← Chapters

ဘက်ဂျင်ဝူ သေမယ့်ပုံစံ

Vol. 94 Ch. 1405

ဘက်ဂျင်ဝူ သေမယ့်ပုံစံ

Vol. 94 Ch. 1405

“ သူ့မှာ တကယ်ကြီး ကုမ္ပဏီ ရှိနေတယ်ပေါ့…. ငါသူ့ကို အထင်သေးနေမိတာပဲ…” ကျန်းရိရိ ပြောလိုက်သည်။

“ အဲ့တာလည်း ကောင်းတဲ့ ကိစ္စပဲလေ… ငါတို့ သူ့ကုမ္ပဏီကို အခွန်ရှောင်တယ်ဆိုပြီးမှ တိုင်ကြတာပေါ့…” ဆံပင် အတိုနှင့် မိန်းကလေးက ပြောလိုက်သည်။

“ အလုပ်ဖြစ်ပါ့မလားနော်…” လီရှန်း မေးမြန်းလိုက်၏။

“ ငါ နင့်ကို ပြောပြမယ်… ဒီကုမ္ပဏီတွေ တစ်ခုကမှ သန့်ရှင်းနေတယ်ဆိုတာ မရှိဘူး… သူတို့အားလုံးမှာ ပြဿနာ တစ်ချို့တစ်လေတော့ ရှိရိုးထုံးစံပဲ… တကယ်လို့ ငါတို့သာ ဒီပြဿနာတွေကို ရှာတွေ့ပြီး ဖော်ထုတ်နိုင်မယ်ဆိုရင် သူ့ ကုမ္ပဏီ ဒေဝါလီခံရဖို့ ကြာမှာ မဟုတ်ဘူး…”

“ ပြဿနာက သူ့ကုမ္ပဏီက သာမန် ဟုတ်မနေတာပဲ…” လီရှန်း ပြောလိုက်ပြီး “ ဒီ လင်းယွင် အုပ်စုလို့ ခေါ်တဲ့ ကုမ္ပဏီက တော်တော်လေး ကြီးတယ်… semiconductor နယ်ပယ်မှာ အဓိက ပါဝင် ပတ်သက်နေကြသူတွေလည်း ဟုတ်တယ်… သိပ် မကြာသေးခင်တုန်းကပဲ လီတိုဂရပ်ဖီ စက်တစ်ခု ထုတ်လုပ်ပြီးမှ ငါတို့ နိုင်ငံထဲမှာ အသိအမှတ်ပြုမှုတွေ အများအပြား ရရှိထားသေးတယ်… ဒီလို ကုမ္ပဏီကို တိုင်တန်းမယ်ဆိုတာက ငါတို့တွေ အတွက် အတော်လေးကို ကြီးမားတဲ့စိန်ခေါ်မှုကြီးနော်… “

“ ပြဿနာ မရှိဘူး… ငါက စိန်ခေါ်မှုတွေကို ကြိုက်တယ်… မာတဲ့ အရိုးက ဝါးရ ခက်လေ… ငါ ပိုပြီး ကိုက်ပစ်ချင်လေပဲ…”

ကျန်းရိရိ အခြားသူများဘက်သို့ ကြည့်၍ “ တခြား ဖန်ကလပ်တွေဆီ ဒီသတင်းကို လွင့်လိုက်… လူတိုင်းပဲ …. အတူ အလုပ်ကြိုစားပြီးမှ သူ့ကုမ္ပဏီထဲက ယိုပေါက်တွေကို ရှာပြီး ဖော်ထုတ်ကြမယ်… ငါတို့ဂျင်ဝူ အိုပါးကို ထိပါးစော်ကားတဲ့ လူတိုင်း ဘယ်လို အကျိုးဆက်တွေ ရှိမယ်ဆိုတာကို အင်တာနက် တစ်ခုလုံး သိစေချင်တယ်…”

“ ကောင်းပြီ ကံကောင်းပါစေ….”

“ ဂျင်ဝူ အိုပါးအတွက် ၊ တိုက်….”

ကျန်းရိရိ၏ အမိန့်ပေးမှုအောက်တွင် တစ်ရာကျော်သည့် လူအုပ်စုက ကိုယ်စီ ကွန်ပျူတာများ ရှေ့သို့ ပြန်သွားကြပြီး စနစ်တကျ လေ့ကျင့်ရေးဆင်းထားသည့် စစ်သားများကဲ့သို့ စစ်ဆင်ရေး ဆင်းကြတော့သည်။

ထိုအခိုက်အတန့်တွင် ဤ ၁၇ သို့မဟုတ် ၁၈ လောက်သာ ရှိဦးမည့် ဆယ်ကျော်သက်လေးများက လင်းယွင်အုပ်စုဟူသည် ကျိုးဟိုင် သို့မဟုတ် ဟွာရှ၌ မည်သည်ကို ကိုယ်စားပြုမှန်း နားမလည်ကြသေးချေ။

သူတို့၏ ပြတင်းပေါက်သေးသေးလေးထဲတွင်တော့ လင်းယွင်အုပ်စုဆိုသည်မှာ သာမန် ကုမ္ပဏီ အကြီးစား တစ်ခုသာလျှင် ဖြစ်၏။ ထို့ထက်လည်း မပိုချေ။ သို့ကြောင့်သာလျှင် ယခုလို ကိန်းကြီးခမ်းကြီးနိုင်သည့် ဒေဝါလီခံသွားရမယ် ဟူသော စကားလုံးများကို ရဲရဲဝံ့ဝံ့ ပြောဆိုဝံ့ကြခြင်းပင်။

များမကြာမီ အွန်လိုင်းပေါ်၌ လင်းယွင်အုပ်စု၏ မကောင်းသတင်းတို့က တစ်ခုပြီး တစ်ခုဆိုသလို ဆက်တိုက်ထွက်ပေါ်လာခဲ့လေသည်။

လူတစ်ချို့က လင်းယွင် အုပ်စု မိတ်ဆက်ထားသည့် မေဖုန်းနှင့် စပ်လျဉ်း၍ အရည်အသွေးပိုင်း ဆိုင်ရာတွင် ဧရာမ ပြဿနာကြီး တစ်ခု ရှိနေသည်ဟု တိုင်တန်းထားကြ၏။

ဥပမာ အားသွင်းနေစဉ် ရုတ်တရက် ထပေါက်ကွဲသည်တို့၊ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည်တို့ … စသဖြင့် အစုံအလင်ပင်။

လင်းယွင်အုပ်စု၏ အုတ်မြစ်က စစ်မှန်မှု မရှိပဲ အယောင်ပြ ရှိုးတစ်ခုမျှသာ ဖြစ်ပြီး အတွင်းတွင် ငွေကြေး ခဝါချမှုများ ပြုလုပ်နေသည်ဟူ၍ တိုင်ကြားသူများလည်း ရှိသည်။

ပိုပြီး အထင်ကြီးဖို့ ကောင်းသည်ကတော့ လင်းယွင်အုပ်စုက semiconductor နယ်ပယ်ကို လက်ဝါးကြီး အုပ်ထားပြီး နယ်ပယ်၏ တိုးတက်ဖွံ့ဖြိုးမှု ကဏ္ဍကို အနှုတ်လက္ခဏာ ဆောင်စေသည်ဟု တိုင်တန်းထားသူများလည်း ရှိကြ၏။

မွေးကင်းစ နွားကလေးက ကျားကို မကြောက် ဟူသည့် စကားက အမှန်ပင် ဖြစ်နေတော့၏။

အွန်လိုင်း NF တစ်ခုလုံးက လင်းယွင်အုပ်စု၏ မကောင်းသတင်းများနှင့်သာ ပြည့်နှက်နေပြီး ဝက်ဘ်ဆိုဒ်မျိုးစုံတွင်လည်း ရေပန်းစား ရှာဖွေမှုထဲ ပါဝင်နေလျက် ရှိပြီး မရေမတွက်နိုင်သော အင်တာနက် သုံးစွဲသူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။

“ လူတိုင်းပဲ ပိုပြီး အလုပ်ကြိုးစားထားမယ်… ဒါတွေ အကုန်လုံးက သတင်း အသေးအမွှားလေးတွေချည်းပဲ…”

ကျန်းရိရိက လူတိုင်းကို ဆော်ဩလိုက်ပြီး “ ငါ့မိသားစုက ကုမ္ပဏီတစ်ခုကို ဦးစီးနေတာ… ငါ့အဖေ အမြဲတမ်းပြောဖူးတာ ရှိတယ်.. ကုမ္ပဏီရဲ့ ငွေစာရင်းက အရေးကြီးဆုံး အပိုင်းပဲတဲ့…. တကယ်လို့ ငွေစာရင်းပိုင်းမှာ ပြဿနာ ရှိနေတယ်ဆိုရင် အဲ့ကုမ္ပဏီက မြန်မြန်ဆန်ဆန်ပဲ ပိတ်သိမ်းလိုက်ရနိုင်တယ်… ဒီတော့ နည်းနည်းလောက် အားစိုက်ထုတ်ပြီးမှ ငွေစာရင်းနဲ့ ဆက်စပ်တဲ့ ပြဿနာလေး‌တွေ တူးဆွကြည့်လိုက်ကြစို့….”

“ ညီမတို့ အဲ့ကိစ္စနဲ့ ပတ်သက်ပြီးမှလည်း ကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ် တစ်ယောက်ကို ငှားပြီးမှ ရှာကြည့်ခိုင်းပြီးပြီ… ဒါပေမယ့် ယိုပေါက် တစ်ခုတစ်လေကိုမှ မတွေ့ရဘူးရော်… အရမ်း ထူးဆန်းတယ်…”

“ ယုတ္တိကျကျ ပြောကြေးဆို အဲ့တာကြီး မဖြစ်သင့်ဘူး… ဘယ်ကုမ္ပဏီကမှ သန့်ရှင်းမနေဘူး… အဲ့လူတွေကို ပိုပြီး အလုပ်ကြိုးစားခိုင်းလိုက်… အဲ့ဒီကုမ္ပဏီရဲ့ ငွေစာရင်းပိုင်းမှာ ပြဿနာ ရှိနေပြီဆိုတာနဲ့ ငါတို့ နိုင်ပြီ …”

“ ဟုတ် အစ်မ ရိရိ…”

ကျန်းရိရိ၏ အမိန့်ကို လက်ခံရရှိပြီးနောက် လူတိုင်းက ထပ်မံ၍ အလုပ်ကြိုးစား လာကြပြန်သည်။ သူတို့တွေ လင်းယွင် ကုမ္ပဏီ၏ ငွေကြေးပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် မသင်္ကာ စရာများကို လိုက်လံ ရှာဖွေကြတော့သည်။ သို့သော် အကျိုးသက်ရောက်မှုက အနည်းအကျဉ်းမျှသာ ရှိ၏။ အသုံးချရလောက်သည်များ၊ တိုက်ခိုက်၍ ရသည်များ ရှိမနေချေ။

လင်းယွင် အုပ်စုက တကယ်ကြီး သန့်ရှင်းနေတာများလား…

ဒါပေါ့။ အဖြေကတော့ လုံးဝ မဖြစ်နိုင်ချေ။ ထို့ပြင် အရာအားလုံးအတွက်လည်း ဟော်ယွမ်ယွမ်ကိုသာ ကျေးဇူးတင်သင့်၏။ ပိုင်ရှင် ဖြစ်သည့် လင်းရီပင် ယွမ်ယွမ် အကောင့်အတုတွေ လုပ်ထားမှန်း မသိမှတော့ ဤ ပေါက်စနလေးတွေဆိုလို့ကတော့ ပြောဆို၍ ကောင်းတော့မည် မဟုတ်ချေ။

ရန်ကျင်း တက္ကသိုလ် ကျောင်းဆင်း ပီသစွာဖြင့် သူမ၏ အစွမ်းအစနှင့် ပတ်သက်ပြီးမှ သံသယ ဝင်စရာ အကြောင်း မရှိချေ။ မဟုတ်ပါက လင်းရီနှင့် ပြန်ပြီး ငြင်းခုန်နိုင်ရန် ယုံကြည်ချက်တို့ မည်သည့်နေရာက ဆင်းသက် ပေါက်ဖွားလာခဲ့သနည်း။

ဘက်ဂျင်ဝူ၏ ဖန်များက ကြိုးစားပမ်းစားနှင့် အလုပ်လုပ်နေစဉ် လင်းယွင် အုပ်စု၏ မကောင်းသတင်းတို့က အွန်လိုင်းပေါ် တစ်ခုပြီးတစ်ခု ပြည်ဖုံးကား ချခံလိုက်ရ၏။

သတင်းအများစုက အန္တရာယ်မရှိဟု ထင်ရသော်လည်းပဲ စစ်မှန်နေသည်ကတော့ အမှန်ပင်။

ထို့ပြင် ၎င်းတို့က လင်းယွင်အုပ်စုအပေါ် ဖော်မပြနိုင်လောက်သည့် အကျိုးသက်ရောက်မှုတို့ကို ဖြစ်ပွားစေလေသည်။

သို့သော် အဆိုပါ ဆယ်ကျော်သက် အရူးအမူး စွဲလမ်းနေသည့် ဖန်ပေါက်စနလေးများကတော့ ဤကိစ္စ၏ အကျိုးသက်ရောက်မှုကြီးကို သတိမမူမိဘဲ ၎င်းတို့၏ သာမန်နေ့ရက်လေး တစ်နေ့ကဲ့သို့ ပျော်မြူးနေကြ၏။

တစ်ချိန်တည်းတွင် ကုမ္ပဏီ အမျိုးမျိုး၏ ဒိတ်ဒိတ်ကျဲကြီးများလည်း ၎င်းတို့၏ ဖုန်းကို ကောက်ကိုင်ကာ အွန်လိုင်းပေါ်ရှိ အတင်းအဖျင်း သတင်းများကို အရသာခံ ဖတ်ရှုကြတော့သည်။

ကောင်းလင် ကုမ္ပဏီကလည်း နိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှု နယ်ပယ်၌ နာမည်အကြီးဆုံး ကုမ္ပဏီများထဲက တစ်ခု ဖြစ်၏။

ထိုအခိုက်အတန့်တွင် အာရှ ဒေသ စီးပွားရေး၏ တာဝန်ရှိသူ ကောင်းဟုန်ရှန်းသည် မောက်စ်ကို ကိုင်၍ အင်တာနက်ပေါ်ရှိ လင်းယွင်အုပ်စု၏ သတင်းများကို စိတ်ဝင်တစားနှင့် ဖတ်ရှုနေလေသည်။

“ ဒါရိုက်တာကောင်း… အချိန်ကျပါတော့မယ်… ကျွန်မတို့ အစည်းအဝေး သွားသင့်ပါပြီ…” အတွင်းရေးမှူး မိန်းကလေးက တံခါးဝတွင် ရပ်ပြီး ပြောလိုက်၏။

“ အကြောင်းပြချက် တစ်ခုပေးပြီး နောက်နာရီဝက်လောက် ရွေ့ထားလိုက်..” ကောင်းဟုန်ရှန်း သူ၏ ကော်ဖီခွက်ကို ကိုင်လျက် ပြောလိုက်သည်။

“ ရွေ့ဆိုင်းထားတာက မိနစ် ၂၀ လောက် ရှိနေပြီနော်…” သူမ ကိုးရို့ကားယား ဖြစ်စွာ ပြောလိုက်၏။

“ ဒါဆိုလည်း တခြား အဆင်ပြေမယ့် အကြောင်းပြချက် တစ်ခု ထပ်ပေးလိုက်ကွာ … ငါ ဒီမှာ သတင်းကြည့်နေတယ်…” ကောင်းဟုန်ရှန်း စိတ်ဝင်စားနေသည့်ဟန်ဖြင့် ပြောလိုက်သည်။

“ သတင်း ဟုတ်လား…”

“ ဒီ လူအုပ်စုက ဘယ်ကနေလာမှန်းလဲ ငါမသိဘူး… ဒါပေမယ့် သူတို့က အွန်လိုင်းပေါ်မှာ လင်းယွင်အုပ်စုရဲ့ မကောင်းသတင်းတွေကို ပေါ်ပေါ်တင်တင်ကြီး ဆော်နေကြတာ… ဒီကိစ္စက တော်တော်လေးကြီးနေပြီ… ပေါက်ကွဲထွက်တော့မယ်…”

“ သူတို့က လင်းယွင်အုပ်စုရဲ့ အတွင်းလျှို့ဝှက် သတင်းတွေကိုတောင် အင်တာနက်ပေါ် ဖွရဲတယ်ဆိုတော့ နိုင်ငံခြားက လူတွေ ဖြစ်မယ်ထင်တယ်…”

“ ငါ့အထင် ဥက္ကဌလင်း ဘက်ဂျင်ဝူဆိုတဲ့ နာမည်ကြီး တစ်ယောက်နဲ့ စကားများခဲ့ဖူးသေးတယ်… ကြည့်ရတာ သူ့ဖန်တွေက ဥက္ကဌလင်းကို ပြဿနာ ရှာနေကြတာ ဖြစ်လောက်တယ်…” ကောင်းဟုန်ရှန်း ပြောလိုက်ပြီး “ စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ ဒီလူတွေက ကုန်သွယ်စီးပွားရေးနဲ့ နည်းပညာ ဝန်ကြီးဌာနကိုပါ ခေါ်ထုတ်နေကြတာပဲ… ဒီဟာတွေက တစ်ခုခုတော့ တစ်ခုခုပဲ…”

တက်ဘလက်တစ်ခုကို ပိုက်ထားသည့် အတွင်းရေးမှူး မိန်းကလေးလည်း မရယ်ဘဲ မနေနိုင်တော့ချေ။

“ လင်းယွင်အုပ်စုရဲ့ နိုင်ငံထဲက အဆင့်အတန်းနဲ့ဆိုရင် ဒီ ဘက်ဂျင်ဝူဆိုတဲ့ သရုပ်ဆောင် မင်းသားတော့ သိပ်မကြာခင် အဘန်းခံရတော့မယ်နဲ့တူတယ်နော်…”

“ တကယ်လို့ အရေးယူဆောင်ရွက်တာက ကုန်သွယ်စီးပွားရေးနဲ့ နည်းပညာ ဝန်ကြီးဌာနဆိုရင် သူ ပြင်းထန်တဲ့ အကျိုးဆက်တွေကို ခံစားရနိုင်တယ်… ဒါပေမယ့် ဥက္ကဌလင်း ဝင်ပြီး စွက်ဖက်လာမယ်ဆိုရင်တော့ အဘန်းခံရရုံလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး…”

လင်းရီ၏ ယခင် နည်းလမ်းများကို ပြန်လည် တွေးမြင်ယောင်ကြည့်တော့ အတွင်းရေးမှူး မိန်းကလေးလည်း ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားခဲ့၏။

ဥက္ကဌလင်းက အပေါ်ယံကြည့်တော့တာ ခန့်ညားပြီး အပြစ်ကင်းစင်တဲ့ ကလေးလေးလိုရှိတာ… ဒါပေမယ့် တကယ်လို့ သူသာ ထင်ရာစိုင်းပြီဆိုလို့ကတော့ ဒီလူတွေကို အသာလေး ဖျက်ဆီးပစ်လိုက်လို့ရတယ်…

“ ကောင်းပြီ… မင်း အကြောင်းပြချက် စဉ်းစားပြီး မီတင်ကို နောက် နာရီဝက်လောက် ရွေ့ထားလိုက်… နည်းနည်းလေး ရေပွက်ဆူလာပြီဆိုရင် ငါ အစည်းအဝေးတက်မယ်…”

“ နားလည်ပါပြီ ဒါရိုက်တာကောင်း…”

ထိုအခိုက်အတန့်၌ လူတော်တော်များများကလည်း ကောင်းဟုန်ရှန်း နည်းတူ ဤကိစ္စကို အာရုံစိုက်နေကြလေသည်။ သူတို့ ပိုပြီး စောင့်ကြည့်လေလေ ပို၍ စိတ်ဝင်စားလာလေလေ ဖြစ်လာခဲ့၏။

တစ်ယောက်နှင့်တစ်ယောက် လောင်းကြေးထပ်ကြသူများပင် ရှိလာပြီး အကြောင်းအရင်းကတော့ ဤ ဘက်ဂျင်ဝူ ဆိုသူသည် မည်သို့မည်ပုံ ဆိုးဆိုးရွားရွား သေကြေ ပျက်စီးသွားမလဲ ဆိုတာကိုပင်။

……..

ကျိုးဟိုင် လစ်(စ်)ကာလ်တွန်ဟိုတယ်၊ ဘုရင်ခန်းတွင်။

“ အစ်ကိုကျန်း … မင်း ဒီနေ့ အကြံပေးခဲ့တာ သိပ်မှန်တယ်… ဒီကိစ္စက အင်တာနက်ပေါ်မှာ စပြီး ပျံ့နေပြီ… ငါ့နာမည်ကို လူတွေ တော်တော်သိကုန်ကြပြီ…” ဘက်ဂျင်ဝူ ပြောလိုက်ပြီး “ ဟွာရှမှာ ဆော့ဖ်ဝဲ နှစ်ခု ရှိတယ် သိလား… တစ်ခုက ဝေ့ပေါ် ၊ တစ်ခုက သုန်ယင်း၊ အဲ့ဒီက ငါ့ဖန်တွေဆို ၈၀၀,၀၀၀ ကျော်လို့ ၁.၂ သန်းအထိတောင် ရောက်လာနေပြီ… ငါ့ရဲ့ လွှမ်းမိုးမှုလည်း ပိုပြီး ကျယ်ပြန့်လာပြီ… လုံးဝ အမေးဇင်းပဲ…”

All Chapters