အခန်း (၃၃၇)
Vol. 23 Ch. 337
Child of light (ကျန်းကုန်း)
Volume 12: Chapter 12 - Cultivation Recovery
“ဘာကို ဗရုတ်သုက္ခအတွေးတွေတုန်း.. နေစရာမရှိလို့ ဒဏ်ရာတွေ ပြန်ကုရအောင် နင့်နေရာလေး သုံးချင်တာကို.. ဟိုမှာက အစ်ကိုကြီးနဲ့ ကျန်တဲ့သူတွေ အများကြီးပဲ စိတ်ညစ်စရာကြီး..”
မူကျီနဲ့ ဟိုင်ရှင်း တစ်ပြိုင်တည်း ထအော်ပြန်ရော..
“ဘာ.. နင်က ဒဏ်ရာရထားတယ်လား….”
သူတို့မျက်နှာမှာ စိုးရိမ်တဲ့ အမူအရာတွေမြင်တော့…
“ခန.. ခန.. စိတ်အေးအေးထား.. ဒဏ်ရာ မဆိုစလောက်ပါ.. ငါ မိစ္ဆာဘီလူး(၃)ကောင်နဲ့ တိုက်တုန်းက သူ့တို့ရဲ့ ကြောက်စရာ အစွမ်းတွေကြောင့် ဒန်တျန်တွေ ထိခိုက်သွားတာ..”
မူကျီ အံ့အားသင့်ပြီး..
“နင် အမွေဆက်ခံပြီးတာတောင် သူတို့တွေကို မသုတ်သင်နိုင်သေးဘူးပေါ့..”
“အဲ့ ဘီလူးကြီး(၃)ကောင်ကို လွယ်လွယ်နဲ့ ဘယ်လိုလုပ် သတ်လို့ရမှာတုန်း.. ဒီကောင်ကြီးတွေက မိစ္ဆာဘုရင်က လွဲရင် ရန်သူထဲမှာ အစွမ်းအထက်ဆုံးပဲလေ.. နတ်ဘုရားနဲ့ မိစ္ဆာစစ်ပွဲတုန်းက အလင်းတန်ဘုရား၊ တိုက်ပွဲနတ်သမီး မီကျားလီရဲ့ စွမ်းအားမျိုး သူတို့ တစ်ယောက်ချင်းစီမှာရှိတယ်လေ.. ဒီကမ္ဘာပြန်ပေါ်လာတော့ သူတို့စွမ်းအားရဲ့ (၃၀)ရာခိုင်နှုန်း ပြန်ရနေကြပြီ.. သူတို့ထဲက တစ်ယောက်ယောက်နဲ့ တွေ့ရမယ်ဆိုရင် အဆင်ပြေတယ်.. နှစ်ယောက်ဆိုရင် ဖိအားပေးနိုင်သေးတယ်.. သုံးယောက်စလုံး ဆိုရင်တော့ အနိုင်ယူဖို့ တော်တော်ကို ခက်မှာ..”
“ငါတို့ အခု ဘာလုပ်ကြမလဲ.. သူတို့မှာ အဲ့လိုစွမ်းအားတွေရှိတယ်.. မိစ္ဆာဘုရင်ကိုပါ ပေါင်းလိုက်ရင် ငါတို့ရှုံးဖို့ သံသယဖြစ်စရာကို မရှိတော့ဘူး..”
“ငါမှာ နည်းလမ်းရှိပါတယ်.. အမွေဆက်ခံလိုက်တဲ့အချိန် မီကျားလီက ညီအစ်ကိုတွေရဲ့ နတ်ဘုရားလက်နက် တစ်ခုစီအတွက် နတ်ဘုရားစွမ်းအား (၅)မျိုး ပေးလိုက်တယ်.. ညီအစ်ကိုတွေ အပြည့်အဝ ပြန်ကောင်းပြီဆိုရင် သူတို့ တစ်ယောက်ချင်း မြင့်မြတ်တဲ့ စွမ်းအားတွေ အတူတူ ရလိမ့်မယ်.. သူတို့ စွမ်းအားတွေလဲ တိုးလာလိမ့်မယ်.. တာမြစ်မန္တန်ကို တပြိုင်တည်း သုံးနိုင်မှ မိစ္ဆာဘုရင်နဲ့ မိစ္ဆာဘီလူး(၃)ကောင်ကို စိတ်ပူစရာမလိုမှာ..”
ကျုပ်စကားကြားတော့ ဟိုင်ရှင်းမျက်လုံးထဲမှာ အလင်းရောင်လက်သွားတယ်။ သူလဲ မိစ္ဆာမျိုးနွယ်ကို တွန်းလှန်နိုင်မှာမို့ စိတ်လှုပ်ရှားနေတာကြောင့် ကျုပ် သိပ်ဂရုမစိုက်လိုက်ပါဘူး။
“နင့်ဒဏ်ရာတွေ မြန်မြန်ကောင်းသွားအောင် ငါတို့ ကာကွယ်ပေးမယ်..”
“အာ.. အဲ့ဒါမှန်တယ်.. မူကျီ.. နင်လဲ ဒဏ်ရာရထားတယ် ကြားတယ်.. သက်သာရဲ့လား..”
ကျုပ် မူကျီခန္ဓာကိုယ်ထဲကို နတ်ဘုရားစွမ်းအား ပစ်လွှတ်လိုက်တယ်။ မူကျီရဲ့ အတွင်းအင်္ဂါတွေ ထိခိုက်တဲ့ပုံ မမြင်ဘူး။ အဲ့တော့မှ ကျုပ်စိတ်အေးသွားတော့တယ်။
“ငါ့ဒဏ်ရာတွေ ပြန်ကောင်းလာပါပြီ.. အာ.. နင့်စွမ်းအားတွေက အရမ်နွေးတာပဲ.. အဲ့ဒါ နင့်မြင့်မြတ်စွမ်းအား လား”
“ငါ စကုတော့မယ်.. ငါ့ကို ကာကွယ်စရာမလိုဘူး.. ဒါပေမယ့် ငါပြန်နိုးလာရင် နင့်ကို တွေ့ချင်တယ်.. ဒဏ်ရာတွေက သိပ်မပြင်းထန်ဘူး.. ပြန်ကောင်းဖို့ အချိန် သိပ်မကြာလောက်ဘူး.. မူကျီ.. ဟိုင်ရှင်း.. ငါ နင်တို့ကို ချစ်တယ်..”
စကားဆုံးတာနဲ့ သူတို့ ခေါင်းလေးတွေကို အနမ်းပေးလိုက်တယ်။ မူကျီ ခန္ဓာကိုယ် တုန်နေပြီး ဟိုင်ရှင်းလဲ တုန်လှုပ်သွားလိုက်တာ တော်တော်လေး ကြာတယ်ဗျ။ သူတို့မျက်လုံးထဲမှာ အချစ်ရိပ်တွေ ပြည့်နေရောပဲ။
ပြီးတာနဲ့ မူကျီကုတင်မှာထိုင်ပြီး ရေခဲနတ်ဘုရား မျက်နှာဖုံး ပြန်တပ်ထားလိုက်တယ်။
“ကောင်းပြီ.. ငါစတော့မယ်.. ငါ့ဒဏ်ရာတွေ ပြန်ကောင်းလာတဲ့အချိန် ညီအစ်ကိုတွေ ဒဏ်ရာ ကုပေးမယ်.. ဟုတ်သားပဲ.. မူကျီ.. ရှောင်ကျင်းလဲ ငါနဲ့ ပါလာတယ်.. အခု မြို့ရိုးထိပ်မှာ ရှောင်ရို့နဲ့ အတူရှိတယ်.. ခုနနေရင် နဂါးမျိုးနွယ် ပြန်ရောက်မလာသေးဘူးလား မေးကြည့်အုံး.. ထားပါတော့.. နင် မိစ္ဆာမျိုးနွယ် လုပ်ဆောင်ချက် တွေကို သေချာ အာရုံစိုက်သင့်တယ်..”
“နင်သာ အချိန်ယူပြီး ပြန်ကောင်းလာအောင်လုပ်.. ကျန်တာတွေ ထားလိုက်တော့.. နင့်မျက်နှာ ပြန်ကောင်းပြီ အဟုတ်ဘူးလား.. ဘာလို့ အဲ့မျက်နှာဖုံး တပ်ထားတာလဲ.. မျက်နှာဖုံး တပ်စရာ မလိုတော့ဘူးလေ..”
မူကျီ ကျုပ်ရုပ် ပြန်ကောင်းလာလို့ တော်တော်ပျော်နေတာ တွေ့လိုက်ရတယ်။ ကိုယ့်ချစ်သူ မှန်ရင် ချောစေချင် လှစေချင်ကြတာပဲလေ။
မူကျီနဲ့ ဟိုင်ရှင်းကို စိုက်ကြည့်ပြီးတော့..
“ငါဝတ်ထားတဲ့ မျက်နှာဖုံးက ရေခဲနတ်ဘုရားမျက်နှာဖုံးလေ.. နောက်ထပ် နတ်ဘုရား လက်နက် တစ်ခုပေါ့.. အမှတ်မထင်ရထားတာ.. သူ့စွမ်းရည်က ငါ့စိတ်ကို တည်ငြိမ်စေတော့ လေ့ကျင့်တဲ့အချိန် အသင့်တော်ဆုံးပဲ.. ငါစတော့မယ်..”
ပြောပြီးတာနဲ့ ကျုပ်မျက်လုံး မှိတ်လိုက်တော့တယ်။ ခန္ဓာကိုယ်ထဲက နတ်ဘုရားစွမ်းအားတွေ ဖြန့်ကျက်လိုက်တော့တယ်။ အားလုံးကို စစ်ဆေးပြီး ကျုပ်စိတ်တွေ တည်ငြိမ်လာတယ်။ ခန္ဓာကိုယ်ထဲက ရွှေရောင်ပင်လယ်ကြီးကို ကြည့်လိုက်တော့ ဒဏ်ရာတွေထဲကို နတ်ဘုရားစွမ်းအားတွေ စီးဝင်နေရာကနေ နည်းနည်းလေး သွေဖယ်နေတာ တွေ့လိုက်ရတယ်။ ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေ အလိုလို ပြန်ကောင်းလာနေပြီ။ ရွှေရောင် ပင်လယ်ကြီးလဲ မူလကအတိုင်း တဖြည်းဖြည်း ပြန်ဖြစ်သွားတယ်။ စောစောက လမ်းကြောင်း ပြန်မှန်သွားအောင် ခန္ဓာကိုယ်ထဲက နတ်ဘုရားစွမ်းအားတွေ ဆက်တိုက် ပျံ့သွားတယ်။ ပတ်ဝန်းကျင်က အလင်းဓာတ်တွေ ခန္ဓာကိုယ်ထဲကို ဆက်တိုက် စုပ်ယူပြီး နတ်ဘုရား စွမ်းအားတွေအဖြစ် ပြောင်းသွားတယ်။ ခန္ဓာကိုယ်ထဲကနေ ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာပြီး မူကျီနဲ့ ဟိုင်ရှင်းတို့ တစ်ခန်းလုံးကို နတ်ဘုရားစွမ်းအားတွေနဲ့ ပြည့်သွားရော။ အဲ့ဒီကထွက်လာတဲ့ ဖိအားကြီးက မူကျီနဲ့ ဟိုင်ရှင်းတို့ကိုတောင် အသက်ရှူရခက်တဲ့အထိပဲ။
“အစ်မမူကျီ.. အစ်ကိုကြီး ကျန်းကုန်း စွမ်းအားတွေက ပြင်းလွန်းတယ်.. ထွက်သွားရအောင်.. ငါဆက်ပြီး မခံနိုင်တော့ဘူး..”
ဟိုင်ရှင်း မူကျီကို ခက်ခက်ခဲခဲနဲ့ ပြောလိုက်ရတယ်။
မူကျီက ဟိုင်ရှင်းထက် နည်းနည်းသာတယ်လေ။
“ဒီည နင်အိပ်ဖို့ နေရာ မရှိတော့ဘူးထင်တယ်.. အကျင့်ပုတ် ကျန်းကုန်း… မကျင့်ကြံခင် သူ့စွမ်းအားတွေ ဘယ်လောက် ပြင်းထန်တယ်ဆိုတာ ပြောမသွားဘူး.. ဒါပေမယ့် သူ့ခန္ဓာကိုယ်က ထွက်လာတဲ့ မြင့်မြတ်စွမ်းအားတွေက အရမ်းနွေးထွေးတာပဲ.. ညီမဟိုင်ရှင်း.. နင်ဘယ်လို ဖြစ်နေတာလဲ.. နင့်အတွက် ဖိအား တော်တော်ပြင်းလား.. အရင်ဆုံး ထွက်ကြတာပေါ့..”
စကားဆုံးတာနဲ့ ကျုပ်ကို ကာကွယ်ဖို့ တုန်းရီကို ရှာရအောင် အရှေ့ဘက် အဆောင်ကို သွားလိုက်ကြတယ်။ ပြီးတော့ ရှောင်ကျင်းနဲ့ စကားပြောရအောင် ဟိုင်ရှင်းကို ခေါ်သွားသေးတယ်။ အနောက်အဆောင်က ထွက်လာတော့မှာ ဟိုင်ရှင်းအသားအရေတွေ ပုံမှန် ပြန်ဖြစ်သွားတယ်။ နှလုံးသားက ငြင်းဆန်နေသလိုမျိုး သူ့မျက်လုံးထဲမှာ ရှုတ်ထွေးတဲ့ အရိပ်အယောင်တွေ အပြည့်ပဲ။ ကျုပ်ပြန်လာလို့ စိတ်လှုပ်ရှားနေတာဆိုတော့ မူကျီ သတိမထားမိတော့ဘူးလေ။
ကျုပ်ခန္ဓာကိုယ်ထဲက နတ်ဘုရားစွမ်းအားတွေ ဖြန့်ကျက်နေတုန်းမှာ မိစ္ဆာဘီလူး(၃)ကောင်နဲ့ တိုက်ခိုက်တုန်းက ကျုပ်စွမ်းအား အပြည့်မဟုတ်ပေမယ့် (၇၀)ရာခိုင်နှုန်းလောက် သုံးခဲ့လိုက်ရတာ သတိထားမိလိုက်တယ်။ စွမ်းအား အမွေဆက်ခံပြီး နတ်ဘုရားကာကွယ်ရေးအဖွဲ့ကို အပြေးပြန်လာတယ်ဆိုတာ သူတို့ကို အသုံးချစေချင်တာရယ်၊ စွမ်းအားတွေ သုံးတဲ့နေရာမှာ မရင်းနှီးသေးတာရယ်ကြောင့် တိုက်ခိုက်တဲ့အချိန်တုန်းက ခွန်အားအပြည့် မသုံးလိုက်တာလေ။ ဒါကို တွေ့တော့မှ ကျုပ်ယုံကြည်မှုတွေ တိုးလာတယ်။ ကျုပ်သာ ဆက်ပြီး လုံ့လစိုက်မယ်ဆို ကျုပ်စွမ်းအားတွေ အမြန်ဆုံး ပြန်ရနိုင်တယ်။
============= (*^*)=============
အပိုင်း( ၃၃၈ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား