ပတ်သက်မှု ဖြတ်တောက်ခြင်း
Vol. 94 Ch. 1408
“ ကျွန်မတို့ ဘာမှားတာမှ မလုပ်ဘူး… ဘာလို့ ကျွန်မတို့ကို လာဖမ်းနေတာလဲ…”
“ ကုမ္ပဏီတစ်ခုကို တိုင်ကြားတာက တရားမဝင်ဘူးတဲ့လား…”
“ ရှင်တို့ တရားလွန်နေပြီ… လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို မရှိတော့တာ…”
ရဲအရာရှိ၏ မျက်နှာက အေးစက်နေပြီး “ ဟွာရှန့် လူမျိုး တစ်ယောက်အနေနဲ့ မင်းတို့တွေ ဒီလို လုပ်ရပ်မျိုး လုပ်ခဲ့တာ ငါ တကယ်ကြီး ဝမ်းနည်းမိတယ်… ဒီ ဖြစ်ရပ်ပြီးလို့ မင်းတို့တွေ ပိုပြီး ရင့်ကျက်လာကြလိမ့်မယ်လို့ မျှော်လင့်တယ်… မြန်မြန် ငါတို့နဲ့ လိုက်ခဲ့….”
သက်ဆိုင်ရာ အရာရှိများအပြင် လင်းယွင်အုပ်စုကလည်း အကွက်တစ်ချို့ ရွေ့ခဲ့၏။
ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့ ချီရှန်းကျောက်၏ ရုံးခန်းထဲ တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့လေသည်။
“ ဥက္ကဌချီ.. နင် လိုအပ်နေတဲ့ အချက်အလက်တွေ အားလုံး ဒီမှာရပြီ…”
ဟော်ယွမ်ယွမ် စာရွက်စာတမ်း တစ်ထပ်ကို ချီရှန်းကျောက်၏ စားပွဲပေါ် တင်ပေးလိုက်၏။
“ ဘက်ဂျင်ဝူဆိုတဲ့လူကို တောင်ကိုးရီးယားက CUB Entertainment ကနေပြီး ပိုင်တာ.. သူက ရေပန်းစားမှုမှာဆို တောင်ကိုးရီးယားမှာ တတိယချိတ်တယ်… သူ့မှာ ဝိုင်းနေတဲ့ မကောင်းသတင်းတွေလည်း အများကြီးပဲ…”
ထန်းရန် ဆံပင်ကို ဖြီးသပ်၍ ဆက်ပြောသည်။
“ မနှစ်က တက်သစ်စ အမျိုးသမီး သရုပ်ဆောင်တစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တဲ့ ကိစ္စက သူနဲ့ ဆက်စပ်နေတာ… ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီရဲ့ ဖောက်သည်ကြီးတွေကို အတင်းအကြပ် ပြုစုခိုင်းပြီး သူ့မိသားစုကိုလည်း ခြိမ်းခြောက်လို့တဲ့.. တကယ်ကို ဝမ်းနည်းဖို့ကောင်းတယ်… ဒီကောင်က မင်းသားမျက်နှာဖုံး တပ်ထားတဲ့ တကယ့် ဘီလူး... ပြီးတော့ entertainment က လစာ မပေးဘဲ ကြန့်ကြာမှုတွေ ၊ ထရိန်နီတွေက စိတ်ဖိစီးမှုများပြီး သေလောက်တဲ့အထိ ဖြစ်စေတာတွေ… ခြုံငုံပြီးပြောရရင် တော်တော်လေးကို မရှင်းမရှင်းနဲ့… နင်သာ အရေးယူချင်နေတယ်ဆိုရင် ပစ်မှတ်ထားစရာတွေမှ အများကြီးပဲ…”
ချီရှန်းကျောက် ခေါင်းညိမ့်ပြီး ဟော်ယွမ်ယွမ်ကို ကြည့်၍ “ ယွမ်ယွမ်… မင်းဘက်ကရော အခြေအနေတွေ ဘယ်လိုရှိလဲ…”
“ မနှစ်က အခွန်ရှောင်ထားတာ ဝမ် ၅၀ ဘီလီယမ်၊ ယွမ် သန်း ၃၀၀ နီးပါးရှိတယ်… အဲ့တာကတင် သူ့ကို အချိန်အကြာကြီး ဖမ်းဆီးထားဖို့ လုံလောက်တယ်…”
“ မင်း ဒီကိစ္စတွေ ဘယ်လိုလုပ် ရှာတွေ့သွားခဲ့တာ…” ချီရှန်းကျောက် အံ့အားသင့်စွာ မေးမြန်းလိုက်၏။
“ ဒါရိုက်တာရှန်း လုပ်ခဲ့တာ… သူက CUB ရဲ့ ဘဏ္ဍာရေးဌာနက ကွန်ပျူတာထဲ ချိုးဖောက်ဝင်ပြီးတော့ ယူပေးခဲ့တာလေ…”
ဟော်ယွမ်ယွမ် စက္ကူခွက်နှင့် ကော်ဖီခွက်ကို ချီရှန်းကျောက် စားပွဲကနေ ယူလိုက်ပြီး “ ဓာတ်ခွဲခန်းက လူတွေက တကယ့် ကတ်တီးကတ်ဖဲ့ လူတွေ… သူတို့ မခိုးနိုင်တာကို မရှိဘူး… တစ်နေ့ ငါ့ ကွန်ပျူတာထဲ မဖောက်ဝင်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ…”
ထျန်းရန် မသိစိတ်အလျောက် ဟော်ယွမ်ယွမ်ဘက်သို့ လှည့်၍ အပြုံးတစ်ပွင့်ဖြင့် မေးလိုက်၏။
“ ဧကန္တ ဒါရိုက်တာဟော်က ကောင်လေး ရှိနေပြီဆိုတော့ private photo တွေ စသိမ်းနေပြီလား…”
“ ခစ်ခစ် ခစ်… ဒါရိုက်တာထျန်က ငါ့ကို တအား နားလည်တတ်တာပဲ…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဒါပေမယ့် ငါ့ကိုပဲ မပြောနဲ့… နင်က စင်ဂယ်ဆိုရင်တောင် အရင်က အဲ့လို ဗွီဒီယိုတွေ မရိုက်ဖူးဘူးဆိုတာ မယုံပါဘူး…”
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြုံးကြည့်လိုက်ကြရင်း အချင်းချင်း နားလည်မှုတွေ ရရှိနေကြတော့သည်။
“ အဟွတ် အဟွတ် အဟွတ်….”
ချီရှန်းကျောက် ချောင်း အခြောက် ဆိုးလိုက်ရင်း “ ကောင်းပြီ… ဘာပဲ ဖြစ်ဖြစ် ငါ တစ်ယောက်လုံး ဒီမှာ ရှိသေးတယ်… ပြောချင်ရင် မင်းတို့ သီးသန့်ဆွေးနွေးကြ…”
မိန်းကလေး နှစ်ယောက်လုံး ချီရှန်းကျောက်ကို ပြိုင်တူ ကြည့်လိုက်ကြသည်။
“ အစ်ကိုချီ.. ညီမတို့ချင်းသိလာတာ ကြာနေပြီနော်… ငါ တစ်ခု သိချင်တာလေး ရှိလို့…”
“ မေးလေ… ဘာလဲ မေးမှာ…”
“ နင်က အသက် ၃၀ ထဲ ရောက်နေပြီကို ခုထိ လူပျို ဖြစ်နေတုန်းလား…”
ချီရှန်းကျောက်၏ မျက်နှာ ရဲတက်လာသည်။ သူ စိတ်ဆိုးချင်ဟန် ဆောင်လိုက်ပြီး “ ဘာတွေ လာမေးနေတာလဲ ဟမ်… သွားပြီး အလုပ်လုပ်တော့….”
ဟော်ယွမ်ယွမ် မရယ်ဘဲ မနေနိုင်တော့ချေ။ ဒါရိုက်တာချီကို စနောက်ရတာ ပျော်ဖို့ ကောင်းလှ၏။
“ တကယ်ဆို ဒီက နည်းနည်းကြာကြာလေး ထပ်စောင့်ပြီး ဘယ်လို မကောင်းတဲ့ ကိစ္စတွေ ထပ်ထွက်လာဦးမလဲ စောင့်ကြည့်ချင်သေးတာကို ….” ဟော်ယွမ်ယွမ် သက်ပြင်းချပြီး ပြောလိုက်လေသည်။
“ ခုကျတော့မှပဲ သူဌေးမှာ အဲ့လို မြုပ်နှံထားတဲ့သမိုင်းတွေ ရှိတယ်ဆိုတာ သိလာရတော့တာ.. သူ တကယ်ကြီး သူများ အိပ်နေတဲ့အချိန် သေးနဲ့ပန်းတယ်ပေါ့.. အရမ်း တရားလွန်တာပဲ..”
“ ငါတော့ ဟိတ်တာအကြီးစားက ခုထိ အမှောင်ထဲမှာ ပုန်းနေသေးတုန်းပဲလို့ သံသယ ရှိနေပြီ…. “ ချီရှန်းကျောက် ပြောလိုက်သည်။
“ အဲ့လိုပြောလို့တော့ မရဘူးလေ… ရန်သူရဲ့ ရန်သူက ကိုယ့်သူငယ်ချင်းပဲဟာကို….”
“ ကောင်းပြီ… အလုပ်သွားလုပ်တော့…” ချီရှန်းကျောက် ပြောလိုက်ပြီး “ CUB အပြင် ဟွာရှမှာ ပွဲစီစဉ်ပေးတဲ့ ကြယ်ပင်လယ် မီဒီယာကိုလည်း သင်ခန်းစာ ပေးသင့်တယ်…”
“ အိုခေ…”
ဟွာရှ ဖန်ကလပ် အဖွဲ့ဝင်များ အဖမ်းခံလိုက်ရခြင်းက ကိစ္စကို တည်ငြိမ်လို့ မသွားစေခဲ့ဘဲ ထိုအစား ဆထက်တပိုးတိုးလို့ ပြင်းထန်လာခဲ့လေသည်။
အခြားသော ဖန်ကလပ် အဖွဲ့ဝင်များက ကြိုးစားပမ်းစားနှင့် အင်အား နှစ်ဆ စိုက်ထုတ်ကာ လင်းရီနှင့် လင်းယွင်အုပ်စုအကြောင်းကို ထုတ်ဖော်ကြလာခဲ့ကြ၏။ ထိုအုပ်စုထဲ လူကြီး တစ်ချို့ကပါ ပူးပေါင်း ပါဝင်လာခဲ့ကြသည်။
ဝေ့ပေါ်၊ ကျစ်ဟူ၊ သုန်ရင်း၊ ဘီလီဘီလီ … အစရှိသည်တို့က ၎င်းတို့၏ အင်တာနက် စစ်မျက်နှာပြင် ဖြစ်လာခဲ့တော့သည်။
လူတို့ကြား ထင်ရှားကျော်ကြားသည့် ဤ ဆော့ဖ်ဝဲများကို ဖွင့်လိုက်သည်နှင့် ဘက်ဂျင်ဝူ၏ ဖန်များ မဟုတ်လင့်ကစား အခြေအနေကိုတော့ အကြမ်းဖျင်း သိမြင်နိုင်သည်။
ဤသည်က အင်မတန် ခမ်းနားကြီးကျယ်လွန်းပြီး……. ထင်မှတ်မထားသည့် အရာပင် ဖြစ်သည်။
………..
အခန်းထဲ၌ ကာယကံရှင် ဘက်ဂျင်ဝူနှင့် ကျန်းရှန်းကျွင်းတို့၏ မျက်နှာမှာ အလွန်အမင်း ဖြူဖပ်ဖြူလျော် ဖြစ်နေလေသည်။
ဆောင်းတွင်း သေခါနီး အခြေအနေသို့ ကျရောက်နေသကဲ့သို့ ဖြစ်ပျက်နေကြ၏။
ဘာကြောင့်လဲဆိုတော့ ယခုလေးတင် ကုမ္ပဏီဘက်က သူတို့ဆီ တစ်ဖန် ဖုန်းဆက်လာပြီး အဆိုပါ ဖုန်းကောက သူတို့ကို သေသည်ထိ ထိတ်လန့်သွားစေခဲ့သည်။
ဖုန်းထဲတွင် သူတို့ သိလိုက်ရသည်က သူတို့၏ ကုမ္ပဏီသည် နိုင်ငံတကာ ကုမ္ပဏီကြီး၏ အရေးယူ ပိတ်ဆို့ ဒဏ်ခတ် တိုက်ခိုက်မှုကို ကြုံတွေ့နေရပြီး ဟွာရှဘက်သို့ လုံးဝ အာရုံမစိုက်ပေးနိုင်တော့ ဟူ၍ပင်။
သို့သော် သူတို့နှစ်ယောက်ကို အထိတ်လန့်စေဆုံးကတော့ သူတို့ရဲ့ ကုမ္ပဏီ သူဌေးကနေပြီး နောက်ဆုံး ရာဇသံကို ပေးလိုက်လေပြီ။ အကယ်လို့ သူတို့သာ ဟွာရှ၌ ပြဿနာကို မဖြေရှင်းနိုင်ခဲ့ဘူးဆိုပါက တောင်ကိုးရီးယားသို့ ရောက်သည်နှင့် ချက်ချင်း အသတ်ခံရမည် ဟူ၍ပင်။
“ ဂျင်ဝူ… ဒီလိုတွေ ဖြစ်ပြီးမှတော့ မင်းအတွက် ဟွာရှမှာ ပိုက်ဆံရှာဖို့ ဆိုတာ ဘယ်လိုမှ ဆက်မဖြစ်နိုင်တော့ဘူး… ဒီတော့ ဈေးကွက်ကို စွန့်ပစ်ပြီး ဒီက ဖန်တွေနဲ့ သံယောစဉ် ဖြတ်လိုက်တော့… မင်းဘက်က မင်းရဲ့ သဘောထားကို လင်းယွင်အုပ်စု မြင်သာအောင် ထုတ်ပြပြီးတော့မှ ဒီကိစ္စက မင်းနဲ့ မသက်ဆိုင်ဘူးဆိုတဲအတိုင်း ပြောပြရမယ်… မဟုတ်ရင် မင်းမှာ လွတ်လမ်း ရှိမှာ မဟုတ်တော့ဘူး…”
“ ဒါပေမယ့် ဟွာရှ ဈေးကွက်ကို လျစ်လျူရှုလိုက်မယ်ဆိုရင် ငါ့ ဝင်ငွေလည်း ထိုးကျသွားတော့မှာ မဟုတ်ဘူးလား… အိမ်တစ်လုံး ဝယ်ဖို့တောင် ခြစ်ကုပ်ပြီး ရုန်းကန်နေရတော့မှာ…”
ဟွာရှက လူဦးရေလည်း ထူထပ်သဖြင့် ဈေးကွက်ကလည်း အကြီးကြီးပင်။ ထို့ကြောင့် သူ ရမည့် ဝင်ငွေများကို မဆုံးရှုံးချင်ပေ။
“ မင်းက ပိုက်ဆံလိုချင်တာလား ဒါမှမဟုတ် အသက်ရှင်ချင်တာလား….”
ကျန်းရှန်းကျွင်း ကျယ်လောင်စွာ ကြိမ်းမောင်းလိုက်ပြီး “ ဥက္ကဌလီ ဘယ်လိုလူစားမျိုးလဲဆိုတာ မင်းမသိတာလည်း မဟုတ်ဘဲနဲ့… တကယ်လို့ မင်း ဒီကိစ္စကို မဖြေရှင်းနိုင်ဘူး ဆိုလို့ကတော့ သေဖို့ ထိုင်စောင့်နေလိုက်ရုံပဲ…”
ထိုအခါမှ ဘက်ဂျင်ဝူ သတိပြန်ဝင်လာခဲ့သည်။ စက္ကန့်အတော်ကြာပြီးနောက် သူ ပြတ်သားသည့် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်၏။
“ ငါ ဗွီဒီယို တစ်ခု တင်ပြီး ငါ့ရဲ့ ဖန်တွေနဲ့ သံယောစဉ် ဖြတ်လိုက်တော့မယ်…”
“ မြန်မြန် အချိန်ထပ် မဖြုန်းနဲ့တော့… ငါတို့ ဒီထက်ပိုပြီး အချိန်ဆွဲနေရင် ဒီ ဦးနှောက်မပါတဲ့ ဖန်တွေက တစ်ခုခု လုပ်ရင် လုပ်ကြတော့မှာ….”
ဘက်ဂျင်ဝူ သူ၏ အင်္ကျီ အဝတ်အစားတို့ကို သပ်ရပ်အောင် ပြုလုပ်လိုက်ပြီး သုန်ရင်းကို ဖွင့်၍ ဗွီဒီယိုတစ်ခု ရိုက်လိုက်သည်။
“ ဟွာရှက သူငယ်ချင်းတို့… ဒီနေ့လည်ခင်းက ဖြစ်သွားခဲ့တဲ့ ကိစ္စအတွက် လေးလေးနက်နက် တောင်းပန်ပါတယ်… ဒါပေမယ့် အင်တာနက်ပေါ်မှာ ဖြစ်ပျက်နေတာတွေက ငါနဲ့ ဘာမှမဆိုင်ပါဘူး… အဲ့တာ အကုန်လုံးကို ဟိတ်တာတွေက လုပ်နေကြတာပါ… သူတို့က ငါနဲ့ လင်းယွင်အုပ်စုကြားမှာ အကွဲအပြဲတွေ ဖြစ်စေချင်နေတာ… ပြီးတော့ မစ္စတာလင်းနဲ့ရောပေါ့…”
“ ဒါကြောင့်မို့ အဲ့ဒီ ဟိတ်တာတွေကလည်း လင်းယွင်အုပ်စုကို တိုက်ခိုက်နေတာ ချက်ချင်း ရပ်တန့်ပေးမယ်လို့ မျှော်လင့်ပါတယ်… မဟုတ်ရင် တရားဥပဒေ လမ်းကြောင်းကနေ လိုက်ရလိမ့်မယ်… မင်းတို့ထိုက်တဲ့ မင်းတို့ကံပဲ…”
သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ဘက်ဂျင်ဝူသည် သူ၏ ဖန်များနှင့် လုံးဝ လုံးဝ သံယောစဉ် ဖြတ်တောက်ပစ်လိုက်ပြီး ဟိတ်တာများဟုပင် ခေါင်းစဉ်တပ်လိုက်သေးသည်။
ပရိသတ် အသိုင်းအဝိုင်း အတွင်း၌ ဤသည်က အလွန်တရာကို လေးနက် ပြင်းထန်သည့် ကိစ္စကြီး တစ်ခု ဖြစ်လေသည်။
“ မြန်မြန် တင်ပြီး မင်းဟာတွေနဲ့ ဆက်ဆံရေး ဖြတ်လိုက်တော့….” ကျန်းရှန်းကျွင်း ပြောလိုက်သည်။
“ ဒါဆိုလည်း ငါတို့ ဝေ့ပေါ်မှာ အရင်တင်ပြီး လူတိုင်းကို ပေးသိလိုက်ကြတာပေါ့…”
“ အင်း…”
အချိန်တို့ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ဤအရေးကိစ္စကလည်း ကြီးထွား ပြင်းထန်လာလေသည်။
ထိုအခိုက်အတန့်တွင် ဘက်စ်ကား အများအပြားက လင်းယွင်အုပ်စု၏ အဆောက်အအုံ ဝင်ပေါက်ဝသို့ ဆိုက်ရောက်လာခဲ့ကြ၏။
ရာနှင့်ချီသည့် လူတို့က ကားပေါ်ကနေ ဆင်းလာခဲ့ကြပြီး သူတို့၏ ပျှမ်းမျှ အသက်အရွယ်ကတော့ ၂၀ ပင်။ သူတို့အားလုံးက ဘိုးဘေးအုတ်ဂူများ အတူးခံလိုက်ရသကဲ့သို့ ဒေါသတွေ ထွက်နေကြ၏။
လူတစ်ချို့ဆိုလျှင် ဘန်နာများ ကိုင်ဆောင်ထာကြပြီး လူတစ်ချို့ကတော့ မီးအိမ်များ ကိုင်ဆောင်ထားကာ လင်းယွင်အုပ်စုကို ပိတ်ချဖို့ အော်ဟစ်နေကြသည်။
ထိုအချိန်တွင် ချီရှန်းကျောက်၊ ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့က သူတို့ဖုန်းကို ကိုင်၍ ဝေ့ပေါ်ရှိ သတင်းများအား ဖတ်ရှုနေလေသည်။
“ မမြန်လွန်းဘူးလား… ဒီကဖြင့် ငါ့ရဲ့ ကြီးမြတ်မှုတွေတောင် ပြလို့ မပြီးသေးတာကို သူတို့က ဘာကို ကြောက်နေကြတာလဲတဲ့…” ဟော်ယွမ်ယွမ် နှုတ်ခမ်းကို ကိုက်ထားရင်း ပြောလိုက်သည်။
“ တိုင်မင်(timing)က ကွက်တိပဲ… မဟုတ်ရင် ပေါက်ကွဲထွက်လာတော့မှာ…”