← Chapters

ဆရာနှင့် ပြန်တွေ့ခြင်း

Vol. 23 Ch. 334

ဆရာနှင့် ပြန်တွေ့ခြင်း

Vol. 23 Ch. 334

Child of light (ကျန်းကုန်း)

Volume 12: Chapter 9 - Reuniting with Teacher

(၃)နိုင်ငံက အဆင့်မြင့်အရာရှိကြီးတွေ အံ့ဩသွားကြတယ်။ ကျုပ်က အိုက်ရှားနိုင်ငံသားဆိုတာ သိထားပေမယ့် ကျုပ်အကြောင်း အသေးစိတ် မသိကြဘူးလေ။ ဆရာကျန်းကူတွဲထားတဲ့ကြားက ဆရာတိ မျက်ရည်တွေ ကျလာတယ်။ ပြီးတော့ ကျုပ်ဆီကို ဖြည်းဖြည်းချင်းလျှောက်လာတယ်။ အဘိုးကြီး ခြေတစ်လှမ်း လှမ်းတိုင်း ကျုပ်နှလုံးသားတွေ ခုန်နေတယ်။

“ဆရာ.. ဆရာတိ.. ကျုပ်..”

ဆရာတိ ကျုပ်နားရောက်တဲ့အချိန် နတ်ဘုရား စွမ်းအားတွေ ရုပ်သိမ်းထားလိုက်ပြီ။ ဆရာတိ စကားတစ်ခွန်းမှ မပြောဘဲ ရှုံ့တွနေတဲ့လက်နဲ့ ကျုပ်ခေါင်းကို ပွတ်ပေးနေတယ်။

“ကလေး.. ဆရာနဲ့ တွေ့ခွင့်ရပြီပေါ့..”

သူ့စကားလုံးနည်းနည်းလေးက ကျုပ်နှလုံးသားကို အရမ်းထိတာပဲ။

“ဟုတ်ပါတယ် ဆရာ. နောက်ဆုံးတော့ ဆရာနဲ့ ပြန်တွေ့ရပြီ… ဆရာရော ပြီးခဲ့တဲ့ နှစ်တွေမှာ နေကောင်းရဲ့လား..”

ဆရာတိ ခေါင်းပဲ ညိတ်ပြရှာတယ်။ သူ့မျက်လုံးထဲမှာလဲ မျက်ရည်တွေနဲ့။ ဆရာကျန်းက ကြားဝင်ပြီး..

“သူ ဘယ်လိုလုပ် နေကောင်းမှာတုန်း… ဒါတွေအားလုံး မင်းကြောင့်လေ.. မင်းထွက်သွားကတည်းက အဘိုးကြီးလောင် နေမကောင်းတော့ဘူး။ ကျောင်းအုပ်ကြီး တစ်ယောက်အနေနဲ့ သူ့တာဝန်တွေ ထမ်းဆောင်တာ တောင် စိတ်မပါဘဲ မင်းအကြောင်းပဲ နေ့တိုင်းငါ့ လာပြောနေတာ.. မင်းက သူ့တပည့်ဖြစ်ပြီး တော်တော် ပျော့တဲ့ကောင်.. ခံတပ်မှာ မျိုးနွယ်(၃)ခု ညှိနှိုင်းတော့ ကူညီနေတယ် ဆိုတဲ့ သတင်းကြောင့်သာမဟုတ်ရင် အခုလောက်ထိ နလန်ထူလာမှာတောင် မဟုတ်ဘူး။ ကောင်လေး မင်းထွက်သွားပြီးကတည်းက အခု ပြန်လာတဲ့ အထိဆို (၂)နှစ် ကျော်ပြီလေ..”

ဆရာတိ ဆရာကျန်းကို စိုက်ကြည့်ပြီး ဘာမှ ထပ်မပြောဖို့ တားနေတယ်။ ဆရာတိ ကြင်ကြင်နာနာနဲ့..

“လူလေး.. အမြန်ထ. ဆရာကြည့်စမ်းပါရစေအုံး..”

ပြီးတော့ ကျုပ်ကိုတောင် သူက ထူပေးနေသေးတယ်။ ဆရာလက်တွေ အရင်တုန်းကလို နွေးနေတာပဲ။

“ဆရာ တိ..”

“ကျန်းကုန်း.. မင်းဆရာ့ကို စိတ်မပျက်စေဘူးပဲ.. မင်း အစောက လုပ်လိုက်တာတွေ ငါမြင်လိုက်ရတယ်.. ငါ့ကို ပြောစမ်း.. မင်း ဒဏ္ဍာရိလာ မှော် ဘိုးဘေးအဆင့် ရောက်နေပြီမို့လား..”

“အမှန်ပဲ ဆရာ.. ကျုပ် အဲ့အဆင့် ရောက်နေပြီ..”

ဆရာတိ ရုတ်တရက် ကျောဆန့်ပြီး အားရပါးရရယ်လိုက်တာဖြင့် ကောင်းကင်တခွင်တောင် ပျံ့သွားသလိုပဲ။

“ကောင်းတယ်.. ကောင်းတယ်.. ကောင်းတယ်.. မင်း ငါ့တပည့် ဖြစ်ထိုက်တယ်.. ငါနှစ်ပေါင်းများစွာ ရည်မှန်းထားတာ နောက်ဆုံးတော့ မင်းအောင်မြင်သွားပြီပေါ့.. ကလေး.. မင်း တကယ့်ကို ငါ့တပည့်ကောင်းပဲ..”

ဆရာတိ ပျော်နေတာကို ကြည့်ပြီး ဆရာကျန်း သက်ပြင်းချရင်း..

“လောင်လွင်.. မင်းနောက်ဆုံးတော့ စိတ်ဆင်းရဲတာတွေ ကင်းသွားပြီပေါ့.. ငါ မင်းကို မနာလိုလိုက်တာကွာ..”

ဆရာတိ အပြုံးနဲ့ပဲ..

“ဘာ မနာလိုစရာ ရှိလို့လဲ.. မင်း လေဟာနယ် မှော်ပညာလဲ သူ့ကို သင်မပေးခဲ့ဘူးလား.. သူ့ကို မင်းတပည့်လို့လဲ သတ်မှတ်လို့ရတာပဲကို..”

ကျုပ်လဲ အလျင်စလိုနဲ့..

“ဟုတ်ပါတယ်.. ဆရာကျန်း.. ဆရာ့ အနီးကပ် သင်ပြမှုတွေ ကြောင့်သာ မဟုတ်ရင် ဒီနေ့ ကျန်းကုန်းဆိုတာ ဖြစ်လာမှာမဟုတ်ဘူး.. ခင်ဗျားလဲ ကျုပ်ရဲ့ ထာဝရ ဆရာဖြစ်နေမှာပါ..”

ဆရာကျန်းလဲ ကျေကျေနပ်နပ် ရယ်လိုက်ပြန်ရော.။

“ကျန်းကုန်း.. မင်း ဘာလို့ မျက်နှာဖုံးတပ်ထားတာလဲ.. ဖယ်လိုက်စိမ်းပါကွာ.. မင်း ရုပ်ဆိုးတာကို ကြောက်နေလို့လား..”

“ဟုတ်ပါတယ်.. မျက်နှာဖုံးတပ်ထားတာက ရုပ်ဆိုးလွန်းလို့ပါ..”

ကျုပ် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တာ သူတို့ မသိသေးတဲ့ပုံပဲ။ ဒီတော့လဲ နတ်ဆိုးဧကရာဇ်နဲ့ တိုက်ပွဲအကြောင်း အတိုချုံးပြောလိုက်ရတယ်။ ဆရာနှစ်ယောက် တင်မဟုတ်ဘူး၊ (၃)နိုင်ငံက အဆင့်မြင့် အရာရှိတွေ ကျုပ်စကား တွေကြားတော့ ဇာတ်လမ်းထဲမှာ မျောနေကြလေရဲ့။

ဆရာကျန်းက..

“ရုပ်ဆိုးတော့ ဘာဖြစ်လဲ.. ငါတို့ တပည့်ပဲလေ.. မင်းရုပ်ကို ဘယ်သူဂရုစိုက်မှာမို့လဲ.. မင်းကို နတ်ဆိုးဧကရာဇ် ဘယ်လို လုပ်လွှတ်လိုက်တယ်ဆိုတာ ငါတို့ ကြည့်ရအောင် မျက်နှာဖုံး ဖြုတ်လိုက်ကွာ..”

ကျုပ်လဲ သက်ပြင်းအသာချလိုက်ရတော့တယ်။ ဆရာတိရဲ့ သနားစရာ အကြည့်တွေကြောင့် ဖျက်နှာဖုံး ခွာလိုက်ရတော့ ခံတပ်ထိပ်က လူတွေရဲ့ တအံ့တဩ အော်သံ ကြားလိုက်ရတော့တယ်။

.....*****.......

တုန်းရီ ကျုပ်ကို ခံတပ်ထဲကို ပျံပြီး ခေါ်လာတာလေ။ အဖေလို ဆရာတိနဲ့ တွေ့မှ စိတ်အခြေအနေတွေ ပိုကောင်းလာသလိုပဲ။ ဆရာတိနဲ့ ဆရာကျန်းကို နှုတ်ဆက်ပြီးတာနဲ့ မျက်နှာဖုံး ပြန်တပ်ပြီး ဒဏ်ရာရနေတဲ့ ညီအစ်ကိုတွေဆီ လမ်းပြပေးရာ လိုက်လာခဲ့လိုက်တယ်။ မိစ္ဆာမျိုးနွယ်တွေ ဝင်တိုက်တာကို တားဖို့အတွက် ရှာင်ရင်းနဲ့ ရှောင်ရို့ကို ခံတပ်ထိပ်မှာပဲ ထားခဲ့လိုက်တယ်။

အားလုံးရဲ့ အခြေအနေကို အမြန်ဆုံး စစ်ဆေးမှ ဖြစ်မယ်။ တုန်းရီ ပြောသလိုသာဆို အားလုံးက ဒဏ်ရာ ကိုယ်စီခံစား နေရတာလေ။ ဒီအခြေအနေမှာ သူတို့တွေကို မီကျားလီပေးထားတဲ့ နတ်ဘုရား စွမ်းအားတွေကို ခံနိုင်ရည်ရှိမျာ မဟုတ်ဘူး။ သူတို့အားလုံးသာ စွမ်းအားတိုးမလာရင် မိစ္ဆာဘုရင် ပြန်ရှင်လာတဲ့အချိန် ဘယ်လိုလုပ် ဖြေရှင်းနိုင်မှာလဲဗျာ။

“တုန်းရီ.. နဂါးမျိုးနွယ် ခံတပ်ကို ရောက်နေပြီလို့ ရှောင်ကျင်းပြောတယ်.. သူတို့ ရောက်လာတာတောင် ခံတပ်မှာ ဘာလို့ ဒီလောက်ထိ ဆုံးရှုံးမှု ကြီးနေရတာလဲ..”

“နဂါးမျိုးနွယ် အကူအညီအကြောင်း ပြောမနေနဲ့။ ဘယ်တုန်းကမှကို ပေါ်မလာတာ။ ရှောင်ကျင်းအဖေသာ ဒီမှာရှိရင် ဟိုမိစ္ဆာဘီလူး (၃)ကောင်ကို ကြောက်စရာတောင် မလိုဘူး.. အဲ့ (၃)ကောင် တော်တော် အစွမ်းထက်တာကွ.. ငါတို့ နတ်ဘုရားလက်နက်နဲ့ ပေါင်းတိုက်တာတောင် အသုံးမဝင်ဘူးကွ.. ငါတို့ကို ကယ်ဖို့ တတိယ အကြီးအကဲနဲ့ စတုတ္ထအကြီးအကဲ တွေ သူတို့အသက် စတေးခဲ့ရသေးတယ်..”

သေသွားတဲ့ အကြီးအကဲ (၂)ယောက် အကြောင်း ပြောတော့ တုန်းရီအမူအရာ မည်းမှောင်သွားတယ်။

“အကြီးအကဲတွေ ငါတို့ကို အများကြီး ကူညီခဲ့တယ်.. ကမ္ဘာကြီးအတွက် သူတို့အသက်တောင် စတေးခဲ့ကြသေးတယ်.. တကယ်ကို အရိုအသေပြုရလောက်အောင် လေးစားထိုက်ပါတယ်.. ဒါပေမယ့် နဂါးမျိုးနွယ် ဒီမှာ ရှိနေရမှာ မဟုတ်ဘူးလား.. မင်းတို့ သွားပြီးတာနဲ့ ခံတပ်မှာ တွေ့ရမယ်လို့ ရျောင်ကျင်း ပြောထားတာ.. လမ်းမှာများ တစ်ခုခု ဖြစ်နေလား မသိဘူး..”

နဂါးမျိုးနွယ်ရဲ့ စွမ်းအားတွေ ကျုပ်တို့အတွက် အရမ်း အရေးကြီးတယ်။ အလင်းနတ်ဘုရား အမွေ ကျုပ်ရထားပေမယ့် နဂါးဘုရင်နဲ့ တိုက်ဖို့တောင် အပြည့်အဝ ယုံကြည်မှု မရှိသေးဘူး။ ဒါပေမယ့် ဘာလို့များ ပေါ်မလာသေးပါလိမ့်။

“ဘာလို့ အချိန်မီ ရောက်မလာတာလဲဆိုတာ ဘယ်သူသိမှာလဲ.. ကျန်းကုန်း.. မင်း အခု မိစ္ဆာဘုရင်နဲ့ တိုက်ဖို့ ယုံကြည်ချက် ရှိနေပြီလား..”

“တကယ်လို့ ယုံကြည်ချက် ရျိနေတယ်ဆို အခုအချိန် ဘယ်လိုလုပ် စိတ်ပူနေမှာတုန်း.. ငါ့စွမ်းအားတွေ သိသိသာသာ တိုးလာပေမယ့် မိစ္ဆာဘီလူး(၃)ကောင်နဲ့ တိုက်တော့ နည်းနည်း နိမ့်နေတာ မင်းလဲ တွေ့သားပဲ.. မိစ္ဆာဘုရင်ရဲ့ စွမ်းအားက နားမလည်နိုင်လောက်အောင်ပဲကွ.. နတ်ဘုရားဘုရင်တောင် သူ့ကို ဘယ်လိုမှ မသတ်နိုင်တာ ဘယ်လောက် ပုံမှန်မဟုတ်မှန်း ဘယ်သူသိမှာတုန်း.. ငါဘယ်လိုလုပ် စိတ်ချမ်းသာနိုင်မျာလဲ..”

“အစ်ကိုကြီးကျန်းကုန်း.. အဲ့ဒါက..”

တုန်းရီ စကား ခနဖြတ်ပြီးမှ..

“အမြန်ဝင်ရအောင်.. မင်းပြန်လာတာ အားလုံးသိရင် စိတ်လှုပ်ရှားနေကြမျာ သေချာတယ်..”

ခနနေ အဖွဲ့နဲ့ ဆုံရတော့မယ် တွေးမိတော့ ရင်ထဲတောင် နည်းနည်း ပူသွားသလိုပဲ။ မူကျိ၊ ဟိုင်ရှင်း၊ နင်တို့နှစ်ယောက် အဆင်ပြေကြရဲ့လား။ ဟိုင်ရှင်းရေ နောက်ဆုံးတော့ မင်းနဲ့ ရင်ဆိုင်ပြီး ငါ့အတွက် ခံစားချက် နက်နက်တွေနဲ့ လက်ခံနိုင်မလားပဲ။

============= (*^*)=============

အပိုင်း( ၃၃၅ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters