အံ့အားသင့်သွားခြင်း
Vol. 94 Ch. 1406
“ ဒါက ငါ ထင်ထားတာထက်ကို နည်းနည်းလေးတော့ ပိုတယ်….. ဒီကိစ္စက ဒီလောက်ထိ အကျိုးသက်ရောက်သွားလိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး.. ကျန်းရှန်းကျွင်း ပြောလိုက်ပြီး “ ငါတို့အတွက် ပျော်စရာ ကောင်းတဲ့ စပရိုက်လေး တစ်ခုပေါ့…. တိုက်တိုက်ဆိုင်ဆိုင် မင်းမှာ နိုင်ငံတကာက ဘရန်း ကြော်ငြာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိတယ်မလား… ဒီ ကိစ္စပြီးရင် ငါတို့ ကြော်ငြာကြေးလည်း တိုးလိုက်လို့ရပြီ…”
“ ဒီလို ဖြစ်မယ်မှန်းသာ သိခဲ့ရင် Givenchy နဲ့ လန်ချင်းရဲ့ စာချုပ်လက်မှတ်ထိုးမယ့်ရက်ကို တစ်ပတ်လောက် နောက်ဆုတ်ခဲ့ပါတယ်… ခုတော့ စာချုပ်က လက်မှတ်ထိုးပြီးသွားပြီ.. ဈေးမြင့်လို့လည်း မရတော့ဘူး…”
“ အဲ့တာတော့ ငါတို့လည်း ဘာတတ်နိုင်မှာ… ဘယ်သူကကော ဟွာရှကို လာပြီးမှ ဒီလောက်ကောင်းတဲ့ကိစ္စတွေ ဖြစ်လာမယ်လို့ ထင်ထားခဲ့မှာမို့လို့… “ ကျန်းရှန်းကျွင်း ပြောလိုက်ပြီး “ ဒါပေမယ့် မင်း စိတ်ချထားလိုက်… နောက်ထပ် သုံးခုတောင် ကျန်သေးတာမလား… ငါ ဈေးကောင်းကောင်းလေး တောင်းပေးလိုက်မယ်…”
“ ဒါတွေအားလုံးက ဒီရဲ့ ချစ်စရာကောင်းတဲ့ ဖန်လေးတွေကို ကျေးဇူးတင်ရမယ်… ငါတော့ သူတို့ကို တကယ်ကြိုက်သွားပြီ…” ဘက်ဂျင်ဝူ ပြောလိုက်ပြီး “ ငါ ကြော်ငြာပေးတဲ့ပစ္စည်းတွေကို သူတို့ မိဘတွေ ဆေးကုဖို့ဆိုပြီး သိမ်းထားတဲ့ ပိုက်ဆံတွေ ခိုးပြီး အားပေးကြတဲ့လူတွေလည်း ရှိတယ် သိလား… တကယ့်ကို ဦးနှောက်မရှိတဲ့ဟာတွေပဲ…”
“ မဟုတ်ရင် ဟွာရှက ငွေရှာလို့ ကောင်းတယ်ဆိုပြီး ဘယ်သူက ပြောကြမှာလဲ… ငါတို့ တောင်ကိုးရီးယား ဖန်တွေက သူတို့ထက်ပိုပြီး ဦးနှောက်ပိုရှိတယ်… သူတို့က အရူးလုပ်လို့ မလွယ်ဘူး…” ကျန်းရှန်းကျွင်း သူ၏ အိုင်ပတ်ကို ကိုင်ရင်း ပြောလိုက်ပြီး “ ဒါပေမယ့် ငါတော့ မင်း ဝင်ပါတဲ့ အချိန်ပဲလို့ ထင်တယ်…”
“ ဘာလို့လဲ… ငါက သူတို့ကို ဒီအတိုင်းလေး ဆက်ပြီး ပြဿနာ ရှာစေချင်တာလေ…”
“ မင်းမှားနေပြီ…ငါဆိုလိုတာက အခု လူအများရဲ့ အာရုံစူးစိုက်မှုက ဒီည ပြီးရင် နည်းနည်းလေး လျော့သွားတော့မှာ… မင်းက မင်းရဲ့ ဖန်တွေကို ပံ့ပိုးပေးဖို့ ဝေ့ပေါ် ဒါမှမဟုတ် သုန်ရင်းမှာ ပို့စ်တစ်ခုခု တင်လိုက်.. သူတို့ကို မိုတီလေး နည်းနည်းလောက် ပေးလိုက်ကွာ…” ကျန်းရှန်းကျွင်း ပြောလိုက်ပြီး “ ဒါပေမယ့် ဂရုတော့ စိုက်ပေါ့… အရမ်း သိသိသာသာကြီး မဖြစ်စေနဲ့ပေါ့… ပြောမယ့် အကြောင်းအရာက နည်းနည်းလေး ဇဝေဇဝါ ဖြစ်စရာ ဖြစ်ရမယ်… ဖန်တွေကို သူတို့ဘာသူတို့ ကောက်ချက်ချပါစေ… ငါ ပြောချင်တာ မင်း သဘောပေါက်တယ်မလား….”
“ ပေါက်တာပေါ့… ကုမ္ပဏီက ပွဲဦးမထွက်ခင်ကတည်းကရင် ဒါတွေ အကုန် သင်ထားပေးပြီးသား… ဘယ်လို ကိုင်တွယ်ရမလဲ နားလည်ပါတယ်….”
ထိုသို့ ပြောပြီးနောက် ဂျင်ဝူ ဖုန်းထုတ်၍ ဝေ့ပေါ်ကို ဖွင့်လိုက်သည်။ ထို့နောက် ပို့စ် တစ်ခုကို စာရိုက်ပြီး တင်လိုက်၏။
“ ငါ မင်းတို့ကို အမြဲတမ်း ကာကွယ်ပေးနေမှာပါ… ငါ့ရဲ့ ချစ်လှစွာသော ဟွာရှက ပရိသတ်တွေ….”
ဟိုထည့် ဒီပြင် ပြုလုပ်ပြီးနောက် ဘက်ဂျင်ဝူ ဖုန်းကို ကျန်းရှန်းကျွင်းထံ ပေးလိုက်ပြီး “ အစ်ကိုကျန်း… တစ်ချက်ကြည့်ပေးပါဦး… ဒီလို ပုံစံလေး ရေးတင်လိုက်ရင် အဆင်ပြေလောက်မလား…”
“ အင်း ပြေတယ်…” ကျန်းရှန်းကျွင်း ပြောလိုက်ပြီး “ မင်းရဲ့ ဖန်တွေက သူတို့အကြောင်း တွေးပေးတယ်ဆိုပြီးမှ ပိုလို့တောင် ရူးသွပ်သွားကြလိမ့်ဦးမယ်…”
ဘက်ဂျင်ဝူ ခေါင်းညိမ့်လိုက်သည်။ “ ဘာပဲ ပြောပြော သူတို့က ဦးနှောက်မရှိကြတဲ့ လူတစ်အုပ်စုပဲလေ… ဒီလို နည်းနည်းလေး လှုံ့ဆော်တဲ့ စကာလေး ပြောပေးလိုက်ရင်တောင် ပျော်လွန်းလို့ ခုန်ပေါက်ပြီး ဘာလုပ်လို့ လုပ်ရမှန်းတောင် သိကြတော့မှာ မဟုတ်ဘူး ဟားဟားဟား……” ပြောပြီးနောက် ဘက်ဂျင်ဝူ ဝေ့ပေါ်၌ ပို့စ်တင်လိုက်သည်။
ဆယ်မိနစ် ကြာပြီးနောက် Like အရေအတွက်က တစ်သောင်းကျော်သွားခဲ့ပြီး ကွန်းမန့်ကလည်း ငါးထောင်ကျော်လောက်အထိ ရှိလာသည်။
“ ဂျင်ဝူ အိုပါး… နင် ဘာမှ စိတ်မပူနဲ့နော်… ငါတို့ အမြဲတမ်း နင့်ဘက်မှာ ရှိနေမယ်…”
“ အိုပါးက ဂရုစိုက်ပေးတတ်လိုက်တာ… ကိုယ့်ကိုယ်ကို အိုပါးရဲ့ ဖန်တစ်ယောက် ဖြစ်ရတာ သိပ်ဂုဏ်ယူမိတာပဲ…”
“ ငါတို့ အဲ့လူယုတ်မာကို ပြန်ပေးဆပ်ရအောင် လုပ်ပေးမယ်…”
“ ဂျင်ဝူ အိုပါးရဲ့ ရန်သူ ဒို့ရန်သူ…. ဂျင်ဝူ အိုပါးကို ဆန့်ကျင်တဲ့လူ မှန်သမျှကို ချေမှုန်းရေး ဒို့အရေး….”
“ ငါတို့ အဲ့လူကို ရှာပြီး လူရှေ့သူရှေ့မှာ ဝန်ချ တောင်းပန်ခိုင်းရမယ်…”
“ တို့ အမြဲ အားပေးနေမယ်နော် သိလား အိုပါး… မွမွ ”
ဘက်ဂျင်ဝူကို ပံ့ပိုးပေးကြသည့် နှုတ်ခမ်းနီမလေးများ ရှိကြသလို တောင်ကိုးရီးယား အနုပညာရှင်များကို တိုက်ခိုက်ထားသည့် အနှုတ်သဘောဆောင်သည့် ကွန်းမန့်များကလည်း အောက်တွင် ရှိစမြဲပင်။
အဆိုပါ အာဂ သတ္တိခဲတို့ကိုတော့ ထွေထူးပြောနေစရာ မလိုပေ။ မက်ဆေ့ချ်ကဏ္ဍတွင် စိုပြေနေမှာ မြင်ယောင်နေမိသေး၏။
ဘက်ဂျင်ဝူလည်း ထိုအသေးအမွှားလေးကို အရေးတယူ ပြုနေစရာ မလိုချေ။ သူ့အား ရူးရူးမူးမူး စွဲလမ်းနေကြသူများက ကူညီ ဖြေရှင်းပေးကြလိမ့်မည်။
ဝေ့ပေါ်ရှိ ကွန်းမန့်များကို မြင်တော့ ဘက်ဂျင်ဝူ စီးကရက် မီးညှိလိုက်ပြီး ဆေးလိပ်ငွေ့များအား မှုတ်ထုတ်လိုက်၏။
“ အရူးတွေ… မင်းတို့ရဲ့ အသက်ကို ငါ့အတွက် ပိုစတေးပေးကြစမ်း… မဟုတ်ရင် ငါလည်း စံအိမ်နဲ့ ပြိုင်ကား ဝယ်ဖို့ ပိုက်ဆံ လောက်သေးဦးမှာ မဟုတ်ဘူး….”
ကလင် ကလင် ကလင်….
သူတို့နှစ်ယောက် စကားတွေ ကောင်းနေစဉ်မှာပဲ ကျန်းရှန်းကျွင်း၏ ဖုန်းသံ မြည်ဟည်းလာခဲ့၏။
“ လန်ချင်းက လူတွေ ဘာလို့ ငါ့ဆီ ဖုန်းဆက်လာတာပါလိမ့်…” ကျန်းရှန်းကျွင်း ဖုန်းကို ကြည့်ရင်း ရေရွတ်လိုက်သည်။
“ သူတို့ ဒီအကြောင်းသိပြီး စာချုပ် အကြောင်း ပြောချင်လို့ ဖြစ်မှာပေါ့…” ဘက်ဂျင်ဝူ ပြောလိုက်သည်။
“ ဒါပေမယ့် စာချုပ်က လက်မှတ်ထိုးပြီးသားလေ… ပြောစရာ အကြောင်းမှ မရှိတော့တာ…”
“ ငါက အခု အာရှ ဒေသအတွက် စာချုပ်ချုပ်ထားတာ… စာချုပ် အဆင့်မြင့်ပြီး ကမ္ဘာလုံးဆိုင်ရာ spokesperson အဖြစ် တိုးပေးမလို့ ဖြစ်ရင် ဖြစ်မှာပေါ့…”
ကျန်းရှန်းကျွင်း၏ မျက်လုံးအရောင် လက်ခနဲ ဖြစ်လာခဲ့သည်။
“ အဲ့တာ ဖြစ်နိုင်တယ်… ငါ ခဏကျရင် သူတို့နဲ့ ဈေးကောင်းကောင်း ပြောရမယ်…”
သို့နှင့် ကျန်းရှန်းကျွင်း ဖုန်းကို ကိုင်လိုက်လေသည်။
“ ဟယ်လို မစ္စတာ ပီတာ… ဒီအချိန်ကြီး ဖုန်းဆက်လာတာ စာချုပ်ကိစ္စ ပြောချင်လို့များလား…”
“ ခင်များ ဘာပြောလိုက်တယ်… စာချုပ် ဖျက်သိမ်းလိုက်ပြီ ဟုတ်လား… ကျုပ်တို့က စာချုပ်ကြေးရဲ့ သုံးဆပြန်လျော်ပေးရမယ်ပေါ့….”
“ နေဦး နေဦး… ဖုန်းမချသေးနဲ့ဦး… ငါ့ကို ရှင်းအောင် ပြောပြသွားဦး…..”
ဆယ်စက္ကန့်ကြာပြီးနောက် ကျန်းရှန်းကျွင်း ခန္ဓာကိုယ်ကနေ ဝိဉာဉ် ကင်းကွာသွားသကဲ့သို့ ဖြူဖျော့နေသည့် မျက်နှာ အမူအရာဖြင့် ဖုန်းပြန်ချလိုက်သည်။
ဘက်ဂျင်ဝူလည်း တစ်စုံတစ်ရာ လွဲချော်နေသည်ကို သတိထားမိပြီး အလျင်စလို မေးမြန်းလိုက်၏။
“ အစ်ကိုကျန်း … ဘာဖြစ်တာလဲတဲ့…”
“ လန်ချင်းရဲ့ မားကတ်တင်း ဒါရိုက်တာက ခုလေးတင် ငါတို့ကို ပြောသွားတာ မကောင်းသတင်းတွေကြောင့် ငါတို့ရဲ့ စာချုပ် အဆုံးသတ်ပြီတဲ့….”
“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… ငါ ဘာမှလည်း မလုပ်မိပါလား… ဘယ်နားကနေ မကောင်းသတင်းက ရှိနိုင်မှာလဲ…”
“ သူတို့ပြောတာ မင်းရဲ့ ဖန်တွေ ဆက်တိုက် ဖော်ထုတ်နေတဲ့ လူက ဟွာရှမှာ သိပ်ကို ဩဇာအာဏာ ကြီးတဲ့လူတဲ့… သူက စီးပွားရေးနဲ့ နိုင်ငံရေး လောကမှာ တော်တော်လေး ဩဇာလွှမ်းမိုးမှု ရှိတယ်… ငါတို့တော့ မစော်ကားသင့်တဲ့လူကို စော်ကားမိပြီ…”
“ ဘယ်လို… ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… သူက ဘယ်လိုဖြစ်လို့ အဲ့လောက် ဩဇာအာဏာ ရှိနေရတာလဲ…”
“ ငါ…ငါလည်း ဘယ်သိမှာ…”
ကလင် ကလင် ကလင်…
မကြာမီ ကျန်းရှန်းကျွင်း၏ ဖုန်း ထပ်မံ အသံမြည်လာသည်။
ဖုန်းခေါ်လာသည့်သူ၏ နာမည်ကို မြင်တော့ သူ့လက်များ တုန်ယင်သွားခဲ့ပြီး ကြမ်းပြင်သို့ ပြုတ်ကျမလိုတောင် ဖြစ်သွားခဲ့သည်။
Givenchy ၏ မားကတ်တင်း ဒါရိုက်တာ အန်ဒီပင်။
“ မစ္စတာ အန်ဒီ…..”
“ ခင်များလည်း စာချုပ်ကို အဆုံးသတ်ချင်နေတယ် ဟုတ်လား….”
တစ်ဖက်သူက ပို၍ပင် လက်တွေ့ကျသေးသည်။ လေကုန် ခံမနေဘဲ ပြောစရာ ရှိသည်များကို ပြောပြီးသည်နှင့် ချက်ချင်း ဖုန်းတန်းချသွားခဲ့၏။
ဘုတ်….
ဘက်ဂျင်ဝူ ထိုင်ခုံနောက်သို့ ပစ်လဲသွားခဲ့ပြီး ထိုအခါမှသာ ယခု ပြဿနာ၏ ကြီးမားပြင်းထန်မှုကို သူ သဘောပေါက်သွားခဲ့တော့သည်။
“ အစ်ကိုကျန်း… ငါတို့ အခု ဘာလုပ်ကြမလဲ… ပြန်ပြီး ကုစားလို့ ရနိုင်သေးလား..”
“ မလောသေးနဲ့… ငါ ကုမ္ပဏီကို ဖုန်းဆက်လိုက်ဦးမယ်… မင်းရဲ့ အာရှက လွှမ်းမိုးမှုနဲ့ဆိုရင် ကုမ္ပဏီက ကျိန်းသေပေါက် ဒီပြဿနာကို ဖြေရှင်းပေးမှာ သေချာတယ်… မင်းတောင်းပန်လိုက်တာနဲ့ သူတို့ ဒီကိစ္စကို ဆက်လိုက်ကြမှာ မဟုတ်လောက်တော့ဘူး…”
ကလင် ကလင် ကလင်…
ကျန်းရှန်းကျွင်း ဖုန်းခေါ်မလို့ ဟန်ပြင်နေတုန်းမှာပဲ သူ၏ ဖုန်းသံ မြည်ဟည်းလာခဲ့ပြန်သည်။
“ ဥက္ကဌလီ ဖုန်းဆက်လာခဲ့တယ်… သူလည်း ဒီကိစ္စ ပြောချင်လို့ပဲ နေမှာ…”
“ မြန်မြန်… ဖုန်းကိုင်ပြီး ဥက္ကဌလီ ဘယ်လိုလုပ်မလဲ မေးကြည့်လိုက်… တကယ်လို့ ဒီရဲ့ ကြော်ငြာ နှစ်ခုသာ အဆုံးသတ်ခံလိုက်ရမယ်ဆိုရင် ငါတို့ အနာဂတ်အတွက်ပါ ထိခိုက်မှုတွေ ရှိလာနိုင်တယ်…”
“ ငါ သိပါတယ်…”
ကျန်းရှန်းကျွင်း ဖုန်းကို ဖြေလိုက်သည်။
“ ဥက္ကဌလီ… ကျွန်တော်တို့ ဟွာရှ ရောက်နေ ------ “
“ ခွေးသားတွေ… မင်းတို့ ဘယ်လိုတောင် ဦးနှောက်မရှိတာတွေ လုပ်ထားလဲ ကြည့်စမ်း… မင်းတို့ နှစ်ကောင်ကြောင့် ခု ကုမ္ပဏီ တစ်ခုလုံးလည်း ထိခိုက်ကုန်ပြီ… အဲ့လူက ယွမ် ဘီလီယမ် ရာနဲ့ချီပြီး ချမ်းသာတဲ့လူကွ… သူ့ ကုမ္ပဏီသာ အများပိုင် ကုမ္ပဏီ( go public)အဖြစ် ပြောင်းလိုက်မယ်ဆိုရင် တန်ကြေးက ထရီလီယမ်အထိတောင် ရောက်သွားဦးမယ်… မင်းတို့ ပြစ်မှားနေတဲ့လူက အဲ့လိုလူပုဂ္ဂိုလ်မျိုး….”
“ သူ… သူက အဲ့လိုလူလား….”
နှစ်ယောက်လုံး အမြင်တွေ ပြာဝေကုန်ကြ၏။
“ ဥက္ကဌလီ… ကျွန်တော်တို့ တကယ်ကြီး ဘာမှ မလုပ်ခဲ့တာပါ… အကုန်လုံးက အဲ့ဒီ သောက်ရူးဖန်တွေလုပ်တာ… ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး…”
“ မင်းရဲ့ သောက်အဓိပ္ပာယ် မရှိတာတွေကို ငါ ဘာမှ မကြားချင်ဘူး… မြန်မြန် ဒီကိစ္စကို ဖြေရှင်းခဲ့… မဟုတ်လို့ကတော့ မင်းတို့နှစ်ယောက် လွယ်လွယ်နဲ့ ပြီးသွားလိမ့်မယ် မထင်နဲ့…”
ဘန်းခနဲ မြည်သံနှင့်အတူ တစ်ဖက်သူကနေပြီး ဖုန်းချသွားခဲ့၏။ နှစ်ယောက်လုံး အကျည်းတန်သည့် အမူအရာဖြင့် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြလေသည်။ သေချင်စိတ်များပင် တဖွားဖွား ဖြစ်ပေါ်နေမိတော့၏။
“ အစ်ကိုကျန်း… ငါတို့ အခု ဘာဆက်လုပ်ကြမလဲ…”
“ တစ်ခုတည်းသော နည်းလမ်းက ဟွာရှ ဖန်တွေနဲ့ သံယောစဉ် ဖြတ်ဖို့ပဲ ကျန်တော့တယ်…. အပြစ်တွေ အကုန်လုံးကို သူတို့ဆီ ပုံချပစ်လိုက်… ပြီးရင် မင်းဘက်က ဥက္ကဌလင်းကို ပြန်တောင်းပန်လိုက်.. ဒါက ငါတို့ရဲ့ တစ်ခုတည်းသော ထွက်ပေါက်ပဲ…”
“ ငါ နားလည်ပြီ…”