တန်ပြန်တိုက်ခိုက်မှု စတင်ပြီ
Vol. 94 Ch. 1409
“ ပေါက်ကွဲထွက်လာမှာလား..” ဟော်ယွမ်ယွမ် မေးလိုက်ပြီး
“ ကိစ္စကဖြင့် ဒီအခြေအနေထိတောင် ရောက်နေပြီကို ဘာကြောက်နေရဦးမှာ… လင်းယွင်အုပ်စုက သရုပ်ဆောင်လေး တစ်ယောက်ကြောင့်နဲ့ အနှောင့်အယှက် ဖြစ်စရာတဲ့လား…”
“ ငါ ဆိုလိုချင်တာ အဲ့သဘောမျိုးမဟုတ်ဘူး..” ချီရှန်းကျောက် ပြောလိုက်ပြီး “ တကယ်လို့ ငါတို့က ဒီကိစ္စကို ကောင်းကောင်း မကိုင်တွယ်ဘူးဆိုရင် အမျိုးသားရေး အဆင့်ရှိတဲ့ လူပုဂ္ဂိုလ်တွေက ကြားဝင်လာရတော့မှာ… တကယ်လို့ တစ်နိုင်ငံလုံးက အာရုံစိုက်သွားမယ်ဆိုရင် လင်းယွင်အုပ်စုက နာမည်ကြီးလာပြီးတော့ ကုမ္ပဏီကို ထိခိုက်လို့မရဘူးဆိုတဲ့ အချက်ကို အများက သိအောင် ထုတ်ပြောပြသလို ဖြစ်သွားလိမ့်မယ်… ဒါက ငါတို့အတွက် မကောင်းဘူး… တကယ်လို့ ငါတို့ဘာငါတို့ ကိုင်တွယ်နိုင်တယ်ဆိုရင် ငါတို့ဘာသာပဲ ဖြေရှင်းလိုက်တော့မှာပေါ့… ဖြစ်နိုင်ရင် အထက်က လူကြီးတွေရဲ့ အကူအညီကို ယူတာ ရှောင်သင့်သလောက် ရှောင်ရမယ်.. ခရစ်ဒစ် ကတ်လိုမျိုးပဲ… သုံးပြီးလို့ ပြန်ပေးဆပ်ရတဲ့အခါကျ နစ်နေမှာ...”
ချီရှန်းကျောက်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့ ခေါင်းတညိမ့်ညိမ့်နှင့် ဖြစ်သွားခဲ့ကြပြီး ထျန်းရန်က “ ဒါပေမယ့် ငါတို့ရဲ့ ရွေ့ကွက်က ထိရောက်တယ်လို့ ပြောရမယ်.. အဲ့ဒီ ဘက်ဂျင်ဝူဆိုတဲ့လူက အွန်လိုင်းပေါ်မှာ တောင်းပန်တဲ့ ပို့စ်တင်ပြီး သူ့ဖန်တွေနဲ့တောင် သံယောစဉ် ဖြတ်သွားခဲ့ပြီ… သူ့ကို ချစ်လှပါပြီရဲ့ ဆိုတဲ့ ဖန်တွေသာ ဒီအကြောင်းသိရင် ဘယ်လိုနေမလဲ သိချင်လိုက်တာနော်…”
“ ငိုသွားကြလောက်တယ် ခစ်ခစ် ခစ်….” ဟော်ယွမ်ယွမ် တခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။
ဒေါက် ဒေါက် ဒေါက်…
“ ဝင်ခဲ့…”
တံခါးခေါက်သံ တစ်သံ ထွက်ပေါ်လာပြီး ချီရှန်းကျောက် တုံ့ပြန်လိုက်၏။ သူ၏ အတွင်းရေးမှူးက အထဲသို့ ဝင်လာလေသည်။
“ ဥက္ကဌချီ… သတင်းဆိုးပဲ… အဲ့ဒီ သရုပ်ဆောင်မင်းသားရဲ့ ဖန်တွေက အဆောက်အဦးရှေ့မှာ လာပြီး ဆန္ဒပြနေကြတယ်..”
“ သူတို့ အောက်ရောက်နေတာလား….”
သုံးယောက်လုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ဘက်ဂျင်ဝူရဲ့ ဖန်တွေ ယခုလို ရူးသွပ်လာကြလိမ့်မည်လို့ သူတို့ မျှော်လင့်မထားခဲ့ချေ။
မသိလိုက်စွာဖြင့် သုံးယောက်လုံး ပြိုင်တူ ထရပ်လိုက်ကြပြီး ပြတင်းပေါက်မှန်သို့သွားကာ အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။
လူတစ်ရာကျော်ခန့်လောက်က ကုမ္ပဏီ၏ ဝင်ပေါက်ဝတွင် စုဝေးရောက်ရှိနေသည်ကို သတိပြုမိလိုက်လသည်။ သို့သော် အလွှာက အတော်လေး မြင့်နေသည့် အတွက် အောက်ရှိ လူအုပ်စုကြီးကို ပုရွက်ဆိတ်များကဲ့သို့ မြင်နေရသည်။
“ ဒီလူတွေ နည်းနည်းလေး မရူးသွပ်လွန်းဘူးလား… သူတို့တွေ ဘက်ဂျင်ဝူ တင်ထားတဲ့ ပို့စ်ကို မကြည့်ရသေးဘူးလား မသိဘူး…”
“ သူတို့တွေ လွန်ကျူးနေကြတာတော့ အမှန်ပဲ…” ချီရှန်းကျောက်၏ အတွင်းရေးမှူးက ပြောလိုက်ပြီး “ ကုမ္ပဏီရဲ့ လုံခြုံရေး ဌာနက မန်နေဂျာကျိုးကိုတော့ အစောင့်တွေ အကုန် ပို့ထားပေးဖို့ ပြောထားတယ်… မဟုတ်ရင် ထိုးဖောက်ပြီး ဝင်လာကြမလား မပြောတတ်ဘူး…”
ချီရှန်းကျောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်သည်။
“ ဒီလူအုပ်စုကတော့ ရူးနေကြပြီ..”
“ ဒါရိုက်တာချီ… ကျွန်မတို့ ဘာဆက်လုပ်သင့်လဲ…”
“ မလောနဲ့.. ငါ အောက်ဆင်းပြီး တစ်ချက်သွားကြည့်လိုက်ဦးမယ်..။” ချီရှန်းကျောက် ပြောလိုက်ပြီး “ ဒီလို အသေးမွှား ကိစ္စလေးလောက်တော့ မင်း ဝင်ပါစရာ မလိုပါဘူး… ငါနဲ့ ဒါရိုက်တာထျန်ပဲ သွားလိုက်မယ်…”
“ ဖြစ်ပါ့မလား.. ညီမလည်း လိုက်ခဲ့မယ်…”
“ ညီမတို့ချင်း သိလာတာ ဒီလောက်ကြာနေပြီကို ဒါလေးတောင် မယုံကြည်ပေးနိုင်ဘူးလားဟာ…”
“ မင်းရဲ့ အရည်အချင်းကို မသိတာ မဟုတ်ဘူး… တော်နေကြာ သူတို့နဲ့ ပေါင်းပြီး ဥက္ကဌလင်းကို ဆန့်ကျင်နေမှာစိုးလို့…”
“ အာ…..” ဟော်ယွမ်ယွမ် ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး “ ငါ ကိုယ့်ကိုယ့်ကို အကောင်းဆုံး ထိန်းချုပ်ထားမယ်လေ…”
“ ထိန်းချုပ်ရုံနဲ့ မရဘူး… လုံးဝ မလုပ်ရဘူး… ”
“ အိုကေ အိုကေ အိုကေ… နားလည်ပြီ… “
ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့ ရုံးခန်းထဲကနေ ထွက်လာခဲ့ကြပြီး ကုမ္ပဏီ ဝင်ပေါက်ဝသို့ ရောက်လာခဲ့လေသည်။
အနက်ရောင် ဝတ်စုံများနှင့် ဖန်များက အဝင်ဝကို ပိတ်ဆို့ထားပြီး ဝန်ထမ်းများက အဝင်အထွက်ပြုရန်အတွက် အနောက်တံခါးကို အသုံးပြုနေရသည်။
တစ်စုံတစ်ယောက် ထွက်လာသည်ကို မြင်တော့ ဘက်ဂျင်ဝူ၏ ဖန်များက စိတ်အခြေအနေ အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်ကြတော့၏။
“ မြန်မြန် အဲ့ဒီ လင်းရီလို့ ခေါ်တဲ့ လူကို ငါတို့လက်ထဲ ထည့်ပေးလိုက်… ပြီးရင် ဂျင်ဝူ အိုပါးကို တောင်းပန်ရမယ်…”
“ မင်းတို့ မလိုက်နာဘူးဆိုရင် မင်းတို့ ကုမ္ပဏီ ဒေဝါလီ ခံတဲ့အထိ အွန်လိုင်းပေါ်မှာ သတင်းတွေ လိုက်ဖြန့်နေဦးမှာပဲ…”
“ စိတ်အေးအေးထားကြပါ…. အသံအကျယ်ကြီး အော်နေလို့ ပြဿနာက ဖြေရှင်းပြီးသွားမှာ မဟုတ်ဘူး…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ နင်တို့ထဲက ကိုယ်စားလှယ်တစ်ယောက်ကို လွှတ်ပြီး ငါတို့နဲ့ စကားပြောခိုင်းလိုက်…”
ထိုအချိန်တွင် ကောင်မလေး တစ်ယောက် ရှေ့သို့ ထွက်လာပြီး စကားပြောသည်။
“ ငါက ဂျင်ဝူ နိုင်ငံတကာ ဖန်ကလပ်ရဲ့ ဥက္ကဌ ၊ လီမုန့်…. ဒီခု ပွဲစဉ်ကိုလည်း ငါပဲ စီစဉ်ဖန်တီးထားတာ… ငါတို့ ဒီနေ့လာခဲ့တာက နင်တို့နဲ့ စကားပြောဖို့ပဲ…”
“ နင်တို့တွေက ဆယ်လီ နာမည်ကြီးတွေနောက် လိုက်တာက လိုက်၊ ဒါပေမယ့် ဒီလိုမျိုး ရုတ်ရုတ်ရုတ်ရုတ်တွေ လုပ်နေတာက ထိုက်တန်တယ်လို့ ထင်လား…” ဟော်ယွမ်ယွမ် မေးမြန်းလိုက်သည်။
“ ဒါပေါ့… ထိုက်တန်တာပေါ့… အမှားလုပ်ခဲ့ရင် ဝန်ခံပြီး တောင်းပန်သင့်တာပဲလေ…” လီမုန့် ပြောလိုက်သည်။
“ ဒါပေမယ့် နင်တို့ အခု လုပ်နေတာတွေက အဲ့ဒီ ဘက်ဂျင်ဝူဆိုတဲ့လူကို ကူညီရာ မရောက်ဘဲ ထိခိုက်အောင် လုပ်နေတယ်ဆိုတာရော နင်တို့ သိကြလား… ငါတော့ သူ့စိတ်ထဲ မင်းတို့ကို ဆဲဆိုနေလောက်ပြီလို့ ယူဆတယ်… နည်းနည်းလောက် နိုးထကြပါဦးလား…”
“ မဖြစ်နိုင်တာတွေ… နင် ဘာပေါက်တတ်ကရတွေ လာပြောနေတာလဲ… ငါတို့နဲ့ ဂျင်ဝူအိုပါးကို သွေးခွဲချင်နေတာလား ဟွန့်…” လီမုန့် ချေပလိုက်ပြီး “ ဂျင်ဝူ အိုပါးက တစ်လျှောက်လုံး ငါတို့ကို သူ့မိသားစုတွေလို ဆက်ဆံလာခဲ့ပေးတာ… ပြီးတော့ ခုလေးတင်ပဲ လိုင်းပေါ်မှာ ငါတို့ကို ထောက်ခံပေးသွားသေးတယ်… ဘာလို့ ငါတို့ ဆဲနေရမှာ…”
“ ပြောနေလို့ ထူးမှာမဟုတ်ဘူး… သူ့ရဲ့ ဝေ့ပေါ်ကို သွားကြည့်ကြည့်လိုက်… မြင်ရင် နင်တို့ သိလိမ့်မယ်…”
ထိုသို့ ပြောပြီးနောက် ဟော်ယွမ်ယွမ်သည် ထျန်းရန်ကို အကြည့်တစ်ချက် ပေး၍ နောက်သို့ လှည့်ပြီး အဆောက်အဦးထဲ ပြန်ဝင်လာခဲ့လိုက်တော့သည်။
တံခါးအပြင်ဘက်ရှိ ဖန်များကတော့ ဘာဖြစ်နေလဲဆိုတာကို နားမလည်ဘဲ ရှိနေလေသည်။ သူတို့ရဲ့ ဖုန်းတွေကို ထုတ်၍ ဘက်ဂျင်ဝူ၏ ဝေ့ပေါ်ထဲ ဝင်ကြည့်လိုက်ကြပြီး ဘာဖြစ်နေလဲဆိုတာကို သိချင်နေမိတော့၏။
“ မဖြစ်နိုင်တာ… ငါတို့အားလုံးက ဂျင်ဝူ အိုပါးရဲ့ မိသားစုဝင်တွေလေ… ငါတို့ကို ဟိတ်တာတွေဆိုပြီး ဘယ်လိုလုပ် ပြောရက်နေတာလဲ…”
“ သူ့ရဲ့ ဝေ့ပေါ်မှာတင် မကဘူး… သုန်ရင်းမှာကောပဲ… သူက ဒီကုမ္ပဏီရဲ့ ဥက္ကဌနဲ့ သူငယ်ချင်းကောင်းတွေလို့တောင် ပြောထားသေးတယ်… ငါတို့ကသာ မှားနေတဲ့လူတွေ… လင်းယွင်အုပ်စုကို အကျိုးယုတ်စေမယ့် ငါတို့ရဲ့ အခု လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့တောင် ပြောထားသေးတယ်…”
အဆိုပါ သတင်းများကို မြင်တွေ့ပြီးနောက် ဘက်ဂျင်ဝူ၏ ဖန်များအားလုံး ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားခဲ့ကြပြီး တစ်ချို့ဆိုလျှင် မြေပြင်သို့ ဒူးထောက်၍ပင် ငိုကြွေးနေကြတော့သည်။
“ လူတိုင်းပဲ… မငိုကြနဲ့… သူ ဘယ်မှာနေလဲ ငါသိတယ်.. သွားပြီး သူ့ကို ချက်ချင်း မေးကြမယ်… ငါတို့ ဖြေရှင်းချက် တစ်ခုတော့ ရမှ ဖြစ်မှာ…” လီမုန့်ကနေပြီး တိုက်တွန်းနှိုးဆော်လိုက်၏။
“ ဟုတ်တယ်… အခု သွားကြစို့…”
လူတိုင်း ကားများထဲသို့ ပြန်ဝင်ကြပြီး လစ်ကာတွန်ဟိုတယ်သို့ မောင်းနှင်လာခဲ့ကြသည်။
တစ်ချိန်တည်းတွင် လီမုန့်နှင့် ကျန်သူများကသာလျှင် ဘက်ဂျင်ဝူဆီကနေ ဖြေရှင်းချက် လိုချင်နေသည် မဟုတ်ဘဲ အခြားသော ဖန်များကလည်း လစ်ကာတွန် ဟိုတယ်သို့ အဆောတလျင် ရောက်လာနေကြသည်။ သူတို့အားလုံးက ဘာတွေ ဖြစ်နေလဲဆိုတာကို သိချင်နေကြ၏။
လစ်ကာတွန် ဟိုတယ်၏ ဘုရင်ခန်းအတွင်းတွင် ဘက်ဂျင်ဝူနှင့် ကျန်းရှန်းကျွင်းတို့ ဖုန်းကိုယ်စီ ကိုင်လျက် သတင်းများအား ပွတ်ဆွဲနေကြသည်။
အင်တာနက်ပေါ်ရှိ သတင်းများက ဖြည်းဖြည်းချင်း တည်ငြိမ်လာသည်ကို မြင်တော့မှ နှစ်ယောက်လုံး သက်ပြင်း ချမိကြလေသည်။
“ အချိန်မီသွားလိုက်လို့ပေါ့… ငါတို့သာ နည်းနည်း ထပ်စောင့်နေဦးမယ်ဆိုရင် ဒီကိစ္စက ပိုပြီးတောင် ပေါက်ကွဲထွက်လာတော့မှာ…”
ကျန်းရှန်းကျွင်း တစ်ယောက် သူ့ကိုယ်သူ သေမင်းနှုတ်ခမ်းဝကနေ လက်မတင်လေး လွတ်မြောက်လာသည်ဟု ခံစားနေရသည်။ ဤသည်က သူ့ အလုပ်သက်တမ်းတစ်လျှောက် ရင်ဆိုင် ကြုံတွေ့ရသည့် အကြီးမားဆုံးသော ကပ်ဘေးကြီး တစ်ခုပင်။
မူလကတော့ လူအများ၏ အင်အားဖြင့် အနိုင်ယူချင်ခဲ့သော်လည်း တစ်ဖက်လူက ထိုမျှ ဩဇာအာဏာ ကြီးမားသည့် ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်နေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
ဤတစ်ကြိမ်တွင်တော့ သူသည် အိပ်ပျော်နေသည့် နဂါးကိုမှ ခေါင်းသွားပုတ်မိခြင်းပင်။
“ ငါ့အထင် ကိစ္စတွေ အရင်လို ပြန်ဖြစ်ဖို့က အကြာဆုံး တစ်ပတ်လောက်ပဲ လိုမယ်…”
ဘက်ဂျင်ဝူ ပြောလိုက်ပြီး “ ဟွာရှက ဖန်တွေကို လက်လွတ်လိုက်ရာ နှမြောဖို့ ကောင်းတယ်ဆိုပေမယ့် ငါ့နိုင်ငံတွင်းမှာလဲ ပိုက်ဆံရှာလို့ ရနေသေးတာပဲလေ… ဆိုးတော့ မဆိုးပါဘူး…”
ကျန်းရှန်းကျွင်း ခေါင်းညိမ့်လိုက်သည်။ “ ဒါက အကောင်းဆုံး ရလဒ်ပဲ… တခြားလျှောက်တွေးမနေနဲ့တော့….”
“ ငါနားလည်တယ်…” ဘက်ဂျင်ဝူ သက်ပြင်းချလိုက်သည်။ “ အနာဂတ်ကျရင် ဒီကဖန်တွေနဲ့ ပြန်ပြီး အဆင်ပြေဖို့ မျှော်လင့်တယ်ကွာ….. ဘာပဲ ပြောပြော သူတို့နား ပိုက်ဆံလိမ်လို့တော့ တအားကောင်းတာ… တကယ်ကြီး မခွဲရက်ဘူး…”
“ ငါလည်း အဲ့လို စဉ်းစားနေတာပဲ… ဒါပေမယ့် နောင်မှပါ…”
“ ဘက်ဂျင်ဝူ… နင် ထွက်လာပြီး ငါတို့နဲ့ လာတွေ့စမ်း… ငါတို့ ဖြေရှင်းချက် ကြားချင်တယ်…”
“ နင်ကိုယ်တိုင် ဝေ့ပေါ်နဲ့ သုန်ရင်းက ဗွီဒီယိုတွေကို တင်ခဲ့တာလား… မြန်မြန် ရှေ့ထွက်လာခဲ့…”
သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပဲ ရုတ်တရက်ဆိုသလို အောက်ထပ်ကနေပြီး အသံဗလံများအား ကြားလိုက်ရသည်။
ကျန်းရှန်းကျွင်း ပြတင်းပေါက်ကို မှီ၍ တစ်ချက်ကြည့်လိုက်၏။
“ မင်း အချစ်တော်တွေ ဒီရောက်နေတာပဲ…”