← Chapters

ပြေးပေါက်ပိတ်ပြီ

Vol. 94 Ch. 1410

ပြေးပေါက်ပိတ်ပြီ

Vol. 94 Ch. 1410

“ တောက်… ဒီ စောက်လုပ်ရှုပ်တဲ့ဟာတွေကလည်း ဘာလို့ ရောက်လာကြလဲကွာ… စိတ်ရှုပ်လိုက်တာ…” ဘက်ဂျင်ဝူ ရွံရှာနေသည့်ဟန်ဖြင့် ပြောလိုက်သည်။

“ မင်း တင်လိုက်တဲ့ ပို့စ်နှစ်ခုက သူတို့ရဲ့ စိတ်ကို လဲပြိုသွားစေခဲ့လို့ နေမှာပေါ့…”

“ သောက်ရူးတစ်သိုက်ပဲ… ငါ့မှာဖြင့် သူတို့ကြောင့် အသတ်ခံရတော့မလို့ကို ဒင်းတို့ကများ ငါ့လာပြီး မေးခွန်းထုတ်ဝံ့နေကြတယ်ပေါ့… စိတ်ရှိလက်ရှိ ဆဲပစ်ချင်လိုက်တာ…”

“ မင်း လုံးဝ လုံးဝ ဆဲလို့မရဘူးနော်…. ဒါပေမယ့် ဒါက အခွင့်အရေးကောင်းဆိုလည်း ဟုတ်တယ်… သူတို့နဲ့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် စည်းခြားပြီး သံယောစဉ်တွေ ဖြတ်လိုက်လို့ရတာပေါ့… ပြီးရင် မင်းရဲ့ စိတ်ကို လင်းယွင်အုပ်စု မြင်အောင် ပြလိုက်…. အဲ့တာမှပဲ အဲ့ဒီလူရဲ့ ဒေါသကို ဖြေဖျောက်နိုင်မှာ…”

“ ငါနားလည်ပြီ… အခု ဆင်းသွားပြီး သူတို့နဲ့ ရှင်းအောင် လုပ်လိုက်တော့မယ်…”

“ သွားစို့…”

သူတို့ နှစ်ယောက်လုံး ပြင်ဆင်မှု တစ်ချို့ ပြုလုပ်၍ ဟိုတယ်ထဲကနေ ဘော်ဒီဂတ်များ ခြံရံလျက် ထွက်လာခဲ့လေသည်။

ဘက်ဂျင်ဝူ ထွက်လာခဲ့သည်ကို မြင်တော့ ဖန်များအားလုံး ဒေါသချောင်းချောင်း ထွက်သွားခဲ့ကြပြီး သူတို့၏ ဖုန်းများကို ဘက်ဂျင်ဝူထံ ချိန်ရွယ်လိုက်ကြသည်။

ဟိုတယ်ဝင်ပေါက်ဝဘေးတွင် ကျန်းရှန်းကျွင်းသည်လည်း ဖုန်းထုတ်၍ မြင်ကွင်းကို မှတ်တမ်းတင်ကာ လိုင်းပေါ်တင်ရန် ပြင်ဆင်နေသည်။

ဤသည်က အခွင့်အရေးကောင်း တစ်ခုဟု သူမြင်မိသည်။ ဤဗွီဒီယိုကို လင်းယွင်အုပ်စု မြင်သည်နှင့် သူတို့၏ လက်စားချေမှုကို ရပ်တန့်ပြီး ဆက်မလိုက်တော့တာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

“ ဂျင်ဝူ အိုပါး … အွန်လိုင်းပေါ်က သတင်းတွေက အဲ့တာ အမှန်ပဲလားဟင်… နင် ဘာလို့ ငါတို့ကို ဟိတ်တာတွေလည်း ပြောရက်နိုင်တာလဲ…” လီမုန့် မျက်ရည်လေး ဝိုင်းလျက် သနားကမားလေး မေးခွန်းထုတ်လိုက်၏။

ဤလူများကို မြင်တော့ ဘက်ဂျင်ဝူ ပိုလို့တောင် ဒေါသထွက်လာခဲ့တော့သည်။ သူ ရာနှင့်ချီသည့် လူများဘက်သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ မင်းတို့က ဟိတ်တာတွေ မဟုတ်ဘူးဆိုရင် မင်းတို့က ဘာတွေလဲ… မင်းတို့က ငါနဲ့ လင်းယွင်အုပ်စု၊ မစ္စတာလင်းကြားက ဆက်ဆံရေးကို တကယ်ကြီး ဖျက်လိုဖျက်စီးတွေ လုပ်ပစ်နေတာပဲ… ခုတော့ မင်းတို့လုပ်လို့ အထင်လွဲမှု အကြီးကြီးတွေ ဖြစ်ကုန်ပြီ… ငါ့အလုပ်အကိုင်ကိုလည်း ထိခိုက်စေတယ်… ဒါတွေအကုန် မင်းတို့ကြောင့်မို့ …..”

“ နင်တို့နှစ်ယောက်က လေဆိပ်မှာ ရန်ဖြစ်ခဲ့တာ အရှင်းကြီးကို … ဟိုကဖြင့် နင့်ရဲ့ ဘော်ဒီဂတ်တွေကိုတောင် ရိုက်နှက်သွားသေးတယ်.. ခုတော့ နင်တို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေပါလို့ ပြောနေပြီပေါ့… နင့်စိတ်ကလည်း အပြောင်းအလဲ မြန်လိုက်တာ…”

စောစောပိုင်းတုန်းကတော့ ဤလူအုပ်စု၏ ရင်ထဲ ၊ မသိစိတ် အတွင်းပိုင်းတစ်နေရာ၌ ငြင်းဆန်လိုစိတ်ကလေးတို့က ရှိနေသေးသည်။ သို့သော် ယခုလို စကားလုံးမျိုး ပြောလာသည့်တိုင် ဤလိုကောင်စားမျိုးဘက်က ရပ်တည်ပေးနေဦးမည်ဆိုပါက အမှန်ပင် သူတို့ဦးနှောက်က ပြဿနာ တစ်စုံတစ်ရာ ရှိနေလို့ပဲ ဖြစ်ရပေမည်။

“ အဲ့ဒီသတင်းတွေကိုလည်း မင်းတို့ ဟိတ်တာတွေပဲ ဖြန့်ကြတာပဲလေ…” ဘက်ဂျင်ဝူ သူ့ဖန်များကို လက်ညိုးထိုး၍ ပြောလိုက်ပြီး “ ခုကစပြီး မင်းတို့နဲ့ ငါနဲ့ ဘာပတ်သက်မှုမှ မရှိတော့ဘူး… မင်းတို့လို ဖန်မျိုးကိုလည်း ငါလိုအပ်မနေဘူး … နောင်လမ်းမှာတွေ့ရင် ကျေးဇူးပြုပြီး ဝေးဝေးက နေပေးပါ….”

ယခင်က သူတို့၏ အိုင်ဒေါဘက်ကနေ မတရား နင်းကန် ခံစားပေးပြီး တရားမျှတမှု နာမည်တပ်၍ ခုခံတွန်းလှန်နေပေးသည့် အနှီပရိသတ်များ၏ မျက်နှာထက်တွင် ယခုတော့ လူသတ်ချင်ရိပ်တို့က ကြီးစိုးလာနေသည်။

သူတို့အားလုံး အံတင်းတင်းကြိတ်လျက် မျက်တောင့်တို့က ရဲရဲနီနေကာ တကယ်ကြီး ရှေ့တက်၍ ဘက်ဂျင်ဝူကို စိတ်ရှိလက်ရှိ ရိုက်နှက်ချင်စိတ်များ ဖြစ်ပေါ်နေတော့သည်။

ဘက်ဂျင်ဝူ မျက်နှာထက်တွင်တော့ ခပ်ပါးပါး အပြုံးတစ်ခုက ရှိနေသည်။ အကြောက်အလန့် ကင်းနေသည့် အမူအရာဖြင့် ကျန်းရှန်းကျွင်းဘက်သို့ လှည့်ကြည့်လိုက်၏။

တစ်ဖက်သူလည်း ခေါင်းညိမ့်ပြလိုက်ပြီး အရာအားလုံးကို ရိုက်ကူးထားပြီးဖြစ်ကြောင်း အချက်ပြလိုက်သည်။

“ မင်းတို့ anti-fan တွေ… ငါ့ကို အဲ့ဒီ မျက်နှာထားမျိုးနဲ့ လာကြည့်မနေကြနဲ့… ခုချက်ချင်း ထွက်သွားကြစမ်း… မဟုတ်ရင် ငါ့ဘော်ဒီဂတ်တွေကို မောင်းထုတ်ခိုင်းလိုက်မယ်…”

“ ကျွတ် ကျွတ် ကျွတ်… ကင်မ်ချီနိုင်ငံကကောင်က ဟွာရှလာပြီး အသံကောင်း ဟစ်လို့ပါလားကွ… မင်း နည်းနည်း မများလွန်းဘူးလား…”

တစ်စုံတစ်ယောက်က သူ့ကို စော်ကား ပုတ်ခတ်နေသည့် အသံကြားတော့ ဘက်ဂျင်ဝူ၏ အမူအရာ မည်းမှောင်သွားခဲ့သည်။ သူ ပြန်ပြီး တုံ့ပြန်တော့မည့် အချိန်မှာပဲ တစ်ဖက်သူက ကားအကောင်းစားကြီး တစ်စင်းထဲ ထိုင်နေသည့်လူ ဖြစ်သည်ကို မြင်တွေ့လိုက်ရတော့ အနည်းငယ် အင်တင်တင် ဖြစ်သွားခဲ့၏။

ထို့ပြင် ယင်းက ယွမ် သန်း ၄၀ ကျော် ပေးရသည့် အက်စတွန်မာတင် ဖြစ်လေသည်။

ယခုလို လူစားမျိုးကို သူ အပြစ်ပြုလို့ငှာ မစွမ်းသာခဲ့ချေ။

“ မင်းက ဘယ်သူတုန်း…” ဘက်ဂျင်ဝူ မေးလိုက်သည်။

“ ငါ ဘယ်သူလဲ ဆိုတာ ကိစ္စမရှိဘူး… မင်းသိထားဖို့ လိုတာ ငါက မင်း စော်ကားချင်သလို စော်ကားလို့ မရဘူးဆိုတဲ့ လူပဲ… စကားနဲ့တောင်မှပေါ့….” လျန်ကျင်းမင် အပြုံးလေးဖြင့် ပြောလိုက်သည်။

“ ဒါက ငါတို့တွေကြားက ကိစ္စသပ်သပ်ပဲ… မင်းနဲ့ ဘာမှ မဆိုင်ဘူး… မင်းဒီနေရာကနေ မြန်မြန်ထွက်ခွာသွားဖို့ မျှော်လင့်တယ်…”

“ မပူနဲ့… ငါလည်း မင်းနဲ့ စကားပြောဖို့ ဘယ်တုန်းကမှကို စိတ်မဝင်စားခဲ့တာ… ငါပြောမှာက ဟော့ဒီက ကလေးမလေးတွေကိုပဲ…”

ရာကျော်သည့် လူအုပ်စုက လျန်ကျင်းမင်ကို ပြိုင်တူ ကြည့်လိုက်ကြပြီး ဘာဖြစ်နေလဲဆိုတာ နားမလည်နိုင် ဖြစ်နေလေသည်။

“ မင်းတို့ရှေ့က ဒီရဲ့ ကင်မ်ချီ မင်းသားချောလေး… ဒီကောင်က ရှေ့တစ်မျိုး နောက်တစ်မျိုး… သူက မင်းတို့ဆီက ပိုက်ဆံတွေ ယူပြီး ကွယ်ရာမှာကျ မင်းတို့ကို သောက်ရူးတွေဆိုပြီး ခေါ်နေတာ ငါ ဒီ ခွေးသူတောင်းစားကို လုံးလုံး ကြည့်မရတော့ဘူး… မင်းတို့လည်း ကျေနပ်ကြမယ်လို့ ငါ မထင်ဘူး… ဒီတော့ သင်ခန်းစာ နည်းနည်းလောက် ပေးလိုက်ဖို့ ငါ အကြံပြုလိုက်မယ်… ဖြစ်သမျှ ကိစ္စ ငါတာဝန်ခံမယ်…”

လူတိုင်း၏ မျက်လုံး အရောင်များ လက်ခနဲ ဖြစ်လာသည်။

“ တကယ်လား…”

“ ငါစီးနေတဲ့ ကားကိုပဲ ကြည့်လိုက်လေ… ဘာလို့ ဒီလို တာဝန်ခံမှု သေးသေးလေးတောင် မလုပ်နိုင်ရမှာလဲ… မင်းတို့ လုပ်ချင်ရင် အခုချက်ချင်းလုပ်ဖို့တော့ အကြံပေးချင်တယ်…”

ဘက်ဂျင်ဝူ၏ မျက်နှာ ဖြူလျော်သွားခဲ့ပြီး မသိလိုက်စွာဖြင့် ခြေတစ်လှမ်း နောက်ဆုတ်မိသွားခဲ့သည်။ သို့သော် ဖန်များက သူ၏ တုံ့ပြန်မှုထက် ပိုမိုလျင်မြန်နေပြီး ချက်ချင်းဆိုသလို ရှေ့သို့ ပြေးတက်လာကြလေသည်။

“ မင်းတို့ ဘာလုပ်နေကြတာလဲ… ငါ့ကို ကာကွယ်ကြလေ…”

ဘော်ဒီဂတ်ခြောက်ယောက်က ဘက်ဂျင်ဝူကို တံတိုင်းသဖွယ် ဝန်းရံပေးလိုက်ကြသည်။ သို့သော်လည်းပဲ ဖန်အုပ်စုက အင်အားအလွန်တောင့်တင်းကာ မကြာမီမှာပဲ လူပင်လယ်ထဲ ရောက်ရှိသွားခဲ့တော့သည်။

ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် ကောင်းကျုံးယွမ်က ၎င်း အဖြစ်အပျက်ကို မြင်တော့ ဖုန်းထုတ်၍ ခေတ္တမျှ ရိုက်ကူးလိုက်သည်။

“ ဒီဖန်အုပ်စုက အားတော့ အတော်သန်သဟ… ကြည့်ရတာ တော်တော်လေး အားရဖို့ ကောင်းတယ်…”

“ ဒီကောင် ကံကောင်းသွားတယ်… ငါကိုယ်တိုင် လုပ်ရမယ်ဆိုရင် သေချာပေါက် ချောင်မှာမဟုတ်ဘူး… ခြေထောက်တစ်ချောင်းတော့ အနည်းဆုံး ရိုက်ချိုးပစ်မိမှာ…”

“ ခုလည်း မချောင်ပါဘူးကွာ ဟားဟားဟား….”

…………

အခြားတစ်ဖက်တွင်တော့ နာရီအနည်းငယ်ကြာ လေယာဉ်စီးပြီးနောက်တွင် လင်းရီတို့အုပ်စုက ပင်းချိန်မြို့ အထက်သို့ ရောက်ရှိလာခဲ့လေသည်။

“ ဒီလူတွေက ဘာတွေလုပ်နေတာတုန်းဟ… ဒီကောင်တွေ တော်တော်မြန်ကြတာပဲ…” လင်းရီ ဖုန်းကိုင်ရင်း ရေရွတ်လိုက်သည်။

“ အစ်ကိုရီ … ရှင်ပြောနေတာ တောင်ကိုးရီးယားက ဆယ်လီကိုလား…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ ငါ့ကုမ္ပဏီက ငါ့ကို မစောင့်ဘဲနဲ့ တိုက်ရိုက် ကိုင်တွယ်နေတာလေ…”

“ အဲ့တာ မကောင်းဘူးလား… အစ်ကိုရီ အလုပ်ရှုပ် သက်သာတာပေါ့…”

“ ဒီတိုင်း ရလဒ်က အားရကျေနပ်စရာ မရှိလို့… ခုအတိုင်းဆို အလွန်ဆုံးမှ ဘန်းခံရတာ ဒါမှမဟုတ် ရိုက်နှက်ခံရတာလောက်ပဲ ဖြစ်မှာ… တော်တော်လေး ပျင်းဖို့ ကောင်းတယ်…”

“ အာ….”

လီစီကျင်း လင်းရီကို သူမ၏ ကြီးမားပြီး လှပသည့် မျက်ရွှန်းစိုကြီးများဖြင့် အတော်ကြာအောင် စိုက်ကြည့်နေမိသည်။

“ ဒါက ရှင့်ရဲ့ ဒေါသကို ဖြေဖျောက်ဖို့ မလုံလောက်သေးဘူးပေါ့…”

“ ငါ သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်ချင်တာ…”

လီစီကျင်း ကြောက်ရွံ့စွာဖြင့် ကြက်သီးဖြန်းသွားခဲ့၏။

“ အိုက်ယိုး အစ်ကိုရီရယ်… အဲ့လို မလုပ်စမ်းပါနဲ့… နားထောင်ရတာ ကြောက်စရာကြီး….”

“ အဲ့ဒီ ကင်မ်ချီကကောင်တွေကို သင်ခန်းစာပေးချင်ရုံ သပ်သပ်ပဲ… မဟုတ်ရင် ငါတို့ ဟွာရှက အနိုင်ကျင့်လို့ လွယ်တယ်ဆိုပြီး အထင်ရောက်နေမှာစိုးလို့…”

လင်းရီ၏ ဖြေရှင်းချက်ကို ကြားတော့ လီစီကျင်း မသိစိတ်အလျောက် ခေါင်းညိမ့်လိုက်မိသည်။

“ အဲ့ဒီ ဆယ်လီတွေကလည်း တော်တော်လေး လွန်ပါတယ်.. သူတို့လည်း သင်ခန်းစာပေးတဲ့သူ‌တွေ ရှိပေးဦးမှ…”

“ ဒါကြောင့်မို့ ငါအခု စိတ်တိုနေတာလေ… ခုတော့ နောက်ကျသွားပြီ…”

လီစီကျင်း ရယ်မောလိုက်သည်။

“ အဲ့ကိစ္စ ခေါင်းထဲ ထားမနေပါနဲ့… အစ်ကိုရီ…. လေယာဉ်က ဆင်းတော့မှာ… ညီမတို့ ပြင်ဆင်ထားရမယ်…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ လူတိုင်းကို အဝတ်ထူထူထပ်ထပ် ဝတ်ထားဖို့ ပြောလိုက်… ဒီအချိန် မြောက်ပိုင်းမှာ အပူချိန်က သုည ဒီဂရီလောက်ကို ရှိတယ်… လေယာဉ်ပေါ်ဆင်းရင် အအေးမိနေလိမ့်မယ်…”

“ အိုကေ…”

လီစီကျင်း သူမ၏ ဖုန်းကို ချထားပြီး လူတိုင်းကို အဝတ်တွေ ဝတ်ထားဖို့ ၊ ပစ္စည်းတွေ သိမ်းဆည်းထားဖို့နှင့် လေယာဉ်ပေါ်က ဆင်းရန် အသင့်ပြင်ထားဖို့ ပြောလိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် လေယာဉ်မယ်တစ်ဦးက ပရော်ဖက်ရှင်နယ် ဝတ်စုံဖြင့် လင်းရီ အနားသို့ ရောက်လာခဲ့ကာ ကိုယ်ကို အနည်းငယ် ကိုင်းပြီး နှုတ်ဆက်သည်။ သင်းပျံ့သည့် ရနံ့တစ်ခုက နှာခေါင်းထဲ တိုးဝှေ့ဝင်လာပြီး လျှိုမြောင်ကျဉ်းကျဉ်းလေး တစ်ခုက စိတ်ကူးယဉ် ဆန်သွားစေသည်။

“ ဥက္ကဌလင်းရှင့်… ကျွန်မတို့ လေကြောင်း ထိန်းချုပ်ရေးတာဝါကနေပြီး ခုလေးတင် သတင်းရတယ်… ကြည့်ရတာ ပြဿနာ ရှိနေတဲ့ပုံပဲ… နောက်တစ်နာရီလောက်အထိ လေယာဉ်ဆင်းလို့ ရဦးမှာ မဟုတ်ဘူးတဲ့….”

“ ဟင်… ငါတို့ ခုလေးတင် တာဝါနဲ့ ဆက်သွယ်ခဲ့ပြီးတာ မဟုတ်ဘူးလား… သူတို့ ပြောတော့ ဆယ်မိနစ်အတွင်း ဆင်းသက်လို့ ရမယ်ဆို… ဘာလို့ နောက်တစ်နာရီ ဖြစ်သွားရပြန်တာ…”

“ အဲ့တာက….”

လေယာဉ်မယ်လည်း အနည်းငယ် အခက်တွေ့နေဟန် ပေါက်သွားခဲ့သည်။ ဤ ဥက္ကဌလင်းက ရုပ်ရည်ခန့်ညား ချောမောသော်လည်း စိတ်တိုလျှင် မလွယ်ကူသည်ကိုတော့ သူမ နားလည်လေသည်။

“ တာဝါက ခုလေးတင် ပြောသွားတာ သူတို့က ပြေးလမ်းကို တခြား တစ်ယောက်အတွက် သီးသန့် ထားထားပေးချင်တယ်တဲ့… ဒါကြောင့်မို့ ခဏလောက် ထပ်စောင့်ခိုင်းထားတာ…”

လင်းရီ မျက်ခုံး ပင့်လိုက်မိ၏။ “ တခြားတစ်ယောက်ဖို့ ပြေးလမ်း သီးသန့် ချန်ထားပေးမယ်ပေါ့… ဘယ်သူကများ ဒီလို ဆက်ဆံပေးခံရလောက်တဲ့အထိ အံ့ဩဖို့ ကောင်းနေတာလဲတဲ့…”

“ ဘယ်သူလဲ အတိအကျတော့ ကျွန်မလည်း မသိဘူး… ဒါပေမယ့် ဒေသတွင်းမှာတော့ တော်တော်လေးကို ပုံရိပ်ကြီးတဲ့သူ ဖြစ်ပုံပဲ… မဟုတ်ရင် လေဆိပ်က လူတွေက ဒီလိုမျိုး လုပ်ပေးမှာ မဟုတ်ဘူး…”

စာစဉ် (၉၄) ပြီး၏။

All Chapters