← Chapters

တောင်ကြားထဲ၌ ခုခံခြင်း

Vol. 98 Ch. 1281

တောင်ကြားထဲ၌ ခုခံခြင်း

Vol. 98 Ch. 1281

မဟူရာသစ်ပင်ကြီး၏ ကောင်းကင်ထက်တွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်တို့ကား ရူးသွပ်နေသကဲ့သို့ အုံကြွနေကြပြီး အပြင်ဘက်အနားရှိ တောင်ကြားတစ်ခုစီသို့ ပြေးဝင်နေကြသည်။

ထိုတောင်ကြားသည် ကြီးမားကျယ်ပြန့်ပြီး တောင်များပတ်ပတ်လည်ဖြင့် ချိုင့်ဝှမ်းတစ်ခုအသွင် ရှိသည်။ ချင်မူက တောင်ထိပ်တစ်ခုအပေါ်တွင် ကောင်းကင်ရတနာနယ်ပယ်နှင့်အတူ ရပ်နေသည်။ ကောင်းကင်ရတနာနယ်ပယ်ထဲတွင် ကောင်းကင်နတ်မြစ်သည် တသွင်သွင် စီးဆင်းနေပြီး လောကအားလုံးကို ချိတ်ဆက်လျက် ဘိုးဘေးနန်းတော်၏ ပထဝီအနေအထားနှင့် တိတ်ဆိတ်စွာ ကိုက်ညီနေသည်။

ချင်မူ့လက်ထဲရှိ နတ်လေးကြိုးကား အဆုံးအစွန်အထိ ဆွဲထားပြီး ဖြစ်ချေသည်။ မရေမတွက်နိုင်သော အလင်းတန်းတို့ တဖျတ်ဖျတ် ဖြတ်ပြေးကူးလူးနေကြပြီး မြားထိပ်တွင် စုဝေးနေကြသည်။

မဟူရာသစ်ပင်ကြီးတွင် တောင်တန်းပေါင်း တစ်သိန်းကျော် ရပ်တည်နေပြီး မြေပြင်မှာလည်း ကျယ်ဝန်း၏။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင် ပြေးဝင်လာသည့်အခါ ပေါက်ကွဲထားသော တောင်ကြားအထက်တွင် လေပွေအရွယ်အစားမျိုးစုံ ဖွဲ့တည်လာသည်။

ချီနှင့် စွမ်းအင်စီးကြောင်းများက လေပွေများအောက်တွင် လေဆင်နှာမောင်းများအလား ရုန်းကြွနေသော်လည်း အောက်သို့ စုပ်ယူမခံရပေ။ ထိုအစား ချင်မူ့ဆီ ပြေးဝင်လာကာ နတ်လေးထဲ ဝင်ရောက်သွားသည်။

နတ်လေး၏ စွမ်းအားသည် အားကောင်းပြင်းထန်လာသဖြင့် ချင်မူပင်လျှင် တောင့်မခံနိုင်သော အခြေအနေအထိ ရောက်ရှိလာချေပြီ။ သူ့လက်မောင်းရှိ ကြွက်သားများလည်း တုန်ရီလာကြသည်။

သူက စိတ်ထဲမှ တိတ်ဆိတ်စွာ ရေတွက်နေ၏။

မြေပြင်တုန်ခါမှုများက ပြင်းထန်သထက် ပြင်းထန်လာသည့်အလျောက် တောင်ကြားထဲရှိ တောင်တန်းများလည်း တဝုန်းဝုန်း လှုပ်ခါလာသည်။ တောင်တန်းများ လှုပ်ခါလာသည့်အချိန်တွင် ကြောက်မက်ဖွယ် နတ်အလင်းတန်းတို့က မြေပြင်ထဲမှ တရွှမ်းရွှမ်း ထွက်လာကြပြီး ကောင်းကင်ထဲသို့ တဖျတ်ဖျတ် ပြေးတက်သွားကာ တောင်ကြားအထက်တွင် အလင်းမှန်သားပြင်တစ်ခုပမာ ဖွဲ့တည်လိုက်၏။

ထိုအလင်းမှန်သားပြင်ဆီမှ ထူးဆန်းပြီး ကျယ်လောင်ပြတ်သားသော တိုက်ခိုက်သံတစ်သံ ထွက်လာသည်။ တိုက်ပွဲသံတို့က ကောင်းကင်ကို တုန်လှုပ်သွားစေပြီး အလင်းမှန်သားပြင်အတွင်း၌ နှိုင်းယှဉ်မရလောက်အောင် အစွမ်းထက်သည့် ပုဂ္ဂိုလ်များ သတ်ဖြတ်တိုက်ခိုက်နေကြသယောင် ထင်ရသည်။

ဤသည်ကား စကြဝဠာအဟောင်း၏ ပုံရိပ်ထင်ဟပ်မှုပင် ဖြစ်သည်။

ဤနေရာသည် မဟူရာသစ်ပင်ကြီး၏ အပြင်ဘက်ဆုံး အသက်ရစ်ကွင်းတွင် တည်ရှိသည့်အလျောက် ထိုသိုင်းပညာရှင်တို့၏ ပုံရိပ်များက စကြဝဠာအဟောင်းမှ သစ်ပင်ကြီး၏ မှတ်ဉာဏ်များ ဖြစ်သည်။

ချင်မူက မကြားချင်ယောင်ဆောင်၍ လျစ်လျူရှုထား၏။ သူ၏အကြည့်က ပေါက်ကွဲထားသည့် သစ်မြစ်များအပေါ် အာရုံစိုက်ထားဆဲ ဖြစ်သည်။

ထိုနေရာတွင် ပို၍ပင် အားကောင်းပြင်းထန်သော အလင်းတန်းတစ်တန်းက သစ်မြစ်များဆီမှ ထိုးတက်လာပြီး တောင်စောင်းနံရံဆီသို့ အရှိန်ပြင်းပြင်း လှိုင်းတစ်လှိုင်း ပြေးတိုက်လိုက်သကဲ့သို့ အသံများ ထွက်လာသည်။

အလင်းရောင်သည် အမြစ်များအနောက်ရှိ တောင်စောင်းနံရံထက်သို့ ဖြာကျသွားပြီး ထိုအချိန်မှာပဲ အလင်းထဲမှ လူရိပ်တစ်ခု လျှောက်ထွက်လာနေကြောင်း မြင်ရနိုင်သည်။ လူရိပ်သည် နီးကပ်လာသည်နှင့်အမျှ ရှင်းလင်းပြတ်သားလာ၏။

အစက လူရိပ်မှာ အလွန်တရာ သေးငယ်သော်လည်း ရှေ့တစ်လှမ်း တိုးလိုက်တိုင်း ကြီးမားလာပြီး ကျောက်သားနံရံထဲမှ အပြင်ထွက်လာတော့မည့်အလား ထင်ရသည်။

ထိုလူရိပ်တွင် ညာလက်မရှိသည့်အပြင် လမ်းလျှောက်သည့် ဟန်ပန်မှာလည်း သာမန်မဟုတ်ပေ။ သူကား နေ့ခင်းပိုင်းတုန်းက ဆေးဆရာ၊ ရွှေအနှင့် အခြားသူများ လက်ချိုးပစ်ခဲ့သော စကြဝဠာအဟောင်းမှ သိုင်းပညာရှင်သာ ဖြစ်ပေလိမ့်မည်။

သို့သော် ထိုအချိန်တုန်းက သူ၏ခန္ဓာကိုယ်တွင် အသွေးအသားတို့ မရှိဘဲ အရိုးများသာ ကျန်ခဲ့သည်။ ယခုတွင်တော့ အသွေးအသားတို့ ဖြစ်တည်လာခဲ့လေပြီ။

သို့ရာတွင် ထူးဆန်းသည်က သူ့တွင် အရေပြားနှင့် အသွေးအသားတို့ ရှိလာသည့်တိုင်အောင် အဝေးမှကြည့်သည့်အခါ နေလှမ်းခံထားရသည့် ခြောက်ကပ်ကပ် အလောင်းတစ်ကောင်ပမာ အလွန် ပိန်ချုံးခြောက်ကပ်နေ၏။

ရုတ်တရက် ထိုလူက လက်ဆန့်တန်းလိုက်ရာ သူ၏ အရိုးပေါ်အရေတင် လက်ကြီးက တောင်စောင်းနံရံကို ဖောက်၍ ထွက်လာသည်။

ဤတောင်စောင်းနံရံသည် အနက်ရောင်တောင်တစ်လုံးဖြစ်ပြီး မဟူရာသစ်ပင်ကြီး၏ အသက်ရစ်ကွင်းမှ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

သူကား ဖျက်စီးခံခဲ့ရသော စကြာဝဠာအဟောင်းမှ၊ အတိတ်မှ ပစ္စုပ္ပန်သို့ ထွက်လာချင်နေ၏။

သူ၏လက်ဖဝါး တောင်သားနံရံကို ဖောက်လိုက်လျှင်ချင်း ချင်မူက တစ်မှတစ်ဆယ်အထိ ရေနေသည်။

ဝှစ်…

မြားပစ်သံ ရွှစ်ခနဲ ထွက်လာပြီး နတ်လေးက ပြင်းထန်စွာ တုန်ရီသွားသည်။ ချင်မူ့လေးပေါ်ရှိ မြားကား ပြေးထွက်သွားတော့သည်။

မြားထွက်သွားသည်နှင့် ချင်မူ့တစ်ကိုယ်လုံးရှိ ကြွက်သားများ တုန်ရီလာပြီး သူ၏အရိုးများပင်လျှင် တုန်ခါမှုကြောင့် ကျိုးကြေမတတ် ဖြစ်လာသည်။ မြားရောင်က သူ့အရှေ့ရှိ နေရာဟင်းလင်းပြင်ကို ဖောက်ထွင်းကာ တောင်စောင်းနံရံဆီသို့ ချက်ချင်း ရောက်ရှိသွား၏။

မြားသည် လက်ခြောက်ချောင်းရှိသည့် လက်ဖဝါးကို ဖောက်ထွက်သွားပြီး တောင်စောင်းနံရံထဲသို့ နှိုင်းယှဉ်မရလောက်အောင် ပြင်းထန်သော စွမ်းအားဖြင့် ထိုးစိုက်သွားသည်။ အရိုးပေါ်အရေတင် လူရိပ်မှာလည်း အနောက်သို့ လွင့်ထွက်သွားတော့သည်။

မကြာမီ တောင်စောင်းနံရံထက်ရှိ သူ၏ပုံရိပ်က အနက်ရောင်အစက်လေးတစ်စက်အဖြစ် ပြောင်းလဲကာ တောင်နံရံပေါ်မှ ပျောက်ကွယ်သွားပြီး ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာ၏။ ၎င်းအသံက ချင်မူ့နားထဲတွင် တဝီဝီမြည်သွားစေကာ သူ၏ချီနှင့်သွေးကို လှိုင်းထန်သွားစေသည်။

ဟိန်းဟောက်သံကြီးပြီးနောက် ကောင်းကင်ထက်မှ အလင်းတန်းတို့သည် ဆုတ်ခွာသွားပြီး ဒီရေများအလား တောင်ကြားထဲ ပြန်ငုပ်လျှိုးသွားကာ တောင်တန်းများဆီသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

တောင်ကြားမှာ ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွား၏။

ချင်မူမှာ ဟောဟဲလိုက်နေသည်။ ဤမြားသည် သူ၏ ကျင့်စဉ်စွမ်းအင်အားလုံးနီးပါးကို ကုန်ဆုံးစေခဲ့ပြီး သူ့မှော်စွမ်းအင်ဖြင့် မြားတစ်စင်းသာ ပစ်လွှတ်နိုင်ခဲ့သည်။ သူ့တွင် ဒုတိယမြောက် မြားကို ပစ်နိုင်စွမ်းမရှိပေ။

ရုတ်တရက် ဆေးဆရာက နဂါးချီလင်၏ ကျောပေါ်တွင် ရပ်ရင်း တောင်ကြားအထက်ရှိ ကောင်းကင်တွင် ပေါ်လာသည်။ သူက ခြင်းတောင်တစ်လုံး ပစ်ပေး၍ လှမ်းပြုံးပြသည်။ “မူအာ၊ ငါ ဆေးလုံးတွေ ဖော်စပ်ပြီးသွားပြီ… မဟူရာသစ်ပင်ကြီးဆီကနေ ခူးထားတဲ့ ပရဆေးပင်တွေနဲ့ ဖော်စပ်ထားတာ… အဆိပ်ရှိ၊မရှိ ငါ မသိဘူး… မင်း စမ်းသပ်ကြည့်ပေါ့… သေအောင်လည်း တနင့်တပိုး စားမပစ်လိုက်နဲ့ဦး”

ချင်မူက ခြင်းတောင်းကို ဖမ်းပြီးကြည့်လိုက်ရာ ဆေးလုံးများ ပြည့်နေကြောင်း တွေ့လိုက်ရသည်။ စွမ်းအင်ဆေးလုံးများသည် တလက်လက် တောက်ပလျက် ကြည်လင်နေပြီး ဆေးလုံးတိုင်းတွင် တာအိုသံများ ကိန်းဝပ်နေ၏။

ချင်မူမှာ ရင်ထဲထိသွားမိသည်။ ဆေးဆရာသည် ဆေးပင်များ စုဆောင်း၍ ဆေးလုံးဖော်စပ်ရန် ပြန်သွားခဲ့ခြင်း ဖြစ်ရမည်။ ဤအချိန်တိုအတွင်း သူ့အတွက် ဆေးလုံးများစွာ ဖော်စပ်ပေးခဲ့လေသည်။

သူက စွမ်းအင်ဆေးလုံးတစ်လုံး ချက်ချင်း စားကြည့်လိုက်သည့်အခါ ဆေးစွမ်းအင် ပေါက်ကွဲထွက်လာပြီး သူ၏ချီစွမ်းအင် ပြန်လည်မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။

ချင်မူလည်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အသက်သွင်းလိုက်ရင်း တောင်ထိပ်အပေါ်တွင် ဟိုလျှောက်သည်လျှောက် လျှောက်နေသည်။ သူ၏အရှိန်သည် ပို၍မြန်ဆန်လာပြီး သူ၏ခန္ဓာကိုယ်မှာ တောင်ထိပ်ကို လှည့်ပတ်နေသော အလင်းတန်းတစ်တန်းသဖွယ် ပြောင်းလဲသွားသည်။

သူ၏ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်မှာ ကျန်ကျင့်စဉ်များနှင့် မတူပေ။ ကျင့်ကြံရန် အကောင်းဆုံးနည်းလမ်းမှာ တရားထိုင်ရန်မဟုတ်ဘဲ လှုပ်ရှားရန်ဖြစ်သည်။

သူ့ခန္ဓာကိုယ်ထဲရှိ ဆေးစွမ်းအင်မှာ အပြည့်အဝ မသန့်စင်ရသေးသဖြင့် သူ၏ချီစွမ်းအင်မှာလည်း လုံးလုံးလျားလျား ပြည့်ဝမလာသေးပေ။ ထိုစဉ်မှာပဲ တောင်ကြားထဲမှ နတ်အလင်းတန်း တဖန်ထွက်ပေါ်လာပြီး ယခင်ကထက် ပို၍ကြီးမားနေသည်။

ချင်မူမှာ အံ့အားသင့်သွား၏။ “မြန်လှချည်လား”

ထိုက်ရှီဥက ရုတ်တရက် ထပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါတို့ တခြားနေရာ သွားသင့်တယ် ထင်တယ်နော်”

ချင်မူမှာ အနည်းငယ်တုန်လှုပ်သွားပြီး ထိုက်ရှီဥကို ချက်ချင်း မ ၍ တောင်ထိပ်နောက်တစ်ခုအပေါ် ဆင်းသက်လိုက်သည်။

သူစောစောက ရွေးချယ်ခဲ့သည့် တောင်သည် တောင်ကြားထဲရှိ အရာအားလုံးကို အလွယ်တကူ မြင်ရသည့်အတွက် မဟူရာသစ်ပင်ကြီး၏ သစ်မြစ်များကို တိုက်ခိုက်ရန် အကောင်းဆုံးနေရာ ဖြစ်၏။

သူတို့ရပ်နေသည့် တောင်ထိပ်မှာမူ အနည်းငယ် နိမ့်သည်။

သူ အခြားတောင်ထိပ်ဆီသို့ သွားနေသည့်အချိန်မှာပင် ပိန်ချုံးနေသောလူရိပ်က ဆန့်ကျင်ဘက်တောင်ထိပ်တွင် ပေါ်လာပြန်၏။ ချင်မူက စွမ်းအင်ဆေးလုံး လက်တစ်ဆုပ်စာကို ပါးစပ်ထဲ ထိုးထည့်ကာ လေးကြိုးအား ဆွဲ၍ ရေတွက်လိုက်သည်။

ထိုအခိုက်အတန့်မှာပင် သက်တံ့ရောင်အလင်းတန်းတစ်တန်းက ထိုဆန့်ကျင်ဘက်တောင်ထိပ်မှ ပြေးထွက်လာ၏။ ချင်မူ စောစောက ရပ်နေခဲ့သည့် တောင်ထိပ်မှု ပြင်းထန်လှသော တုန်ခါမှုများကြောင့် စိစိညက်ညက် ကြေသွားချေပြီ။

ချင်မူ့ အသွေးနှင့် အသားများ အေးခဲသွား၏။

သူသည် ထိုတောင်၏ ခိုင်ခံ့မှုကို စစ်ဆေးထားခဲ့ပြီးဖြစ်၏။ အစွမ်းကုန်ထုတ်သည့်တိုင်အောင် တောင်ကို မခုတ်နိုင်ခဲ့ပေ။ စကြဝဠာအဟောင်းမှ သိုင်းပညာရှင်များကား တစ်ချက်တည်းဖြင့် တောင်ကျိုးတစ်ခုလုံးအား အမှု့န်ချေနိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူ၏နှလုံးသားမှာ ကြောက်ရွံ့မှုကြောင့် တဒိန်းဒိန်း ခုန်နေမိသည်။ ထိုက်ရှီဥသာ သတိမပေးလျှင် သူလည်း ထိုတောင်လို အမှုန့်ကျေသွားပေလိမ့်မည်။

“... ရှစ်... ကိုး… တစ်ဆယ်”

ချင်မူက မြားတစ်စင်း ပစ်လွှတ်လိုက်သည်။

ဆန့်ကျင်ဘက်တောင်၏ တောင်စောင်းနံရံထဲမှ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာ၏။ စကြဝဠာဟောင်းမှ ဤခေတ်သို့ တိုးထွက်လာချင်ခဲ့သော သိုင်းပညာရှင်မှာ မြားကြောင့် သူ၏မူလခေတ်သို့ ပြန်ရောက်သွားလေသည်။

ချင်မူမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း ကြွက်သားများ တဆတ်ဆတ် တုန်ရီနေသည်ကို တောင့်ခံနေ၏။ သူက ချက်ချင်း ပြေး၍ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။

သူ အနည်းငယ် သက်သာလာသောအခါ နောက်ထပ်တောင်ထိပ်တစ်ခုဆီသို့ နေရာရွှေ့လိုက်၏။

ထိုက်ရှီက ‌ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ဒီတောင်ရဲ့အမြင့်က စောစောကတစ်ခုနဲ့ ဆင်တယ်.. အန္တရာယ်များတယ်”

ချင်မူမှာ တုန်လှုပ်သွားသည်။ သူက ကောင်းကင်ထက်သို့ ပျံတက်၍ ပို၍မြင့်မားသော တောင်ထိပ်တစ်ခုပေါ်သို့ ထိုက်ရှီဥနှင့်အတူ ဆင်းသက်လိုက်၏။

ဝုန်း…

တောင်ကြားထဲရှိ မူမမှန်မှုများ ပြန်လည်ပေါ်ထွက်လာပြီး ယပ်တောင်သဏ္ဌာန် သက်တံ့အလင်းတန်းတစ်ခုက တောင်သားနံရံတစ်ခုဆီမှ ရုတ်တရက် တောက်ပလာကာ ပတ်ဝန်းကျင်၏ တောင်များအား ပြားကပ်သွားစေသည်။

ချင်မူ စောစောက ရပ်နေခဲ့သည့် တောင်မှာ နှစ်ပိုင်းပြတ်သွား၏။

ဝှစ်..

ချင်မူက မြားတစ်စင်း ပစ်လွှတ်၍ ထိုကြောက်မက်ဖွယ် ပုဂ္ဂိုလ်အား သူ၏ခေတ်သို့ ပြန်ပို့လိုက်သည်။

ပို၍ ဒေါသထွက်နေပုံရသော ဟိန်းဟောက်သံကြီးက တောင်စောင်းနံရံဆီမှ အဆက်မပြတ် ပေါ်ထွက်လာသည်။ ယခင်ကထက် ဒေါသူပုန်ထနေသည်မှာ သိသာလှ၏။

“တာအိုနောင်တော်ထိုက်ရှီကတော့ ဆရာကြီးပဲဗျာ”

ချင်မူမှာ မနေနိုင်ဘဲ ချီးကျူးလိုက်မိသည်။ “နောက် ဘာဆက်လုပ်ရမလဲ”

All Chapters