ထူးခြားဆန်းပြား ဘိုးဘေးနန်းတော်တစ်လွှား
Vol. 98 Ch. 1277
ကောင်းကင်နတ်ဘုံ၏ မိဖုရားဆောင်ထဲတွင် နတ်အရှင်မယန်သည် ကျောက်စိမ်းပုလင်းအား အသာအယာ ခွဲလိုက်သည်။ ကောင်းကင်နတ်အရှင်ဟောင်၏ သွေးစက်က သူမအရှေ့တွင် မြောလွင့်နေသည်။
နတ်အရှင်မယန်က အသာလေး ပါးစပ်ဟလိုက်ရာ သူမ၏ အသက်တစ်ရှိုက်မှ သစ်ခွပန်းများ ပေါ်ထွက်လာသည်။ သူမ အသက်ရှူထုတ်လိုက်သောအခါ ကောင်းကင်နတ်အရှင်ဟောင်၏ သွေးမှာ ချက်ချင်း ပြောင်းလဲသွားပြီး ကောင်းကင်နန်းဆောင်တစ်ဆောင်၏ ပုံရိပ်က သွေးထဲတွင် ဖွဲ့တည်လာ၏။
နတ်အရှင်မယန်၏ မျက်ဝန်းများ လင်းခနဲ လက်သွားပြီး ကောင်းကင်နန်းဆောင်၏ ပုံရိပ်အား စိုက်ကြည့်နေသည်။ ခဏကြာသော် သူမက နူးညံ့ညင်သာစွာ ပြော၏။ “မဟာလေဟာနယ်ထဲက ကောလဟာလတွေ မှန်နေတဲ့ပုံပဲ… ကောင်းကင်နတ်အရှင်ဟောင်က မဟာဧကရာဇ်ကြောင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီ ... ကောင်းကင်နတ်အရှင်မူ ဒီသွေးစက်ကို ငါ့ဆီ ပို့ခိုင်းလိုက်တာက ကောင်းကင်နတ်အရှင်ဟောင် ဒဏ်ရာရနေတဲ့အကြောင်း ပြောချင်လို့လား… အဲ့လိုမျိုးတော့ မဖြစ်နိုင်လောက်ဘူး…”
ကောင်းကင်နန်းဆောင်၏ ပုံရိပ်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
နတ်အရှင်မယန်၏ မျက်လုံးများက လင်းလက်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ကောင်းကင်နတ်အရှင်ဟောင်ရဲ့ သွေးစက်ထဲမှာ သူ့ရဲ့ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေ ပါတယ်လို့ ပြောချင်တာပဲ… ဒီသွေးစက်က ကောင်းကင်နတ်အရှင်ဟောင်ရဲ့ သွေးအဆီအနှစ် ဖြစ်တဲ့အတွက် ကောင်းကင်နန်းဆောင်ပုံရိပ်တစ်ခု ကိန်းဝပ်နေတယ်… ကောင်းကင်နတ်အရှင်ဟောင်ရဲ့ တခြားသွေးအဆီအနှစ်တွေကိုလည်း ရခဲ့လို့ တခြားကောင်းကင်နန်းဆောင်တွေကိုလည်း သိသွားတာများလား”
သူမက ကောင်းကင်နတ်အရှင်ဟောင်၏ သွေးစက်ကို သိမ်းလိုက်ရင်း ကြောင်ဖြူအား ချီလိုက်သည်။ “ဖုန့်လွမ်ကို အသင့်ပြင်ထားခိုင်းပြီး ဘိုးဘေးနန်းတော်ဆီ သွားဖို့ ပြင်ဆင်လိုက်”
ဤအခိုက်အတန့်တွင် ချင်မူကား မဟူရာသစ်ပင်ကြီးဆီသို့ ရောက်နေပြီဖြစ်သည်။ သူ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည့်အခါ မဟူရာသစ်ပင်ကြီးမှာ မစိမ်းလန်းသေးကြောင်း တွေ့လိုက်ရသည်။ သစ်ပင်ကြီးသည် မီးကျွမ်းရာများဖြင့် မည်းခြစ်နေဆဲ ဖြစ်ပြီး အသက်ရစ်ကွင်းများမှာလည်း မီးသွေးခဲများအလား ဖြစ်နေဆဲပင်။ သစ်ငုတ်တိုများက မညီမညာဖြင့် ဆန့်တန်းလျက် ဧရာမ အနက်ရောင်တောင်တန်းများစွာကို ဖြစ်တည်နေစေသည်။
ရှုကျွင်း၊ ကျန်းယွင်ကျန့်နှင့် အခြားသူများက နတ်လက်နက်များ သွန်းလုပ်ရန် နန်းဆောင်များ၊ စက်ရုံများအား ဆောက်လုပ်နေကြသည်။ ကျောက်တုံးများကိုလည်း တူးဖော်နေကြ၏။ ချင်မူ ရောက်လာတုန်းက ပထမဆုံး ရှာတွေ့ခဲ့သည့် နတ်လက်နက်ကျောက်တုံးတွင်းကိုလည်း တူးဖော်နေကြသည်။
ချင်မူသည် မဟူရာသစ်ပင်ကြီး၏ အလယ်ဗဟိုသို့ ကြည့်လိုက်၏။ ရွှေအ၊ မျက်ကန်းနှင့် စက်မှုလက်မှုပညာရှင်များက ဖန်သားကောင်းကင်စေတီ၏ စတုတ္ထမြောက် ကောင်းကင်ဘုံတွင် ရောက်ရှိနေကြပြီး အဖိုးတန်ရတနာတစ်ခုအား ပြုပြင်မွန်းမံနေကြလေသည်။
ရွှေအက ထိုရတနာပေါ်တွင် စက်ရုံတစ်ခု တည်ဆောက်၍ နေရာမှာတင် သွန်းလုပ်နေသည်။
ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံအမျိုးမျိုးထဲတွင် ရတနာများကား ပေါများလွန်းလှသည်။ မြောက်နတ်မင်းရွှမ်းဝူကဲ့သို့ ဧရာမခန္ဓာကိုယ်မျိုး ရှိသူများသာ အေးအေးလူလူ သွန်းလုပ်ပြုပြင်နိုင်ကြလိမ့်မည်။
ရွှေအကဲ့သို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ စက်မှုလက်မှုပညာရှင် လူသားတစ်ယောက်အတွက်မူ သွန်းလုပ်ရသည်မှာ ပင်ပန်းခက်ခဲလှသည်။ လိုအပ်သည့် လုပ်အားသည်လည်း ပိုမိုများပြား၏။
ချင်မူ သူတို့ကို သွားတွေ့တော့မည်အချိန် ကျောက်တူးနေကြသည့် နတ်ဘုရားများက ကျောက်တုံးတွင်းထဲမှ ရုတ်တရက် ပြေးထွက်လာရင်း အော်ဟစ်နေကြသည်။ “အဲဒီရတနာကို တူးနိုင်ခဲ့ပြီဗျို့… ရတနာက စွမ်းအားပြနေပြီ.. အားလုံး သတိထားကြ”
ချင်မူမှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ရုတ်တရက် ကျောက်တုံးတွင်း၏ အတွင်းထဲတွင် အလင်းရောင်တို့ ပြည့်လျှံလာပြီး ကြောက်မက်ဖွယ် စွမ်းအားကြီးကား အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် အနက်ပိုင်းထဲမှ ထွက်ပေါ်လာချေပြီ။
အနောက်မှ ပြေးထွက်လာကြသည့် နတ်ဘုရားအချို့အား ကျောက်တုံးတွင်းထဲမှ စွမ်းအားကြီးက လိုက်မှီတော့မည်ဖြစ်သည်။ ချင်မူ့ခြေထောက်များ ရွေ့လျားသွားပြီး သူက ကျောက်တုံးတွင်းထဲသို့ ဝှစ်ခနဲ ဝင်ရောက်လိုက်သည်။ သူ၏ ကောင်းကင်ရတနာနယ်ပယ်က ဖြာထွက်လာကာ ပေါက်ကွဲထွက်လာသည့် စွမ်းအားကြီးအား ရင်ဆိုင်လိုက်သည်။
ဝုန်း…
သူ၏ ကောင်းကင်ရတနာများ ချက်ချင်း ပြိုလဲသွားပြီး အားကောင်းပြင်းထန်လှသည့် စွမ်းအားတစ်ရပ်က သူ့ဆီ ပြေးဝင်လာသောကြောင့် ချင်မူမှာ ကြောက်လန့်တကြား တုန်ရီသွားမိသည်။
‘ငါ့ရဲ့ ကောင်းကင်ရတနာတွေက မတားဆီးနိုင်ဘူး… ငါ့ကောင်းကင်ရတနာတွေ ပြိုလဲသွားပြီ... ငါကတော့ မသေလောက်ပေမယ့် ငါ့အနောက်က လူတွေကတော့ ဝိညာဉ်တွေ ပြိုကွဲပြီး ရုပ်ခန္ဓာတွေ ဆုံးရှုံးရလိမ့်မယ်”
ချင်မူမှာ မည်သည်ကိုမှ မတွေးနိုင်တော့ဘဲ ထိုက်ရှီဥကို ထုတ်၍ သူ့အရှေ့တွင် ချလိုက်သည်။
ထိုက်ရှီတစ်ယောက် မည်သို့မျှမတုံ့ပြန်နိုင်ခင်မှာပင် စွမ်းအားကြီးကား ဥကို ဝင်တိုက်သွားချေပြီ။ ပြင်းထန်လှသော လှိုင်းများက အရပ်လေးမျက်နှာသို့ လိမ့်ထွက်သွားပြီး ကျောက်တုံးတွင်းအား အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေသည်။ ချင်မူ့နောက်ရှိ နတ်ဘုရားများမှာ ပြိုင်ဘက်ကင်း စွမ်းအားတစ်ရပ် ချဉ်းကပ်လာသလို ခံစားလိုက်ရပြီး ချင်မူ့ကောင်းကင်ရတနာနယ်ပယ်ထဲသို့ ဆွဲသွင်းခံလိုက်ရလေသည်။
ချင်မူမှာလည်း ပြင်းထန်လှသော အားကြီးကြောင့် မတ်မတ်မရပ်နိုင်ဘဲ လွင့်ထွက်သွားသည်။ သူ့မှာ ခဏအတွင်း မိုင်တစ်ထောင် အကွာအဝေးသို့ ရောက်ရှိသွားရ၏။ ဝုန်းခနဲ ပေါက်ကွဲသံကြီးနှင့်အတူ သူက ဖန်သားကောင်းကင်စေတီ၏ ၂၈ခုမြောက် ကောင်းကင်ဘုံနံရံသို့ ဝင်တိုက်ကာ ကောင်းကင်ဘုံအား လှုပ်ခါသွားစေသည်။
ခလွမ်း…
ထိုက်ရှီဥမှာလည်း လွင့်ထွက်လာပြီး ချင်မူ့ဘေးသို့ ဝင်တိုက်သွား၏။ အထဲမှ ထိုက်ရှီတာအိုဘာသာစကားဖြင့် ဒေါသတကြီး ဆဲဆိုနေသံများကိုလည်း ကြားရနိုင်သည်။
အဝေးတွင် ပထမလူသားဧကရာဇ်၊ ရွှေအ၊ မျက်ကန်းနှင့် အခြားသူများ တစ်ခုခုမှားနေကြောင်း ချက်ချင်း သတိထားမိသွားကြသဖြင့် အလျင်အမြန် ပြေးလာကြသည်။
ချင်မူသည် မြေပြင်ပေါ် အသာအယာ ဆင်းသက်လိုက်ရင်း နတ်ဘုရားများနှင့် ကျောက်တူးသမားများအား ချပေးလိုက်သည်။ သူ့မှာ ခြေလက်များနှင့် အရိုးများတွင် ပြင်းထန်လှသော နာကျင်မှုကို ခံစားနေရသောကြောင့် အံ့အားသင့်နေလေသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ နတ်ဘုရားများ တူးဖော်ခဲ့သော အရာများကား ပေါ့သေးသေးမဟုတ်ပေ။ သူနှင့် ထိုက်ရှီ အတူတကွ ခုခံခဲ့သော်လည်း လွင့်ထွက်ခဲ့ကြရသေးသည်။
‘မဟုတ်မှ ဒီဟာကြီးက ဟိုတစ်ခါတုန်းက ဘိုးဘိုးမျက်ကန်း မြင်ခဲ့ရတဲ့ နတ်လေးလား”
သူ့မှာ တွေးမိသွားသည်။ ထိုစဉ်တုန်းက နတ်လေးနှင့်မြားသည် ဘိုးဘေးနန်းတော်၏ ထူးဆန်းသော ကောင်းကင်နှင့်မြေကြီးကြောင့် ဖွဲ့တည်လာခြင်းဆိုပါက ဤလေး၏ စွမ်းအားသည် ကြီးမားပြင်းထန်လွန်းနေသည် မဟုတ်ပါလော။
သို့သော် တစ်ယောက်ယောက်၏ သွန်းလုပ်ခံထားရသည့် အရိပ်အယောင်မျိုးလည်း မတွေ့ရပေ။
ရုတ်တရက် ကောင်းကင်ဘုံ ၂၈ ဘုံမှာ ပြောင်းပြန်ဖြစ်သွားသည်။ နဂါးချီလင်သည် ပထမလူသားဧကရာဇ်နှင့် အခြားသူများ အလျင်အမြန် ရောက်လာနိုင်ရန် ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံများကို အသက်သွင်းပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
လူတိုင်း ဆင်းသက်လာကြပြီး ချင်မူလည်း ကျောက်တုံးတွင်းထံသို့ ပျံသန်းသွားသည်။ သူက အားလုံးကို နှုတ်ပင်မဆက်အားဘဲ ကျောက်တုံးတွင်းကို အလောတကြီး ကြည့်လိုက်သည်။ ကျောက်တုံးတွင်းမှာ လုံးဝ ပေါက်ကွဲသွား၍ ဧရာမ တောင်ကြားကြီးတစ်ခု ဖြစ်သွားသည်ကို တွေ့လိုက်ရလေသည်။
ဤတောင်ကြားမှာ မှောင်ပိန်းနေပြီး တောင်ကျိုး၊ တောင်စွယ်များက အနှံ့အပြား နေရာယူထားကြသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားများ တူးဖော်ထားသော သတ္တုတွင်းအားလုံးမှာလည်း ထိုတောင်ကျိုးများ၊ တောင်စွယ်များကြား၌ နစ်မြုပ်နေကြပြီး ကျောက်တူးထားသည့် ခြေရာလက်ရာများအား တွေ့မြင်ရနိုင်သည်။
“မူအာ၊ ဒဏ်ရာရသွားသေးလား” ဆေးဆရာက နဂါးချီလင်ကို စီး၍ ရောက်လာကာ အော်မေးလိုက်သည်။
“မရဘူး”
ချင်မူက ခေါင်းရမ်း၍ တောင်ကြားအတွင်းသို့ လှမ်းကြည့်နေသည်။ ထိုနေရာတွင် နတ်အလင်းတန်းများ သိပ်သည်းအားကောင်းနေသည်။ သို့သော် ဖြာထွက်မလာသေးဘဲ လှုပ်ရှားနေသော ကြောက်မက်ဖွယ် စွမ်းအားလှိုင်းများကိုသာ ခံစားနေရသည်။
“ဘိုးဘိုးရွှေအ၊ ကောင်းကင်နဲ့ မြေကြီးကနေ မွေးဖွားလာတဲ့ ရတနာတစ်ပါးက အဲဒီလောက်တောင် စွမ်းအားကြီးတာလား” ချင်မူက မေးသည်။
ရွှေအက ခေါင်းရမ်းလိုက်ပြီး ခြေဟန်လက်ဟန် ပြသည်။ မျက်ကန်းက ဝင်ပြောလိုက်၏။ “လူစကားပြောပါဟ”
ရွှေအက ပြောသည်။ “အဲ့လောက်တော့ မပြင်းထန်တာ သေချာတယ်… ဒီကျောက်တုံးတွင်းထဲက တခြားရတနာတွေက ကျောက်တုံးတွင်းထဲကနေ မွေးဖွားလာတာ ဖြစ်နိုင်တယ်… ဒါပေမဲ့ အထဲက လေးကတော့ လုံးဝ မမွေးဖွားလာနိုင်ဘူး… ဒီလေးရဲ့ စွမ်းအားက ဒီကျောက်တုံးတွင်းကို မွေးဖွားပေးခဲ့ပြီး ကျောက်တုံးတွင်းထဲက နတ်လက်နက်တွေကို ပေါ်လာစေတာတောင် ဖြစ်နိုင်တယ်”
ပထမလူသားဧကရာဇ်က တည်ကြည်လေးနက်စွာ ပြော၏။ “မူအာ၊ ယန်အာ... ဒီထဲမှာ သိုင်းအဆင့်မြင့်တာဆိုလို့ ငါတို့သုံးယောက်ပဲ ရှိတယ်… အထဲဝင်ပြီး အဲဒီလက်နက်ရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ကြစို့... ကျန်တဲ့သူတွေ ဒီမှာနေခဲ့ကြ”
ရွှေအက ရင်ဘတ်ကို ဖိပြီး မျက်လုံးဝှေ့လိုက်သည်။ “သွားတော့ရော ဘာရမှာမလို့လဲ… ကောင်းကင်စက်မှုလက်မှုပညာသည်တွေ မရှိရင် ခင်ဗျားတို့သုံးယောက်ကို ကြိုးချည်ထားရင်တောင် အဲ့ဒီလက်နက်ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး… မြားစာမိပြီး ပြန်လာရလိမ့်မယ်”
ပထမလူသားဧကရာဇ်က မျက်ခုံးပင့်လိုက်သော်လည်း ဘာမှဆက်မပြောချေ။ မျက်ကန်းက ပြုံးလျက် ပြော၏။ “နတ်မျက်လုံးနဲ့ ၀င်္ကပါတွေသာ မရှိရင်လည်း ဒုက္ခလှလှ တွေ့ကြမှာနော်လိမ့်မယ်”
ပထမလူသားဧကရာဇ် ဒေါသကို မြိုသိပ်၍ ပြောလိုက်သည်။ “ငါတို့နောက်က လိုက်ခဲ့… ဇွတ်မဝင်ကြနဲ့”
“ဒဏ်ရာရသွားရင် ကူပေးဖို့ လူရော မလိုဘူးလား…” ဆေးဆရာက ရှေ့သို့ တက်လာပြီး ညစ်ကျယ်ကျယ် အပြုံးဖြင့် မေးသည်။
ပထမလူသားဧကရာဇ်မှာ ကူကယ်ရာမဲ့စွာဖြင့် ဖြေသည်။ “ဆေးဆရာ လိုက်လို့ရတယ်… ကျန်တဲ့သူ မရတော့ဘူး… ဒီထက်ပို လာရင် ငါ မင်းတို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
ထိုက်ရှီက ပြုံးနေ၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်းရဲ့ အဘိုးကြီးတွေက တော်တော်စပ်စုကြတာပဲ… ဒီနေရာက ဘယ်လောက်အန္တရာယ်များမှန်း မသိကြဘူးလား”
သူသည် ထိုက်ရှီတာအိုဘာသာစကားဖြင့် ပြောနေသောကြောင့် ချင်မူမှလွဲ၍ အခြားမည်သူမှ နားမလည်နိုင်ကြပေ။ ဥထံမှ ထူးထူးဆန်းဆန်း အသံများ ထွက်နေသည်ကိုသာ ကြားရ၏။
ရွှေအ၊ မျက်ကန်းနှင့် ဆေးဆရာက ၎င်းဥကို ချက်ချင်း ဝိုင်းကြည့်ကာ စပ်စုတော့သည်။
“သင်္ကေတတွေရှိတယ်ကွ… အဲဒါတွေကို ပြန်ကူးပြီး ရတနာတွေ သွန်းလို့ ရလောက်တယ်… ဒီဥခွံက တော်တော်မာတာပဲ” ရွှေအက ဥကို ခေါက်ကြည့်ရင်း တအံ့တဩ ရေရွတ်လိုက်သည်။
“အထဲမှာ ထူးဆန်းတာ တစ်ခု ရှိနေတယ်” မျက်ကန်းက ဥအား မျက်လုံးပြူးလျက် ကြည့်နေသည်။ သူသည် အထဲရှိ အရာကို မြင်ချင်သော်လည်း သေသေချာချာ မတွေ့ရပေ။
“ဆေးဖော်ပစ်လိုက်လို့ရလား” ဆေးဆရာက မေးစေ့ကို ပွတ်လျက် တွေးနေ၏။
ချင်မူက မီးအိမ်တစ်လုံး ထုတ်၍ ယန်အာဆီ လှမ်းပေးလိုက်သည်။ ထို့နောက် ထိုက်ရှီဥကို ပထမလူသားဧကရာဇ်လက်ထဲ ထိုးထည့်လိုက်ရင်း ပြော၏။ “ပထမလူသားဧကရာဇ်၊ ဒါကို အကာအကွယ်အနေနဲ့ ယူထားပါ… ဒါက တော်တော်လေးမာတယ်”
ပထမလူသားဧကရာဇ်က ငြင်းသည်။ “ငါ့ကိုယ်ငါ ကာကွယ်နိုင်ပါတယ်”
ချင်မူ သူ့လက်ထဲ အတင်းထိုးထည့်ပေးသဖြင့် ပထမလူသားဧကရာဇ်မှာ ချီစွမ်းအင် သုံးလျက် ထိုက်ရှီဥအား မြှောက်ထားရလေသည်။ ဥထံမှ အဓိပ္ပာယ်ရှိပုံမရသော ဗလုံးဗထွေး အသံများ ထွက်ပေါ်လာသည်။ သို့သော် သူ မှန်းရသလောက် အထဲရှိ ပုဂ္ဂိုလ်ကား ချင်မူ့အား ဆဲရေးတိုင်းထွာနေခြင်းသာ ဖြစ်ပေလိမ့်မည်။