ဆန်းကြယ်သော မြား
Vol. 98 Ch. 1279
ရွှေအ၊ မျက်ကန်းနှင့် ဆေးဆရာတို့သည် သူတို့ကိုယ်သူတို့ ကျေနပ်နေကြပြီး ချင်မူတို့အား ကြည့်လိုက်ကြ၏။ မျက်ကန်းက ညစ်ကျယ်ကျယ် အပြုံးဖြင့် ပြောသည်။ “သိုင်းအဆင့်မြင့်တော့ရော ဘာအသုံးဝင်လို့လဲ… ဒီလိုထူးဆန်းတဲ့အခြေအနေနဲ့ တွေ့ရင် ငါတို့ကိုပဲ အားကိုးရတာမလား”
ရွှေအက ခေါင်းတဆတ်ဆတ် ညိတ်နေသည်။
ဆေးဆရာမှာလည်း ငါးခူပြုံးဖြင့် ဘဝင်မြင့်နေပြီး မုတ်ဆိတ်မွှေးကို ပွတ်နေ၏။
ပထမလူသားဧကရာဇ်မှာ မျက်နှာကြီး နီရဲသွားသည်။ သူသည် အစက ဤလူများအား သိုင်းအဆင့်နိမ့်သောကြောင့် အသုံးမဝင်ဟု သဘောထားခဲ့၏။ ခရီးအား နှောင့်နှေးစေလိမ့်မည် တွေးခဲ့သော်လည်း ထိုသုံးယောက်က သူတို့ကို ကယ်နိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့ပေ။
အရိုးစုလက် ကြေမွသွားသည့်အခါ နတ်လေး၏ ပတ်ပတ်လည်ရှိ အလင်းရောင်တို့မှာ ချက်ချင်း ပျောက်ကွယ်သွားရင်း မူလပုံစံ တဖြည်းဖြည်း ပေါ်လာသည်။
ချင်မူက လက်ဖဝါးထဲတွင် အားထည့်၍ နတ်လေးအား ဆွဲယူလိုက်၏။ နတ်လေးမှာ တဖြည်းဖြည်း ကျုံ့ဝင်သွားသော်လည်း ကိုက်သုံးကိုက် ရှည်လျားနေသေးသည်။ လေးပေါ်တွင် သင်္ကေတများကဲ့သို့ အဆန်းတကြယ်အမှတ်အသားများစွာ ရှိနေသည်။ သို့သော် ချင်မူမှာ ၎င်းတို့ကို နားမလည်နိုင်ပေ။
ကျန်ရှိသူမားလည်း သူ့အနား ကပ်လာကြသော်လည်း သင်္ကေတများကို နားမလည်ကြချေ။
ချင်မူက ဥထဲမှ ထိုက်ရှီကို မေးကြည့်သော်လည်း ထိုက်ရှီသည် သူ့အား စိတ်ကောက်နေ၏။
ချင်မူလည်း နတ်လေးကို ဆွဲကြည့်လိုက်ရာ အလွယ်တကူ ဆွဲနိုင်သွားသည်။ သို့သော် နတ်လေးကြိုးကို ပိုဝေးဝေးသို့ ဆွဲလေလေ ချင်မူ၏ ချီစွမ်းအင်နှင့် မှော်စွမ်းအင်တို့မှာ နတ်လေးထဲသို့ ဆွဲယူခံရလေလေ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် နတ်လေးဆီမှ နတ်အလင်းတန်းများ တောက်ပလာကြပြီး ရောင်စဥ်အလင်းတန်းများသည် မြားတစ်စင်းသဖွယ် စုဖွဲ့လာချေသည်။
အားလုံးမှာ ကြက်သီးမွှေးညင်းများ ထကုန်ကြသည်။ ဤနတ်လေး၏ စွမ်းအားကား အလွန်တရာ ပြင်းထန်လွန်း၏။ ဧကရာဇ်ပလ္လင်အဆင့် ရတနာများထဲတွင်ပင်လျှင် ၎င်းသည် အတော်လေးထူးကဲသော ရတနာတစ်ခုဖြစ်သည်။
ချင်မူက သူ၏ခွန်အားကို ဖြည်းဖြည်းချင်း ပြန်နှုတ်ယူလိုက်ရာ လေးကြိုးမှာ မူလအခြေအနေသို့ ပြန်ရောက်သွားသည်။ မြားမှာလည်း အလင်းတန်းများအဖြစ် ပြန်ကွဲထွက်သွားရင်း လေးထဲ ပြန်ဝင်သွားသည်။ ထို့နောက် လေးထဲရှိ စွမ်းအားက ချီစွမ်းအင်အဖြစ် ပြန်ပြောင်း၍ ချင်မူ၏ခန္ဓာကိုယ်ထဲ ပြန်ရောက်လာသည်။
သူက လေးကို ပြန်ဆွဲကြည့်သည့်အခါ မည်သည့်မှော်စွမ်းအင်မှ မသုံးရတော့ပေ။
ချင်မူသည် လေးကို ပထမလူသားဧကရာဇ်ထံ ပေးကြည့်၏။ ပထမလူသားဧကရာဇ်လည်း စမ်းသပ်စစ်ဆေးကြည့်ရင်း အံ့ဩမှင်သက်စွာဖြင့် စုတ်တစ်ချက် သပ်လိုက်သည်။
အားလုံးလည်း စမ်းကြည့်ကြပြီး တအံ့တဩ ဖြစ်နေကြသည်။
ရွှေအ၏ မျက်လုံးများက တဝင်းဝင်း တောက်လာသည်။ “ဒီလို နည်းလမ်းမျိုးကို လက်နက်သွန်းလုပ်တဲ့နေရာမှာ ထည့်အသုံးပြုနိုင်ရင် နတ်လက်နက်တွေအနေနဲ့ မှော်စွမ်းအင်နည်းနည်းပဲ စုပ်ယူလိမ့်မယ်... ဒါဆို အချိန်ကြာကြာ တိုက်ခိုက်နိုင်လိမ့်မယ်”
ချင်မူက နတ်လေးကို သူ့ထံ ပေးလိုက်ပြီး အမြစ်ထဲရှိ ကျိုးနေသော အရိုးစုလက်ကို ကြည့်ရှုလိုက်သည်။ သူက မယုံကြည်နိုင်စွာ မေးလိုက်လေသည်။ “ဒီလက်က ဘယ်က ရောက်လာတုန်းဗျ”
ရွှေအက သူ၏ဧရာမတူကြီးကို လှုပ်ခါလိုက်သည့်အခါ တူ၏ထိပ်သည် ဧရာမပုဆိန်အသွားကြီးအဖြစ် ပြောင်းလဲသွားပြီး မဟူရာသစ်မြစ်များအပေါ် ခုတ်ချလိုက်၏။
ပုဆိန်အသွားနှင့် သစ်မြစ်များ ထိတွေ့သွားလျှင်ချင်း မီးပွားများက အရပ်လေးမျက်နှာသို့ လွင့်စင်သွားလေသည်။ ရွှေအက မျက်နှာကြီး ပုပ်သိုးသွားပြီး ပုဆိန်ကို မြှောက်ကြည့်လိုက်ရာ ပုဆိန်သွားက ပဲ့ထွက်သွားကြောင်း တွေ့လိုက်ရသည်။
ချင်မူလည်း ဓားကျိုးကို ထုတ်၍ ခုတ်ပိုင်းလိုက်၏။ သူ၏လက်မှာ တုန်ခါမှုကြောင့် ထုံလာသော်လည်း အမြစ်များကို မပိုင်းဖြတ်နိုင်ပေ။
“ဒီလူက အမြစ်ထဲကနေ ကြီးထွားလာတာပဲ”
ပထမလူသားဧကရာဇ်လည်း ကြိုးစားကြည့်သော်လည်း အမြစ်ကို မခုတ်နိုင်ချေ။ “ငါ အခုလေးတင် နတ်လေးကို ကိုင်လိုက်တုန်းက အဲဒီလူက ငါ့ကို စကားပြောခဲ့တယ်… သူ အသက်ရှင်နေတုန်း ဖြစ်ရမယ်”
သူတို့အားလုံးသည် အမြစ်များထဲ၌ လူတစ်ယောက် အမှန်တကယ်ရှိ၊ မရှိ သိချင်သောကြောင့် နည်းလမ်းအမျိုးမျိုး သုံးရင်း အမြစ်များကို ပိုင်းဖြတ်ကြည့်နေကြသည်။ သို့သော် မည်သည့်ကောင်းကင်နတ်သိုင်း၊ မည်သည့်ကောင်းကင်လက်နက်ကို သုံးသည်ဖြစ်စေ အမြစ်များကို မဖြတ်နိုင်ကြချေ။
ရုတ်တရက် ရွှေအက ပြုံးလျက် ပြောလေသည်။ “ငါတို့လည်းကွာ တုံးချက်ပဲ… နတ်လေးကြီး ရှိနေတာကို ငါတို့ရဲ့ကိုယ်ပိုင်ရတနာတွေ သုံးနေရတယ်လို့”
သူက နတ်လေးကို ထုတ်၍ လေးကြိုးအား အားကုန်ဆွဲလိုက်သည်။ သို့သော် တစ်၀က်ခန့်အထိသာ ဆွဲနိုင်ပြီး မှော်စွမ်းအင် ကုန်ခမ်းသွားလေသည်။
ချင်မူက နတ်လေးကို ယူပြီး အားကုန်ထုတ်ကာ လေးကြိုးအား လခြမ်းပုံစံဖြစ်သည်အထိ ဆွဲယူလိုက်သည်။ သူ၏ ချီစွမ်းအာင် အားလုံးနီးပါး လေးထဲသို့ စုပ်ယူခံလိုက်ရချေပြီ။
နတ်မြားတစ်စင်းသည် အလျင်အမြန် ဖွဲ့တည်လာနေပြီး မြားရောင်တို့က မြား၏ အသွားထိပ်တွင် စုစည်းနေကြသည်။
ထိုအခိုက်အတန့်တွင် အလင်းတန်းများက ရုတ်တရက် ကောင်းကင်တစ်လျှောက် ဖုံးလွှမ်းသွားပြီး မြားရောင်ဆီ ပြေးဝင်လာကြကာ စုစည်းသွားကြသည်။
ထိုအလင်းတန်းများကား ဘိုးဘေးနန်းတော်၏ ကြယ်အလင်းရောင်များ ဖြစ်ကြပြီး ကြယ်တာရာများမှာ နတ်လေး၏ ဆွဲယူခံနေရသကဲ့သို့ ဘိုးဘေးနန်းတော်နှင့် နီးကပ်လာကြလေသည်။
ချင်မူသည် နတ်လေးထဲရှိ စွမ်းအား ပိုမိုအားကောင်းလာကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ သူ၏လက်မောင်းများမှာ စွမ်းအားဒဏ်ကို မခံနိုင်သဖြင့် တရစပ် တုန်ရီလာ၏။
“ချီးပဲ... စွမ်းအားက ပြင်းထန်လွန်းတယ်”
ချင်မူမှာ လေးထဲရှိ သူ၏စွမ်းအင်တို့ကို ပြန်ယူရန် ပြင်လိုက်သော်လည်း ကြယ်အလင်းရောင်တို့သည် စုစည်းလာနေသေး၏။ ဘိုးဘေးနန်းတော်ထဲရှိ စွမ်းအားမှာ စုပ်ယူခံနေရသကဲ့သို့ တောင်ကြားအထက်တွင် လေပွေအရွယ်အစားမျိုးစုံပင် ပေါ်လာတော့သည်။
“မြန်မြန်သွားကြပါတော့”
ချင်မူ့နဖူးတွင် ချွေးသီးချွေးပေါက်များ စီးကျလာပြီး သူ့မှာ ချီစွမ်းအင်ကို ပြန်နုတ်ယူမရနိုင်ကြောင်း သဘောပေါက်လိုက်သည်။ သူ့မှာ အံတင်းတင်းကြိတ်၍ တောင့်ခံနေရုံသာ တတ်နိုင်သဖြင့် တရှူးရှူးတရှဲရှဲဖြင့် ပြောသည်။ “နတ်လေးရဲ့ စွမ်းအား ပေါက်ကွဲထွက်လာတဲ့ အချိန်ကျရင် စွမ်းအားအရှိန်ကို ကျွန်တော် မထိန်းနိုင်ဘူး”
ပထမလူသားဧကရာဇ်မှာ ၎င်းကို ကြားလျှင် သိသိသာသာ မျက်နှာပျက်သွားသည်။ သူ ချင်မူ့ကို ကာကွယ်ရန် တစ်ခုခုပြောတော့မည့်အချိန် ဒုက္ခိတကျေးရွာမှ အဘိုးသုံးယောက်ကား နောက်ကျသည့် ခြေထောက်သစ္စာဖောက်မည့်အလား တစ်ချိုးတည်း ထွက်ပြေးသွားသည်ကို တွေ့လိုက်ရလေသည်။ မျက်ကန်းက ထွက်ပြေးနေရင်း လှမ်းအော်၏။ “မူအာရေ… တောင့်ထားဦးနော်… ငါတို့ ဒီတောင်ကြားအပြင် ရောက်တဲ့အထိ စောင့်ဦး”
ရွှေအ၏ အသံကြီးကလည်း မိုးခြိမ်းသံအလား ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ “ပထမလူသားဧကရာဇ်၊ ယန်အာ… လေတွေတိုက်လာပြီနော်”
ပထမလူသားဧကရာဇ်မှာ တခဏ တုံ့ဆိုင်းနေသည်။ ယန်အာသည်လည်း မီးအိမ်ကို ကိုင်ရင်း အဝေးသို့ ထွက်ပြေးသွားပြီဖြစ်သည်။ သူက ထိုက်ရှီဥကို အောက်ချ၍ မှာလိုက်သည်။ “မူအာ၊ သတိထားနော်… မင်းကိုယ်မင်းကာကွယ်ဖို့ ဒီဥကို သုံးချည်”
အားလုံး တောင်ကြားထဲမှ ပြေးထွက်လာကြပြီး တောင်ကြားအထက်ရှိ ကောင်းကင်ထဲတွင် လေပွေအရွယ်အစားမျိုးစုံ အရှိန်ပြင်းပြင်း လှည့်ပတ်နေကြောင်း တွေ့လိုက်ကြရသည်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်သည် ပေါ်ထွက်လာပြီး ချင်မူ့လက်ထဲရှိ နတ်လေးထံ ပြေးဝင်နေချေပြီ။
ထိုအခိုက်အတန့်တွင် ချင်မူ့ခန္ဓာကိုယ်က ကိုက်နှစ်ရာမြင့်မားသည့် တောင်တစ်လုံးအရွယ် ဘီလူးကြီးတစ်ကောင်အလား အသွင်ပြောင်းခဲ့ပြီးဖြစ်သည်။ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် နတ်အလင်းတန်းများမှာ ထွန်းလင်းတောက်ပနေကြသဖြင့် ဘယ်သူမှ သူ့ကို စိုက်မကြည့်နိုင်ကြပေ။
သို့သော် ဘီလူးကြီးမှာ တဆတ်ဆတ် တုန်နေသည်။
သူ့လက်ထဲရှိ လေး၏စွမ်းအားသည် သူ ထိန်းချုပ်နိုင်သည့် အတိုင်းအတာအား ကျော်လွန်နေချေပြီ။
ဤမြား ထွက်သွားသည့်အခါ မြားထိပ်သည် မဟူရာသစ်ပင်ကြီး၏ အမြစ်များနှင့် ဝင်တိုက်သွားလိမ့်မည်။ မြား၏စွမ်းအားသည် အရပ်လေးမျက်နှာသို့ ပေါက်ကွဲထွက်သွားမည်ဖြစ်ပြီး အလယ်တွင် ရှိနေသည့် သူ့အပေါ် ကျရောက်လာမည့် အန္တရာယ်မှာ မှန်း၍ပင် မရနိုင်ပေ။
ယခုတွင် မြားက လေးကြိုးပေါ်တွင် ရှိနေဆဲ ဖြစ်၍ သူ့တွင် ပစ်လွှတ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ချေ။ ၎င်းက သူ ထိန်းချုပ်နိုင်သည့်အရာ မဟုတ်တော့။
အားလုံး တောင်ကြားအပြင် ထွက်နိုင်တော့မည်အချိန် နှိုင်းယှဉ်မရလောက်အောင် တောက်ပလင်းထိန်နေသော အလင်းတန်းတစ်တန်းက တောင်ကြားအလယ်ဗဟိုမှ ဖြာထွက်လာသည်။
ဧရာမအလင်းလုံးကြီးတစ်လုံးကား တောင်ကြားအောက်ခြေမှ ကားထွက်လာကာ တောင်ကြားတစ်ခုလုံးတွင် ပြည့်နှက်သွားသည်။
တောင်ကြားထဲမှ ပျံထွက်လာသူအားလုံး ချက်ချင်း ဖရိုဖရဲ ဖြစ်ကုန်ကြသည်။ သူတို့မှာ ဤကြောက်မက်ဖွယ် အားကြီးကြောင့် အရပ်လေးမျက်နှာသို့ လွင့်ထွက်ကုန်ကြလေသည်။
ဆေးဆရာသည် ဆေးပညာကောင်းကင်နန်းဆောင်ကို တည်ဆောက်ထားခဲ့သော်လည်း သူ၏သိုင်းအဆင့်မှာ အနိမ့်ဆုံးဖြစ်နေသေး၏။ ဤအားကြီးကြောင့် သူတစ်ကိုယ်လုံးတွင် ဒဏ်ရာအပေါက်များ ချက်ချင်း ပြည့်သွားတော့သည်။
ဤအလင်းတန်းထဲတွင်ကား မရေမတွက်နိုင်သော မြားများ ပါရှိနေ၏။
ကံကောင်းစွာဖြင့် ဆေးပညာကောင်းကင်နန်းဆောင်၏ အစွမ်းမှာ ဩချဖွယ်ကောင်းလှသည်။ သူ၏ဒဏ်ရာများမှာ လျင်မြန်စွာ သက်သာသွားသော်လည်း ထပ်မံပေါက်ထွက်သွားပြန်သည်။
နောက်ဆုံးတွင် မြားမုန်တိုင်းကြီး ပြီးဆုံးသွားပြီး အားလုံးမှာ မြေပေါ်သို့ ခွေးကျဝက်ကျ ကျလာကြသည်။ နဂါးချီလင်က ပြေးလာပြီး ယန်အာ ဒဏ်ရာမရကြောင်း မြင်တော့မှ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်သည်။
“ဂိုဏ်းသခင် အဲ့ဒီအထဲမှာ ရှိနေသေးတယ်လား” နဂါးချီလင်က ချင်မူ့ကို ရှာမတွေ့သောအခါ အလန့်တကြား အော်ဟစ်လိုက်၏။
တောင်ကြားအောက်ခြေတွင်…
အလင်းတန်းကြောင့် ပေါ်ထွက်လာသော မြားအားလုံး တောင်စွန်းတစ်ခုတွင် ထိုးစိုက်နေကြ၏။ ထိုမြားတို့မှာ တောင်စွန်းထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေကြပြီး လူပုံစံရှိသည့် နေရာလွတ်တစ်ခုသာ မြားများ ကင်းစင်နေကြသည်။
တောင်စွန်းထိပ်တွင် ချင်မူသည် နတ်လေးကို လက်တွင် ကိုင်စွဲလျက် ရပ်နေ၏။ သူ့ခန္ဓာကိုယ်အရှေ့ပိုင်းမှာ မြားတို့ဖြင့် ပြည့်နှက်နေပြီး မျက်နှာတစ်ခုလုံးတွင်လည်း မြားတို့ ထိုးစိုက်နေကြသည်။
ထိုက်ရှီဥကတော့ ချင်မူ့ဘေးသို့ မသိလိုက်ဘာသာ ရောက်နေပြီး သူ့ကို ကာကွယ်မပေးခဲ့ချေ။
ဘုတ်…
ချင်မူမှာ နောက်ပြန်လဲကျသွား၍ သူ့ခန္ဓာကိုယ်ရှိ မြားတောင်ပံတို့ အနည်းငယ် တုန်ရီသွားလေသည်။
ထိုမြားတောင်ပံတို့မှာ အလင်းတန်းကြောင့် ဖွဲ့တည်လာခဲ့သောကြောင့် မကြာမီ အလင်းတန်း မှေးမှိန်သွားသည့်အခါ ၎င်းတို့လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။
ဥက လိမ့်လာရင်း ဂရုတစိုက် မေးသည်။ “ကောင်းကင်နတ်အရှင်မူ၊ အသက်ရှိသေးရဲ့လား”
“ဪ မသေသေးဘူးပဲ… အသက်သာ လုရှူနေရတာ…”
ထိုက်ရှီမှာ စိတ်အေးသွားသည်။
တခဏကြာသော် ချင်မူက ငေါက်ခနဲ ထရပ်ကာ သူ့လက်ထဲရှိ နတ်လေးအား ကြည့်လိုက်သည်။ သူ့မျက်နှာမှာ သိသိသာသာ ပျက်သွားပြီး နတ်လေးကို ဘေးသို့ လွှင့်ပစ်လိုက်သည်။
ဤနတ်လေးသည် ထူးဆန်းလွန်း၏။
သို့သော် သူ့မှာ လွှင့်ပစ်ပြီးလျှင်ချင်း နောင်တရသွားသဖြင့် ပြန်ကောက်လိုက်ပြန်သည်။ “ငါ ရန်သူတွေကို အဝေးကနေ တိုက်တဲ့အခါကျ သုံးလို့ရတယ်… ဒါပေမယ့် အနီးကပ်တိုက်တဲ့နေရာမှာ သုံးရင်တော့ သေချာပေါက် သေမှာ”
သူက စိတ်ပြန်ထိန်းရင်း ရှေ့သို့ လှမ်းကြည့်လိုက်သည်။ အရိုးစုလက်ကို မြှုပ်ထားသည့် မဟူရာသစ်ပင်အမြစ်ကြီးမှာ နတ်လေးကြောင့် ပေါက်ကွဲထွက်သွားပြီး လက်တစ်ဖက် ပြတ်နေသည့် အရိုးစုတစ်ခု၏ ခန္ဓာကိုယ်အပေါ်ပိုင်း ပေါ်လာချေပြီ။
နတ်လေး၏ ပိုင်ရှင်မှာ အမှန်တွင်ကား မဟူရာသစ်မြစ်ထဲတွင် ကြီးထွားနေလေသည်။
ထူးဆန်းသည်က မဟူရာသစ်ပင်ကြီး၏ အမြစ်များသည် လန်းဆန်းနေသေးသည်။
ဤထူးဆန်းသော သစ်ပင်ကြီး၏ အမြစ်များကား အသက်ရှိနေသေး၏။
ရုတ်တရက် အမြစ်များထဲရှိ အရိုးစုက ခေါင်းမော့လာ၍ ချင်မူ့ကို ကြည့်လိုက်သည်။ “ငါ့ရတနာကိုလည်း ယူသေးတယ်… ငါ့ရဲ့ ရှင်သန်ထမြောက်မှုကိုလည်း ဖျက်ဆီးပစ်သေးတယ်… ဒီည မင်းကို လာသတ်မယ်” ထိုသို့ပြောပြီးနောက် အရိုးစုသည် အမြစ်ထဲ ပျော်ဝင်ပျောက်ကွယ်သွားတော့၏။