်…”
“ ငါ့အမေလည်း ဖုန်းအသစ် ဝယ်ထားတာ မကြာသေးဘူး… ငါခိုးပြီး ရောင်းလို့ရတယ်…”
“ ဒီလ ငါ့မုန့်ဖိုးက ယွမ် ၃၀,၀၀၀ ရှိတယ်… ငါ ယွမ် ၂၀,၀၀၀ လှူမယ်…”
ဆယ်မိနစ် အတွင်းမှာပဲ ဖန်တစ်ရာကျော်ဆီကနေ ယွမ် တစ်သိန်းကျော် ထပ်စုနိုင်လိုက်၏။
ထို့ပြင် အွန်လိုင်းပေါ်ရှိ ဖန်ဂရုများ၌လည်း လိုက်လံပြီး ငွေကြေးကောက်ခံမှုများ ပြုလုပ်နေလေသည်။
နာရီဝက်ကြာပြီးနောက် အခြား ယွမ် ၁၆၈,၀၀၀ စုဆောင်းမိကာ အကုန်လုံးကို ဆုကြေးငွေအဖြစ် အသုံးပြုလိုက်၏။ ထို့နောက် အွန်လိုင်းပေါ်သို့ ယခုလို ပို့စ်ရေးတင်လိုက်လေသည်။
[ ပိုက်ဆံက လင်းရီရဲ့ ဖုန်းနံပါတ်နဲ့ အိမ်လိပ်စာ ပေးနိုင်တဲ့လူ ရမယ်….]
“ ဒီတစ်ခေါက်တော့ ဘယ်လောက်ကြာမလဲ စောင့်ကြည့်ကြတာပေါ့…” ကျန်းရိရိပြောလိုက်သည်။
“ ဒီတစ်ခေါက် ဆုကြေးရဲ့ ဆွဲဆောင်မှုကို တောင့်ခံနိုင်တဲ့လူ ရှိတယ်ဆိုတာ ငါမယုံဘူး..”
တတိယထပ်ရှိ ဦးနှောက်မပါသည့် ဖန်များအားလုံး တဟားဟား ရယ်မော၍ အောင်ပွဲခံလိုက်ကြပြီး လေထုကလည်း သက်တောင့်သက်သာ ရှိလာလေသည်။
ယခင်ကလည်း ယခုလိုပုံစံမျိုးကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ဖူးသည်။
တစ်စုံတစ်ယောက်က ဘက်ဂျင်ဝူအကြောင်း မကောင်းသတင်းပြောသည်နှင့် သူတို့ အားလုံးက အုပ်စုဖွဲ့ပြီး ဆိုရှယ်ပေါ်တွင် ဝိုင်းအနိုင်ကျင့်ကြမည်။ ထို့ပြင် အချိန်တိုင်းလည်း ချောချောမွေ့မွေ့နှင့် မအောင်မြင်ခဲ့သည့် စစ်ဆင်ရေးဆိုသည်မှာ သူတို့ ဖန်ကလပ်၏ သမိုင်း သက်တမ်းတစ်လျှောက် မကြုံခဲ့ဖူးချေ။
ထို့ကြောင့် ယခု တစ်ကြိမ်၌လည်း သူတို့ မရှုံးနိမ့်နိုင်ဟူ၍ ယုံကြည်ချက် မြင့်မားနေကြလေသည်။
“ ဘုရားရေ… လာ လာ ဒီကို လာကြည့်ကြ… ငါ အသစ် တစ်ခု တွေ့ထားပြီ…”
ရုတ်တရက် ထွက်ပေါ်လာသည့် အာမေဋိတ်သံက တတိယထပ်ရှိ လူတိုင်၏ အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။
ခုံနံပါတ် ၃၆ တွင် ထိုင်နေသည့် ဆယ်ကျော်သက် ကောင်လေး တစ်ယောက်က သူ၏ ကွန်ပျူတာ စခရင်ကို လေးနက်စွာ ငေးကြည့်နေပြီး အမူအရာလည်း သိပ်ပြီး မကောင်းမွန်လှချေ။
“ လီရှန်း … နင် ဘာတွေ့ထားလို့လဲ…” ကျန်းရိရိ မေးလိုက်၏။
“ ငါ လင်းယွင် အုပ်စုလို့ ခေါ်တဲ့ ကုမ္ပဏီတစ်ခုကို အွန်လိုင်းပေါ်မှာ တွေ့ထားတယ်.. ဒီကုမ္ပဏီရဲ့ ဥက္ကဌကလည်း အဲ့ ဟိတ်တာနဲ့ နာမည် အတူတူပဲ… တချို့ အချက်အလက်တွေအရတော့ သူတို့ နှစ်ယောက်က လူတစ်ယောက်တည်းလို့ ……… ငါ ထင်တာပဲ…..”