မြွေပွေးကိုမှ ခါးပိုက်ထဲ ထည့်မိလေခြင်း
Vol. 98 Ch. 1280
ချင်မူက ရှေ့သို့ ခပ်သွက်သွက် လျှောက်သွားပြီး ပေါက်ကွဲသွားသော သစ်မြစ်ကို စစ်ဆေးကြည့်လိုက်သည်။ မည်သည့်အရာမှ ထူးထူးခြားခြား ရှိမနေပေ။
“ငါ ဘယ်သူ့ကိုများ စော်ကားမိတာလဲ… ပြန်ရောက်တာနဲ့ ပြဿနာ ဖြစ်ရတယ်လို့… မြားတွေအများကြီးနဲ့ ပစ်ခံရတဲ့အပြင် သတ်မယ်လို့ပါ ခြိမ်းခြောက်ခံရသေးတယ်…”
သူက ခေါင်းတရမ်းရမ်းဖြင့် ညည်းတွားနေသည်။ လောကကြီးသည် နေရထိုင်ရ မည်မျှ ခက်လှပါသနည်း။ လူ့နှလုံးသားတို့သည်လည်း မည်မျှနားလည်ရခက်လှပါသနည်း။
ထိုက်ရှီဥက သစ်မြစ်အနားတွင် လှိမ့်ရင်း စစ်ဆေးကြည့်နေသည်။ “ဒီလူ တကယ်ကြီး ပျောက်သွားတာဟ.. ထူးဆန်းတယ်... အင်မတန်ထူးဆန်းတယ်”
ချင်မူလည်း လေးကို နောက်ကျောတွင် လွယ်လျက် ထွက်သွားတော့မည့်အချိန်တွင် ရင်ထဲတွင် ရုတ်တရက် လှုပ်ခတ်သွားသည်။ ကျစ်ဆံမြီးလေးနှစ်ဖက်နှင့် ကလေးမလေးတစ်ဦးသည် ခုန်ဆွခုန်ဆွ လျှောက်လာနေ၏။ သူမက နတ်လေး ဖောက်ထွက်သွားသော သစ်မြစ်များဆီသို့ ရောက်လာကာ စပ်စုနေသည်။ ထို့နောက် တည်ငြိမ်ရင့်ကျက်သော ဟန်ပန်ဖြင့် ခေါင်းရမ်းလိုက်ရာ သူမ၏ ကျစ်ဆံမြီးလေးနှစ်ဖက်မှာ ခါရမ်းသွားသည်။
“မင်း… မင်းက…”
ကျစ်ဆံမြီးနှစ်ဖက်နှင့် ကလေးမလေးက ခေါင်းရမ်းလိုက်ပြီး သက်ပြင်းချ၏။ “နင်ကတော့ ပြန်လာတာနဲ့ ပြဿနာရှာတော့တာပဲ… အခု ဘာလုပ်ကြမလဲ”
ချင်မူသည် ကလေးမလေးကို မယုံသင်္ကာကြည့်၍ မေးလိုက်မိ၏။ “ထိုက်ယီလား..”
ထိုက်ရှီဥလည်း ကလေးမလေးကို မှတ်မိသွားသဖြင့် စပ်ဖြဲဖြဲ ပြုံးလိုက်ကာ မေးသည်။ “တာအိုနောင်တော်၊ ဘာလို့ ဒီလိုပုံစံပြောင်းထားတာလဲဗျ”
“လူတွေနဲ့ တွေ့ရင် ပိုအဆင်ပြေလို့လေ”
ကလေးမလေးက ရှင်းပြသည်။ “ကောင်းကင်နတ်အရှင်မူ၊ နင် သစ်မြစ်တွေ ဖောက်ခွဲပစ်လိုက်တော့ အဲဒီပုဂ္ဂိုလ် ဒေါသထွက်သွားပြီ... နင်က သူ့အတွက်တောင် လမ်းဖွင့်ပေးလိုက်သေးတယ်… အဲဒီပုဂ္ဂိုလ် ဒီည သစ်မြစ်တွေထဲကနေ တွားသွားထွက်လာလိမ့်မယ်… ထွက်လာတာနဲ့ သူ့နတ်လက်နက်ကို ပြန်ယူပြီးတော့ နင့်ကို သတ်ပစ်မှာ သိလား”
သူမက ခေါင်းတရမ်းရမ်းဖြင့် သက်ပြင်းချလိုက်ပြန်သည်။ “သူက စကြဝဠာကြီး ဖြစ်တည်လာကတည်းက အပြင်ထွက်လာနိုင်အောင် ကြံစည်နေခဲ့တာ… ဒါမဲ့ နှစ်ကုဋေပေါင်းများစွာ ကြိုးစားခဲ့တာတောင် လက်တစ်ဖက်တည်း ထွက်လာနိုင်ခဲ့တယ်… နင်က တကယ် နင်ပါပဲ… ပြန်ရောက်တာနဲ့ သူ့အတွက် လမ်းဖောက်ပေးလိုက်ရတယ်လို့ … သူ ဒီည ထွက်လာနိုင်မှာဟ”
ချင်မူမှာ အပြစ်ရှိသလို ခံစားလိုက်ရပြီး မေး၏။ “ဒီနောင်တော်က အရင်စကြဝဠာတုန်းက တည်ရှိခဲ့တဲ့ ဖြစ်တည်မှုလား… သူက သူ့ရဲ့ လေးကို အရင်လွှတ်လိုက်ပြီးမှ အတိတ်ကနေ လက်ရှိအချိန်ကို လာနေတာလား”
ကလေးမလေးက တည်ကြည်လေးနက်စွာ ခေါင်းညိတ်သည်။
“သူ သစ်ပင်ထဲကနေ ဘယ်လိုလုပ် ထွက်လာနိုင်တာလဲ”
ချင်မူမှာ ဇဝေဇဝါဖြစ်နေသဖြင့် မေးလိုက်မိသည်။ “ဒြပ်ထုစွမ်းအင် အစားထိုးတာ သိပေမယ့် ဘာလို့ သူက မဟူရာသစ်ပင်ကြီးရဲ့ အမြစ်ကနေ ဒီစကြဝဠာထဲကို တိုးထွက်လာမှာလဲ”
“ဘာလို့လဲဆိုတော့ အရင်စကြာဠာ ဖျက်ဆီးခံခဲ့ရတုန်းက ဒီသစ်ပင်တစ်ပင်တည်း ထာဝရအသက်ရှင်နိုင်ခဲ့လို့လေ”
ကလေးမလေးက သက်ပြင်းချလိုက်ပြန်ရင်း ဆက်ပြောသည်။ “ဒီသစ်ပင်ရဲ့ ဒြပ်ထုက ဒီစကြဝဠာမှာပဲဖြစ်ဖြစ်၊ အရင်စကြဝဠာမှာပဲဖြစ်ဖြစ်၊ အဲဒီအရင်က စကြ၀ဠာမှာပဲဖြစ်ဖြစ် မပြောင်းလဲဘူး… ဒါကြောင့် လမ်းတစ်လမ်း ကျန်ခဲ့ပြီး အတိတ်ကသတ္တဝါတွေ ဒီသစ်ပင်ကနေ တိုးထွက်လာနိုင်တာပဲ”
ချင်မူ အနည်းငယ် နားလည်သွားသည်။
ဤအခြေအနေသည် ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းနှင့် ဆင်တူ၏။ နှစ်မျိုးစလုံးကား မပြောင်းလဲသောဒြပ်ထုမှ ဆင်းသက်လာခြင်း ဖြစ်ပေသည်။
“ဒါဆိုရင် ဒီသစ်ပင်ကြီးက ဘာလို့ သေသွားရတာလဲ” ချင်မူက ပထမလူသားဧကရာဇ်နှင့် အခြားသူများ အလောတကြီး ပြေးလာနေသည်ကို ကြည့်ရင်း ဆက်မေး၏။
“ငါ ခုတ်ပစ်လိုက်တာ”
ကလေးမလေးက ကျယ်လောင်စွာ ပြောသည်။ “ခုတ်ပြီးတော့ မီးတောင် ရှို့ပစ်လိုက်သေးတယ်”
ချင်မူနှင့် ထိုက်ရှီတို့မှာ အေးခဲတုန်လှုပ်သွားကြသည်။
ကလေးမလေးက အေးအေးလူလူဖြင့် ပြောနေ၏။ “တာအိုညီတော်ထိုက်ရှီ၊ အဲဒီတုန်းက နင်တို့တွေဆိုရင် အသိစိတ်တောင် ရှိသေးတာမဟုတ်ဘူး… ဖန်ဆင်းရှင်တွေလည်း မမွေးကြသေးဘူး… ဒီလောကသစ်ပင်ကြီး တည်ရှိနေသ၍ ကပ်ဘေးတွေ အဆုံးသတ်မှာ မဟုတ်ဘူးဆိုတာ ငါ သဘောပေါက်ခဲ့တယ်… အဲဒါကြောင့် ခုတ်ပစ်ပြီး မီးလောင်တိုက်သွင်းခဲ့တာ… ဒါပေမဲ့ ဒီသစ်ပင် အသက်ရှင်နေသေးမယ်လို့ ထင်မထားခဲ့ဘူး..”
ချင်မူမှာ ထိုက်ရှီဥ သူ့ကို ကြည့်နေသလို ခံစားလိုက်ရသဖြင့် ပြန်ကြည့်လိုက်သည်။
“အခုတော့ ကောင်းကင်နတ်အရှင်မူက မြားနဲ့ ပစ်လိုက်လို့ ကပ်ဘေးအမြစ်ကြီး ပေါ်လာခဲ့ပြီ”
ကလေးမလေးက ကျစ်ဆံမြီးကို ဆော့ကစားရင်း ခပ်တိုးတိုး ပြောသည်။ “ဒီညမှာ အတိတ်ခေတ်က အင်အားအကြီးမားဆုံး သိုင်းပညာရှင်တွေ ထွက်လာတော့မယ်... နတ်လေးကို ပြန်ယူပြီး ကောင်းကင်နတ်အရှင်မူကို သတ်တော့မယ်”
ချင်မူ့မျက်နှာမှာ သွေးဆုတ်ဖြူလျော့သွားပြီး ရုတ်တရက် ဟက်ခနဲ ထရယ်လိုက်၏။ “တာအိုနောင်တော်ထိုက်ယီ၊ ခင်ဗျားမှာ ဟိုထူးဆန်းတဲ့ ရေတွေ ရှိသေးတယ်မလား… တစ်ပုံးလောက်သွားယူပြီးတော့ အမြစ်ကို ကုပေးလိုက်ပါလား”
“အဲဒီရေက အလကားရတယ်လို့များ ထင်နေတာလားဟဲ့”
ကလေးမလေးက သူ့ကို မျက်စောင်းထိုး၍ ပြောသည်။ “တစ်နေ့ကို ပုံးသေးသေးလေးပဲ ရတာ.. ငါ ဒီနေ့ အကုန်သုံးပြီးသွားပြီ”
ချင်မူ့မျက်နှာကြီးမှာ အီးမှန်ထားသကဲ့သို့ ရှုံ့တွနေတော့သည်။
ကလေးမလေးက ချာခနဲ လှည့်ထွက်သွားရင်း လှမ်းပြောသည်။ “ဒီည နင် လေးနဲ့အတူ ဒီမှာနေပြီးတော့ အတိတ်ကပုဂ္ဂိုလ်တွေ ရောက်လာမှာ စောင့်နေ… မြေကြီးတွေ တုန်ခါလာပြီးတော့ တောင်တွေလှုပ်လာတဲ့အခါကျရင် သူ ဆင်းသက်လာဖို့ ကြိုးစားနေတယ်လို့ မှတ်ထား…. အဲ့လို တောင်တွေ မြေကြီးတွေ လှုပ်လာတာနဲ့ တစ်ဆယ်အထိ ရေပြီး အဲဒီနေရာကို မြားပစ်လိုက်… နေထွက်တဲ့အထိ သူ ထွက်မလာရင် ထွက်လာနိုင်မှာမဟုတ်ဘူး”
ချင်မူက စိုးရိမ်ပူပန်စွာဖြင့် ချက်ချင်း မေးသည်။ “တာအိုနောင်တော်၊ ခင်ဗျား…”
“စိတ်မပူပါနဲ့… ငါ ဒီည လာကူမှာပါ” ကလေးမလေးသည် အလျင်အမြန်ပင် ပျောက်ကွယ်သွားလေ၏။
ချင်မူမှာ နတ်လေးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး စိတ်ကို ငြိမ်အောင် ထိန်းလိုက်သည်။ အတန်ကြာသော် အနည်းငယ် စိတ်အေးသွား၏။ “ထိုက်ယီက အသက်အကြီးဆုံး ရှေးဟောင်းနတ်ဘုရားပဲဟာ… ခန္ဓာကိုယ်လည်း ဖြစ်တည်ထားပြီးပြီဆိုတော့ ထိုက်ရှီလောက် အားမနည်းဘူး… သူသာရှိရင် ငါတို့ ဒီညကို ဘေးကင်းကင်း ကျော်ဖြတ်နိုင်မှာပါ”
ပထမလူသားဧကရာဇ်၊ ရွှေအနှင့် ကျန်သူများက အမောတကော ရောက်လာကြသည်။ မျက်ကန်းက စိုးရိမ်စွာ မေး၏။ “မူအာ၊ ဒဏ်ရာရသွားသေးလား… ဆေးဆရာကို စစ်ခိုင်းလိုက်”
ချင်မူက မျက်လုံးဝှေ့လိုက်ရင်း သူတို့အား ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။ အားလုံးမှာ အံ့အားသင့်နေကြလေသည်။
ချင်မူက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။ “ဒီည ကျွန်တော်နဲ့အတူ ဘယ်သူ စောင့်ပေးချင်လဲ”
မျက်ကန်းက ချာခနဲ လှည့်ထွက်သည်။ “ငါတို့မှာလည်း လုပ်စရာတွေ ရှိသေးတယ်… ရွှေအရေ သွားကြစို့… ဖန်သားကောင်းကင်စေတီထဲက ရတနာတွေကို သန့်စင်ရဦးမယ်လေ”
ရွှေအက သူ့နောက်မှ ခပ်သွက်သွက် ပြေးလိုက်သွား၏။ “ဟုတ်သားပဲ… ဖန်သားကောင်းကင်စေတီထဲမှာ ရတနာတွေက များပါဘိ… အကုန်သန့်စင်ဖို့ဆိုရင် နှစ်နဲ့ချီကြာဦးမှာ… ဆေးဆရာ၊ မင်းလည်း ဝိညာဥ်ဆေးလုံးတွေ ဖော်ရဦးမယ်ဆို…”
ဆေးဆရာက သူတို့နောက် အပြေးလိုက်သွားပြီးနောက် ပြန်လှည့်ကြည့်သည်။ “ဖက်တီးနဂါး၊ ယန်အာ၊ ငါနဲ့ လိုက်ပြီးတော့ မီးမွှေးပေးစမ်း…. ယွင်ကျန့်၊ ကောင်စုတ်လေး ဘာလုပ်မလို့လဲ… မင်းအဘိုးက သေကြောင်းကြံနေတာ.. မင်းပါ သေချင်လို့လား”
နဂါးချီလင်က တခဏ တုံ့ဆိုင်းနေပြီးနောက် ခေါင်းနှင့် အမြှီးကို ရမ်းကာ သူတို့နောက်မှ လိုက်သွားပြီး ချင်မူ့ကို ထားခဲ့ချေပြီ။
ယန်အာက ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်ကို ချင်မူ့လက်ထဲ ထိုးထည့်၏။ “ဂရုစိုက်ပါ သခင်လေး” ထို့နောက် သူမလည်း ရှောင်ထွက်သွားတော့သည်။
ချင်မူက ပထမလူသားဧကရာဇ်၊ ရီရှန်း၊ ချီကန်းနှင့် ကျန်လူသားဧကရာဇ်များအား အားရဝမ်းသာစွာ ကြည့်လိုက်ရင်း အပြုံးလေးဖြင့် ပြောသည်။ “လူသားဧကရာဇ်တို့၊ လူသားအားလုံးရဲ့ အနာဂတ်က ခင်ဗျားတို့ တာဝန်မဟုတ်လား… လူသားတွေရဲ့ အနာဂတ်ကို စောင့်ရှောက်ကြစို့လေ…”
“ငါတို့က လူသားဧကရာဇ်ဟောင်းတွေလေ… အခု ငါတို့မှာ အဲ့လိုတာဝန် မရှိတော့ဘူး”
လူသားဧကရာဇ်ချီကန်းက သူ့ပခုံးကို ပုတ်ရင်း အလေးအနက် ပြောသည်။ “အခုက မင်း တပည့်တစ်ယောက် လက်ခံပြီး မင်းရဲ့ဝန်ထုပ်ဝန်ပိုးတွေကို တပည့်ဆီ လွှဲပြောင်းပေးရမယ့် အချိန်ပဲကွ…အရင်တုန်းက အဘိုးကြီးတွေလည်း အဲဒီလိုပဲ လုပ်ခဲ့ကြတာ… သွားကြစို့.. သွားကြစို့… မူအာ သိုင်းကျင့်တာကို အနှောင့်အယှက်ဖြစ်လိမ့်မယ်”
ပထမလူသားဧကရာဇ်က နောက်ဆုံးမှ လျှောက်၍ ချင်မူ့အရှေ့သို့ ရောက်လာသည်။ သူက တခဏစဉ်းစားနေပြီးနောက် သက်ပြင်းချလိုက်၏။ သူလည်း ခေါင်းရမ်းရင်း လူသားဧကရာဇ်များနောက်မှ လိုက်သွားတော့သည်။
ချင်မူမှာ ငေးကြောင်လျက် ရပ်ကျန်ခဲ့သည်။ အချိန်အတော်ကြာသော် သက်ပြင်းချလိုက်ရင်း ခပ်တိုတိုး ပြောလိုက်သည်။ “ဒုက္ခရောက်နေတဲ့အချိန်မှာ အတူရှိပေးတဲ့ မိတ်ဆွေကသာ မိတ်ဆွေအစစ်တဲ့… တာအိုနောင်တော်ထိုက်ရှီ တစ်ယောက်တည်းကသာ မိတ်ဆွေစစ်ပဲဗျာ… ကျွန်တော့်နောက်လိုက်ခဲ့”
ထိုက်ရှီဥမှာ ထွက်ပြေးရန် အစွမ်းကုန်ကြိုးစားနေ၏။ သို့သော် ချင်မူ့လက်ဖဝါးက သူ မပြေးနိုင်အောင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေသည်။ သူက ဒေါသတကြီး အော်သည်။ “ခွေးကောင်လေးချင်၊ ဒီပြဿနာရှာတာ မင်းလေ… မင်းဘာသာမင်း တာဝန်ယူပါလား… ဘာလို့ ငါ့ကို ဆွဲထည့်နေတာလဲ… ငါက မွေးတောင် မမွေးသေးဘူး… အဲ့လို အံ့ဖွယ်စွမ်းအားမျိုး မရှိဘူးကွ”
“ခင်ဗျားပဲ ကျွန်တော်ကို ကောင်းကောင်း ဆက်ဆံတာလေ” ချင်မူက စိတ်ရင်းဖြင့် ဖြေသည်။
ထိုက်ရှီဥမှာ ထွက်မပြေးနိုင်သဖြင့် ကံတရားကိုသာ လက်ခံရင်း ပြောတော့သည်။ “အေးပါ အဖော်တော့ လုပ်ပေးမယ်… စကြဝဠာတစ်ခုရဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေနဲ့ တွေ့ရတာလည်း အခွင့်အရေးတစ်ခုပဲ”
ချင်မူမှာ စိတ်အေးသွားသည်။ သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး ခပ်မြင့်မြင့် နေရာတစ်နေရာ ရွေးလိုက်သည်။
သူက တောင်ကျိုးတစ်ခုပေါ်သို့ တက်၍ တင်ပျဉ်ခွေ ထိုင်လိုက်၏။ ထိုက်ရှီဥကို ဘေးတွင်ချကာ စိတ်ရှည်လက်ရှည် စောင့်နေသည်။
ထိုက်ရှီမှာ ၎င်းကို မြင်သောအခါ ဤကောင်လေး မည်သို့ကြံစည်နေသလဲ ချက်ချင်း သဘောပေါက်သွားသည်။ သူသည် မခုခံနိုင်လျှင် စကြ၀ဠာအဟောင်းမှ သိုင်းပညာရှင်ကို ရင်ဆိုင်တိုက်ခိုက်ပေလိမ့်မည်။
“ငါ့ဘဝရဲ့ အဆိုးရွားဆုံး ရွေးချယ်မှုကို လုပ်ခဲ့မိပြီ ထင်ပါတယ်… ထိုက်စုနဲ့ ပေါင်းပြီး ဒီကောင်လေးကို သတ်ပစ်ခဲ့ရမှာကွာ… ကြိုမွေးလာရင်တောင် ဒီလောက် အလန့်တကြား ကြောက်နေရမှာမဟုတ်ဘူး…”
သူ့မှာ နှလုံးသားထဲတွင် ခါးသီးနာကျည်းနေမိသည်။ “အခုတော့ ပင်လယ်ဓားပြသင်္ဘောပေါ် ရောက်နေပြီဆိုတော့ ဆင်းလို့လည်း မရတော့ဘူး”
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားသည်။
မဟူရာသစ်ပင်ကြီး၏ တောင်များသည် အေးချမ်းနေသော်လည်း မဟူရာသစ်ပင်ကြီး၏ အပြင်တွင် မြေပြင်မှာ တုန်ခါနေပြီး တောင်များက လှုပ်ရမ်းနေ၏။ တဝုန်းဝုန်းအသံများကို နေရာတိုင်းတွင် ကြားရနိုင်ပြီး စကြာဝဠာကြီး ဖျက်ဆီးခံနေရသော မြင်ကွင်း ဖြစ်တည်နေသည်။
ချင်မူမှာ ရင်တုန်လာ၏။ ရုတ်တရက် တောင်ကြားထဲရှိ တောင်တန်းများ ပြင်းပြင်းထန်ထန် တုန်ခါလာကြသည်ကို သတိထားမိလိုက်သည်။
သူက ငေါက်ခနဲ ထရပ်၍ ကောင်းကင်ရတနာနယ်ပယ်အား အသက်သွင်းလိုက်၏။ သူ၏ရုပ်ခန္ဓာက ကြီးထွားလာပြီး လက်ဆန့်၍ နတ်လေးအား ဆွဲယူလိုက်သည်။ ထို့နောက် အသက်တစ်ရှိုက် ရှူသွင်း၍ နတ်လေးကြိုးအား ဆွဲလိုက်ချေပြီ။