တိုက်ပွဲမတိုင်ခင် ကြိုတင် ပြင်ဆင်မှုများ
Vol. 23 Ch. 343
Child of light (ကျန်းကုန်း)
Volume 12: Chapter 18 - Preparations Before Battle
“ကျန်းကုန်း.. ငါ နင့်ကို အရမ်းချစ်တယ်.. နင့် အသက်ရှင်လျှက် ပြန်လာရမယ်နော်..”
မူကျီ အသံ ကျုပ်ကျောဘက်ကို ပဲ့တင်ထပ်လာတယ်။ နောက်တော့ မျက်ရည်တွေ ထိန်းမနိုင် သိမ်းမရ စီးကျလာတော့တယ်။ နေရောင်ထဲမှာ ဖောက်ထွင်းမြင်နေရတဲ့ ကျောက်မျက်ရတနာတွေလို့ ပျံ့ကျဲသွားလေရဲ့။ မူကျီရေး ငါမိစ္ဆာဘုရင်နဲ့ တိုက်ပွဲပြီးရင် တကယ်ပြန်လာနိုင်မလားဆို တွေးနေမိတာပါဟာ။
အသက်ပြင်းပြင်းရှူပြီး ခံစားချက်တွေ ချုပ်တည်းလိုက်ရတော့တယ်။ နတ်ဘုရားစွမ်းအားတွေ ထုတ်လွှတ်ရင်း ခံတပ်ကို ပျံသွားပြီး..
“နတ်ဘုရား ကာကွယ်ရေးအဖွဲ့ဝင်တွေအားလုံး ငါ့အမိန့်နာခံပါ.. ငါက ကျန်းကုန်းဝေပါ.. အားလုံး ခံတပ် ပင်မ ဝင်ပေါက်လာ လာစုလှည့်ကြပါ..”
ဒီအမိန့်ကို (၂)ကြိမ် တိတိပြောလိုက်တော့ ကျုပ်ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ဆိုတော့ ခံတပ်က တစ်လက်မစီတိုင်းကနေ ကျုပ်အသံကြားရတာပေါ့။
ခံတပ် ဝင်ပေါက်မှာ လူတွေ အမြန်ဆုံး စုလာတာ တွေ့လိုက်ရတယ်။ သူတို့ရဲ့ သွက်သွက်လက်လက် ပုံစံတွေ မြင်လိုက်ရတော့ ကျုပ်နှလုံးသားထဲ သက်သာရာရသွားသလို ဝင်ပေါက်ဆီ ပြေးသွားလိုက်တယ်။
ခနလေးနဲ့ နတ်ဘုရားကာကွယ်ရေး အဖွဲ့ထဲက လူတွေ စုလာကြတယ်။ တပ်စုတွေ စနစ်တကျ တန်းစီထားကြတယ်။ လေထဲမှာ ပျံဝဲနေတဲ့ ကျုပ်ကို ကြည့်ပြီး သူတို့ မျက်လုံးတွေထဲမှာ မီးတောက်တွေ တောင် ထွက်နေသေးတယ်။ လက်ဖက်ရည် တစ်ခါတည်ချိန်အတွင်းမှာပဲ အဖွဲ့ဝင် (၈၀၀၀)လောက် စုမိတာ သတိထားမိလိုက်တယ်။ နတ်ဘုရား ကာကွယ်ရေး အဖွဲ့ရဲ့ အင်အားစုတွေ ပေါ့ဗျာ။
“ညီအစ်ကိုတို့ ငါပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြန်လာခဲ့တာ.. ငါပြန်ရောက်လာတာကို မင်းတို့တွေ အများစု မြင်လိုက်ကြမှာ သေချာတယ်.. ပြီးခဲ့တဲ့ ရက်ပိုင်းက မိစ္ဆာမျိုးနွယ်ကို မောင်းထုတ်နိုင်လိုက်ပေမယ့် မကြာခင် ပိုပြီး ရက်စက်ကြမ်းကြုတ်မယ့် စစ်ပွဲကြီး တစ်ခု စရတော့မယ်.. မင်းတို့အတွက် သတင်းဆိုး တစ်ခုရှိတယ်.. အဲ့ဒါက မိစ္ဆာဘုရင် ပြန်ရှင်လာပြီ ဆိုတာပဲ.. နောက် နှစ်ရက်လောက်နေရင် ငါတို့ ခံတပ်ကို တိုက်ဖို့ သူ့တပ်တွေကို ဦးဆောင်လာလိမ့်မယ်.. (၃)နိုင်ငံက အဓိကတပ်ဖွဲ့တွေ ခံတပ်မှာ စုထားတာဆိုတော့ ပြိုလဲသွားရင် လူသားမျိုးနွယ် လဲပြီးသွားမယ့်အပြင် ကမ္ဘာကြီးတစ်ခုလုံးကို သနားညှာတာမဲ့စွာနဲ့ မိစ္ဆာမျိုးနွယ်တွေ ကျူးကျော်တာ ခံရလိမ့်မယ်.. နတ်ဘုရားကာကွယ်ရေးအဖွဲ့ရဲ့ အဓိက တာဝန်က ဒီကမ္ဘာကြီးကို ကာကွယ်ဖို့နဲ့ မိစ္ဆာမျိုးနွယ်ရဲ့ ကျူးကျော်မှုကို တော်လှန်ဖို့ပဲ.. ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့တွေ မသေအချင်း ခံတပ်ကို ကာကွယ်ရမယ်.. သူတို့တွေ မအောင်မြင်အောင် တားရမယ်.. ငါတို့ ရည်မှန်းချက်အတွက် အသေခံရမယ် ဆိုရင်တောင် ဆက်ရှိနေမှ ရမယ်..”
ခံတပ် တစ်ခုလုံးထိ ကျုပ်အသံတွေ ကြားနေရတော့ နတ်ဘုရားကာကွယ်ရေးအဖွဲ့ဝင် (၈၀၀၀) တိတ်ဆိတ်ငြိမ်သက်နေကြတယ်။ ခနကြာမှ ကျုပ်ဆက်ပြီး..
“မိစ္ဆာဘုရင်ရဲ့ ပုံစံက ငါတို့ မျှော်လင့်ထားသလိုမဟုတ်ဘူး.. ဟိုင်ရှင်းကိုတော့ မင်းတို့အားလုံး သိလောက်တယ်.. မူကျီနဲ့ အတူနေခဲ့တဲ့ တစ်ယောက်လေ.. ငါ ဒါတွေပြောနေတာ တခြားကြောင့်မဟုတ်ဘူး.. မကြာခင်ကမှ ဟိုင်ရှင်း ခန္ဓာကိုယ်ကို မိစ္ဆာဘုရင်ပိုင်ထားတယ်ဆိုတာ ကျုပ်သိလိုက်ရတယ်.. အခုဆို ဟိုင်ရှင်းက အဆိုးရွားဆုံး ဆိုတဲ့ မိစ္ဆာဘုရင်ဖြစ်လာပြီ.. ဘယ်သူပဲ ဖြစ်ဖြစ် ခံတပ်မှာ ဟိုင်ရှင်းကိုမြင်ရင် ချက်ချင်း တန့်လှန့်ဖို့ ကျုပ် အမိန့်ထုတ်တယ်.. ဟိုနေ့က မိစ္ဆာဘုရင်နဲ့ တိုက်ပွဲမှာ ကျန်နေတဲ့ အကြီးအကဲ(၃)ယောက် ငါ့ကိုကယ်ဖို့ သူတို့ အသက်တွေ စတေးသွားခဲ့ရတယ်.. ငါတို့ရဲ့ နောက်ဆုံးအောင်ပွဲအတွက် သူတို့တွေ အသက်စွန့်သွားကြတာပဲ.. ညီအစ်ကိုတို့ …. ငါတို့ရဲ့ အကြီးအကဲတွေရဲ့ အသက်တွေအတွက် အပြစ်ဒဏ် ပြန်ပေးရမယ်.. မင်းတို့အားလုံး ငါနောက်လိုက်ပြီး မိစ္ဆာမျိုးနွယ်နဲ့ နောက်ဆုံး တိုက်ပွဲမှာ တိုက်ပွဲဝင်ချင်ကြရဲ့လား..”
နတ်ဘုရား ကာကွယ်ရေးအဖွဲ့တွင် အကြီးအကဲ(၅)ယောက်ရဲ့ တည်ရှိမှုက ကျုပ်ထက် မြင့်တယ်လေ။ နတ်ဘုရား ကာကွယ်ရေးအဖွဲ့မှာ ဩဇာအရှိဆုံး ကျွမ်းကျင်သူတွေဆိုတာ အကြီးအကဲတွေ ဦးဆောင်လာတဲ့ နတ်ဘုရားကျေးရွာက ရွာသားတွေလေ။ သူတို့လေ့ကျင့်မှုတွေအကုန်လုံး အကြီးအကဲ (၅)ယောက် လမ်းညွှန် ထားကြတာလေ။ နတ်ဘုရားကာကွယ်ရေးအဖွဲ့က အဖွဲ့ဝင် တစ်ယောက်ချင်းစီနဲ့ အရမ်း ရင်းနှီးကြတာလေ။ အကြီးအကဲတွေ သေသွားတဲ့ သတင်းကြားတော့ နတ်ဘုရားကာကွယ်ရေးအဖွဲ့ဝင်တွေ ချက်ချင်း ဒေါသထွက်ပြီး သူတို့မျက်လုံးတွေ နီရဲလာကြရော။ အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေ တိုက်ပွဲမှာ မပါနိုင်တော့ဘူးဆိုတာ သူတို့ကို အသိမပေးလိုက်ဘူး။ မိစ္ဆာဘုရင်ကို တိုက်ခိုက်ဖို့ဆို အန္တိမ တားမြစ်မန္တန်ပဲ သုံးနိုင်တာဆိုတော့ သူတို့ စိတ်ဓါတ် မပျက်ပြားအောင် ကာကွယ်ဖို့လေ။ အန္တိမ တားမြစ်မန္တန်ကို အသက်မသွင်းနိုင်တော့ဘူးဆိုတာ သိသွားရင် သူတို့စိတ်ဓါတ်ကျလာနိုင်တယ်လေ။
“အကြီးအကဲတွေအတွက် လက်စားချေဖို့ ငါတို့သေတဲ့အထိ တိုက်ပွဲဝင်မယ်ဟေ့..”
“အဲ့ လူယုတ်မာတွေကို အစွမ်းကုန် တိုက်မယ်ဟေ့..”
“ငါတို့ သေရမယ်ဆိုရင်တောင် ခံတပ်ထဲက တစ်ဖဝါးမှ အရွှေ့ဘူးဟေ့..”
ခံတပ်တစ်ခုလုံး အော်ဟစ်ကြွေးကြော်သံတွေ ဆက်တိုက် ကြားနေရတယ်။ (၃)နိုင်ငံက ကင်းလှည့်စစ်သည်တွေ ရှိပေမယ့် ရဲရင့်သူတွေဆိုတာ အသိအမှတ်ပြုကြလေရဲ့။ ပြီးခဲ့တဲ့ (၂)နှစ်အတွင်း နတ်ဘုရားကာကွယ်ရေးအဖွဲ့ သူရဲကောင်းတွေဆိုတာ (၃)နိုင်ငံ စစ်သည်တော်တွေရဲ့ စံပြတွေ ဖြစ်လာတယ်။ ဒါကလဲ မိစ္ဆာမျိုးနွယ်ကို ခုခံဖို့ ကြွေးကြော်သံ တွန်းအားတွေ ဖြစ်တော့တာပေါ့။
ကျုပ်တောင် သွေးတွေ ပွက်ပွက်ဆူလာပြီး..
“နတ်ဘုရားတမန်တော် ကျန်းကုန်းဝေ့ ဆိုတဲ့ငါ အသက်ရှူနေသေးသရွေ့ ဒီခံတပ်တွေကို မိစ္ဆာတွေ ဝင်ခွင့်မပေးဘူးလို့ ကျိန်ဆိုတယ်ဟေ့..”
ဒါပေမယ့် ကျုပ်တကယ်ကို သေခြင်းတရား နီးကပ်လာတယ်လို့ ခံစားနေရတယ်။
“”နတ်ဘုရားကာကွယ်ရေးအဖွဲ့ရဲ့ အဖွဲ့(၃)၊ အဖွဲ့(၄)၊ အဖွဲ့(၅)က လူ(၂၀၀၀)စီ ကျုပ်အမိန့် နားထောင်ပါ.. ဒီနေ့က စပြီး ခံတပ်ထဲမှာ အလှည့်ကျ ကင်းလှည့်ပြီး တစ်ခုခု လွဲချော်တာနဲ့ အစီရင်ခံရမယ်.. ကျန်တဲ့ နတ်ဘုရား ကာကွယ်ရေးအဖွဲ့ဝင်တွေ ကတော့ မိစ္ဆာမျိုးနွယ်ကို တိုက်ခိုက်ဖို့အတွက် မြို့တံခါးဝမှာ အသင့်ရှိနေရမယ်..”
အခုဆို ကျုပ်တို့က ခံတပ် မြေမျက်နှာပြင် အနေအထားကို ကျုပ်တို့အတွက် အကျိုးရှိအောင် လုပ်ရလိမ့်မယ်။ ခံတပ်အပြင်က လွင်ပြင်မှာရျိတဲ့ မရေမတွက်နိုင်တဲ့ မိစ္ဆာတွေကို တိုက်ဖို့အထိ ကျုပ် မမိုက်မဲသေးဘူး။ နတ်ဘုရား ကာကွယ်ရေးအဖွဲ့ရဲ့ စွမ်းအားတွေနဲ့ (၃)နိုင်ငံ စုပေါင်း စစ်တပ်အင်အားတွေနဲ့အတူ မိစ္ဆာမျိုးနွယ်ကို ကျုပ်မသေမချင်း ခံတပ်ထဲ အဝင်မခံနိုင်ဘူး။
သူတို့ကို အမိန့်ပေးပြီးတာနဲ့ ခံတပ်မှာ ဆင်းလိုက်တယ်။ (၃)နိုင်ငံ တပ်မှူးတွေ အဲ့အခန်းမှာ စုနေကြတာလေ။ ကျုပ်ရောက်လာတာတွေ့တော့ ဆရာတိ မျက်မှောင်ကြုတ်ပြီး မေးတော့တာပဲ..
“ကျန်းကုန်း.. မင်း စောစောက ပြောတာ ကြားလိုက်တယ်.. ဘာတွေ ဖြစ်နေတာလဲ.. ဟိုင်ရှင်းကို တကယ်ပဲ မိစ္ဆာဘုရင် ပိုင်သွားတာလား..”
ကျုပ် လေးလေးနက်နက် ခေါင်းညိတ်ပြပြီး..
“ဟုတ်တယ်ဆရာ.. ကျုပ်ရှင်းပြမနေတော့ဘူး.. အခု ဆရာ့ကို ဒုက္ခပေးရအုံးမယ်.. ဆရာတို့(၃)ယောက်နဲ့ စစ်သည်တွေ အချိန်တိုင်း သတိရှိရှိ ထားကြပါ.. မိစ္ဆာမျိုးနွယ်က အခုဆို အချိန်မရွေး ကျူးကျော်လာနိုင်တယ်.. ကျုပ် သူတို့ကို စောင့်နေမယ်.. မနက်ဖြန်ဆို ကျုပ်တို့ ကမ္ဘာကြီးရဲ့ သေခြင်း ရှင်ခြင်း အဆုံးအဖြတ် တိုက်ပွဲ ဖြစ်လာလိမ့်မယ်..”
အဲ့စကား ပြောပြီးတာနဲ့ မိစ္ဆာမျိုးနွယ်ကို ထိထိရောက်ရောက် တွန်းလှန်နိုင်ဖို့ ကျုပ်ရဲ့ အထွတ်အထိပ် အခြေအနေ ပြန်ကောင်းလာအောင် ကြမ်းပြင်ပေါ်မှာ တင်ပျဉ်ခွေ ထိုင်လိုက်တော့တယ်။
စိတ်ခံစားချက်တွေကို ချိုးနှိမ်ပြီး သမထ ဈာန် ဝင်စားနိုင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ရတော့တာပေါ့ဗျာ။
(ဈာန် ဟူသည်မှာ အာရုံစူးစိုက်မှုကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။)
............
(၂)ရက်မြောက် နံနက်ခင်းမှာ နေမင်းကြီး ကောင်းကင်ပေါ် တက်လာပြီး ကမ္ဘာကြီးကို အကန့်အသတ်မဲ့ အလင်းရောင်နဲ့ နွေးထွေးမှုတွေ ယူဆောင်လာခဲ့တော့တာဗျို့။
လျှပ်စီးခံတပ်အပြင်ဘက် ပင်လယ်ကွေ့အတွင်းမှာ မီးခိုးရောင်အရှိန်အဝါဖျော့ဖျာ့တွေ တဖြည်းဖြည်း ဖုံးလာတယ်။ ထူစပြုလာတဲ့အပြင် ပုံမှန်မဟုတ်တဲ့ နတ်ဆိုးအငွေ့အသက်တွေ တဖြည်းဖြည်း ပေါ်လာတော့တယ်။ ကြည်လင်နေတဲ့ ကောင်းကင်ကြီး အဲ့နတ်ဆိုး အရှိန်အဝါတွေကြောင့် တဖြည်းဖြည်း မှိန်သွားပါလေရော။ ပင်လယ်ထဲကနေ အဆက်မမြတ် တဟုန်းဟုန်းတောက်နေတဲ့ အသံတွေ ကြားရပြီး လူတွေကို တော်တော် ကြောက်ရွံ့ထိတ်လန့်စေတော့တာဗျို့။
============= (*^*)=============
အပိုင်း( ၃၄၄ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား