ရုတ်တရက် ဖြစ်လာတဲ့ ထူးခြားမှု
Vol. 23 Ch. 340
Child of light (ကျန်းကုန်း)
Volume 12: Chapter 15 - A Sudden Strange Phenomena
သူတို့ (၅)ယောက်စလုံး ငယ်သံပါအောင် အော်ပြီး သွေးပွက်ပွက်အံလိုက်ကြရတယ်။ သူတို့ခန္ဓာကိုယ်တွေ ဘေးဘက်ကို လွင့်ထွက်သွားလိုက်တာ သန့်ရှင်းသောဓားရဲ့ နယ်မြေတောင် အက်သွားတယ်။ ကျုပ်ရင်ဘတ်ကိုရော ကျောကိုပါ သံတူကြီးနဲ့ အထုခံလိုက်ရသလို ခံလိုက်ရပြီး နောက်ကို ခြေလှမ်းနည်းနည်း ဆုတ်လိုက်ရတယ်။ ကျုပ် စိုးရိမ်သွားမိတယ်။ မြင့်မြတ်စွမ်းအားအမွေကတော့ ဘာတွေဖြစ်နေမှန်း မသိဘဲ နတ်ဘုရားလက်နက်တွေဆီ အမြန်ဆုံးသွားပြီး ဆက်တိုးဝင်မြဲ တိုးဝင်နေတယ်။ အခုဆို ညီနောင်တွေ စွမ်းအားကြီးလွန်းတဲ့ မြင့်မြတ်စွမ်းအား အမွေတွေကို လောလောဆယ် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ ဇွတ်တိုးရင် သူတို့ ခန္ဓာကိုယ်တွေ ပျက်စီးသွားဖို့ များတယ်။
ဒီလို အရေးကြီးတဲ့အချိန်မှာ ရေခဲနတ်ဘုရား မျက်နှာဖုံးတောင် အဖြူရောင်အလင်း ဖျော့သွားတယ်။ ကျုပ်စိတ်တွေ လှုပ်ရှားယမ်းခါနေသမျှ ငြိမ်ပြီး ကြည်လင်သွားတယ်။ ကျုပ်လဲ သန့်ရှင်းသောဓားကို လက်နဲ့ အလျှင်စလို ချေမွလိုက်ပြီး နတ်ဘုရားလက်နက်တွေထဲကို အလင်းလုံး(၅)ခု ဆက်မဝင်နိုင်အောင် တားဖို့ အလင်းဒိုင်း ဖန်တီးလိုက်တယ်။ ပြီးတော့ ဘယ်ဘက်လက်နဲ့ ချိပ်စည်းဖန်တီးပြီး မြင့်မြတ်စွမ်းအား အမွေတွေကို ချိပ်ပိတ်ပြီး အိပ်ထဲ တစ်ခါ ပြန်သိမ်းလိုက်တယ်။
ကျုပ်နှလုံးသား တစ်ခုလုံးကို နှုံးချိသွားတာပဲ။ ဘယ်လိုလူက သန့်ရှင်းသောဓားရဲ့ စွမ်းအားနယ်မြေကို အလွယ်လေး ထိုးဖောက်ပြီး သူတို့(၅)ယောက်ကို တပြိုင်နက်တည်း တိုက်ခိုက်နိုင်မလဲ။ ဖြစ်နိုင်တယ်။ မိစ္ဆာဘုရင် တစ်ယောက်တည်းပဲ ကမ္ဘာကို ရက်ရက်စက်စက် တိုက်ခိုက်နိုင်လောက်တဲ့အထိ စွမ်းအားရှင်လေ။ ဒီလို လုပ်ကြံဖို့အတွက် အရေးအကြီးဆုံးအချိန်ကို တိတိကျကျ တွက်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှကို ထင်မထားမိတာဗျ။
“ဟိုင်ရှင်း.. နင်ဘာလုပ်တာလဲ..”
မူကျီရဲ့ အော်သံထွက်လာတယ်။ ဟိုင်ရှင်းကို ကြည့်လိုက်တော့ နုညံ့တဲ့ သူ့ပုံစံ လုံးဝကို ပြောင်းလဲသွားပြီ။ သူ့ ဆံပင်တွေဆို အပြာရောင်မဟုတ်တော့ဘဲ မီးခိုးပြာရောင် ဖြစ်သွားတယ်။ သူ့မျက်လုံးတွေဆို အနီရောင် အလင်းတန်းတွေ တောက်လောင်နေလေရဲ့။ သူ့ အေးစက်စက် အကြည့်တွေက ကျုပ်အပေါ် ဘာခံစားချက်မှ ရှိမနေဘူးဗျ။ အစောက မီးခိုးရောင် စွမ်းအားတွေက သူ့ဆီကများလား။
ဟိုင်ရှင်း အော်သံတစ်ချက်နဲ့ ပေါ့ပေါ့ပါးပါးလေး သူ့လက် လှုပ်ရှားလိုက်တာ လှိုင်းလုံးကြီးပေါ်လာပြီး မူကျီကို ရိုက်လိုက်တာ နံရံဘက် လွင့်သွားတဲ့အထိ ပဲ။
အခုဆို ဟိုင်ရှင်းကလွဲရင် ကျုပ်တစ်ယောက်ပဲ ကျန်တော့တယ်။ ကျုပ်လဲ ဓားကိုင်ထားရင်း တုန်လှုပ်ခြောက်ခြားစွာနဲ့..
“ဟိုင်ရှင်း.. နင်ဘာတွေလုပ်နေတယ်ဆိုတာရော သိရဲ့လား..”
ဟိုင်ရှင်း ရယ်လိုက်သေးတယ်။ သူ့အသံက ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ တည်ငြိမ်နေရောပဲ။ သူ့အသံက ဆိုးဆိုးရွားရွား မဟုတ်သလို သာမန်လဲ မဟုတ်ပြန်ဘူး။
“လူသား.. မင်းတော်တော် မိုက်မဲတာပဲ.. မိစ္ဆာမျိုးနွယ်ကို ဆန့်ကျင့်ရင် ရလဒ်က သေခြင်းတရားပဲရှိတယ်.. လူမိုက်.. မင်းငါ့ကို မိကျားလီရဲ့ စွမ်းအားသုံးပြီး တိုက်ခိုက်နိုင်မယ် ထင်နေတာလား.. ငါ့အတွက်တော့ မိကျားလီဆိုတာ ကလေးတစ်ယောက်ထက် မပိုဘူး.. သူကိုယ်တိုင်တောင်မှ မလွန်ဆန်နိုင်ခဲ့သးတာ.. မဆိုးဘူး.. မဆိုးဘူး.. နတ်ဘုရားဘုရင်ရဲ့ မျှော်လင့်ချက်ဟောင်းကြီး ဒီနေ့တော့ ငါချေမွပစ်နိုင်ခဲ့ပြီ.. နောက်ဆုံး သူငါ့ကို ခုခံဖို့ ဘာတွေ သုံးထားသေးလဲဆိုတာ ကြည့်ရအုံးမယ်.. ဒီကမ္ဘာ ငါ့လက်ထဲရောက်တာနဲ့ နတ်ဘုရားဘုရင် နိဂုံးချုပ်ရလိမ့်မယ်.. ဟား ဟား ဟား ဟား ဟား”
အရူးလို ဖြစ်နေတဲ့ ဟိုင်ရှင်းကိုကြည့်ပြီး ကျုပ် မှင်တက်သွားမိတယ်။ ပြီးတော့ မုန်းတီးစိတ်တွေနဲ့..
“မင်း.. မင်း… မိစ္ဆာ ဘုရင်ပဲ..”
ဟိုင်ရှင်း ရယ်သံ ရပ်သွားတယ်။
“မှန်တယ်.. ငါ အရာအားလုံးကို အုပ်စိုးရဲ့ အရှင် မိစ္ဆာဘုရင်ပဲ.. ဘာပဲဖြစ်ဖြစ် မင်းလဲ ငါ့မိစ္ဆာမျိုးနွယ်ရဲ့ ခြေရင်းကို ရောက်သွားရမှာပဲ.. မင်းနားလည်တာ နောက်ကျသွားပြီ..”
ဘာကြောင့်လဲ။ ဟိုင်ရှင်း ဘာလို့ မိစ္ဆာဘုရင် ဖြစ်သွားရတာလဲ။ ကျန်းဟူနဲ့ ကျန်တဲ့သူတွေ သတိလစ်နေတာ မြင်တော့ ကျုပ်နှလုံးသား ကျေကွဲသွားသလို ခံစားလိုက်ရတယ်။ သန့်ရှင်းသောဓားကိုသုံးပြီး မိစ္ဆာဘုရင်ဆီ ငွေရောင် ဓာချက် ပစ်လွန်းရင်း လန့်သွားမိတယ်။
ဟိုင်ရှင်း မထီမဲ့မြင် ရယ်မောရင်း..
“မိကျားလီရဲ့ အရည်အချင်းတောင် ငါ့အာရုံစိုက်ဖို့ မထိုက်တန်ပါဘူးဆို.. မင်းငါ့ကို တိုက်ချင်သေးတာလား.. မင်းတော်တော် နုံလွန်းတာပဲ..”
သူက သန့်ရှင်းသောဓားရဲ့ အလင်းရောင်ကို ညာဘက်လက်မြှောက်ပြီး တားလိုက်တယ်။ သူ့တုန့်ပြန်မှုက မြန်ချက်တော့ ကျုပ်ခန္ဓာကိုယ် လေထဲမြောက်တက်ပြီး ဝင်းနံရံထိသွားတယ်။ သူ့မျာ ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်ပြီး စွမ်းအား ပြင်းပြင်းတွေ ရှိထားတာပဲ။
မိစ္ဆာဘုရင် သူ့လက်မောင်သူ လှမ်းကြည့်ရင်း..
“သူက မဆိုးဘူးပဲ.. ပြီးပြည့်စုံတယ်.. ဒီခန္ဓာကိုယ်နဲ့ဆို ငါ.. ကမ္ဘာပေါက သက်ရှိအားလုံးကို ချေမှုန်းဖို့ လုံလောက်တဲ့ စွမ်းအား ထုတ်နိုင်လောက်တယ်”
ကျုပ်လဲ ဖြည်းဖြည်းချင်း ဓားထောက်ပြီး မတ်တပ်ရပ်လိုက်တယ်။
“ဘာကြောင့်လဲ.. ဟိုင်ရှင်းခန္ဓာကိုယ်ကို မင်းဘယ်လို ပိုင်သွားတာလဲ..”
မိစ္ဆာဘုရင် ကျုပ်ကို အေးစက်စက်နဲ့ကြည့်ပြီး..
“မင်းလဲ သေခါနီးဆိုတော့ ငါပြောပြလိုက်လဲ အရေးမကြီးပါဘူး.. မင်းတို့ လူသားတွေတိုင်းမှာ ဆန္ဒတွေရှိတယ်လေ.. ဒီကလေးမ ဟိုင်ရှင်းရဲ့ ဆန္ဒက အရမ်းကို ပြင်းထန်ပြီး သူ့ခန္ဓာကိုယ်ကို ငါ့အတွက် အငှားခန္ဓာ မလုပ်ဘဲကို မနေနိုင်ဘူး.. သူ့ဆန္ဒက ဘာလဲ မင်းသိလား.. မင်းအချစ်ကို လိုချင်တာတဲ့လေ.. အဟား.. ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ.. တော်တော်ကို ရယ်စရာကောင်းတာ.. ဘာမဟုတ်တဲ့ အချစ်အတွက်နဲ့ သူ့ဘဝသူ စတေးချင်နေတယ်တဲ့လေ”
ကျုပ်နှလုံးသားတွေ တုန်သွားတယ်။ ဟိုင်ရှင်း ကျုပ်အတွက် ခံစားချက်တွေ အဲ့လောက်ထိ လေးနက်မယ် မထင်မိဘူး။ ဟိုင်ရှင်းရေ.. အားလုံး ငါ့အပြစ်တွေပါဟာ.. ငါသာ နင့်ကို အရင်ကတည်းက လက်ခံလိုက်ရင် နင့်ကို မိစ္ဆာဘုရင် ဝင်ပူးနိုင်မှာ မဟုတ်တော့ဘူး။ ကျုပ်မှာ ဒေါသစိတ်တွေ တလိပ်လိပ် တက်လာတော့တယ်။ ဘာကိုမှ ဂရုမစိုက်တော့ဘဲ သန့်ရှင်းသောဓားကို မြှောက်ချင်နေတယ်။ ရုတ်တရက် မိစ္ဆာဘုရင်ရဲ့ မျက်ဝန်းထဲမှာ ပျော်သွားတဲ့ အရိပ်အငွေ့တွေ့လိုက်ရတယ်။ ပျော်တာတဲ့လား။ သူဘာလို့ စိတ်လှုပ်ရှားရတာလဲ။ အခုဆို သူ့မှာ အခွင့်အရေးကောင်း ပိုင်ထားတာလေ။ သီးသန့် ဘာလို့ စိတ်လှုပ်ရှားနေရအုံးမှာလဲ။ ရေခဲနတ်ဘုရား မျက်နှာဖုံးကလဲ လှုပ်ရှားနေတဲ့ စိတ်တွေ ငြိမ်အောင် လုပ်ပေးသွားတယ်။ သူဘယ်လောက်ပဲ အစွမ်းထက်ထက် သူ့မှာလဲ အားနည်းချက်ရှိမယ်ဆိုတာ ကျုပ်ချက်ချင်း နားလည်သွားတယ်။ သူကိုယ်တိုင်က ကျူးကျော်သူ တစ်ယောက် ဖြစ်ပြီး ကျုပ်နဲ့ စကားတွေ အများကြီးမပြောသင့်ဘူးလေ။ သူ ကျုပ်ကို ချက်ချင်း သတ်လို့ ရနေတာပဲကို။ သူစောစောက ပြောတဲ့စကားတွေက ကျုပ်ကို စိတ်ဆိုးအောင် လုပ်သွားတာပဲ။ ဘာရည်ရွယ်ချက်လဲ။ သူကျုပ်ကို တိုက်ခိုက်ဖို့ လုံလောက်တဲ့ စွမ်းအားမရှိလို့လား။ မဖြစ်နိုင်ပါဘူး။ အစောကဆို ကျုပ်စွမ်းအားထက် (၃)ဆလောက်ကို ပိုတာလေ။ ဒါကြောင့်မို့ ကျုပ် အစောက သူ့ကို မတိုက်နိုင်တာလေ။ အဲ့တုန်းကရော ဘာလဲ။
ကျုပ်ဆုံးဖြတ်ချက် မချနိုင်ပေမယ့် မိစ္ဆာဘုရင်ရဲ့ မျက်လုံးထဲမှာ ချီတုံချတုံ အရိပ်အခြေတွေ မြင်လိုက်ရတယ်။ နားလည်ပြီကွ။ သူ ဟိုင်ရှင်းရဲ့ ခန္ဓာကိုယ်ကို လုံးလုံး မပိုင်သေးဘူး။ ဟိုင်ရှင်း ကျုပ်ကို ချစ်တယ်ဆိုတော့ ကျုပ်ကို သတ်ချင်စိတ်မရှိဘူး။ မိစ္ဆာဘုရင် ကျုပ် ဟိုင်ရှင်းကို မုန်းတယ်ထင်အောင်ဖန်တီးပြီး ကျုပ်ကို သတ်ချင်နေတာ။ ဒါပဲလေ။ အဲ့လိုပဲဖြစ်ရမယ်။
ကျုပ်လဲ တွေးရင်းနဲ့ မိစ္ဆာဘုရင် အံ့ဩနေတဲ့ မျက်နှာအောက်မှာပဲ သန့်ရှင်းသောဓားကို အောက်ပြန်ချပြီး..
“ဟိုင်ရှင်း.. နိုးစမ်း.. အဲ့မိစ္ဆာကို နင့်ခန္ဓာကိုယ်ထဲက မောင်းထုတ်လိုက်စမ်းပါ.. ငါနင့်ကို ချစ်တယ်.. ငါတကယ်ချစ်တာ.. နင် ငါနဲ့ အေးအေးချမ်းချမ်း ဘဝတစ်ခု ဖြတ်သန်းချင်တာ မို့လား..”
============= (*^*)=============
အပိုင်း( ၃၄၁ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား