ပူးပေါင်းတိုက်ခိုက်ခြင်း
Vol. 98 Ch. 1282
တောင်ကြားထဲရှိ တောင်တန်းများမှာ ထိုကြောက်မက်ဖွယ်ပုဂ္ဂိုလ်ကြောင့် ပျက်စီးပြိုလဲနေကြပြီး နောက်လာမည့် ပို၍ပင် ပြင်းထန်မည့်ဟန် ရှိသည်။
“မင်းရဲ့မီးအိမ်ရော”
ထိုက်ရှီက ပြော၏။ “အဲဒီပုဂ္ဂိုလ်ရဲ့ သိုင်းအဆင့်က သိပ်ကြောက်ဖို့ကောင်းတယ်… အခု လာမယ့် တိုက်ကွက်ကလည်း ပိုပြီး ရက်စက်ကြမ်းကြုတ်တော့ တောင်ကြားတစ်ခုလုံးကိုတောင် ဖုံးသွားနိုင်တယ်.. မင်း ပုန်းဖို့နေရာ မရှိဘူး… အဲဒီမီးအိမ်ကပဲ ဝှက်ထားပေးနိုင်မှာ”
ချင်မူက သူ့စကားအတိုင်း ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်ကို ထုတ်၍ တောင်စောင်းနံရံထက်တွင် ချိတ်ဆွဲလိုက်သည်။
အမှန်တကယ်ပင် မီးအိမ်ကြောင့် ထိုပုဂ္ဂိုလ် မည်မျှပင်တိုက်ခိုက်ပါစေ ချင်မူ့ခန္ဓာကိုယ်ကို မထိနိုင်တော့ပေ။
တောင်ကြားထဲတွင် ချင်မူသည် မြားတစ်စင်းပြီးတစ်စင်း ပစ်လွှတ်၍ ထိုကြောက်မက်ဖွယ်ပုဂ္ဂိုလ်အား သူ့ခေတ်သို့ ပြန်ပို့ပေးနေသည်။ သို့သော် ကြာလာသည့်အခါ ဆေးဆရာ၏ စွမ်းအင်ဆေးလုံးများဖြင့်ပင်လျှင် သူ့မှာ တောင့်မခံနိုင် ဖြစ်လာတော့သည်။
မြား၏ တွန်းကန်အားကြောင့် သူ့လက်မောင်းအသားမှာ ပေါက်ပြဲနေပြီး တစ်ကိုယ်လုံးရှိ ကြွက်သားများမှာလည်း ကြေမွမတတ် ဖြစ်နေ၏။ အရိုးများလည်း တဂျွပ်ဂျွပ် မြည်နေကြသည်။
သူ နတ်လေးကို မြှောက်လိုက်တိုင်း သူ၏ကြွက်သားများ တဆတ်ဆတ် တုန်လာကာ အရိုးတို့ပင် အက်လာနေကြောင်း ခံစားရ၏။
ချင်မူမှာ စိတ်ဆောင်နေ၍သာ တင်းထားနိုင်ခြင်း ဖြစ်သည်။
ထိုက်ရှီဥသည် ချင်မူ အတော်လေး အခြေအနေမဟန်ကြောင်း ရိပ်မိသဖြင့် စိုးရိမ်ပူပန်လာ၏။ ‘တာအိုနောင်တော်ထိုက်ယီက ဘာလို့ ရောက်မလာသေးတာတုန်း… လာခဲ့မယ် ပြောသွားပြီးတော့’
ချင်မူမှာ မူးဝေစွာဖြင့် အံကြိတ်ရင်း တောင့်ခံနေသည်။
နောက်ဆုံးတော့ သူ့မှာ ပင်ပန်းလွန်းသဖြင့် နတ်လေးကို မြှောက်မထားနိုင်တော့ချေ။ ဒူးများ ယိုင်နဲ့သွားပြီး မြေပေါ် ဒူးထောက်ကျသွား၏။
ချင်မူက လေးကို မှီရင်း ထရပ်ရန် ကြိုးစားနေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ဆေးလုံးတို့၏ ဆေးစွမ်းအင်မှာ လောလောဆယ်တွင် လှုပ်ရှားနေကြသော်လည်း သူ့ခန္ဓာကိုယ်မှာ ခံနိုင်ရည်အတိုင်းအတာကို ကျော်လွန်နေပြီဖြစ်သည်။ သူ၏မူလဝိညာဥ်မှာလည်း မူးဝေနေသည့်အပြင် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ဖြင့် ချီစွမ်းအင် လှည့်ပတ်နေခြင်းမှာလည်း အရှိန်ကျဆင်းလာသည်။
သူက အသက်ပြင်းပြင်းရှူ၍ တခဏနားနေပြီးနောက် ပြန်ရပ်လိုက်သည်။
“မူအာ၊ ငါတို့ကို လွှဲထားလိုက်တော့”
ပထမလူသားဧကရာဇ်သည် လူသားဧကရာဇ်ဟောင်းများကို ဦးဆောင်လာပြီး ချီကန်းက ချင်မူ့ကို ဆွဲထူ၍ ဘေးတွင် ချလိုက်သည်။ ပထမလူသားဧကရာဇ်က ချင်မူ့လက်ထဲမှ နတ်လေးကို ယူလိုက်ရင်း တည်ကြည်လေးနက်စွာ ပြော၏။ “အခုလေးတင် မျက်ကန်းက ငါတို့စွမ်းအားတွေကို စုစည်းပြီး တစ်ကိုယ်ထဲမှာ ပေါင်းစည်းပေးနိုင်တဲ့ ၀င်္ကပါတစ်ခုကို ရေးဆွဲပေးခဲ့တယ်… ငါတို့အားလုံး အချိန်ပေးပြီး လေ့ကျင့်ထားတာမလို့ ဒီလေးကို အေးဆေးဆွဲနိုင်လောက်ပါတယ်”
ချင်မူလည်း ထိုင်နေစဉ် ဆေးဆရာနှင့်အတူ ပြေးလာနေသော နဂါးချီလင်ကို တွေ့လိုက်ရသည်။ ဆေးဆရာက ဧရာမဆေးပေါင်းဖိုကြီးကို ဘုန်းခနဲ ပစ်ချလိုက်ပြီး အလေးအနက် ပြော၏။ “ဒဏ်ရာရမှာ မစိုးရိမ်ကြနဲ့… ငါ ရှိတယ်.. အသားလေးတစ်စ ကျန်ရုံနဲ့ မင်းတို့အားလုံးကို ကယ်ပေးနိုင်တယ်”
ချင်မူမှာ ရင်ထဲတွင် နွေးထွေးသွားပြီး ငေးကြောင်စွာဖြင့် သူတို့အား ပြုံးကြည့်နေမိသည်။
ပထမလူသားဧကရာဇ်နှင့် လူသားဧကရာဇ်ဟောင်းများက တဟးဟားဟား ရယ်ရင်း ၀င်္ကပါကို ခင်းကျင်းလိုက်ကြ၏။ အကုန်လုံး အသီးသီးနေရာယူကြပြီး ပထမလူသားဧကရာဇ်က ဦးဆောင်သည်။
ပထမလူသားဧကရာဇ်က ညာလက်မြှောက်၍ လေးကြိုးကို အားကုန်ဆွဲလိုက်၏။
လူသားဧကရာဇ်ဟောင်းများက ပြိုင်တူအော်ဟစ်လိုက်ကြရာ သူတို့အနောက်တွင် ကောင်းကင်နန်းဆောင်များ ထွက်ပေါ်လာကြသည်။ အားလုံး၏ မူလဝိညာဉ်များသည် ကောင်းကင်နန်းဆောင်တို့အတွင်းရှိ နဂါးသွဲ့ရေကန်သို့မဟုတ် ခန်းမများထဲတွင် ရပ်နေကြ၏။
ထပ်တူကျနေသော ကောင်းကင်နန်းဆောင် တစ်ခုမှ မရှိပေ။
ချင်မူ့မျက်လုံးများမှာ တောက်ပလင်းလက်လာပြီး သူက ရေရွတ်လိုက်သည်။ “ငါ ဒုက္ခိတဘိုးဘွားကျေးရွာက အဘိုးအဘွားတွေဆီမှာ ခေါင်းပုံဖြတ်ပြီးရင်… အရင်မျိုးဆက်တွေရဲ့ လူသားဧကရာဇ်တွေကိုလည်း ခေါင်းပုံဖြတ်မှနဲ့ တူတယ်...”
ပထမလူသားဧကရာဇ်၏ ကောင်းကင်နန်းဆောင်လည်း ပေါ်ထွက်လာသည်။ လူသားဧကရာဇ်ဟောင်းများ၏ ကောင်းကင်နန်းဆောင်များသည် ခမ်းနားတင့်တယ်လှ၏။ အကုန်လုံးသည် ဆက်နွှယ်နေကြပြီး မဟာတာအိုတို့က တစ်ခုနှင့်တစ်ခု လိမ်ယှက်နေကြသည်။ ကောင်းကင်နတ်ဘုံ၏ မဟာဖြစ်စဉ်ကြီးတစ်ခုကို ဖော်ဆောင်တော့မည့်အလား ထင်ရပေသည်။
ချင်မူ့နှလုံးသားမှာ တဒိန်းဒိန် ခုန်လာမိသည်။ ဤသည်က မျက်ကန်း တီထွင်ခဲ့သော ၀င်္ကပါတစ်ခုဖြစ်ချေသည်။ ၀င်္ကပါသည် လှုပ်ရှားမှုများအလိုက် သိုင်းကွက်များ အသက်သွင်းပေးခြင်း မဟုတ်ဘဲ လူသားဧကရာဇ်ဟောင်းများ၏ ကောင်းကင်နန်းဆောင်များနှင့်အညီ ၀င်္ကပါများ ခင်းကျင်းပေးရန်ဖြစ်သည်။
မျက်ကန်း၏ ၀င်္ကပါက သူတို့၏ ကောင်းကင်နန်းဆောင်များကို ပေါင်းစည်း၍ ကောင်းကင်နတ်ဘုံတစ်ခု ဖွဲ့တည်ပေးလိမ့်မည်။
လူသားဧကရာဇ်ဟောင်းများတွင် အားသာချက်ကိုယ်စီ ရှိကြသည်။ ပထမလူသားဧကရာဇ်နှင့် လူသားဧကရာဇ် အယောက် ၃၀ကျော် ရှိသည့်အတွက် မဟာကောင်းကင်နတ်ဘုံ ဖွဲ့တည်ရန် လုံလောက်သည်။
မှန်ပါသည်။ မျက်ကန်း၏ ယခု၀င်္ကပါမှာ ချင်မူ့မျက်လုံးထဲတွင် လိုအပ်ချက်များ ရှိနေသေး၏။ ယခုမှ ရုပ်လုံးပေါ်လာဆဲ ဖြစ်သည့်အတွက် ဖြေရှင်းရမည့် ပြဿနာများစွာ ရှိနေသေးသည်။
သို့သော် ဤသို့၀င်္ကပါမျိုးသည် အစနှင့် အဆုံးသတ်ကို ဖော်ပြထားပြီးဖြစ်၏။ အနာဂတ်တွင် အဆက်မပြတ် ပြုပြင်မွမ်းမံသွားပါက တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့သည့် တမူးထူးခြားသော ၀င်္ကပါတစ်ခု ဖြစ်လာမည်မှာ အသေအချာပင်။
ထိုအချိန်တွင် မျက်ကန်းသည် ၀င်္ကပါအရာတွင် နံပါတ်တစ် ဖြစ်လာနိုင်လိမ့်မည်။
ပထမလူသားဧကရာဇ်က မာန်သွင်းအော်ဟစ်၍ မြားတစ်စင်း ပစ်လွှတ်လိုက်သည်။ တောင်စောင်းနံရံရှိ ခပ်ပိန်ပိန် လူရိပ်မှာ လက်ဆန့်တန်းနေစဉ် နောက်သို့ လွင့်ထွက်သွားပြန်၏။
သို့သော် လူသားဧကရာဇ်ဟောင်းများမှာလည်း နတ်လေး၏ တွန်းကန်အားကို ခံစားလိုက်ကြရသည်။ တုန်ခါမှုများကြောင့် သူတို့၏ ချီနှင့်သွေးမှာ လှိုင်းထန်လာပြီး သူတို့ခန္ဓာကိုယ်မှ အက်ကွဲသံများ ထွက်ပေါ်လာ၏။ လူသားဧကရာဇ်လန်ပိုနှင့် အခြားသူများ၏ ရုပ်ခန္ဓာမှာ ပို၍အားနည်းသောကြောင့် နှုတ်ခမ်းထောင့်မှ သွေးတို့စီးကျလာကြသည်။
ချင်မူကဲ့သို့ အားကောင်းသန်မာသူပင်လျှင် ခံနိုင်ရည်မရှိရာ သူတို့အတွက် ဆိုဖွယ်မရှိပေ။
ဆေးဆရာက အလျင်အမြန် ပျံသန်းလာရင်း စွမ်းအင်ဆေးလုံးများနှင့် ဆန်းကြယ်ဆေးများအား မျှဝေပေးလိုက်သည်။ သူက လေးနက်တည်ကြည်စွာ ပြော၏။ “စိတ်မပူကြနဲ့ သူ သေမှာမဟုတ်ဘူး… မင်းတို့မြန်မြန် ဆေးစွမ်းအင် အသက်သွင်းပြီးတော့ လာမယ့်တိုက်ကွက်အတွက် ပြင်ဆင်ကြတော့”
အကုန်လုံးသည် ဆေးစွမ်းအင်ကို တိတ်ဆိတ်ငြိမ်သက်စွာ ချေဖျက်နေရင်း ဒုတိယမြောက်တိုက်ကွက်ကို စောင့်စားနေကြ၏။
ချင်မူ ခပ်ပိန်ပိန်လူရိပ်အား အလွယ်တကူပင် တွန်းထုတ်နေသကဲ့သို့ သူတို့မြင်ခဲ့ရသော်လည်း ကိုယ်တိုင်တွေ့ကြုံရသည့်အခါတွင်မှ ချင်မူ တောင့်ခံခဲ့ရသည့် ဖိအားမှာ မည်မျှပင် ပြင်းထန်လှကြောင်း နားလည်သွားကြသည်။
မကြာမီ နတ်အလင်းတန်းသည် တောင်ကြားထက်ရှိ ကောင်းကင်သို့ ပြေးတက်သွားပြီး ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာ၏။
ပထမလူသားဧကရာဇ်က လူသားဧကရာဇ်ဟောင်းများကို ဦးဆောင်၍ နတ်လေးကြိုးအား ထပ်မံဆွဲကာ ထိုပုဂ္ဂိုလ်အား သူ့ခေတ်သို့ ပြန်တွန်းပို့လိုက်သည်။
နောက်ဆုံးတွင် လူသားဧကရာဇ်ဟောင်းများမှာ ခံနိုင်ရည်မရှိတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်သည်။ ပထမလူသားဧကရာဇ်ပင်လျှင် ခံနိုင်ရည်မရှိတော့ပေ။
ထိုအချိန်မှ ကျန်းယွင်ကျန့်က လူငယ်များစွာကို ဦးဆောင်ခေါ်လာရင်း အရိုအသေပေးသည်။ “ဆရာ၊ ကျွန်တော်တို့ကို ကြိုးစားခွင့်ပေးပါ”
ချင်မူက ခေါင်းရမ်းပြီး ကတုန်ကယင် ထရပ်လိုက်သည်။ သူက ပြတ်ပြတ်သားသား ငြင်း၏။ “ယွင်ကျန့်၊ မင်းတို့က သန်မာပေမယ့် ဒီလိုကြောက်စရာ ဖြစ်တည်မှုမျိုးကို ရင်ဆိုင်နိုင်တဲ့ အင်အားမရှိဘူး… ပြန်ကြတော့”
ကျန်းယွင်ကျန်နှင့် လူငယ်များ စိတ်ပျက်လက်မှိုင်ကျသွားကြသည်။ ချင်မူ အားပြန်ပြည့်လာ၍ နတ်လေးအား ဆွဲရန် ပြင်လိုက်စဉ် ဆေးဆရာက ပြုံးလျက် ပြော၏။ “မူအာ၊ ဒီပုဂ္ဂိုလ်ကို ငါတို့ ရင်ဆိုင်မယ်.. မင်းလည်း လူငယ်တစ်ယောက်ပဲလေ… ငါတို့အဘိုးကြီးတွေ လှုပ်ရှားဖို့ အချိန်ရောက်ပြီ”
ချင်မူက မျက်ခုံးပင့်၍ စကားပြောရန် ပြင်လိုက်စဉ် ရွှေအနှင့် မျက်ကန်းသည် ဘေးတဖက်တစ်ချက်စီမှ ထွက်လာ၏။ ဆေးဆရာက သူတို့နောက်မှ လိုက်သွားကြသည်။
သူတို့သုံးယောက်က ခေါင်းချင်းဆိုင်၍ အကြံထုတ်နေကြလေသည်။
မျက်ကန်းက မျက်မှောင်ကြုတ်ရင်း ပြော၏။ “အလုပ်ဖြစ်ပါ့မလားဟ… ငါ့မှာ သားသတ်သမားရဲ့ဓားမ ဒါမှမဟုတ် ရွာလူကြီးရဲ့ ဓားရှိနေရင်တောင် စိတ်သက်သာရာ ရဦးမယ်… ရွှေအရဲ့ တူနဲ့ပဲ ဆိုရင်တော့ ခက်လောက်မှာနော် ကြည့်လည်း လုပ်ပါဦးဟ”
ရွှေအက ဒေါတသကြီးဖြင့် ပြန်ရန်တွေ့သည်။ “သိုင်းအဆင့်မှာဆိုရင် သားသတ်သမားပဲဖြစ်ဖြစ် ဓားသမားပဲဖြစ်ဖြစ် ငါ့အောက် နိမ့်ကျတယ်ကွ”
“ဒါပေမဲ့ သူတို့ရဲ့ အတိုက်အခိုက်စွမ်းရည်က မင်းထက် သာတယ်လေ”
မျက်ကန်းက ပယ်ပယ်နှယ်နှယ် ဆက်ပြောသည်။ “မင်းရဲ့ ပန်းပဲကောင်းကင်နန်းဆောင်ကာ ဓားကောင်းကင်နန်းဆောင်နဲ့ ဓားမကောင်းကင်နန်းဆောင်လောက် အလုပ်မဖြစ်ဘူး”
ဆေးဆရာက ပြောသည်။ “ငါ့ရဲ့ ဆေးပညာကောင်းကင်နန်းဆောင်နဲ့ဆိုရင် မင်းရဲ့ ၀င်္ကပါကောင်းကင်နန်းဆောင်ကို စမ်းသပ်ကြည့်လို့ရတယ်”
သူတို့သုံးယောက်သား တောင်စောင်းနံရံ လျှောက်သွားကြသည်။ ဆေးဆရာ၏ ကောင်းကင်နန်းဆောင်က ဖွဲ့တည်လာပြီး ဆေးပင်မျိုးစုံကို ထုတ်လိုက်၏။ သူ၏မူလဝိညာဥ်သည် ကိုက်သုံးထောင် မြင့်မားပြီး ကောင်းကင်နန်းဆောင်တစ်ခုလုံးကို ဆေးပေါင်းဖိုတစ်ခုပမာ အသုံးပြုေ၏။ သူက ဘိုးဘေးနန်းတော်ထဲမှ ရှာတွေ့ခဲ့သော ဆေးပင်များအား ကောင်းကင်နန်းဆောင်ပတ်ပတ်လည်တွင် ပျံဝဲနေစေသဖြင့် ဆေးစွမ်းအင်တို့ ရောယှက်နေတော့သည်။
တခဏကြာသော် ဆေးဆရာက စွမ်းအင်ဆေး ဖော်စပ်ပြီးသွား၍ ကျောက်သားနံရံအပေါ် သုတ်လိုက်သည်။ “သူက မဟာတာအိုပုံရိပ်ယောင်မဟုတ်ဘဲ သက်ရှိတစ်ကောင် ဖြစ်နေသရွေ့ ထိခိုက်မိမှာပဲ… သူ့ရဲ့လက်ဖဝါး ကျောက်တုံးနံရံကို ထိလိုက်တာနဲ့ သူ့ရဲ့ရုပ်ခန္ဓာလည်ပတ်မှု ပျက်စီးသွားလိမ့်မယ်... ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ကတော့ အာရုံခံနိုင်မှာမဟုတ်ဘူး… အဲဒီအချိန်က မင်းတို့ သူ့လက်ကို ဖြတ်ပစ်ဖို့ အချိန်ကောင်းပဲ… မျက်ကန်း၊ မင်း သူ့ရဲ့လက်ဖဝါးမှာ အားနည်းချက် ရှာနိုင်လား”
မျက်ကန်း၏ နတ်မျက်လုံးများသည် တောက်ပလာပြီး သူက စိတ်မပါစွာ ပြောသည်။ “ဘာပဲဖြစ်ဖြစ် ရှာရမှာပဲလေကွာ… လုံထော်၊ ငါတို့မှာ အခွင့်အရေးတစ်ကြိမ်ပဲ ရှိတယ်နော်”
သူ၏ခါးမှ နတ်ဘုရားလှံ လုံထော်ကက ပျံတက်လာပြီး မဟူရာနဂါးသည် လှုပ်ခါပြ၏။
“အရေးအကြီးဆုံး ရွှေအပဲ… မင်းရဲ့တူက မျက်ကန်း သူ့လက်ဖဝါးကို ဖြတ်လိုက်တာနဲ့ အရိုးတွေကြေသွားအောင် ထုချပစ်ရမယ်”
ဆေးဆရာက ရက်စက်ကြမ်းကြုတ်စွာ ပြောသည်။ “သူ့မှာ လက်နှစ်ဖက်လုံး မရှိတော့ရင် အတင်းဝင်လာတာနဲ့ငါတို့ အတူသတ်ပစ်လို့ရတယ်… ပထမလူသားဧကရာဇ်၊ ယန်အာ၊ ဖက်တီးနဂါး… သူ ပြေးဝင်လာရင် အတူသတ်ပစ်ကြစို့”
အားလုံးသည် သွေးပွက်ပွက်ဆူလာကြပြီး ခေါင်းညိတ်လိုက်ကြ၏။
နဂါးချီလင်က ဖန်သားကောင်းကင်စေတီကို သယ် တောင်ကြားထဲတွင် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
ထိုက်ရှီဥထံမှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာပြီး ရှေးဟောင်းနတ်ဘုရားက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒီငနုံတစ်သိုက်ကတော့ အဲဒီပုဂ္ဂိုလ် ဘယ်လောက်ကြောက်စရာကောင်းလဲ မသိဘူးပဲ… တာအိုနောင်တော်ထိုက်ယီကလည်း ဘာလို့မလာသေးတာတုန်းဟ..”