ပုံသဏ္ဍာန် ပြန်လည် တည်ဆောက်ခြင်း
Vol. 23 Ch. 336
Child of light (ကျန်းကုန်း)
Volume 12: Chapter 11 - Restoration of Appearance
“ခံတပ်ထိပ်က အော်သံတွေ ကြောင့်လေ.. ဒီလောက်ဝေးတာတောင် ငါတို့ ကြားနေရသေးတယ်.. ဟုတ်သားပဲ.. ငါ….”
သူ မျှော်လင့်ထားတဲ့ အသံနဲ့ မတူတာ သတိထားမိသွားမှ မူကျီအသံတိတ်ပြီး ခန္ဓာကိုယ်တုန်ရင်း ကျုပ်ဘက် လှည့်လာတယ်။ မူကျီ မျက်နှာလေး အလှပြောင်းမသွားပေမယ့် အရင်ကထက် နည်းနည်းလေး ပိန်သွားတယ်။ ကျုပ်ကြောင့် သူတော်တော်လေး ဒုက္ခရောက်ခဲ့ရမှာဗျာ။
ကျုပ်မျက်နှာမှာ မျက်နှာဖုံးတပ်ထားတာ တွေ့တော့ မူကျီခန္ဓာကိုယ် တုန်သွားတယ်။ စကားတခွန်းမှ မပြောဘဲ နှုတ်ခမ်းဖြူဖျော့ဖျော့လေး တုန်ခါနေတဲ့အပြင် မျက်ဝန်းက မျက်ရည်တွေ စီးကျလာတယ်။
“အစ်ကိုကြီး ကျန်းကုန်း..”
အသံနဲ့အတူ ဟိုင်ရှင်းကတော့ ကျုပ်ရင်ခွင်ထဲ ခုန်ဝင်လာပြီး အသံဗြဲကြီးနဲ့ ငိုနေလေရဲ့။
ဟိုင်ရှင်း ခန္ဓာကိုယ်ကို ပြန်ပွေ့ဖက်ထားရင်း ကျုပ်နှလုံးသားက စွဲသွားမိလိုက်တယ်။ မူကျီ၊ ဟိုင်ရှင်း နောက်ဆုံးတော့ နင်တို့(၂)ယောက်နဲ့ တွေ့ခွင့်ရပြီပေါ့။ ငိုနေတဲ့ ဟိုင်ရှင်းကို ဖက်ထားရင်း စိတ်အား ထက်သန်နေတဲ့ ကျုပ်ခန္ဓာကိုယ် ထုံသွားသလိုပဲ။ မူကျီလိုပဲ ဟိုင်ရှင်းလဲ စကားမပြောနိုင်ဘူး။
ခနကြာမှ မူကျီ သူ့မျက်လုံးထဲက မျက်ရည်တွေ သုတ်ပြီး..
“နင် ပြန်လာဖို့ သတိရသေးတယ်ပေါ့..”
“မူကျီ… ငါ… အဲ့ဒါ ငါ့အမှားပါဟာ.. နင့်ကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်..”
အဲ့စကားကြာတော့ မူကျီ မျက်ဝန်းထဲမှာ မျက်ရည်တွေ စီးကျလာပြန်ရော။ သူကျုပ်နဲ့ မျက်နှာချင်းဆိုင်တဲ့ထိ ခန္ဓာကိုယ်ကို လှည့်လိုက်တယ်။ ပခုံးတွေတောင် တုန်နေတဲ့အပြင်..
“ဘာလို့ ငါတို့ ဒုက္ခရောက်ရတာလဲ.. နင် ဘယ်လိုလူလဲ.. နတ်ဘုရား တမန်တော် ကျန်းကုန်းဆိုတာနဲ့ ဘာစကား တစ်ခွန်းမှ မပြောဘဲ သွားချင်တိုင်း ထွက်သွားလို့ ရပြီလား..”
ကျုပ် ဟိုင်ရှင်းကို ဖက်ထားရင်းနဲ့ပဲ မူကျီဆီ တိုးသွားလိုက်တယ်။ ကျန်တဲ့ လက်တစ်ဖက်နဲ့ သူ့ကို ဖက်ဖို့လုပ်တော့ ရုန်းချင်ယောင်ဆောင်ပေမယ့် ကျုပ်ကတော့ ရအောင် ဖက်လိုက်တာပါပဲလေ။ နှစ်ယောက်စလုံးကို ကျစ်နေအောင် ဖက်ထားရင်းနဲ့ ဒီလို အေးချမ်းတဲ့ အချိန်လေးကပို ကြည်နူးနေမိတယ်ဗျာ။
“မူကျီ.. အဲ့ကိစ္စ ငါမှားမှန်း သိပါတယ်.. ငါ့ကို ခွင့်လွှတ်ပါ.. ငါနင်တို့ နှစ်ယောက်ကို အခုအချိန်ကစပြီး ဘယ်တော့မှ ထားမသွားဘူးလို့ ကတိပေးတယ်ဟာ..”
မူကျီ စိတ်တိုတိုနဲ့ ခေါင်းမော့ရင်း မေးလာပြန်ရော..
“နင်.. ကတိနော်..”
ကျုပ်လဲ ပုတ်သင်ညို လုပ်ပြီး..
“ငါ ကတိပေးပါတယ်.. နောက်လဲ ဘာပဲဖြစ်ဖြစ် နင်တို့နှစ်ယောက်ကို ငါထားခဲ့မှာ မဟုတ်တော့ဘူး.. မူကျီ နင်တို့နှစ်ယောက်အတွက် သတင်းကောင်း တစ်ခုရှိတယ်..”
မူကျီ အံ့ဩတကြီးနဲ့ အငိုရပ်ပြီး ခေါင်းမော့ကြည့်လာရင်း..
“ဘာသတင်းကောင်းလဲ..”
သူကြည့်နေတဲ့အချိန်မှာပဲ ကျုပ်မျက်နှာက ရေခဲနတ်ဘုရား မျက်နှာဖုံးကို ဖြည်းဖြည်းလေး ချွတ်လိုက်တယ်။
“ငါ့.. ငါ့.. ငါ့မျက်နှာ ပြန်ကောင်းသွားပြီ..”
သူတို့မြင်လိုက်ရတာက ကျုပ်ဟိုအရင်တုန်းက လိုပဲ ဘာအနာအဆာမှ မရှိတဲ့ အော်ရီဂျင်နယ် ရုပ်ချောကြီးပေါ့ဗျာ။ မျှော်လင့်ချက်မဲ့နေတဲ့အချိန်ကျမှ ကျုပ်ရုပ်ရည် ပြန်ကောင်းလာတာလေ။ ခံတပ်ထိပ်မှာ မျက်နှာဖုံး ချွတ်ခိုင်းတုန်းက ဆရာတိနဲ့ ဆရာကျန်း ကျုပ်ရုပ်ပျက်ဆင်းပျက် မဟုတ်တော့ဘူးဆိုတာမြင်တော့ ဒဏ်ရာအကြောင်း ပြန်မေးရတဲ့အထိပဲ။ ကျုပ်မျက်နှာ ပြန်ကောင်းလာတာကို ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားဆိုရင် ကျုပ်ကလွဲလို့ ဘယ်သူရှိအုံးမှာလဲ။ ကျုပ်မျက်နှာ ပြန်ကောင်းဖို့ဆိုတာ ကျုပ်အတွက် အရမ်း အရေးကြီးတယ်လေဗျာ။ အော်ရီဂျင်နယ် ရုပ်ချောကြီး ပြန်ရလိုက်တဲ့အတွက် မကောင်းတဲ့ အတွေးတွေ စဉ်းစားစရာ မလိုတော့ဘူးလေ။ မူကျီနဲ့ ဟိုင်ရှင်းကို အေးအေးဆေးဆေး လက်ခံလို့ ရသွားပြီပေါ့။ သူတို့တွေ ကျုပ်အပေါ် အရမ်းကောင်းကြတယ်လေ။ ကျုပ်ဘဝရဲ့ နောင်တရစရာတွေ အလွယ်လေး ဖမ်းရှားလိုက်နိုင်သလို ဖြစ်သွားတာပေါ့။
ဟိုင်ရှင်းကတော့ ကျုပ်ရဲ့ ရုပ်ပျက်ဆင်းပျက် ပုံစံကို မမြင်ဖူးတော့ ဘာမှမထူးခြားပေမယ့် မူကျီ ကျုပ်မျက်နှာ အချောကြီးကို မြင်လိုက်ရတဲ့အချိန် တကိုယ်လုံး တုန်တောင်နေတယ်။ ကျုပ်မျက်နှာကိုလဲ သူ့လက် နုနုလေးနဲ့ ပိတ်ကြည့်ပြီး..
“ကျန်းကုန်း.. နင့် အမာရွတ်တွေ…”
“ဟုတ်တယ်.. ငါ့ဒဏ်ရာတွေ ပျောက်သွားပြီ.. မူကျီ.. ဟိုင်ရှင်း.. အခုဆို ငါတို့တွေ အတူနေလို့ရသွားပြီ..”
သူ ကျုပ်ကိုတွန်းလိုက်တဲ့အပြင် ဟိုင်ရှင်းကိုပါ ဆွဲခေါ်လိုက်သေးတယ်။
“ကျန်းကုန်း. နင် ငါတို့ကို တကယ်ကြီး အဲ့လို ထင်နေတာလား.. နင့်ရုပ်ကို သဘောကျတယ်များ မှတ်နေလား..”
အာ.. ကျုပ်စကားပြော မှားသွားပြန်ပါပြီ။ ကျုပ်ထဲ ထစ်ထစ်ငေါ့ငေါ့နဲ့ ရှင်းပြဖို့ လုပ်ရတော့တာပေါ့..
“မဟုတ်ဘူး.. မဟုတ်ဘူး.. ငါ အဲ့လိုပြောတာမဟုတ်ဘူး.. မူကျီ.. ငါ အဲ့လိုပြောတာ မဟုတ်ဘူးလေ.. စိတ်မဆိုးပါနဲ့ဟာ..”
ကျုပ် စိုးရိမ်တဲ့ ရုပ်ကိုကြည့်ပြီး မူကျီ ရယ်ပြန်ရော..
“နင့်တုံးတဲ့ပုံ နင်ပြန်ကြည့်အုံး.. နင် ဘယ်တုန်းက ပြန်လာတာလဲ..”
ကျုပ်ကို အပြစ်မတင်တော့တာ မြင်မှ သက်ပြင်းချနိုင်တော့တယ်။
“ငါ ရောက်တာ မကြာသေးဘူး.. မူကျီ ကျေးဇူးပြုပြီး ငါ့ကို စိတ်မဆိုးပါနဲ့.. နင့်ကို မပြောဘဲ ထွက်သွားရတာက အမွေဆက်ခံတာ အောင်မြင်မလား မအောင်မြင်ဘူးလား ငါလဲ ယုံကြည်ချက်မရှိဘူး.. အချိန် ဘယ်လောက် ကြာမလဲဆိုတာလဲ ငါမသိလို့ မပြောဘဲ ထွက်သွားတာ.. နင့် စရိုက်နဲ့ဆိုရင် ငါနဲ့ လိုက်လာမှာ သေချာတယ်.. ငါ နင့်ကို ဘယ်လိုလုပ် အန္တရာယ် အဖြစ်ခံနိုင်မှာလဲ.. ဒါပေမယ့် အခုတော့ အဆင်ပြေသွားပြီ.. ငါလဲ အလင်းနတ်ဘုရား စွမ်းအားတွေ အမွေဆက်ခံပြီး သန့်ရှင်းသောဓား စွမ်းအားတေါ အပြည့်အဝ ထိန်းချုပ်နိုင်ပြီ.. မိစ္ဆာဘုရင်ကို အရင်ယူပြီးတာနဲ့ ထာဝရ အတူတူနေလို့ ရသွားပြီ..”
မူကျီ ထအော်ပြန်ရောဗျာ။
“ဒီတစ်ကြိမ်တော့ ခွင့်လွှတ်လိုက်မယ်.. ဒါပေမယ့် နင်ပြောထားတဲ့စကားတွေ နင်မှတ်ထား.. ပြီးတော့ ညီမ ဟိုင်ရှင်းဆို နင့်အတွက်နဲ့ အများကြီး စွန့်လွှတ်ခဲ့ရတယ်.. နင်သူ့ကိုလဲ သစ္စာဖောက်လို့ မရဘူးမှတ်..”
ဟိုင်ရှင်းကို ကြည့်လိုက်တော့ သူ့မျက်နှာ လှလှလေး ရှက်ရဲရဲနေပြီ။ ကျုပ်လဲ ခေါင်းညိတ်ပြီး..
“အေးပါ.. နင်တို့ (၂)ယောက်စလုံး ငါ့အတွက် လုပ်ပေးခဲ့သမျှ ဒီနေ့ကစပြီး ပြန်ပေးဆပ်ပါ့မယ်.. လောလောဆယ် အရေးအကြီးဆုံးက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးအတွက် မိစ္ဆာမျိုးနွယ်ကို ချေမှုန်းပစ်ဖို့ပဲ.. အဲ့ဒါ ပြီးရင် ငါတို့တွေ တကယ်ကို အတူနေလို့ရပြီ..”
မူကျီ ခေါင်းညိတ်ပြီး..
“မိစ္ဆာမျိုးနွယ်တွေ တကယ်ကို အစွမ်းထက်တာ.. မိစ္ဆာဘီလူး(၃)ကောင် ခံတပ်ကို လာတိုက်တော့ နင့်ညီအစ်ကိုတွေနဲ့ အကြီးအကဲ(၅)ယောက် ကြောင့်သာမဟုတ်ရင် ခံတပ် ကျသွားတာ ကြာပြီပေါ့.. နင် အလင်းနတ်ဘုရားစွမ်းအား ရခဲ့ပြီဆိုတော့ အားလုံး ဒဏ်ရာတွေ ပြန်ကောင်းလာတာနဲ့ ငါတို့တွေ တိုက်စစ်ဖွင့် သင့်ပြီ.. ဘာလို့ မိစ္ဆာဘုရင် ပေါ်မလာတာလဲ.. နင်မလာခင်သာ မိစ္ဆာဘုရင်နဲ့ မိစ္ဆာဘီလူး(၃)ကောင် ခံတပ်ကို ဝင်တိုက်မယ်ဆို ငါတို့တွေ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး.. ပြန်မရှင်သေးလို့များလား..”
ကျုပ် မျက်မှောင်ကြုတ်ပြီး..
“ငါလဲ မသေချာဘူး.. ဒါပေမယ့် ခံတပ်ကို ရောက်တော့ ပတ်ဝန်ကျင်မှာ တော်တော်ပြင်းထန်တဲ့ မိစ္ဆာတစ်ကောင် ရှိတယ်လို့ ခံစားလိုက်ရတယ်.. အဲ့ဒါ မိစ္ဆာဘီလူး(၃)ကောင် မဖြစ်နိုင်ဘူး.. မိစ္ဆာဘုရင် ပြန်ရှင်လာပြီထင်တယ်.. မိစ္ဆာဘုရင် ငါတို့ကို တိုက်ခိုက်တဲ့နေရာမှာ အဲ့ဘီလူးတွေနဲ့ မပူးပေါင်းတာ အကြောင်းရှိလိမ့်မယ်.. သတိတော့ ထားမှရမယ်.. ဒါနဲ့.. မူကျီ.. ငါ နင်တို့နှစ်ယောက်နဲ့ တိုင်ပင်စရာ တစ်ခုရှိတယ်..”
မူကျီရော ဟိုင်ရှင်းပါ အံ့ဩသွားပြီး..
“ဘာကိစ္စလဲ..”
သူတို့ မျက်နှာလှလှလေးတွေ မြင်လိုက်ရတော့ ကျုပ်ရင်တွေတောင် ပူသွားမိတယ်.. သူတို့ကို ကျုပ်ရင်ခွင်ထဲ ပြန်ဆွဲသွင်းဖို့ ရှေ့တိုးသွားရင်း..
“နင်တို့ အခန်းမှာပဲ ငါခန နေချင်လို့..”
ဟိုင်ရှင်း ရှက်ရှက်နဲ့ ခေါင်းငုံ့သွားပြီး မူကျီ ကျုပ်ကို ထထိုးပါလေရော။
“ဒါ ဘာလို့ ခွင့်ပြုရမှာတုန်း.. ဒီလို ဗရုတ်သုက္ခအတွေးတွေ ဘယ်က ရလာတာလဲ..”
============= (*^*)=============
အပိုင်း( ၃၃၇ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား